အခန်း (၆၅၅-၆၅၆)
Vol. 63 Ch. 655-656
အခန်း (၆၅၅)။
ညဉ့်ဦးယံသည် မှောင်အတိကျလျက်ရှိပြီး ချမ်းစိမ့်သော လေကြမ်းများက တဝေါဝေါ တိုက်ခတ်နေပါသည်။ ကောင်းကင်ယံ၌ လမင်းကြီးနှင့် ကြယ်တာရာတို့၏ စိုးစဉ်း အရိပ် အယောင်မျှပင် မရှိဘဲ မှောင်မည်းကာ လေထန်သော ညတစ်ည ဖြစ်နေလေသည်။
“တောင်ခြေမှာ လေတိုက်တဲ့ ‘တောင်လေဂူ’ ဟေက်စ်ဇာဂရမ်နိမိတ်...၊ လေရှိမှပဲ ဂူ အင်းစက်ပိုးကောင်တွေ ပေါက်ဖွားနိုင်တာ။ ဒီနိမိတ်ထဲမှာ ‘လေ’ အဖြစ် ကိုယ်စားပြုတဲ့ လူက ဘယ်သူဖြစ်မလဲ။”
‘တောင်လေဂူ’ ဟေက်စ်ဇာဂရမ်နိမိတ်ကို တွက်ချက်ပြီးနောက် တစ်စုံတစ်ယောက်သည် ပြဿနာရှာရန် ကြံစည်နေပြီး သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိုကြောင်း ဟုန်ယွိ နားလည်လိုက်ပါပြီ။ ထိုခဏ၌ သူ၏ကိုယ်ဟန်မှာ နက်မှောင်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲသို့ လုံးဝ ရောနှော ပျောက်ကွယ်သွားခဲ့လေသည်။ သူသည် ကျောက်စိမ်းမြို့တော်၏ အပြင်ဘက်၊ တော်ဝင်အစောင့်တပ်ဖွဲ့များ၏ တပ်စခန်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
တော်ဝင်တပ်မတော်တွင် နှစ်အနည်းငယ်အတွင်း ပညာရှင်များမှာ ပိုမိုများပြားလာခဲ့ပြီး သူတို့သည် ဧကရာဇ်မင်းမြတ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိကြသည်။ ထိုနေရာမှ ပြင်းထန်သော အရှိန်အဝါများစွာသည် အဆက်မပြတ် ဖြတ်သန်းစီးဆင်းနေကြ၏။
သို့သော် ဟုန်ယွိအတွက်မူ ဤသည်မှာ ကလေးကစားစရာမျှသာ ဖြစ်လေသည်။
ထို့အပြင် ဟုန်ယွိသည် ပုန်းကွယ်ခြင်းပညာရပ်တွင် အလွန်ထူးချွန်သူ ဖြစ်သည်။ သူသည် အမှောင်ထု တာအိုကို နားလည်သဘောပေါက်ထားပြီး ထာဝရအမှောင်ည ရှေးဦးဝိညာဉ် ကိုပင် တုပနိုင်စွမ်း ရှိသည်။ ဤညဉ့်မှောင်မှောင်သည် သူ၏ အကောင်းဆုံး ပုန်းကွယ်ရာ နေရာပင် ဖြစ်တော့သည်။ သူ ပုန်းကွယ်လှုပ်ရှားနေလျှင် ‘ဖန်ဆင်းရှင်’ တစ်ပါးပင်လျှင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
“ဒီဂူဟေက်စ်ဇာဂရမ် နိမိတ်ထဲက အင်းဆက်တွေဟာ ဟုန်ရှီနဲ့ ဟုန်မျိုးနွယ်စုဝင် တပည့်တစ်စုနဲ့ ဆက်စပ်နေရမယ်။ ဟုန်ရှီရဲ့ အခြေစိုက်စခန်းက တော်ဝင်တပ်မတော်ရဲ့ နတ်ဘုရားသခင် ဗျူဟာတပ်ရင်းမှာ ရှိနေတာ။ ဒီနေ့ တစ်ခုခု ထူးထူးခြားခြား ဖြစ်ပျက်ခဲ့ လို့သာ ဒီဟေက်စ်ဇာဂရမ် နိမိတ်က ပေါ်လာခဲ့တာ။ အကြောင်းမဲ့ ပေါ်လာမှာ မဟုတ်ဘူး။”
ဟုန်ယွိသည် တော်ဝင်တပ်စခန်းကို ကြည့်ရင်း သူ၏စိတ်ထဲ၌ ရှင်းလင်းသော အတွေး တစ်ခု ဝင်လာပါသည်။
အဝေးမှ လှမ်းကြည့်လျှင် ကမ္ဘာပေါ်၌ အမှောင်ဆုံးအချိန်ဖြစ်သည့် သန်းခေါင်ယံအချိန် ဖြစ်သော်လည်း တပ်စခန်းမှာမူ ‘ယန်’ စွမ်းအင်များဖြင့် ပြည့်နှက်နေပါသည်။ တပ်စခန်း တစ်ခုလုံး မီးထွန်းညှိထားပြီး လှံနှင့် ဓားများကို ကိုင်ဆောင်ထားသော စစ်သည်များစွာ ကင်းလှည့် စောင့်ကြပ်နေကြ၏။ ထို့ပြင် ဟုန်ယွိ၏ စူးရှသော မျက်လုံးများထဲတွင် အလွန် တောက်ပသော ကြယ်တာရာများ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေသည်ကို တွေ့နေရ၏။
ထိုတောက်ပသော ကြယ်တာရာများမှာ ပြင်းထန်လှသော စိတ်ဝိညာဉ် စွမ်းအားများပင် ဖြစ်သည်။
တော်ဝင်အစောင့်တပ်မှ ပညာရှင်အားလုံး၏ အခြေအနေကို ဟုန်ယွိသည် သူ၏ အတွေးစ များဖြင့် တစ်ယောက်မကျန် ထွင်းဖောက်မြင်နေရသည်။
“ဟိုး... သိုင်းသူတော်စင်တွေ ဒီလောက်တောင် များနေတာပါလား။ ပြီးတော့ သန့်စင်တဲ့ ယန်စွမ်းအင် အတွေးစတွေ ပိုင်ဆိုင်ထားတဲ့ မိုးကြိုးကပ်ဘေး ပညာရှင်တွေတောင် ပါသေး တယ်။ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေက တာအိုပညာရှင်တွေကိုများ စုဆောင်း ထားတာလား။ ဒါမှမဟုတ် ကောင်းကင်အပြင်ပနယ်မြေက ပညာရှင်တွေများလား။ ထိုကောင်းကင်အပြင်ပနယ်မြေမှာ ကြယ်(ကမ္ဘာ)တွေ ဘယ်လောက်တောင် ရှိနေမလဲဆို တာ ငါ မသိသေးတာ နှမြောစရာပဲ။ ရှောက်ရှိူက်က ကြယ်တစ်လုံးရဲ့ အုပ်ချုပ်သူဖြစ်သလို၊ တည်ထောင်သူဆရာကြီးလည်း ဟုတ်တယ်။... ဟင်း….”
ဟုန်ယွိသည် ကောင်းကင်အပြင်ပနယ်မြေမှ ကြယ်ကမ္ဘာများအကြောင်းနှင့် တော်ဝင် တပ်မတော် တစ်ခုလုံး၏ လှုပ်ရှားမှုကို စောင့်ကြည့်နေစဉ် သူ၏ မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွားပြီး မုနိအလင်းစက်ဝန်းကို အသက်သွင်းလိုက်ပါသည်။
မုနိအလင်းစက်ဝန်းအတွင်း၌ ဝေဝေဝါးဝါး မြင်ကွင်းတစ်ခု ပေါ်လာသည်။
မူလက ထိုမုနိအလင်းစက်ဝန်းသည် အရာခပ်သိမ်းကို အသေးစိတ် ပြသနိုင်သော်လည်း ယခုမူ ထိုမြင်ကွင်းမှာ အလွန်ပြင်းထန်သော မှော်စွမ်းအားတစ်ခုဖြင့် ဖုံးလွှမ်းခံထားရသကဲ့ သို့ ဖြစ်နေသည်။ ဟုန်ယွိ အစွမ်းကုန် ကြိုးစားကြည့်သော်လည်း အကြမ်းဖျင်းမျှသာ မြင်ရတော့သည်။
ကမ္ဘာဦး ဖရိုဖရဲစွမ်းအင်နှင့်တူသော ထိုဝေဝါးသည့် မြင်ကွင်းထဲတွင် မြစိမ်းရောင် မီးတောက်တစ်ခုက လှုပ်ခါနေ၏။
ထိုပြင်းထန်လှသော မြစိမ်းရောင် မီးတောက်များအပြင် သိုင်းသူတော်စင်များထံမှ ထွက်ပေါ်လာသော အရှိန်အဝါများစွာကိုလည်း ခံစားနေရသည်။ အမှန်တကယ်ဆို ‘လူသားအင်မော်တယ်’ တစ်ဦး၏ အရှိန်အဝါပင် ပါနေသေးသည်။
“ဘုရားရေ၊ ဒီမြစိမ်းရောင် မီးတောက်ရဲ့ စွမ်းအားက သမုဒ္ဒရာနဲ့ ငရဲဘုံလိုပဲ။ အတိုင်းအဆ မရှိဘူး။ အထွတ်အထိပ် လူသားအင်မော်တယ် ပညာရှင်တစ်ယောက်ထက် မနိမ့်ဘူးပဲ။ ဒီလိုပညာရှင်က ဘယ်ကနေ ရောက်လာတာလဲ။ သိုင်းသူတော်စင် ၁၀ ယောက်ကျော် လား။ လူသားအင်မော်တယ် တစ်ယောက်လား။ ဘာလို့ ပညာရှင်တွေ ဒီလောက်တောင် များနေရတာလဲ။ ပြီးတော့ သူတို့ရဲ့ စွမ်းအားတွေကလည်း အဆက်မပြတ် တိုးပွားနေသ လိုပဲ။ နှမြောစရာကောင်းတာက သူတို့ ဘယ်သူတွေလဲဆိုတာ ငါ မမြင်ရတာပဲ။ ဒါ ‘တောင်လေဂူ’ ဟေက်စ်ဇာဂရမ် နိမိတ်ရဲ့ ရလဒ်ပဲ ဖြစ်ရမယ်။ ငါ ထင်တာ မမှားဘူးဆိုရင် ဒီမြစိမ်းရောင် မီးတောက်က တစ်စုံတစ်ယောက်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနေတာပဲ။ အဲဒီ သိုင်းသူတော်စင် ၁၀ ယောက်နဲ့ လူသားအင်မော်တယ်ဆိုတာ ဟုန်ရှီနဲ့ တခြား ဟုန်မျိုးနွယ် စုဝင် တပည့်တွေပဲ ဖြစ်ရမယ်။”
ဟုန်ယွိ၏ မျက်လုံးများမှာ လင်းလက်သွားခဲ့သည်။ သူ၏ ထက်မြက်သော အသိဉာဏ်ဖြင့် ဘာဖြစ်နေသည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။
“ဟုန်မျိုးနွယ်စုဝင် တပည့်တွေထဲမှာ သိုင်းပညာ အနည်းငယ် တတ်တဲ့ ဟုန်ရှီကလွဲရင် ဟုန်ကွေ့တောင်မှ သိုင်းသခင်အဆင့်ပဲ ရှိသေးတာ၊ ရှန်တင်သိုင်းသခင်အဆင့်ကိုတောင် မရောက်သေးဘူး။ ဒါပေမဲ့ သူတို့ကို တစ်ညတည်းနဲ့ သိုင်းသူတော်စင်အဆင့်အထိ တစ်ယောက်ပြီးတစ်ယောက် မြှင့်တင်ပေးနိုင်တာလား၊ ဟုန်ရှီဆိုရင် လူသားအင်မော်တယ် ခန္ဓာကိုယ်ကိုတောင် ရသွားပုံပဲ။ တကယ့်ကို ကောင်းမွန်တဲ့ အကွက်ပဲ။ ငါ့မှာတောင် ဒီလို စွမ်းဆောင်နိုင်စွမ်း မရှိဘူး။”
ထိုခဏ၌ ဟုန်ယွိမှာ အလွန်ပင် တုန်လှုပ်သွားခဲ့ရသည်။
တစ်ညတည်းဖြင့် သိုင်းသူတော်စင် ၁၀ ယောက်ကျော်နှင့် လူသားအင်မော်တယ် တစ်ယောက်ကို ဖန်တီးပေးခြင်းမှာ ‘ဖန်ဆင်းရှင်’ တစ်ပါး၏ စွမ်းရည်မျိုးပင် မဟုတ်ချေ။ ဖန်ဆင်းရှင်တစ်ပါးမှာတောင် ဤကဲ့သို့သော စွမ်းရည်မျိုး မရှိပေ။
ဤကဲ့သို့သော အသုံးအဖြုန်းကြီးသည့် လုပ်ရပ်မှာ ဧကရာဇ် ယန်ဖန်၏ နည်းလမ်းများနှင့် ကြွယ်ဝမှုများဖြင့်ပင် သူစုဆောင်းထားသမျှ အမြောက်အမြား ကုန်ဆုံးသွားပေလိမ့်မည်။ သိုင်းသူတော်စင်အဆင့်သို့ မြှင့်တင်ရန်အတွက် အထွတ်အထိပ် မဟာဆရာသခင် တစ်ဦးကိုသာ ရွေးချယ်ပြီး အဆင့်ချိုးဖျက်စေရမည် မဟုတ်ပါလား၊ အဘယ်ကြောင့် သာမန် သိုင်းသခင်လေးတွေကိုပါ ရွေးချယ်ရသနည်း။
ဤသည်မှာ ဝက်များကို ဂျင်ဆင်းကျွေးနေသကဲ့သို့ ဖြစ်နေသည်။ ‘နဂါးစွယ်ဆန်’ များကို ဝက်စာအဖြစ် အသုံးပြုနေခြင်းပင်။
ဟုန်ယွိ၌ပင် ထိုကဲ့သို့သော နည်းလမ်းမျိုး မရှိပေ။ မင်းသားယုကို လူသားအင်မော်တယ် အဆင့်သို့ အတင်းအကျပ် မြှင့်တင်ပေးရန်အတွက် သူသည် ရက်ပေါင်းများစွာ အားထုတ်ခဲ့ ရပြီး စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်။ ဒုတိယတစ်ယောက်ကို မြှင့်တင်ပေးရန် သူ စိတ်ပင် မကူးရဲပေ။
သို့သော် ယခုမူ မကြုံစဖူး ထူးဆန်းသော ပုဂ္ဂိုလ်တစ်ယောက် ဤနေရာတွင် ပေါ်လာခဲ့ပြီ။
“ဒီလူက ဘယ်သူလဲ” ဟုန်ယွိ အံ့အားသင့်နေမိသည်။ “တောင်လေဂူ ဟေက်စ်ဇာဂရမ် နိမိတ်က ဘာလို့ ဒီလောက် ပြင်းထန်နေရလဲဆိုတာ မဆန်းတော့ပါဘူး။”
အကယ်၍, ဟုန်မျိုးနွယ်စုဝင်များ အားလုံးသာ သိုင်းသူတော်စင်တွေ၊ တစ္ဆေအင်မော်တယ် တွေ ဖြစ်လာပြီး နက်နဲသော သိုင်းပညာနှင့် တာအိုပညာရပ်များကို ပိုင်ဆိုင်သွားမည်ဆို လျှင် ထိုအင်အားမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။ ၎င်းမှာ အခြေအနေ အရပ်ရပ်ကို ပြောင်းလဲပစ်ရန် လုံလောက်ပေသည်။
အကယ်၍, ဟုန်ယွိသာ ယနေ့ နိမိတ်မတွက်ခဲ့မိပါက နောက်တစ်နှစ်ခွဲခန့်တွင် ဤအင်းဆက်ပိုးလေးများသည် အမှန်တကယ်ပင် ‘အဆိပ်ဘုရင်’ များ ဖြစ်လာပေလိမ့် မည်။
ဟုန်ယွိသည် အတွင်းသို့ ဝင်ရောက်ကြည့်ရှုရန် ကြံရွယ်သော်လည်း ယခုမူ ရပ်တန့်လိုက် သည်။ ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို အနိုင်ယူရန် သူ၌ ယုံကြည်ချက် အပြည့်အဝ မရှိသေးပေ။ ထို့ပြင် ဤနေရာမှာ ကျောက်စိမ်းမြို့တော် ဖြစ်နေသည်။ ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိနှင့် အခြားသော ပညာရှင်များစွာ ပုန်းအောင်းနေကြသည်။ အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားခဲ့ပါက ဟုန်ယွိသည် သူ၏ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် စဉ်ကထက်ပင် ပိုမို အန္တရာယ်ကြီးမားပေလိမ့်မည်။
ထို့အပြင် သူသည် ထိုအစွမ်းထက်သော ပုဂ္ဂိုလ်အကြောင်းကို ရှင်းရှင်းလင်းလင်း မသိသေး ပေ။
ဟုန်ယွိသည် မလှုပ်မယှက်ဘဲ သူ၏ အရှိန်အဝါနှင့် အတွေးစအားလုံးကို ပြန်လည် ရုပ်သိမ်း လိုက်ပါသည်။ ဟုန်ယွိသည် တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားရှိ သေးငယ်သော အစက်အပြောက်လေးတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။
“မြစိမ်းရောင် မီးတောက်၊ မြစိမ်းရောင် သွေးယဇ်ပူဇော်မှု၊ ဟုတ်ပြီ၊ ဒီအစွမ်းထက်တဲ့ ပုဂ္ဂိုလ် ဟာ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟိုကမ္ဘာက ခေါင်းဆောင်ကြီးပဲ ဖြစ်ရမယ်။ ဒါက သူ ဖန်တီးထားတဲ့ ‘ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်’ ပဲ။ ဒါက သူ့ရဲ့ခန္ဓာကိုယ် အစစ်မှန် မဟုတ်ဘူး။ မဆန်းတော့ပါဘူး... ဒီလိုပုဂ္ဂိုလ်မျိုးမှပဲ ဧကရာဇ် ယန်ဖန်၊ မုန့်ရှန်းကျီနဲ့ ငါ့ထက်တောင် ဆယ်ဆလောက် ပိုပြီး စုဆောင်းထားတဲ့ ရတနာတွေကို ပိုင်ဆိုင်နိုင်မှာ။ ဒါကြောင့်လည်း တခြားလူတွေရဲ့ ကျင့်ကြံမှုအဆင့်တွေကို ဒီလောက်အထိ အကြောက်အလန့်မရှိ မြှင့်တင်ပေးနိုင်တာပေါ့။”
ဟုန်ယွိသည် အသေအချာ စဉ်းစားဆင်ခြင်ပြီးနောက် သူ၏ စိတ်ဝိညာဉ်မှာ တုန်လှုပ်သွားခဲ့ ရသည်။ ဤမြစိမ်းရောင်မီးတောက် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ဇာစ်မြစ်ကို သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
ဤတစ်လောကလုံးတွင် ဟုန်ယွိထက် ဆယ်ဆမျှပိုသော အနှစ်သာရ အရင်းအမြစ်များကို ပိုင်ဆိုင်ထားနိုင်သူမှာ ထိုခေါင်းဆောင်ကြီးတစ်ဦးတည်းသာ ရှိပေသည်။
“ငါ စိတ်လိုက်မာန်ပါ မလုပ်ခဲ့မိလို့ တော်သေးတယ်။ မဟုတ်ရင် အကျိုးဆက်က ခန့်မှန်းလို့ မရနိုင်ဘူး။ ဟုန်မျိုးနွယ်စုဝင်တွေကို အသုံးချပြီး ငါ့ရဲ့အခြေခံအုတ်မြစ်ကို ဒုက္ခပေးဖို့ ကြံစည်တာက တကယ့်ကို ပါးနပ်တဲ့ကွက်ပဲ။ ဘယ်သူမှ မသိအောင် အင်းဆက်လေးတွေ ကနေ စတင်လိုက်တာ။ အဲဒီအင်းဆက်တွေက အဆိပ်ဘုရင်ဖြစ်လာတဲ့အခါ တစ်ကမ္ဘာလုံး အံ့အားသင့်သွားရလိမ့်မယ်။ ဘယ်လောက်တောင် ကောင်းတဲ့ကွက်လဲ၊ ဒါပေမဲ့ အခုတော့ ငါ သိသွားပြီဆိုတော့ မင်းရဲ့ အစီအစဉ်အတိုင်း ဖြစ်လာပါဦးမလား။” ဟုန်ယွိက စိတ်ထဲမှ ကျိတ်ကာ တွေးလိုက်မိပါသည် “ဒီလိုဆိုရင်လည်း မင်းလို ခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းရည်အစစ်ကို ငါ ဒီနေ့ ကြည့်ရတာပေါ့။”
ဝှစ်….၊
မြစိမ်းရောင် မီးတောက်များမှာ ထောင်ပေါင်းများစွာသော မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး လှုပ်ရှားနေသော လူသားခန္ဓာကိုယ်တစ်ခုအဖြစ် ပုံဖော်လိုက်သည်။ ၎င်းမှာ အလွန်တရာ နက်နဲသော သိုင်းပညာနှင့် တာအိုပညာရပ်တစ်ခု ဖြစ်သည်မှာ သိသာ လှသည်။ ထိုပညာရပ်ကို ဟုန်ရှီ၏ နဖူးအတွင်းသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်လေ သည်။
ဟုန်ရှီ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ဖောင်းကြွလာပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစား ထွက်ပေါ်လာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ၏ အသက်ရှူသံမှာ မိုးခြိမ်းသံနှင့် လေကြမ်းများ တဝုန်းဝုန်း တိုက်ခတ်နေသကဲ့သို့ ပြင်းထန်နေသည်။ သူ၏အသံမှာလည်း ဤကမ္ဘာလောက၏ ဉတုရာသီလေးမျိုးစလုံး ပါဝင် နေသည့်အလား ဝေဝါးစွာ ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ ပြီးမြောက်ပြီ။”
ဟုန်ရှီသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ပါသည်။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် အက်ကြောင်းများမှာ ရွှေရောင်အင်မော်တယ် ကမ္ဘာစိတ်ဝိညာဉ်ကဲ့သို့ ရံဖန်ရံခါ ပေါ်လာတတ်သည်။
“ဟုန်ယွိ…၊ တစ်နေ့ကျရင် ငါ့ရဲ့ စွမ်းအားကို မင်းသိစေရမယ်။ မင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်၊ မင်း ဘယ်တော့မှ ပြန်ပြီး ထမလာနိုင်စေရဘူး။” ဟုန်ရှီ ပြောလိုက်သော စကားထဲတွင် ပြင်းထန်သော ယုံကြည်မှုများ ပါရှိနေ၏။
“အခုလောလောဆယ် မင်းဟာ ရုပ်ခန္ဓာကိုယ်အရ လူသားအင်မော်တယ် အဆင့်ပဲ ရှိသေး တယ်။ ‘ရွှေရောင်အင်မော်တယ် ဝတ်ရုံ’ နဲ့ဆိုရင် မိုးကြိုးကပ်ဘေး ပညာရှင်အချို့ကို ယှဉ်နိုင်ပေမဲ့ ‘ဖန်ဆင်းရှင်’ တွေကို ယှဉ်နိုင်ဖို့တော့ အဝေးကြီးလိုပါသေးတယ်။ မင်း လူသားအင်မော်တယ် အထွတ်အထိပ်ကို ရောက်မှပဲ၊ အပ်စိုက်မှတ်ပေါင်း ရာချီ ပွင့်သွားပြီး မင်းရဲ့ ခန္ဓာကိုယ်မှာ နတ်ဘုရားပညာတွေ ရှိလာမှာ ဖြစ်မယ်။ ဒါပေမဲ့ ငါ့ရဲ့ နည်းစနစ် အတိုင်း လိုက်နာမယ်ဆိုရင် မင်း သေချာပေါက် အောင်မြင်လိမ့်မယ်” ရွှေရောင် အင်မော်တယ် ကမ္ဘာဦး စိတ်ဝိညာဉ်က ဆိုသည်။ “ကဲ... ဒီနေ့အတွက် ပညာရပ်တွေ လွှဲပြောင်းပေးတာ ပြီးမြောက်ပြီ။ ပညာရပ်တွေ ရပြီဆိုပြီး စိတ်ကြိုက် လျှောက်လုပ်လို့ ရပြီ လို့ မထင်နဲ့ဦး။ မင်း ပုန်းကွယ်နေရဦးမယ်။ မင်းသာ ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် နောက်ပိုင်းမှာ တကယ့် ပညာရပ် စစ်စစ်တွေကို ငါ သင်ပေးမယ်။”
“ဆရာ... ကျွန်တော်တို့ရဲ့ အစွမ်းတွေ တိုးတက်လာဖို့အတွက် ကျွန်တော်တို့ကို ဘာတွေ လုပ်ခိုင်းချင်လဲ။” ဟုန်ရှီက မေးလိုက်သည်။ ဤလောကတွင် အလကားရသော ထမင်းထုပ် ဟူ၍ မရှိကြောင်း သူ ကောင်းကောင်း သိထားသည်။
“ဘာခိုင်းချင်လဲ ဟုတ်လား။” ထိုရွှေရောင်အင်မော်တယ် မူလဝိညာဉ်ရုပ်အသွင်က အေးစက်စွာ ရယ်မောလိုက်ပြီး “မင်းတို့ရဲ့ အစွမ်းနဲ့ ငါ့ကို အများကြီး မကူညီနိုင်ပါဘူးကွာ။ ငါက ဟုန်ယွိကို အမြင်ကတ်လို့ မင်းတို့ကို သုံးပြီး သူ့ကို ပြဿနာပေးရုံပါပဲ။ မင်းတို့က ငါ့ကို ဘာများ ကူညီနိုင်မှာ မို့လို့လဲ။ သာမန် သိုင်းသူတော်စင်လေးတွေလား။ လူသား အင်မော်တယ် တစ်ယောက်လား။ ငါ့ဆီမှာ လူသားအင်မော်တယ်တွေက မိုးပေါက်တွေလို များပြားပြီး၊ သိုင်းသူတော်စင်တွေ ဆိုတာကလည်း တိမ်တိုက်တွေလိုပဲ၊ တစ္ဆေ အင်မော်တယ်အုပ်စုလည်း ရှိသေးတယ်။ ဒီမဟာကမ္ဘာလောကကြီးမှာရှိတဲ့ အင်အားစု အားလုံး ပေါင်းလိုက်ရင်တောင် ငါနဲ့ မယှဉ်နိုင်ဘူး။ ကဲ...၊ ကဲ….၊ ဒီလောက်ပါပဲ။ မင်းတို့ အေးအေးဆေးဆေး ကျင့်ကြံကြတော့။”
ပြောပြောဆိုဆိုနှင့်ပင် ထိုရွှေရောင်အင်မော်တယ် ရှေးဦးဝိညာဉ် ရုပ်အသွင်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပွင့်ထွက်သွားသည်။ ထို့နောက် မြစိမ်းရောင် မီးတောက်သည် ထိုအက်ကြောင်းအတွင်းသို့ ဝင်ရောက်ကာ လုံးဝ ပျောက်ကွယ်သွားလေသည်။ အရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
“ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက တကယ်လား၊ အိပ်မက်လား။” ထိုရွှေရောင်အင်မော်တယ် ရှေးဦးဝိညာဉ် ရုပ်အသွင် ထွက်သွားပြီးနောက် ဟုန်ကွေ့က မေးလိုက်သည်။
“ငါ့ဆီမှာ စွမ်းအားတွေ ရှိနေသေးတယ်၊ အိပ်မက် မဟုတ်ဘူး။” ဟုန်ကျန်းက ရုတ်တရက် အားစိုက်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် ချပ်ဝတ်တန်ဆာနှင့်အတူ လေထဲသို့ ပျံတက်သွား သည်။ “ဒါ အစစ်ပဲ။ ငါတို့အားလုံးရဲ့ အစွမ်းတွေ အများကြီး တိုးတက်လာပြီ။”
“ဒီလူရဲ့ နည်းလမ်းတွေက တကယ့်ကို ထိတ်လန့်စရာပဲ။ ငါတို့ သူ့ဆီကနေ တစ်ခုခု ရနိုင်ဦး မှာပါ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပေါက်ကြားစေနဲ့၊ ပေါက်ကြားတဲ့လူကို ငါကိုယ်တိုင် အရင်သတ်မယ်။ အဖေကိုတောင် မပြောနဲ့။” ဟုန်ရှီက အေးစက်စွာ ပြောလိုက်သည်။ သူ၏ အကြည့်ကြောင့် လူတိုင်း၏ နှလုံးသားများမှာ အေးခဲသွားခဲ့ရသည်။
ဤကံကောင်းသည့် အခွင့်ရေးမှ ဟုန်ရှီသည် အကျိုးကျေးဇူး အများဆုံး ခံစားခဲ့ရသည်မှာ သိသာလှသည်။
“ဒီတစ်ခါတော့ ဟုန်ယွိ ဒုက္ခတွေ့ပြီ။ ငါတို့ ခေါင်းမော့နိုင်မယ့် အချိန် ရောက်ပြီ။” ဟုန်ကျောက်က သူ၏ လက်သီးများကို တင်းတင်းဆုပ်ရင်း စွမ်းအား၏ အရသာကို ခံစားနေသည်။
“အင်း... ထွက်လာပြီ။ လှုပ်ရှားမှု ရှိနေပြီ။”
ဟုန်ယွိသည် ဟင်းလင်းပြင်အတွင်းရှိ သေးငယ်သော အစက်အပြောက်လေး တစ်ခုအဖြစ် ပုန်းကွယ်နေရင်း တော်ဝင်တပ်စခန်း၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေ သည်။ ရုတ်တရက် မြစိမ်းရောင် အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားပြီး မုနိအလင်း စက်ဝန်းအတွင်းရှိ မြင်ကွင်းမှာ ရှင်းလင်းလာသည်။ ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်ကြီး၏ ကမ္ဘာဂစိတ်ဝိညာဉ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
ထိုကမ္ဘာဦးစိတ်ဝိညာဉ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဟုန်ရှီနှင့် အခြားသူများ၏ အခြေအနေမှာ ဟုန်ယွိ၏ ရှေ့တွင် ပေါ်လာတော့သည်။
“ဟွန်း…၊ အစွမ်းတွေ အများကြီး တိုးလာတယ်ပေါ့။ ရပါတယ်... ဒီနေ့တော့ မင်းတို့ ပျော်ထားကြပေါ့။ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်က မင်းတို့ရဲ့ အစွမ်းတွေကို မြှင့်တင်ပေးဖို့အတွက် စွမ်းအင်တွေ အများကြီး သုံးလိုက်ရတယ်။ ငါ ဒီနေ့ အဲဒီ ရွှေရောင် အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်၊ ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်မှာ နောက်ထပ် ဘာတွေများ ကျန်ဦးမလဲ ကြည့်ရတာပေါ့။”
ဟုန်ယွိသည် ဟုန်ရှီနှင့် အခြားသူများကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာ ပြောင်းလဲ သွားပါသည်။ သူသည် အတွင်းသို့ဝင်ကာ သူတို့၏ မျှော်လင့်ချက်များကို ဖျက်ဆီးခြင်း မပြုခဲ့ပေ။ သူ့အတွက် ပို၍ အရေးကြီးသော အလုပ်တစ်ခု ရှိနေသည်၊ ၎င်းမှာ ထိုရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို သတ်ရန်ပင် ဖြစ်သည်။
ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်က သူ့ကို ပြဿနာရှာရဲမှတော့ သူကလည်း လက်တွန့်နေမည် မဟုတ်ပေ။
ဟုန်ယွိသည် နက်မှောင်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ထိုရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ အငွေ့အသက်ကို သူ မှတ်မိနေခဲ့ပြီ ဖြစ်သည်။
ကျောက်စိမ်းမြို့တော်နှင့် အလွန်ဝေးကွာလှသော ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်း၌ မြစိမ်းရောင် ကမ္ဘာဦးစိတ်ဝိညာဉ် ရုပ်အသွင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုစိတ်ဝိညာဉ် ရုပ်အသွင်သည် ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်တိုတိုနှင့် ဖြစ်ကာ အရွယ်ရောက်ပြီးသော ချန်ပီယံမြို့စားနှင့်ပင် တူနေသည်။ ကောင်းကင်နှင့် မြေကြီးမှာ သူ၏ သားသမီးများသဖွယ်၊ သူကိုယ်တိုင်မှာလည်း ‘မဟာတာအို’ ကြီး ဖြစ်နေသယောင် ရှိသည်။
“ဟုန်ယွိ... မင်း ငါ့နောက်ကို လိုက်နေတာ ကြာလှပြီ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ထွက်မပြ သေးတာလဲ။ မင်းကို ငါ သတိမထားမိဘူးလို့ ထင်နေတာလား။” ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် ရုပ်အသွင်က ရပ်တန့်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ကျုပ်က တမင်တကာ ကျုပ်ရဲ့အငွေ့အသက်ကို သဲ့သဲ့လေး ပေးလိုက်လို့သာ ခင်ဗျား ကျုပ်ကို သတိထားမိတာပါ။ ခင်ဗျား ဟုန်ရှီတို့ရဲ့ အစွမ်းတွေ မြှင့်တင်ပေးတာကို ကျုပ် ကြိုတင် တွက်ချက်နိုင်မယ်လို့ ခင်ဗျား မမျှော်လင့်ထားဘူး မဟုတ်လား။”
ဟုန်ယွိ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ‘ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်’ အတွင်းမှ ထွက်ပေါ်လာသည်။ သူသည် ထို ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် ရုပ်အသွင် ၏ နောက်သို့ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်းအထိ လိုက်ပါလာခဲ့ခြင်း ဖြစ် သည်။ သူ သူ၏အငွေ့အသက်ကို ထုတ်ဖော်လိုက်သည်နှင့် ထိုစိတ်ဝိညာဉ် ရုပ်အသွင်က သိရှိသွားခဲ့ခြင်း ဖြစ်သည်။
“ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး။” ထို ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် ရုပ်အသွင်က ဟုန်ယွိကို ကြည့်ကာ “မင်း ဒါကို ဘယ်လို တွက်ချက်နိုင်ခဲ့တာလဲ။ ငါ ဒီကိစ္စ ကို ပြုလုပ်နေအချိန်မှာ ‘ဖရိုဖရဲယင်ယန်ပြောင်းပြန်လှန်ခြင်းပညာ’ ကို သုံးပြီး အနာဂတ်ကို ပြောင်းလဲပစ်ခဲ့သလို ပုံရိပ်ယောင်မျိုးစုံကိုလည်း ဖန်တီးခဲ့တာ။ ဘယ်သူမှ ဒီကိစ္စကို မတွက်ချက်နိုင်သင့်ဘူး။ မင်းက ငါ့ရဲ့ ဒီကမ္ဘာဦးစိတ်ဝိညာဉ်ကို သတ်ဖြတ်ဖို့အတွက် တမင် တကာ ချောင်းမြောင်းနေခဲ့တာလား။”
“မှန်တယ်။ စကားတွေ အပိုပြောမနေနဲ့တော့ဘူး။ အခု ခင်ဗျားက အတော်လေး အားနည်း နေပြီ။ ကျုပ် ခင်ဗျားကို ဖမ်းဆီးပြီး မင်းရဲ့ အနှစ်သာရစွမ်းအင်ကို သန့်စင်ပစ်မယ်။ ခင်ဗျား တခြားလူတွေရဲ့ အစွမ်းကို မြှင့်တင်ပေးသလိုပဲ ကျုပ်ကလည်း ခင်ဗျားကို အတုယူပြီး လုပ်ရတာပေါ့။ ခင်ဗျားက ဟုန်ရှီတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးဖို့ ဒီလောက်တောင် ရက်ရောနေမှတော့... ကျုပ်လည်း ကျုပ်လူအချို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးချင်နေတာနဲ့ အတော်ပဲ၊ ကျုပ်လည်း အနှစ်သာရစွမ်းအင်တွေ အများကြီးလိုနေတာ။ ခင်ဗျားကပဲ ထပ်ပြီး ရက်ရောပေးလိုက်ပါဦး။”
ဟုန်ယွိ၏ မျက်နှာအမူအရာမှာ မပြောင်းလဲပေ။ ရုတ်တရက် သူသည် သူ၏ဓားကို ဝှေ့ယမ်း လိုက်ပါသည်။ ကမ္ဘာကြီးကို တုန်လှုပ်စေသော ဓားစွမ်းအင်တစ်ခုက ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းကို ချက်ချင်းပင် လွှမ်းခြုံသွားလေတော့သည်။
အခန်း (၆၅၆)။
ရန်သူ အားနည်းနေချိန်တွင် အပြတ်အသတ် ချေမှုန်းရမည်ဟူသော စစ်သေနင်္ဂဗျူဟာ အတိုင်း ဟုန်ယွိသည် အသေအလဲ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သိုင်းသူတော်စင် ဆယ်ယောက်ကျော်ကို တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်ပေးရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်ကြီး၏ ကြွယ်ဝမှုနှင့် အနှစ်သာရများ မည်မျှပင် များပြားစေကာမူ ယခုရောက်ရှိနေသော ရွှေရောင် အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှာမူ ထိုသို့ပြုလုပ်ပြီးနောက် အင်အားအတော်လေး ကုန်ဆုံးကာ အားနည်းနေပြီ ဖြစ်သည်။
ဤရွှေရောင် အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှာ ခေါင်းဆောင်ကြီး၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်သော်လည်း ထိုစိတ်ဝိညာဉ်တွင် ‘ဖန်ဆင်းရှင်’ အဆင့်ရှိ အထွတ်အထိပ် လူသားအင်မော်တယ် ပညာရှင်တစ်ဦး၏ စွမ်းအားနှင့် အနှစ်သာရများ ကိန်းအောင်းနေဆဲ ဖြစ်သည်။
သို့သော် ဟုန်ယွိကမူ ဤရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို အပြီးပိုင် သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းတစ်ဝက် မှာ ၎င်းစိတ်ဝိညာဉ်အတွင်းရှိ ကြီးမားလှသော စွမ်းအင်များကြောင့် ဖြစ်ပြီး၊ ထိုစွမ်းအင်များ ကို မြေကမ္ဘာတုန်ဟီးစေမည့် မှော်လက်နက်တစ်ခု သန့်စင်ရန် သို့မဟုတ် လူတစ်ယောက် ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် အသေအချာ အသုံးချနိုင်သည်။
အကယ်၍ ဤသူသာ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို လုံးဝ သန့်စင်၍ ရရှိလာသော မူလစွမ်းအင် အနှစ်သာရများကို မင်းသားယုထံ ထည့်သွင်းပေးနိုင်ပါက မင်းသားသည် တစ်ဟုန်ထိုး တိုးတက်လာပြီး ထိပ်သီးပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုအခါမှသာ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ယန်ချန်နှင့် ကောင်းကင် ဖြို ဧကရာဇ် ယန်လျဲ့တို့ကို အပြတ်သတ် ဖိနှိပ်နိုင်မည် ဖြစ်သည်။ ထို့ပြင် အိမ်ရှေ့စံ မင်းသားနှင့် မင်းသားဟီတို့အနားရှိ ပညာရှင်များကိုလည်း ဖိနှိပ်နိုင်မည် ဖြစ်ကာ၊ နောက်ဆုံး ချန်ဧကရာဇ် ယန်ဖန်ကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မည်။
၎င်းသည် မင်းသားယုအား ‘ကျောက်စိမ်းဧကရာဇ်’ အဖြစ် နန်းတက်နိုင်စေရန် အထောက် အကူ ဖြစ်စေရုံသာမက ဟုန်မျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့ကို အမြစ်ပြတ် ချေမှုန်းရန် ဟုန်ယွိအတွက် အချိန်ကိုလည်း ပိုမိုတိုတောင်းစေမည် ဖြစ်သည်။
ထိုသို့မလုပ်ဆောင်ပါကလည်း ချန်ယင်ရှာ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး၊ သူမခန္ဓာကိုယ်ကို လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိစေရန် လုပ်ဆောင်ပေးနိုင်သည်။
သို့သော် ပို၍အရေးကြီးသည်မှာ ကောင်းကင်အပြင်ပနယ်မြေ ခေါင်းဆောင်၏ အတွေးစ များနှင့် မှတ်ဉာဏ်များသည် ဤရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် အတွင်း၌ ပုန်းကွယ်နေခြင်းပင်။ ဤအရေးကြီးသော မှတ်ဉာဏ်များကို ရရှိပါက ဟုန်ယွိသည် ကောင်းကင်အပြင်ပနယ်မြေ၏ ဗဟိုကမ္ဘာမှ လျှို့ဝှက်ချက်များ အားလုံးကို အမှန်တကယ် သိရှိနိုင်ပေလိမ့်မည်။
ယခုအချိန်တွင် ကောင်းကင်အပြင်ပနယ်မြေ၏ ဗဟိုကမ္ဘာတွင် ပညာရှင်များ မည်မျှအထိ ရှိနေသည်ကို မည်သူမှ မသိကြပေ။
ထို့ပြင် ခေါင်းဆောင်ကြီးသည် ‘ဝမ်းယွမ် အပ်စိုက်မှတ်’ ၏ လျှို့ဝှက်ချက်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းထားသည်။ အကယ်၍ သူသာ သူ၏ အတွေးစများကို ရရှိပါ က လူသားခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်ပေါင်း ၁၂၉၆ ခုလုံးကို လုံးဝဥဿုံ သန့်စင်နိုင်လိမ့် မည်။
ဟုန်ယွိသည် သူ၏ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ မှာ ကမ္ဘာဦးကျောက်တုံး ထဲမှာ နှစ်ပေါင်း ဘီလီယံချီပြီး ဖြစ်တည်လာသည့် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ခန္ဓာကိုယ်ဖြစ်ကြောင်း သိရှိထားပါသည်။ ၎င်းမှာ ယခုအချိန်တွင် အထွတ်အထိပ် လူသား အင်မော်တယ် ဖြစ်နေပြီဖြစ်သော်လည်း အပ်စိုက်မှတ် သန့်စင်ခြင်း နည်းလမ်းများ မရှိသောကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ တစ်ဆို့နေရခြင်း ဖြစ်သည်။
ဟုန်ယွိသည် “ကောင်းနှင့်ဟွမ်” အပ်စိုက်မှတ်နှစ်ခု၊ ‘ရှင်ခြင်းသေဆုံးခြင်း လျှို့ဝှက်တံခါး’ နှင့် ‘ခြောက်ပါးညီညွတ်ခြင်းတံခါး’ အပ်စိုက်မှတ်တို့အပါဝင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အပ်စိုက်မှတ် ၂၀၀ ကျော်ကိုသာ သိရှိထားသေးသည်။ သူသည် ‘ဝမ်းယွမ်’ ကိန်းဂဏန်းသို့ ရောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ယခုအချိန်တွင် ဟုန်ယွိသည် ဟုန်ရွှန်ကျိကို ဖိနှိပ်ထားနိုင်ခြင်းမှာ သူ၏ကိုယ်ပိုင် ကျင့်ကြံမှုစွမ်းအားကြောင့်မဟုတ်ဘဲ သူတော်စင်ပေါင်းစုံ ခန်းမကြောင့်သာ ဖြစ်သည်။ သူတော်စင်ပေါင်းစုံခန်းမသာ မရှိလျှင် ဟုန်ရွှန်ကျိ၏ လက်ရှိကျင့်ကြံမှု အဆင့် အရ ဟုန်ယွိ၏ ‘ဖန်ဆင်းရှင်’ အဆင့် ကျင့်ကြံမှုဖြင့် သူ့ကို လုံးဝနှိမ်နင်းနိုင်လိမ့်မည် မဟုတ် ကြောင်း ဟုန်ယွိ ကောင်းစွာ သိရှိထားသည်။
သို့သော် အကယ်၍ ဤရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များကို သာ ရရှိနိုင်ခဲ့ပါက ဟုန်ယွိသည် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်လိမ့်မည်။
‘ဟင်းလင်းပြင်ဖျက်ခြင်း’ စွမ်းအားမှာ အရည်အသွေးပိုင်းအရ ကြီးမားသော ခုန်ပျံ ကျော်လွှား တိုးတက်မှုကြီးပင် ဖြစ်ပြီး၊ သိုင်းသူတော်စင်နှင့် လူသားအင်မော်တယ်ကြား ခြားနားချက်ထက်ပင် ပိုမိုကြီးမားသလို၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်နှင့် ‘ဖန်ဆင်းရှင်’ ကြားရှိ အဟန့်အတားထက်လည်း ပိုမိုမြင့်မားသည်။
‘ဟင်းလင်းပြင်ဖျက်ခြင်း’ အဆင့်မှာ မည်မျှအစွမ်းထက်သည်ကို မည်သူမှ မသိကြသော် လည်း တစ်ချက် သေချာသည်မှာ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များသည် ထိုအဆင့်သို့ ရောက်ရှိရန် သော့ချက်ပင် ဖြစ်သည်။ အကယ်၍ သူ့ကို သတ်ပြီးမှ ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်မည်ဆိုလျှင် ထိုနေ့မှာ ယနေ့ပင် ဖြစ်ရမည်။
ထို့ကြောင့် ဟုန်ယွိသည် သူ၏ တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် အနှိုင်းမဲ့ လျင်မြန် ပြင်းထန်ပြီး မည်သည့်စွမ်းအားကိုမျှ ထိန်ချန်ထားခြင်း မရှိပေ။
ဤသည်မှာ သူ၏စွမ်းအားအားလုံး ပါဝင်သော ဓားချက်ဖြစ်ပြီး အင်မော်တယ် ကျောက်စာတိုင်အတွက် တိုက်ပွဲဝင်စဉ်ကကဲ့သို့ပင် အနာဂတ်ကို ဓားတစ်ချက်ဖြင့် ရှာဖွေ ခြင်းမျိုးဖြစ်ကာ ထိုတိုက်ခိုက်မှုထက်ပင် အရှိန်အဝါ လျော့နည်းခြင်း မရှိပေ။
‘ဟင်းလင်းပြင်ဖျက်ခြင်း’ ဓားချက်။
“ကောင်းကင်နဲ့ မြေကြီး ဆုံစည်းခြင်း၊ ယင်နဲ့ယန် ပြောင်းလဲခြင်း... ‘ဘေးဒုက္ခအဆုံး သုခဆိုက်’၊ အနန္တပြောင်းလဲခြင်း တာအို၊ ယွမ်၊ ဟန်၊ လီ၊ ကျန်း။” (‘ဘေးဒုက္ခအဆုံး သုခ ဆိုက်’ကို ရှေ့မှာတုန်းက ‘အဆိုးဆုံးမှ အကောင်းဆုံးသို့ အလှည့်အပြောင်း’ ဟု ပြန်ဆိုခဲ့ပါ သည်။ ယခုအခန်းမှစ၍ နောက်ပိုင်းများ ပါဝင်လာသည့်အခါ "ဘေးဒုက္ခအဆုံး သုခဆိုက်" ဟု ပြန်ုဆိုပါမည်။)
ဝုန်း…
သူသည် ‘ဘေးဒုက္ခအဆုံး သုခဆိုက်’ ဟူသော သတ်ဖြတ်သည့်ကွက်ကို ချက်ချင်း အသုံးပြု လိုက်ပါသည်။ ရှည်လျားသော ရွှေရောင် ပါရမီတံတားမှာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မကောင်းသော အတားအဆီး အားလုံးနှင့် ဟင်းလင်းပြင်ကို ဖြတ်သန်း သွားသည်။ ၎င်းမှာ အချိန်ကို တန့်သွားစေပြီး၊ ကြယ်တာရာများကို လည်ပတ်စေကာ၊ အနှစ်သာ ရစွမ်းအင်များကို ပေါက်ကွဲစေပြီး ဝိညာဉ်ကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်သည်။ ‘ဖန်ဆင်းရှင်’ တစ်ယောက်ပင်လျှင် ဤတိုက်ခိုက်မှုမှ လွတ်မြောက်ဖို့ ရန် ခဲယဉ်းလှပေမည်။
“ဟွန်း…၊ ငါ့ကို သတ်ချင်တယ်ပေါ့။ အသက်ရှည်လျှို့ဝှက်ကျမ်း... ထာဝရအသက်၊ ကံကြမ္မာ၊ ကိုယ်ကျင့်တရား၊ ဖန်ဟွမ်လေဟာနယ်ဓား။”
ဘုန်း….
ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်သည်လည်း ဟုန်ယွိ၏ ဖုံးကွယ်ထားခြင်း မရှိသော သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည်။ သို့သော် သူသည် ယခင်က ဟုန်ယွိနှင့် တစ်ကြိမ်တိုက်ခိုက်ဖူးပြီးဖြစ်၍ ယခုအခါ အတွေ့အကြုံ အလွန်ရင့်ကျက်နေပြီး အသင့် ပြင်ဆင်ထားပြီးသား ဖြစ်နေပြီ။ သူလို ပုဂ္ဂိုလ်မျိုးသည် တူညီသော တိုက်ကွက်တစ်ခုတည်း ဖြင့် နှစ်ကြိမ် အရေးနိမ့်ခံမည်လော။
ဟုန်ယွိ၏ ဓားချက်ကို ရင်ဆိုင်ရင်း ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှာ ယိမ်းနွဲ့သွားပြီး သူ၏လက်ထဲတွင် စွမ်းအင်ဓားတစ်လက် ရုတ်တရက် ပေါ်လာသည်။ ဤစွမ်းအင်ဓားမှာ ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ နှင့် ‘ဖန်ဟွမ်အချိန်ဓား’ တို့နှင့် ပုံစံတူနေ သည်။
၎င်းမှာ ဖန်ဟွမ်လေဟာနယ်ဓားပင် ဖြစ်သည်။
ဖန်ဟွမ်လေဟာနယ်ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ လှပသော တောင်တန်းများနှင့် မြစ်ရေပြင် ပန်းချီကားတစ်ချပ်ကို ဓားစွမ်းအင်များဖြင့် ပုံဖော်လိုက်ပါသည်။ လျှပ်တပြက် အတွင်းမှာပင် ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်မှာ ထိုပန်းချီကား ချပ် အလွှာများအတွင်းသို့ ဝင်ရောက်သွားသည်။ ဟုန်ယွိ၏ ရွှေရောင်ပါရမီတံတားက မည်သို့ပင် တိုက်ခိုက်ပြီး ဟင်းလင်းပြင်နယ်ပယ်ကို အလွှာလိုက် ချေမှုန်းပါစေ၊ ထိုတောင် တန်းများနှင့် မြစ်ရေပြင်ပုံရိပ် ပန်းချီကားချပ်က အဆက်မပြတ် ပြန်လည် ဖြစ်တည်လာပြီး ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို လုံးဝ ဖုံးကွယ်ထားကာ၊ ဖျက်ဆီး၍ မရ သော အကာကွယ်တစ်ခုအဖြစ် ဆက်တိုက် ဖန်တီးနေလေသည်။
“ဖန်ဟွမ်လေဟာနယ်ဓားက ဒီလောက်ပဲလား။”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟုန်ယွိသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး သူ၏ အစွမ်းထက်သော အတွေးစများနှင့် ‘သူတော်စင် အစစ်အမှန်စွမ်းအင်’ တို့ကို တစ်ဖန် ပြန်လည် ပေါက်ကွဲစေလိုက်သည်။ သူ၏ ကောင်နှင့်ဟွမ် အပ်စိုက်မှတ် နှစ်ခုမှာ တုန်ခါ သွားပြီး “ကောင်းကင်နှင့်မြေကြီး အတူရှင်သန်ခြင်း” ဟူသော အထွတ်အထိပ် တိုက်ကွက် ကို ထုတ်ဖော်လိုက်လေသည်။
ဝုန်း…
ပြင်းထန်လှသော အစစ်အမှန် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဟုန်ယွိသည် မိစ္ဆာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေ၏။ သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ ကျုံ့ဝင်သွားလိုက်၊ ပြန့်ကားသွားလိုက် နှင့် ဖန်ဟွမ်လေဟာနယ်ဓားက ဖန်တီးထားသော တောင်တန်းများနှင့် မြစ်ရေပြင်ပုံရိပ် ပန်းချီကား အတားအဆီးကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြိုခွဲလိုက်လေသည်။
ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ရုပ်အသွင်မှာ ပြန်လည် ပေါ်ထွက်လာရ လေသည်။
“ကောင်းကင်နှင့်မြေကြီး အတူရှင်သန်ခြင်း၊ ဟွန်း... ဟုန်ယွိ၊ ဒီလိုကိုး၊ မင်းက တစ်စုံ တစ်ယောက်နဲ့ တိုက်ခိုက်နေသရွေ့ ‘ပြောင်းလဲခြင်းကျမ်း’ ကို သုံးပြီး အထွတ်အထိပ် တိုက်ကွက်တွေကို တွက်ချက် ဖော်ထုတ်နိုင်တာပဲ။ ဒီလိုစွမ်းရည်မျိုးဆိုရင် ‘ဧကရာဇ် ချန်ရှန်း’ ကြိုတင် ဟောကိန်းထုတ်ထားတဲ့ လူသားလမ်းစဉ် ပြုပြင်ပြောင်းလဲမှုရဲ့ အစစ်မှန် ပြောင်းလဲသူအဖြစ် တကယ်ကို ထိုက်တန်ပါပေတယ်။”
ဟုန်ယွိက “ကောင်းကင်နှင့်မြေကြီး အတူရှင်သန်ခြင်း” ကို ထုတ်ဖော်ပြသလိုက်သည်ကို မြင်သောအခါ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်သည် ရုတ်တရက် အသိဉာဏ် ပွင့်သွားပုံရပြီး၊ သူသည် အရာအားလုံးကို နားလည်သွားပုံရကာ၊ ‘ပြောင်းလဲခြင်းတာအို’ ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အမှန်တကယ် သိရှိသွားခဲ့လေသည်။
“ဒါကို မြန်မြန် အဆုံးသတ်ရအောင်။”
ဟုန်ယွိက ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ အတွေးများကို လုံးဝ ဂရုမစိုက် ဘဲ သူ၏တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ အရှိန်မြှင့်လိုက်လေသည်။
“ထိုက်ကျိ မိုးကြိုးရေကန်၊ ဆာဟာ ရတနာသစ်ပင်၊ ကမ္ဘာပျက်ကပ် နဂါးပျံ၊ မူလအပြစ် ရှေးဟောင်းမိစ္ဆာ၊”
ဂျိန်း... ဂျိန်း...
သစ်ကိုင်းများက ရိုက်ခတ်လာပြီး၊ ရှေးဦး ဘိုးဘေးနဂါးတစ်ကောင်က ရစ်ပတ်ပျံတက်လာ ပါသည်။ မိုးကြိုးလျှပ်စီးများက ဟိုမှဒီဘက် ရောယှက်ဖြတ်သန်းနေပြီး ‘မူလအပြစ် ရှေးဟောင်းမိစ္ဆာ’ကလည်း သူ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်ဖော်နေ သည်။ ဤတိုက်ကွက်လေးခုသည် ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဝန်းရံ ကာ အသေအလဲ တိုက်ခိုက်ပါတော့သည်။
“ဟွန်း”
ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဟစ်ကြွေးလိုက်သည်။ ‘ဖန်ဟွမ်လေဟာနယ်ဓား’ ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလို ဓားစွမ်းအင်များမှာ ဘယ်ညာ ဖြတ်သန်းသွားသည်။ ဓားစွမ်းအင် တစ်ခု ချင်းစီမှာ ထူးခြားသော မှော်သင်္ကေတ စာလုံးများအဖြစ် ပြောင်းလဲသွားသည်။ ထိုစာလုံး များအတွင်း ကိန်းအောင်းနေသော သဘောတရားများမှာ အလွန်ပင် နက်ရှိုင်းလှပြီး ၎င်းမှာ အမှန်တကယ်အားဖြင့် အင်မော်တယ် ကျောက်စာတိုင်ပေါ်ရှိ မှော်သင်္ကေတ စာလုံးများ ပင် ဖြစ်သည်။
“အကျယ်လောင်ဆုံး အသံက တိတ်ဆိတ်ခြင်း ဖြစ်၏၊ ပုံသဏ္ဌာန်ကြီးမားခြင်းက ပုံရိပ်မဲ့ခြင်းပင် ဖြစ်၏...”
၎င်းမှာ အမှန်တကယ်ပင် ‘ထိုးထွင်းသိမြင်စရာ တာအို’ နှင့် တူသော မှော်သင်္ကေတ စာလုံး များ ဖြစ်သော်လည်း မပြည့်စုံပေ။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
ဓားစွမ်းအင် စာလုံးများသည် ဟုန်ယွိ၏ တိုက်ကွက်လေးခုနှင့် ထိပ်တိုက်တွေ့ကာ တဖန် အကြီးအကျယ် ပေါက်ကွဲသွားပြန်သည်။
“သေခြင်းရှင်ခြင်း သံသရာ၊ ယင်ကိုးပါးနှင့် ယန်ကိုးပါး၊ လေဟာနယ်ကို ဖန်ဆင်းခြင်း၊ အတိုင်းအဆမဲ့ ထာဝရအသက်။”
ဤအချိန်အတွင်းမှာပင် ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်မှာ အထက်သို့ ပျံတက်သွားပြီး အလွန်နက်နဲသော ထွက်ပြေးသည့်ပညာရပ်ကို သုံး၍ အပေါ် သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ရန် ကြိုးစားလိုက်ပါသည်။ သူသည် ထွက်ပြေးရန် ကြိုးစား နေသည်မှာ ထင်ရှားသည်။
“ပြေးချင်တယ်ပေါ့၊ ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ်၊ ကံတရား ရှေးဦးစိတ်ဝိညာဉ်၊ အလင်းနှင့်အမှောင် မန္တလာ၊ ချိပ်ပိတ်စမ်း။”
ဟုန်ယွိသည် ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ် ထွက်ပြေးမည့်အရေးကို ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်ရာ၊ ‘အလင်းနှင့်အမှောင် အကာအကွယ်’က သက်ဆင်း လာပြီး အတွင်းသို့ ကျုံ့ဝင်ကာ ချိတ်ပိတ်လိုက်ပါသည်။
“ငါက အားနည်းနေတဲ့ ကမ္ဘာဦးစိတ်ဝိညာဉ် တစ်ခုကိုတောင် မကိုင်တွယ်နိုင်ရင် ‘ကောင်းကင်အပြင်ပနယ်မြေ’ ခေါင်းဆောင်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ဘယ်လို ရင်ဆိုင် မလဲ။” ဟုန်ယွိသည် စိတ်ဝိညာဉ်ကို ချိပ်ပိတ်ရင်း အတွေးများက လျင်မြန်စွာ လှုပ်ရှားနေ သည်။
ဤရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှာ ကိုယ်ပွားမျှသာ ဖြစ်သော်လည်း အလွန်ပင် အစွမ်းထက်လှသည်။ ထို့ပြင် ၎င်းမှာ ခေါင်းဆောင်၏ အစစ်အမှန် စွမ်းအား မဟုတ်ဘဲ ‘အနန္တဘိုးဘေးသခင်’ ၏ စွမ်းအင်မှ ပြောင်းလဲထားခြင်းသာ ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်ကြီး၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သာ ရောက်ရှိလာပါ က မည်မျှ အစွမ်းထက်မည်နည်း။ ‘သူတော်စင်ပေါင်းစုံခန်းမ’ ပင်လျှင် သူ့ကို ဖိနှိပ် နိုင်လိမ့် မည် မဟုတ်ပေ။
‘ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ်’ နှင့် ‘ကံတရား ရှေးဦးစိတ်ဝိညာဉ်’ တို့မှာ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမနှင့် ‘ဒိုင်ဇင်ဘုရားကျောင်း’ တို့၏ အမြင့်မားဆုံး အောင်မြင်မှုများ ဖြစ်ကြပြီး၊ သမိုင်းတစ်လျှောက် လူအနည်းငယ်သာ ဤအဆင့်သို့ ရောက်ရှိခဲ့ကြပါသည်။ ဤရှေးဦးစိတ်ဝိညာဉ်များကို လူအနည်းငယ်သာ ကျင့်ကြံနိုင်ခဲ့ကြ ပြီး ခန်းမသခင်နှင့် ကျောင်းထိုင်ဆရာတော်များစွာပင် ဤအဆင့်သို့ ရောက်ရန် အလှမ်း ဝေးနေဆဲ ဖြစ်သည်။ ယခုအခါ ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အစစ်အမှန် စွမ်းအင်ကို အသုံးပြု၍ ဤစိတ်ဝိညာဉ်နှစ်ခုကို တုပကာ ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုအခြေခံမှာ ‘ဒိုင်ဇင်ဘုရားကျောင်း’ ၏ ပညာရှင်ချန်နှင့် ‘အမှောင်ဧကရာဇ် တာအို သခင်’ တို့၏ စွမ်းအားထက် နှစ်ဆနီးပါး ရှိနေလေပြီ။
ယခုအခါ ဟုန်ယွိ၏ အလင်းနှင့် အမှောင်ကို ပေါင်းစည်းကာ ချိတ်ပိတ်လိုက်ခြင်းဖြင့် ၎င်းပညာရပ်မှာ အထွတ်အထိပ်သို့ ရောက်နေရှိပြီး၊ ထိုပညာရပ်တွင် ‘ထာဝရနှင့် တခဏ’ သဘောတရားများလည်း ကိန်းအောင်းနေသည်။ ဤချိပ်ပိတ်ခြင်စွမ်းအင် တစ်ခုတည်းဖြင့် ပင် ခေတ်အဆက်ဆက်ကို လွှမ်းမိုးထားရန် လုံလောက်ပေသည်။
“ခင်ဗျားကို ကျုပ် မချိပ်ပိတ်နိုင်ဘူးဆိုတာ မယုံဘူး။”
ချိပ်ပိတ်မှုမှာ ချက်ချင်း အောင်မြင်သွားသော်လည်း ချိပ်ပိတ်မှုအတွင်းရှိ ရွှေရောင် အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှာ ချိတ်ပိတ်မှုကို ဖောက်ထွက်လိုသည့်အလား ပြင်းထန်စွာ ပြန့်ကားလာသည်။ ဤအရာက ဟုန်ယွိကို အန္တရာယ်ရှိသော နဂါးတစ်ကောင် ကို လျှော်ကြိုးဖြင့် ချည်နှောင်ထားရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေ၏။
ထိုသို့သော ခံစားချက်ကို ရင်ဆိုင်ရင်း ဟုန်ယွိသည် မည်သည့်အရာကိုမျှ တွန့်ဆုတ်ခြင်း မရှိဘဲ ဟစ်ကြွေးကာ ချိတ်ပိတ်မှု၏ စွမ်းအားကို ထပ်မံ မြှင့်တင်လိုက်သည်။
ချက်ချင်းပင် ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှာ အမှန်တကယ်ပင် အေးခဲသွား သကဲ့သို့ တန့်သွားလေသည်။
“ဟုန်ယွိ... မင်းက အလင်းနဲ့ အမှောင် ဆိတဲ့ အစွန်းနှစ်ဖက် စွမ်းအားနှစ်ခုကို ပေါင်းစပ်ပြီး ချိတ်ပိတ်လိုက်တာဟာ တကယ်ကို စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ အပျော်မစောနဲ့ဦး။ ငါ့ရဲ့ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်က မင်းကို မသတ်နိုင်ပေမယ့် မင်း ငါ့ကို ချိပ်ပိတ်ပြီး ငါ့ရဲ့မှတ်ဉာဏ်အပိုင်းအစတွေကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အစစ်မှန် တာအို မှော်ပညာက ဘာလဲဆိုတာ မင်းကို ငါ ပြမယ်။”
ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်မှာ အေးခဲနေသော်လည်း အတွင်းရှိ အတွေးစများကိုမူ ချိပ်ပိတ်ထား၍ မရပေ။
“တာအိုဆိုတာ မဟာပင်လယ်မှ ထွက်ပေါ်လာတဲ့ လှိုင်းလုံးတွေလိုပဲ။ ကိုယ်ကျင့်တရားဆို တာ ထာဝရတောက်ပနေတဲ့ နေနဲ့လလိုပဲ။ ရွှေရောင်အင်မော်တယ် တာအိုအသွင် ပြောင်းလဲစေ၊ ကိုယ်ကျင့်တရား အရပ်မျက်နှာအနှံ့ ပျိုးထောင်ပေးစေ။ ကိုယ်ကျင့်တရား အစစ်အမှန်စွမ်းအင်။”
ဝုန်း….
သူ၏အတွေးစများ အပြင်းအထန် လှည့်ပတ်လာသည်နှင့်အမျှ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်မှ မြစိမ်းရောင် မီးတောက်များမှာ နောက်တစ်ကြိမ် လှည့်ပတ်လာပြီး၊ အမှန်တကယ်ပင် ကျုံ့သွားခြင်း၊ ကျုံ့ဝင်သွားခြင်းနှင့် ပို၍ပင် ကျုံ့ဝင် သွားခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။
မူလက ကြီးမားပြီး ကြံ့ခိုင်မြင့်မားသော ကမ္ဘာဦးစိတ်ဝိညာဉ်မှာ ကလေးသူငယ် အရွယ် အစားအထိ ပြင်းထန်စွာ ကျုံ့ဝင်သွားလေသည်။
ဤကလေးငယ်မှာ မြစိမ်းရောင် မဟုတ်တော့ဘဲ၊ ကောင်းကင်ပြာရောင်အဖြစ် ပြောင်းလဲ သွားပြီး အပြာနုရောင် အနည်းငယ် သန်းနေ၏။ ထိုကလေးသူငယ် မျက်လုံးဖွင့်လိုက်သည် နှင့် အစွမ်းထက်ပြီး ဖော်ပြ၍မရနိုင်သော အစစ်မှန်စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပါ သည်။
ဤအစစ်အမှန် စွမ်းအင်မှာ ကောင်းကင်ပြာရောင် ဖြစ်ပြီး၊ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ နှင့် ‘ထာဝရအလင်း’ စွမ်းအင်တို့ထက်ပင် ပိုမိုအစွမ်းထက်ပြီး ပိုမိုသိပ်သည်း သည်။
၎င်းမှာ ကိုယ်ကျင့်တရား အစစ်အမှန် စွမ်းအင်ပင် ဖြစ်သည်။
ဝုန်း... ဝုန်း...
ဝုန်းခနဲ မြည်သံများနှင့်အတူ ပြင်းထန်သော လှိုင်းလုံးကြီးများ၊ ဆူနာမီများနှင့် မြေငလျင် များ၊ မြေပြင်များ အက်ကွဲခြင်းပြီး မြေပြန့်ဖြစ်သွားခြင်းနှင့် ပင်လယ်များ ခမ်းခြောက်ကာ ကျောက်ဆောင်များ ကြွေမွပျက်စီးသွားသကဲ့သို့ပင်။ ကိုယ်ကျင့်တရား အစစ်အမှန် စွမ်းအင်သည် ချိတ်ပိတ်အလွှာ အသီးသီးကို ချက်ချင်းပင် ဖျက်ဆီးပစ်ကာ အပြင်သို့ တုန်ခါထွက်လာသည်။
ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်။ မဟုတ်ဘူး။ ၎င်းကို ကိုယ်ကျင့်တရား အစစ်မှန် နတ်သူငယ်ဟု ခေါ်ဆိုသင့်ပါသည်။ ထိုသူငယ်သည် ချိပ်ပိတ်အလွှာအတွင်းမှ လုံးဝ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုနတ်သူငယ်၏ လက်ကလေးများမှာ လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်နေပါသည်။ သို့သော် ဟုန်ယွိသည် ထိုသို့ ပြင်းထန်သည့် ခြိမ်းခြောက်မှုကို တစ်ခါမျှ မခံစားရဖူးပေ။ ထိုနတ်သူငယ်မှာ သူ၏ ခန္ဓာကိုယ်ကို ထိခိုက်ပျက်ဆီးစေရန် လုံလောက် သည်။
ဤသည်မှာ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်၏ နောက်ဆုံး တန်ပြန်တိုက်စစ် ပင် ဖြစ်၏။
ကိုယ်ကျင့်တရား အစစ်အမှန်စွမ်းအင်ကို စုစည်းပြီး ကိုယ်ကျင့်တရား နတ်သူငယ် အဖြစ် ပြောင်းလဲရန်မှာ ကြီးမားပြင်းထန်သော အသက်စွမ်းအင် လိုအပ်သည်။ ‘ကောင်းကင် အပြင်ပနယ်မြေ’ ခေါင်းဆောင်သည် ဤရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်ကို စွန့်လွှတ်ရန် ပြင်ဆင်ထားပြီး၊ တစ်ချိန်တည်းမှာပင် သူသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ထိခိုက်စေမည့် အဆုံးစွန်သော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါသည်။
အကယ်၍ ဟုန်ယွိ၏ ခန္ဓာကိုယ်သာ ချက်ချင်းပျက်စီးသွားပြီး ပြန်လည်ကုသ၍ မရနိုင် သော ထိခိုက်ပျက်ဆီးမှု ခံစားရပါက၊ ဟုန်ယွိသည် အထွက်အထိပ်တာအိုကို မည်သည့် အခါမျှ ထိတွေ့နိုင်တော့မည် မဟုတ်ပေ။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ရှိ နိုင်တော့မည် မဟုတ်သလို၊ ယန်နတ်ဘုရားလည်း ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။
‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ မရှိလျှင် ဟုန်ယွိ၏ စွမ်းအားမှာ အနည်းဆုံး တစ်ဝက်ခန့် လျော့ကျသွားမည် ဖြစ်သည်။ နောင် ရှစ်နှစ်အကြာ ‘မုန့်ရှန်းကျီ’ နှင့် တိုက်ပွဲ တွင် တိုက်ပွဲတွင် သူသည် သေခြင်းတရားကိုသာ စောင့်မျှော်နေရလိမ့်မည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ရှစ်နှစ်ဆိုသည့် အချိန်တိုအတွင်း ‘အထွတ်အထိပ် လူသား အင်မော်တယ်’ အဆင့်သို့ ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်မှ ပြောင်းလဲလာသော ‘ကိုယ်ကျင့်တရား တာအိုစွမ်းအင် နတ်သူငယ်’ သည် လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်နေသော လက်ဝါးတစ်စုံဖြင့် ကိုယ်ကျင့်တရား အစစ်မှန်စွမ်းအင်ကို အကြီးအကျယ် ရှူသွင်းရှူထုတ်ပြုလျှက် ဝါးမြိုနေ လေသည်။ ကောင်းကင်ပြာရောင် အစစ်မှန် စွမ်းအင်များသည် အစီအရင်များ၊ ဟင်းလင်း ပြင်နှင့် အချိန်တုန်ခါမှု အလွှာအသီးသီးကို ဖောက်ထွက်ပြီး ဟုန်ယွိထံသို့ ရိုက်ခတ်လာ သည်။
ကိုယ်ကျင့်တရား အစစ်မှန် စွမ်းအင်ကို ရင်ဆိုင်ရချိန်တွင် ဟုန်ယွိ၏ အကာကွယ် အားလုံး မှာ ကြက်ဥခွံများကဲ့သို့ပင် အလွယ်တကူ ကြေမွသွားပါသည်။
‘ကိုယ်ကျင့်တရား တာအိုစွမ်းအင် နတ်သူငယ်’ ၏ မျက်ခုံးနှစ်ခုကြားတွင် လူကြီးသဖွယ် အေးစက်ပြီး ရင့်ကျက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဤအချိန်တွင် ဤအပြာရောင် နတ်သူငယ်မှာ ယခင်ကထက် ပိုမိုအစွမ်းထက်နေသည်။ ‘ဖန်ဆင်းရှင်’ တစ်ဦးကို ချက်ချင်း သတ်နိုင်သော အရှိန်အဝါသည် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
ဤအချိန်တွင် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း နယ်မြေ တစ်ခုလုံး တုန်လှုပ်သွားလေ သည်။
ဒေါင့်ကပ်နေသော ယုန်လေးတစ်ကောင်သည် အမှန်တကယ်ပင် ပြန်ကိုက်လာလိမ့်မည်ဟု ဟုန်ယွိလည်း မမျှော်လင့်ထားခဲ့ပေ။ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်သည် အကျပ်အတည်းနှင့် ကြုံတွေ့သွားသောကြောင့် ကိုယ်ကျင့်တရား နတ်သူငယ် အဖြစ် ပြောင်းလဲကာ အသက်ကိုစွန့်၍ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အသွင်ပြောင်းလဲမှုမျိုးကို ဟုန်ယွိ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့ပေ။
ဟုန်ယွိသည် ‘ကောင်းကင်အပြင်ပနယ်မြေ’ ခေါင်းဆောင်၏ စွမ်းအားကို အမှန်တကယ် ခံစားလိုက်ရသည်။ သူ့ကိုယ်ပိုင်မဟုတ်သော ကမ္ဘာဦးစိတ်ဝိညာဉ် တစ်ခုကပင်လျှင် သူ့ကို ဤကဲ့သို့ အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့နိုင်ခဲ့သည်။
“ကံကောင်းလို့ ငါ့မှာ နောက်ဆုံးဝှက်ဖဲ ရှိနေသေးလို့ပေါ့။ မဟုတ်ရင် ဒီ ‘နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား၊ ‘အထွတ်အထိပ် လူသားအင်မော်တယ်’ ခန္ဓာကိုယ်ဟာ သေရင်သေ၊ မသေရင်တောင် ပြန်မကောင်းနိုင်တဲ့ ထိခိုက်ပျက်ဆီးမှုကို ခံစားရမှာပဲ။”
‘ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်’ ၏ လက်ဝါးများမှာ သူ့ထံသို့ ဆက်လက် တိုးဝင် လာပြီး သူ့ကို လုံးဝ ဝါးမြိုရန် ကြိုးစားနေသော်လည်း ဟုန်ယွိသည် အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။
လျှပ်တပြက်အတွင်းမှာပင်…
‘ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်’ သည် ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ မရောက်မီ နောက်ဆုံး အကာကွယ်အလွှာကို ဖောက်ထွက်တော့မည့် အချိန်မှာပင်၊ ရုတ်တရက် အင်မော်တယ် ကျောက်စာတိုင်သည် ဟုန်ယွိ၏ရှေ့၌ ရုတ်တရက် ပေါ်လာပြီး ‘ကိုယ်ကျင့် တရားစွမ်းအင် နတ်သူငယ်’ ၏ လက်နှစ်ဖက်ဆီသို့ အင်မော်တယ် ကျောက်စာတိုင်သို့ တိုက်ရိုက် ထိုးခံလိုက်လေသည်။
အင်မော်တယ် ကျောက်စာတိုင်သည် လက်ဝါးရိုက်ချက်ကို ဟန့်တားလိုက်လေသည်။။
အင်မော်တယ် ကျောက်စာတိုင်ပေါ်မှ ရေတွက်မရနိုင်သော မှော်သင်္ကေတများ ပေါက်ကွဲ ထွက်သွားပြီး ကျောက်စာတိုင်ပေါ်တွင် ကြွေထည်များကဲ့သို့သော အက်ကြောင်းများ ပေါ်လာသည်။ ထိုလက်ဝါးရိုက်ချက်မှာ မည်မျှ အစွမ်းထက်သည်ကို မြင်နိုင်ပါသည်။
“ဟင်း...” ‘ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်’ သည် ရိုက်နှက်ပြီးနောက် ဟုန်ယွိကို မထိမှန်ဘဲ ဖြစ်သွားသည့်အတွက် နှမြောတသစွာ ညည်းတွားလိုက်လေသည်။ “ဟုန်ယွိ... မင်းမှာ ဒီအင်မော်တယ် ကျောက်စာတိုင်သာ မရှိရင် ငါ့လက်ကနေ မင်း လွတ်နိုင်ပါ့မလား။ နောက်တစ်ကြိမ် ငါ ဒီအကန့်အသတ်မဲ့ မဟာကမ္ဘာလောကကြီးထဲ တကယ် ဆင်းသက် လာတဲ့အခါ အဲဒီနေ့ဟာ မင်း သေမယ့်နေ့ပဲ။”
သူပြောနေစဉ်မှာပင် ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်၏ မျက်လုံးထဲမှ အလင်းရောင် များ မှိန်ဖျော့သွားပြီး၊ သူ၏အတွေးမီးလျှံများမှာ အဆက်မပြတ် တုန်ခါလာကာ မှတ်ဉာဏ် များမှာလည်း လျင်မြန်စွာ ပျောက်ကွယ်လာတော့သည်။
“မကောင်းတော့ဘူး”
‘ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်’ သည် သူ၏ အဖိုးတန်ဆုံးဖြစ်သည့် အတွေးစများ ကို လောင်ကျွမ်း ဖျက်ဆီးပစ်နေမှန်း သိလိုက်သည်။ သူ၏မျက်လုံးများက အတွေးစ အားလုံးကို ချက်ချင်းပင် ထွင်းဖောက် မြင်လိုက်ရ၏။ “ဒါတွေက သိုင်းတာအိုရဲ့ အပ်စိုက်မှတ် အတွေးစတွေပဲ။”
“ချီဝိညာဉ် ဝဲကယက်။”
ဧရာမ ဝဲဂယက်ကြီးတစ်ခုက ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်ကို စုပ်ယူလိုက်သည်။ ထို့နောက်တွင် ဟုန်ယွိသည် မပြည့်စုံသော မှတ်ဉာဏ် အစိတ်အပိုင်းအချို့ကို အမှန် တကယ်ပင် ရရှိသွားလေတော့သည်။