← Chapters

အခန်း (၆၅၉-၆၆၀)

Vol. 63 Ch. 659-660

အခန်း (၆၅၉-၆၆၀)

Vol. 63 Ch. 659-660

အခန်း (၆၅၉)။

ဟုန်ရွှန်ကျိသည် အင်မော်တယ် နတ်ဘုရားဘုရင်၏ အသားစကို ထိုသို့ပင် ဝါးမြိုလိုက်လေ သည်။ ထိုလုပ်ရပ်မှာ အလွန်ပင် အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသားစတွင် အလွန်ပြင်းထန်သော စွမ်းအားများ ကိန်းအောင်းနေသည့်အပြင်၊ လူတစ်ဦး၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်နိုင် သည့် ထူးဆန်းသော ကန့်သတ်အစီအရင်များလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။

ဤအသားစကို ဤမျှရဲတင်းစွာ ဝါးမြိုလိုက်ခြင်းမှာ တောင်ပေါ်တွင် ကျားရှိမှန်းသိလျက် နှင့် ကျားရှေ့သို့ တိုးဝင်သွားခြင်းနှင့် တူသည်။ ထိုလုပ်ရပ်မှာ သေခြင်းရှင်ခြင်းကို ပဓာန မထားသော သတ္တိမျိုး၊ မဆုတ်မနစ် ဇွဲလုံ့လမျိုး မရှိဘဲနှင့် မည်သူမျှ မလုပ်ဆောင်နိုင်သည့် အပြုအမူမျိုး ဖြစ်သည်။

အထူးသဖြင့် အစစ်အမှန် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည့် ဟုန်ရွှန်ကျိကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် ဤသို့ အတင့်ရဲစွာ ဝါးမြိုခြင်းမှာ ပို၍ပင် ထူးခြားနေသည်။

ဤအသားစတစ်စမှာ သူ၏ခွန်အားကို များစွာ တိုးမြင့်စေမည် မဟုတ်ပေ။ သူ အမှန် တကယ် လိုချင်သည်မှာ ဤအသားစ၏ ဖွဲ့စည်းပုံနှင့် အင်မော်တယ် နတ်ဘုရားဘုရင်၏ အသက်စွမ်းအင်နှင့် ပတ်သက်သည့် နက်နဲသော လျှို့ဝှက်ချက်ကို သိရှိလိုခြင်း၊ ထိုအသားစ က အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်းဆိုသည်ကို နားလည်လိုခြင်းကြောင့် ဖြစ်သည်။

ဤသည်မှာ ဟုန်ယွိက ကောင်းကင်အနှစ်သာရ ရွှေဆေးလုံးကို လေ့လာခြင်းနှင့် အလားတူ ပေသည်။

‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့်ဆိုသည်မှာ ခန္ဓာကိုယ်ကို ပုံဖော်ထုဆစ်ရ သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ် နတ်ဘုရားဘုရင်၏ အသားစ ဖွဲ့စည်းပုံကို လေ့လာခြင်းက ခန္ဓာကိုယ် ကျင့်ကြံမှုအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေလိမ့်မည်။

ခွန်အားနှင့် ပတ်သက်၍မူ သူသည် အင်မော်တယ် နတ်ဘုရားဘုရင် တစ်ပါးလုံးကို ဝါးမြို လိုက်လျှင်ပင် ‘သူတော်စင်ပေါင်းစုံခန်းမ’ နှင့် တန်းတူလောက်သာ တိုးလာမည်ဖြစ်ရာ၊ သူတော်စင်ပေါင်းစုံခန်းမကို ကျော်လွန်ရန်မှာ မဖြစ်နိုင်သေးပေ။ နတ်ဘုရားလက်နက် ဘုရင်သုံးပါးစလုံးသည် ရှေးဦးနတ်ဘုရားဘုရင်များနှင့် ပခုံးချင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထို့အပြင် ဟုန်ရွှန်ကျိတွင် အခြားသော အကြံအစည်တစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ သူ၏ စိတ်ဆန္ဒကို အသုံးပြု၍ ‘ကောင်းကင်အပြင်ပနယ်မြေ’ မှ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်၏ စိတ်ဆန္ဒကို အနိုင်ယူရန် ဖြစ်သည်။ ဤသည်မှာ ပွင့်ပွင့်လင်းလင်း စစ်ကြေညာခြင်းပင် ဖြစ်သလို သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို လေ့ကျင့်ရန်အတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပေသည်။

‘ဝုန်း... ဝုန်း... ဝုန်း...’

ဟုန်ရွှန်ကျိ အသားစနှင့် သွေးအနှစ်သာရများကို ဝါးမြိုလိုက်ပြီးနောက်တွင်ပင် သူ၏ မျက်ခုံးနှစ်ခုကြားရှိ ‘အနှစ်သာရစွမ်းအင်နှင့် အထက်ပိုင်းသန္ဓေသား အပ်စိုက်မှတ်’ သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာတော့သည်။ ၎င်း၏အတွင်း၌ ပြိုင်ဘက်ကင်း သန္ဓေသားတစ်ခု ပေါက်ဖွားလာတော့မည့်အလား ရှိနေပြီး ထိုနေရာမှနေ၍ ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်လာနေသည်။

ဟုန်ရွှန်ကျိ၏ မျက်နှာကို ကြည့်လိုက်လျှင် သူ၏မျက်ခုံးကြား၌ ကမ္ဘာငယ်လေးတစ်ခု ဖြစ်တည်လာသည့်အလား ထင်မှတ်ရ၏။ ထိုသွေးနီရောင် ကမ္ဘာငယ်လေးအတွင်း၌ သေးငယ်သည့် သွေးရောင်လူသားပုံသဏ္ဌာန်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး၊ ထိုလူသားပုံစံသည် အစွယ်တမြမြနှင့် လက်သည်းများ ထုတ်ဖော်ကာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းမှ ဖောက်ထွက်ရန် သို့မဟုတ် သူ၏ ဦးနှောက်ကို တိုက်ရိုက် ထိန်းချုပ်ရန် ကြိုးစားနေသည့်အလား ရှိနေသည်။

“ငါ့နှလုံးသားက ဘီးတစ်ခုလိုပဲ၊ လောကမှာရှိတဲ့ သက်ရှိအားလုံးရဲ့ သေခြင်းရှင်ခြင်းကို ငါ က လှည့်ပတ်နေတာ။ ကောင်းကင်ဘုံက နတ်ဘုရားတွေအားလုံး ငါ့အမိန့်ကို နာခံရမယ်။ ငါ့ကိုလာပြီး အုပ်ချုပ်ချင်သူမှန်သမျှ သေရမယ်။ ငါ့ကို ဆန့်ကျင်သူမှန်သမျှ သေရမယ်။”

ဟုန်ရွှန်ကျိ၏ စိတ်ဆန္ဒမှာ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား တော့လေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော အပ်စိုက်မှတ်များမှာ လှုပ်ရှားခြင်း၊ ခုန်ပေါက် ခြင်းနှင့် တုန်ခါခြင်းများ ဖြစ်ပေါ်လာသည်။ အားကောင်းပြင်းထန်သော မူလစွမ်းအင်များ မှာ ဖျက်ဆီးခြင်းစွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာ အပြင်ဘက်သို့ ပေါက်ကွဲ ထွက်ပေါ် လာသည်။

ဤသို့ဖြင့် ဟုန်ရွှန်ကျိ၏ အသိစိတ်မှာ ထိန်းချုပ်မှု ကင်းမဲ့လာပြီး သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့သည့်အလား ရှိနေသည်။

“ဟုန်ရွှန်ကျိ၊ မင်းက တကယ်ကို ရဲစွမ်းသတ္တိရှိပြီး ငါ့ကို ထိပ်တိုက် ရင်ဆိုင်ဝံ့တာပဲ။ သားဖနှစ်ယောက်က အတူတူပါလား။”

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်များ ရူးသွပ်စွာ သောင်းကျန်းနေချိန်မှာပင် နတ်ဘုရားဆန်သော အသံတစ်ခု ဟိန်းထွက်လာသည်။ ဤအသံမှာ ‘ရွှေရောင်အင်မော် တယ် ကမ္ဘာဦးစိတ်ဝိညာဉ်’ ၏ အသံထက်ပင် များစွာ ပို၍ အစွမ်းထက်လေသည်။ လျှို့ဝှက် ခန်းအတွင်း ထိုအသံ လွှမ်းမိုးသွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာ ခိုင်ခံသော သံမဏိ နံရံများပေါ်တွင် အက်ကြောင်းများ ချက်ချင်း ပေါ်လာတော့သည်။

‘ဖြောက်...ဖြောက်….’

ဟုန်ရွှန်ကျိ၏ လျှို့ဝှက်ခန်းကို အကြိမ်တစ်ထောင် မီးဖုတ်ထားသော သံမဏိများ၊ သံကူ ကွန်ကရစ်များနှင့် ‘ရှင်တန်သိုင်းသခင်’ များ၏ ‘ပြင်းထန်သော သွေးစွမ်းအင်’ တို့ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းမှာ မည်သည့် စိတ်ဝိညာဉ်မျှ ထိုးဖောက်ဝင်ရောက် နိုင်ခြင်း မရှိစေရန် ပြုလုပ်ထားပြီး အလွန်တရာ ခိုင်ခံ့လှပေသည်။ ‘ပေါက်ကွဲမီးလျှံ နတ်ဘုရားအဆောင်ဓား’ နှင့်ပင် ဖျက်ဆီး၍ မရနိုင်ပေ။

သို့သော်လည်း ဤအသံကြောင့် ဖြစ်ပေါ်လာသော ဟင်းလင်းပြင် တုန်ခါမှုများမှာ ထိုနံရံ များပေါ်တွင် ကြွေမွပျက်စီးသွားသည့် အက်ကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုသံမဏိ အပိုင်းအစများမှာ ကြေမွပျက်စီးသွားသော ကြွေထည်များကဲ့သို့ ဖြစ်သွားရလေ သည်။

ဤအသံမှာ ဖန်းယွမ်၏ အနီးနားရှိ ‘အဆုံးသတ်ဓမ္မမိုးခြိမ်းသံ’ ထက်ပင် ပို၍ အစွမ်းထက်ပြီး ဖျက်ဆီးအား ကြီးမားလှပေသည်။ ဤအသံမှာ ဟုန်ရွှန်ကျိ၏ မျက်ခုံးနှစ်ခုကြားမှ ပွင့်ထွက် လာခြင်း ဖြစ်သည်။

“ဟွန့်။”

ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟုန်ရွှန်ကျိ၏ နှာခေါင်းရှုံ့အသံမှာလည်း ထွက်ပေါ်လာသည်။

“မင်းမှာ အစွမ်းစရှိရင် ငါ့စိတ်ဆန္ဒကို ဝါးမြိုလိုက်လေ။ ငါ့သွေးသားတွေကို ယဇ်ပူဇော်ပြီး မင်းရဲ့ကိုယ်ပွားအဖြစ် သန့်စင်လိုက်လေ။ မင်းသာ ငါ့သွေးသားတွေကို ဝါးမြိုနိုင်ရင် ယန်နတ်ဘုရား ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ မင်းသာ ငါ့သွေးအသားကို မဝါးမြိုနိုင်ခဲ့ရင်တော့ မင်းဟာ ငါ့အတွက် လမ်းခင်းပေးသူပဲ ဖြစ်ရလိမ့်မယ်၊ ဒါက မင်းနဲ့ငါ ပထမဆုံး ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ခြင်းပဲ၊ နောင်မှာလည်း ဒီလိုမျိုးတွေ အများကြီး ကြုံရဦးမယ်။ ဒီနေ့ မင်း ငါ့ကို မဝါးမြိုနိုင်ဘူးဆိုရင်တော့ နောင်တစ်ချိန်မှာ မင်းဟာ ငါ့လက်ချက်နဲ့ သေရဖို့ ကံပါ လာပြီပဲ။ ဒီနေ့တိုက်ပွဲကို မင်းရဲ့နှလုံးသားထဲမှာ စွဲထင်နေမယ့် အကြောက်တရား အရိပ် မည်းကြီးအဖြစ် ငါ စိုက်ပျိုးပေးလိုက်မယ်။”

‘ဝုန်း’

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ဖယောင်းရုပ်တစ်ခုကဲ့သို့ လိမ်တွန့်သွားပြီး အမှန်တကယ်ပင် အရည်ပျော်ကျလာသည်။ သို့သော် ချက်ချင်းပင် ပြန်လည် ခိုင်မာသွားပြန်သည်။ အရည်ပျော်ခြင်းနှင့် ပြန်လည် ခိုင်မာခြင်းတို့မှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေပြီး၊ စွမ်းအားနှစ်ရပ် အဆက်မပြတ် တိုက်ခိုက်နေသည်ကို ဖော်ပြနေသည်။

“ငါဟာ ကောင်းကင်ဘုံအားလုံးရဲ့ အရှင်သခင်ပဲ၊ ဗြဟ္မာပြည်၊ နိမ္မာနရတီ နတ်ပြည်၊ ပရနိမ္မိတ ဝသဝတ္တီနတ်ပြည် ... ကောင်းကင်ဘုံ ၃၃ ခုရဲ့ သေခြင်းရှင်းခြင်း သံသရာကို စိုးစံတယ်။ ‘ကောင်းကင်ဘုံသံစဉ်။” (Brahma, Isvara, Nirmāṇarati)

နောက်ဆုံးအချိန်တွင် ဟုန်ရွှန်ကျိ၏ အစွမ်းထက်သော ‘သိုင်းဆန္ဒ’ များမှာ သူ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်အားလုံးမှ ထွက်ပေါ်လာပြီး၊ အလင်းရောင် အစုအဝေးများအဖြစ် စုစည်းသွားကာ ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။

မဟုတ်ပေ၊ ၎င်းမှာ ထင်ယောင်ထင်မှား ပုံရိပ်ယောင်သက်သက် မဟုတ်ဘဲ အစစ်အမှန် မြင်ကွင်းများသာ ဖြစ်သည်။

ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပုံမှာ တောင်တန်းများနှင့် မြစ်ရေပြင် ပန်းချီကား တစ်ချပ်ကဲ့သို့ပင်။ ပန်းချီကားများအတွင်း၌ ပြာသာဒ်ဆောင်များနှင့် မျှော်စင်များ၊ အလင်း တန်းပေါင်းသောင်းချီနှင့် မင်္ဂလာရှိသော အငွေ့အသက်များ၊ ကြိုးကြာနီများ၊ မီးနဂါးများ၊ အင်မော်တယ်များနှင့် ကောင်းကင်နန်းတော်များ...။

တိတိကျကျ ဆိုရလျှင် ပန်းချီကားပေါင်း ၃၃ ချပ် ရှိပြီး၊ တစ်လွှာချင်းစီ ထပ်နေကာ ‘ကောင်းကင်ဘုံ ၃၃ ဘုံ’ မြင်ကွင်းကို ဖော်ဆောင်နေသည်။

ကောင်းကင်ဘုံ ၃၃ ထပ်၏ ပုံရိပ်တစ်ခုချင်းစီတွင် ထူးခြားသော နယ်ပယ်တစ်ခုစီ ရှိနေပြီး၊ တစ်ချပ်ချင်းစီတွင် အတွေးစတစ်ခုကဲ့သို့ ကမ္ဘာငယ်လေးတစ်ခု၊ နက်နဲသော ဟင်းလင်းပြင် တစ်ခု ရှိနေသည်။ အတွင်းရှိ မြင်ကွင်းများမှာ အစစ်အမှန်လိုလိုနှင့် ပုံရိပ်ယောင်လိုလိုနှင့် ရောထွေးနေသည့်အလား ရှိနေသည်။

သေချာပါသည် ဤသည်မှာ ဟုန်ရွှန်ကျိ၏ သိုင်းတာအို ကျင့်ကြံမှုမှ ထွက်ပေါ်လာသော သိုင်းဆန္ဒပင် ဖြစ်သည်။

ဟုန်ရွှန်ကျိ၏ သိုင်းဆန္ဒသည် ကောင်းကင်ဘုံ ၃၃ ထပ်နှင့် ကမ္ဘာလောက ၃၃ ခုကို ဖန်တီး ထားခြင်း ဖြစ်ပြီး၊ အထက်တန်းလွှာတို့၏ အမြင့်မြတ်ဆုံးသော လောက၊ နတ်ဘုရားများနှင့် အင်မော်တယ်များ စံမြန်းရာ အရပ်၊ စကြဝဠာကြီး၏ အမြင့်ဆုံးသော ဩဇာအာဏာတို့ တည်ရှိရာ နေရာတို့ကို ကိုယ်စားပြုသည်။

ဤသည်မှာ ဟုန်ရွှန်ကျိ၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် သူ့ဘဝတစ်ခုလုံး၏ အနှစ်သာရ ပင် ဖြစ်၏။ သူသည် စကြဝဠာကြီး၏ အမြင့်ဆုံးသော အုပ်ချုပ်ရာနယ်မြေကို တည်ဆောက်ပြီး၊ နတ်ဘုရားအားလုံးတို့၏ နေရာကို အစားထိုးကာ သေခြင်းရှင်ခြင်းဘီးကို သူကိုယ်တိုင် လှည့်ပတ်လိုသည်။

ကောင်းကင်ဘုံ ၃၃ ထပ် သိုင်းဆန္ဒသည် သူ၏ အန္တိမပန်းတိုင်ပင် ဖြစ်ပေသည်။

“ဘာ၊ မင်းရဲ့ သိုင်းဆန္ဒက ဒီလိုနယ်ပယ်မျိုးအထိ ရောက်နေပြီလား။”

ကောင်းကင်ဘုံ ၃၃ ထပ် သိုင်းဆန္ဒ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုအသံမှာ တုန်ခါသွားပြီး အလွန်တရာ အံ့ဩသွားပုံရပါသည်။ သို့သော်လည်း မကြာမီမှာပင် သူ၏ အသံမှာ ပြန်လည် အေးစက်သွားတော့သည်။

“ကောင်းကင်ဘုံလျှို့ဝှက်ချက် ဝမ်းယွမ်၊ မဟာကျယ်ပြောမူ၊ အတွင်းပိုင်းကို ဖျက်ဆီးခြင်း... ပေါက်ကွဲစမ်း။”

ထိုအသံရှင်က ဖျက်အားပြင်းသော တိုက်ကွက်တစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်ပါ သည်။

‘ဘုန်း... ဘုန်း... ဘုန်း...’

ပြောရင်းနှင့်ပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ၏ အရေပြားများမှာ အက်ကွဲသွားသော်လည်း သွေးတစ်စက်မျှ ထွက်မလာပေ။ သွေး အားလုံးမှာ တစ်နေရာတည်းတွင် စုစည်းနေသည့်အလား ရှိနေပါသည်။

“သေစမ်း”

ဤအရေးကြီးသော အချိန်တွင် ဟုန်ရွှန်ကျိသည် သူ၏နည်းစနစ်များကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်တော့သည်။ ပန်းချီကား အစုအဝေးများမှာ အဝတ်တစ်ထည်ကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးအုပ်ထားသည်။ ကောင်းကင်ဘုံ ၃၃ ထပ် သိုင်းဆန္ဒမှာ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ရုပ်ခန္ဓာကိုယ်နှင့် သိုင်းဆန္ဒတို့မှာ ခွဲခြား၍မရအောင် တစ်သားတည်း ဖြစ်သွားတော့သည်။ သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေပါသည်။

‘ဖောက်’ ဆံထိုးတံမှာ ကျိုးပဲ့သွားပြီး သူ၏ ဆံနွယ်ရှည်များမှာ နတ်ဆိုးတစ်ပါးကဲ့သို့ လေထဲတွင် ဝဲလွင့်နေတော့သည်။ ဆံပင်တစ်ပင်ချင်းစီမှာ လူသားလောကသို့ ဆင်းသက် လာသော နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင်။ ထို့အပြင် သူ၏ ဆံနွယ်တစ်ပင်ချင်းစီတွင် ကိုယ်ပိုင်အသိစိတ်များ ရှိနေပုံရပြီး၊ သူ၏ လက်မောင်းများကဲ့သို့ပင် လှုပ်ရှားကွေးညွတ် ကာ တိုက်ကွက်ပေါင်း ထောင်ချီကို ထုတ်ဖော်နေကြသည်။ ဆံနွယ်တစ်ပင်ချင်းစီမှာ လက်တစ်ဖက်ကဲ့သို့ ဖြစ်နေပြီး သိုင်းတာအို၏ နက်နဲဆန်းကြယ်သော လျှို့ဝှက်ချက်များ ကို ထုတ်ဖော်ပြသနေလေတော့သည်။

‘ရွှီး... ရွှီး... ရွှီး...’

သူ၏ဆံနွယ်များမှာ သူ၏ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များအတွင်းသို့ တိုးဝင်ထိုးဖောက်သွား ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားလိုက်ရာ အလွန်တရာ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ သူ၏ဦးခေါင်းပေါ်တွင် ဆံခြည်မျှင်ပေါင်း အတိ အကျအားဖြင့် ၁၂၉,၆၀၀ ရှိနေပေသည်။

ယခုအခါ သူ၏ဆံခြည်မျှင်အားလုံးနီးပါးသည် ခန္ဓာကိုယ်အနှံ့ရှိ အပ်စိုက်မှတ်များအတွင်း သို့ ထိုးစိုက်ထားကြသည်။

ကောင်းကင်ဘုံ ၃၃ ထပ် သိုင်းဆန္ဒဖြင့် လွှမ်းခြုံထားသော သူ၏ ခန္ဓာကိုယ်မှာ တရွရွ လှုပ်ရှားနေပြီး၊ အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားများကဲ့သို့ပင် အဆက်မပြတ် လိမ်တွန့်လှုပ်ရှားနေ၏။ နောက်ဆုံးတွင်မူ နောက်ထပ် ‘ဖောက်’ ခနဲ အသံနှင့်အတူ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြန်သည်။

သူ၏ ဆံပင်အားလုံးမှာ အပြင်သို့ ပြန်လည် ပေါက်ကွဲထွက်လာပြီး၊ တစ်ပင်ချင်းစီမှာ မြှားများကဲ့သို့ပင် တစ်ဖြောင့်တည်း ထောင်မတ်နေကြသည်။

‘ဖောက်... ဖောက်... ဖောက်... ဖောက်...’

ဆံခြည်မျှင်ပေါင်း ၁၂၉,၆၀၀ သည် လျှို့ဝှက်ခန်း၏ သံမဏိနံရံများကို မည်သည့် အတား အဆီးမျှမရှိဘဲ ထိုးဖောက်သွားကြသည်။ ဆံခြည်မျှင်တစ်ပင်ချင်းစီသည် မည်သည့် ပျံသန်းနိုင်သော ဓားထက်မဆို ပို၍ ထက်ရှနေတော့သည်။

“ဟင့်”

ဟုန်ရွှန်ကျိ၏ အတွေးတစ်ချက်ဖြင့် ထိုဆံခြည်မျှင်များမှာ ဟင်းလင်းပြင်ကို ထိုးဖောက် ကာ သူ၏ ဦးခေါင်းထက်သို့ ပြန်လည်ရောက်ရှိလာပြီး ဆံထိုးတံအဖြစ် အလိုအလျောက် ပြန်လည် စုစည်းသွားကြလေသည်။ သူ၏ ဆံနွယ်များသည် ကိုယ်ပိုင်အသိစိတ် ရှိနေသည့် အလား ခရမ်းရွှေရောင် သရဖူကိုလည်း အလိုအလျောက် ပြန်လည် ဆင်မြန်းလိုက်ကြ သည်။

“ဟုန်ရွှန်ကျိ... မင်း မဆိုးဘူး။” နတ်ဘုရားဆန်သော အသံမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး ဟုန်ရွှန်ကျိက ထိုအသံကို သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြီးအပိုင် နှင်ထုတ်ခြင်း ခံလိုက်ရပုံရသည်။

ယခုအခါ ဟုန်ရွှန်ကျိ၏ ဆံခြည်မျှင်တိုင်းမှာ ကိုယ်ပိုင်အသိစိတ်များ ရှိနေကြပြီး သီးခြားစီ တည်ရှိနိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။ သူသည် အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသား ဖွဲ့စည်းတည်ဆောက်ပုံ လျှို့ဝှက်ချက်ကို အမှန်ပင် နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ငါ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ နယ်ပယ်ကို ရောက်ဖို့ နောက်တစ်လှမ်း နီးကပ်သွားပြီ။ ငါ့ရဲ့အင်အားက အများကြီး တိုးမလာပေမဲ့၊ ငါ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းကတော့ နောက်ထပ် နယ်ပယ်တစ်ခုကို ရောက်ရှိသွားခဲ့ပြီ။ တစ်ချိန်တည်းမှာပဲ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ ရဲ့ အစစ်မှန် အဓိပ္ပာယ်ကို ငါ ပိုပြီး နားလည်လာခဲ့တယ်။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းဆိုတာ ဟင်းလင်းပြင် ဖျက်ဆီးပစ်သလိုမျိုးပဲ၊ ခန္ဓာကိုယ်ကိုလည်း သီးခြား ရှင်သန်တည်ရှိနိုင်တဲ့ အမှုန်အမွှားလေးတွေအဖြစ် ခွဲထုတ်ပစ်နိုင်တယ်။ တကယ်လို့ ငါ့ကို တစ်ယောက်ယောက်က သတ်လိုက်လို့ ဖုန်မှုန့်တစ်စလောက်ပဲ ကျန်ခဲ့ရင်တောင်မှ အဲဒီ ဖုန်မှုန့်ကနေ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာပြီး ငါ့ရဲ့ မူလအတိုင်း ပြန်ဖြစ်လာလိမ့် မယ်။ ဒါက ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ ရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုပဲ။ ဒါက ခန္ဓာကိုယ်က ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားရုံသက်သက် မဟုတ်ဘူး။”

ဟုန်ရွှန်ကျိသည် လေထဲတွင် လွင့်မျောနေ၏။ သူ၏ ခန္ဓာကိုယ်မှ မည်သည့်စွမ်းအားမျှ ထွက်ပေါ်မနေသော်လည်း သူ၏အရေပြား လက်မတိုင်းမှာ အသက်ဝင်နေသည့်အလား ရှိနေလေပြီး၊ ကိုယ်ပိုင် အသက်ရှူသံ၊ ကိုယ်ပိုင် အတွေးစများ ရှိနေပြီး အချိန်မရွေး ခန္ဓာကိုယ်မှ ခွဲထွက်ကာ သီးခြား ရှင်သန်နိုင်စွမ်း ရှိနေပေသည်။

သွေးတစ်စက်တည်းကပင် လူသားတစ်ဦးအဖြစ် ပြန်လည် ပြောင်းလဲနိုင်စွမ်း ရှိနေသည်။

၎င်းမှာ မသေနိုင်ခြင်း၏ လျှို့ဝှက်ချက်ပင်။

၎င်းမှာ ဟင်းလင်းပြင် ဖျက်ဆီးခြင်း၏ အစစ်အမှန် လျှို့ဝှက်ချက်ပင်။

ယခုအခါ ဟုန်ရွှန်ကျိသည် မသေမျိုးဖြစ်ခြင်း၏ လျှို့ဝှက်ချက်ကို ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ရာ သူ၏ နည်းစနစ်များမှာ ပိုမိုဆန်းကြယ်လာတော့သည်။ သူ၏ ခွန်အားမှာ သိသိသာသာ တိုးမလာသော်လည်း သူ၏နယ်ပယ်မှာမူ အကြီးအကျယ် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

ဤနည်းစနစ်မှာ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ နယ်ပယ်ထဲသို့ ခြေတစ်လှမ်း လှမ်းထားနိုင် ပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

ခုန်းပင်လျှင် သူ၏သွေးသားများကို ခွဲထုတ်ပြီး အခြားသော ပုံစံတူ ကိုယ်ပွားအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိသေးပေ။ ယခုအခါ ဟုန်ရွှန်ကျိ၏ နယ်ပယ်မှာ ‘ခုန်း’ ကိုပင် လုံးလုံး လျားလျား ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဤမဟာကမ္ဘာလောကအတွင်းရှိ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာခဲ့ပြီဖြစ်သလို အစစ်အမှန် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်သို့ ရောက်ရန် အနီးစပ်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်လာခဲ့ပြီ။

“နှမျောစရာပဲ၊ အဲဒီသားမိုက်မှာ ‘သူတော်စင်ပေါင်းစုံခန်းမ’ ရှိနေသေးတယ်။ ငါ သူ့ကို အခုထိ မနှိမ်နင်းနိုင်သေးဘူး။ ငါ အစစ်အမှန် ဟင်းလင်းပြင် ဖျက်ဆီးခြင်း အဆင့်ကို ရောက်မှပဲ သူကို တကယ် နှိမ်နင်းနိုင်လိမ့်မယ်။ ဒါပေမဲ့ သူက ငါ့ကိုလာ ကစားမှတော့ ဟုန်ရှီတို့ဆီကိုလည်း သွားဦးမှာပဲ။ ငါ သူတို့ကို သေချာ ပြုစုပျိုးထောင်ပေးရမယ်။”

စိတ်ကူးနှင့်အတူ ဟုန်ရွှန်ကျိသည် အပြင်သို့ လျှောက်လှမ်းခဲ့သည်။

သူသည် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နည်းစနစ်ကို တတ်မြောက်သွားခဲ့ပြီ ဖြစ်သော်လည်း ဟုန်ယွိကို ရင်ဆိုင်ရန်မှာမူ လုံလောက်သော ခွန်အားမျိုး မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ ‘ထိုက်ကျိ မိုးကြိုးရေကန်’ စွမ်းအား မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်လွန်းသောကြောင့် ဖြစ်သည်။

အကယ်၍ သူသာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး သူ၏ ခန္ဓာကိုယ် နှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင်မူ ဟုန်ယွိကို ရင်ဆိုင်နိုင်ပေလိမ့်မည်။

သို့သော်လည်း အနည်းဆုံးအားဖြင့် ယခု သူ၏ နည်းစနစ်များအရ ဟုန်ယွိ၏ လက်ချက်ဖြင့် အသတ်ခံရခြင်း၊ တားမြစ်ပိတ်လှောင်ခံရခြင်း သို့မဟုတ် ဖိနှိပ်ခံရခြင်းတို့မှ ကင်းဝေးသွား မည်မှာ သေချာနေပြီ။

သူ့အနေနှင့် လွန်ခဲ့သော ငါးနှစ်ကကဲ့သို့ ဟုန်ယွိကို သူ၏ အရှိန်အဝါတစ်ခုတည်းဖြင့် ဒူးထောက် ခစားခိုင်းရန်မှာမူ မဖြစ်နိုင်တော့ပေ။

“ငါသာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ခဲ့ရင် ‘ဖန်ဆင်းခြင်းသင်္ဘော’ ဟာ ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင်’ တွေကို ပြန်လည် စုစည်းနိုင်ပြီး ၎င်းရဲ့အထွတ်အထိပ် အစွမ်းကို ပြန်ရကာ ငါနဲ့ ပေါင်းစည်းနိုင်ခဲ့ရင်, အဲ့ဒီအပြင် အရှင်မြင်းကြီးကလည်း ယန်နတ်ဘုရားအဆင့်ကို ရောက်လို့ သူရဲ့ အတွေးစ တွေက ငါ့အတွေးစတွေနဲ့ ပေါင်းစပ်နိုင်ခဲ့ရင်... အဲ့ဒီအခါကျမှ ငါလည်း ဟုန်ယွိကို တကယ် ဖိနှိပ်နှိမ်ပြီး ငါ့ရှေ့မှာ ဒူးထောက်ခိုင်းနိုင်မှာ။ အဲ့ဒီနေ့ဟာလည်း မကြာခင် ရောက်လာတော့ မှာပါလေ။”

‘တောက်... တောက်... တောက်...’

အိမ်ခေါင်မိုးစွန်းများမှ နှင်းများ အရည်ပျော်ကာ ရေစီးကြောင်းလေးများ အဖြစ် မြေကြီးပေါ် သို့ စီးကျသံမှာ အလွန်ပင် နားထောင်၍ ကောင်းလှသည်။

နေ့ရက်များ ကုန်ဆုံးသွားပြီး ကျောက်စိမ်းမြို့တော် တစ်ခုလုံး၏ နှစ်သစ်ကူးကာလမှာ လည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခင်နှစ်များနည်းတူ နှစ်သစ်ကူးမှာ စည်ကားပြီး ငြိမ်းချမ်းသာယာလှပေသည်။ တိုင်းပြည်မှာ သာယာဝပြောပြီး လူထုမှာလည်း အေးချမ်း သာယာလျက် ရှိကြသည်။

ကျိုးယွိအကယ်ဒမီ၏ ကျော်ကြားမှုမှာလည်း တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေသည်။

သို့သော်လည်း ဟုန်ယွိမှာမူ ‘ကျိုးယွီကျမ်းစာမျှော်စင်’ အတွင်း၌ တံခါးပိတ်ကျင့်စဉ် ဝင်နေ ဆဲ ဖြစ်သည်။ ဤအချိန်တွင် သူ၏ မျက်ခုံးနှစ်ခုကြားရှိ ‘သူတော်စင်ပေါင်းစုံခန်းမ’ ကြီးမှာ အံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။

‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ သူတော်စင်များ၏ တောက်ပသော အလင်းတန်းများ အထက်တွင် ဖြူစင်ဝင်းပသော အရုဏ်ဦးရောင်စဉ် အလင်းတန်းတစ်လွှာ ထပ်မံ တိုးလာခဲ့ သည်။ ၎င်းမှာ ၎င်းတို့မှာ ပိုးချည်မျှင်များကဲ့သို့ သိမ်မွေ့ပြီး၊ ပြဒါးကဲ့သို့ သို့မဟုတ် လျှပ်စီးမျှင်များကဲ့သို့ပင် သိပ်သည်းနေသည်။ ဤသည်မှာ ‘ထာဝရအလင်း’ ပင် ဖြစ်ပေ တော့သည်။

တစ်လကြာ နားလည်အောင် ကြိုးစားခဲ့ပြီးနောက်တွင် ဟုန်ယွိသည် ‘ထာဝရအလင်း’ ၏ လျှို့ဝှက်ချက်များကို နောက်ဆုံးတွင် အနည်းငယ် သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင် အစစ်မှန်စွမ်းအင်များကို စုစည်းကာ ‘ထာဝရအလင်း’ ကို ထုတ်လွှတ်နိုင်စွမ်း ရှိလာခဲ့ပြီ။

‘သူတော်စင်ပေါင်းစုံခန်းမ’ သည်လည်း ပိုမို နက်နဲလာပြီး ဟင်းလင်းပြင် အလွှာများမှာ အဆက်မပြတ် လည်ပတ်နေသည်။ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကြား၌ ဘယ်အရပ်သို့ ဦးတည်နေမှန်း မသိသော ‘တွင်းနက်လိုဏ်ခေါင်း’ များစွာလည်း ရှိနေကြ သည်။

“ကိုယ်ကျင့်တရား အစစ်မှန်စွမ်းအင်၊ သူတော်စင်အပေါင်းတို့၏ အစစ်အမှန် စွမ်းအင်၊ ထာဝရအလင်း၊ လေဟာနယ် အစစ်မှန်စွမ်းအင်။ ဒီစစ်မှန်သော စွမ်းအင် လေးမျိုးလုံးက ငါ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး၊ ငါ့ရဲ့ ဓမ္မခန္ဓာကိုယ်ကို စုစည်းပေးကာ ငါ့ရဲ့ စိတ်ဝိညာဉ်ကို လည်း အသစ်ပြန်လည် သန့်စင်ပေးနေတယ်။”

ဟုန်ယွိ၏ ခန္ဓာကိုယ်သည် တွင်းနက်လိုဏ်ခေါင်း တစ်ခုအတွင်း၌ တင်ပျဉ်ခွေ ထိုင်နေ သည်။ သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းသည် အစစ်မှန် စွမ်းအင်များကို အဆက်မပြတ် ရှူသွင်းရှူထုတ် ပြုလုပ်နေကြသည်။ သူ အသက်ရှူလိုက်တိုင်း ထိုစွမ်းအင်စီးကြောင်း လေးခုသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ့ရှိသည်။

ရုတ်တရက်ဆိုသလို ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ချွေးစက်များမှာ ချွေးပေါက် များမှတစ်ဆင့် ချက်ချင်း စိမ့်ထွက်လာတော့သည်။ ထိုချွေးစက်များတွင် သွေးစက်အချို့ လည်း ရောပါနေပြီး မြေကြီးပေါ်သို့ စီးကျသွားလေသည်။

မြေကြီးပေါ်သို့ ရောက်ရှိသွားသောအခါ ထိုချွေးစက်လေးများမှာ မနားတမ်း လှုပ်ရှား ရုန်းကန်နေကြပြီး နောက်ဆုံးတွင်မူ သေးငယ်သော လူသားပုံစံလေးများအဖြစ်သို့ အသွင် ပြောင်းသွားလေတော့သည်။

အခန်း (၆၆၀)။

“ဒါဟာ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ရဲ့ တကယ့်ကို အံ့ဖွယ်နယ်ပယ်လား၊ မွေးဖွား ခြင်းလည်း မရှိ၊ ပျက်စီးခြင်းလည်း မရှိဘဲ ထာဝရရှင်သန်ခြင်းဆီကို ချဉ်းကပ်သွားတာပဲ။ ဒီနယ်ပယ်က ဘယ်လိုလုပ်ပြီး ဒီလောက် ထူးခြားတဲ့ စွမ်းအင်မျိုး ရှိနေတာလဲ။ ဒါက လူသားခန္ဓာကိုယ်ရဲ့ အကန့်သတ်တွေကို လုံးဝ ကျော်လွန်သွားတာပဲ။ မူလက ငါထင်ခဲ့တာ က ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ဆိုတာ ခန္ဓာကိုယ်က ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ခရီးသွားနိုင်တာလို့ပဲ ထင်ခဲ့တာ။ အခုကြည့်ရတာ ငါ့အတွေးက တကယ့်ကို မှားယွင်းခဲ့တာ ပဲ။”

“ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ဆိုတာ လူသားတွေအတွက် မျိုးဆက်ပေါင်းများစွာ တိုင်အောင် ဒဏ္ဍာရီတစ်ခု ဖြစ်နေခဲ့တယ်။ ဒါက သိုင်းပညာရှင်တွေအတွက် အမြင့်ဆုံး လျှို့ဝှက်နယ်ပယ်ပဲ။ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ယောက်တောင် သူ့ရဲ့စိတ်ဝိညာဉ်နဲ့ ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်တာသေးပဲ။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်က ဒီလောက် အပေါ်ယံ ဆန်နေပါ့မလား။”

သူ၏ ချွေးပေါက်များမှ စိတ်ဝိညာဉ်အသိအတွေးစများ ကိန်းအောင်းနေသော ချွေးစက်များ စိမ့်ထွက်လာသောအခါ ဟုန်ယွိ၏ စိတ်ထဲတွင် ထိုးထွင်းသိမြင်မှုများ ပြည့်လျှံလာခဲ့သည်။

တစ်လကြာ တံခါးပိတ် ကျင့်ကြံပြီးနောက်၊ သူသည် နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံ နိုင်ခဲ့ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ အပ်စိုက်မှတ်ပေါင်း ရှစ်ရာကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့နောက်တွင် သူသည် ‘ကိုယ်ကျင့်တရား အစစ်မှန်စွမ်းအင်’၊ ‘သူတော်စင်ပေါင်းစုံတို့၏ အစစ်အမှန် စွမ်းအင်’၊ ‘ထာဝရအလင်း’ နှင့် ‘မဟာလေဟာနယ် အစစ်မှန်စွမ်းအင်’ တို့ကို သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေကာ ခန္ဓာကိုယ်ကို ပြန်လည်သွန်းလုပ်ခဲ့သည်။ နောက်ဆုံးတွင်မူ သူသည် သဘာဝတရားမှ ပေါက်ဖွားလာပြီး ကျောက်တုံးမှ မွေးဖွားလာ သော ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ခန္ဓာကိုယ်၏ မွေးရာပါ စွမ်းရည်ကိုပင် နှိုးဆွပေးနိုင်ခဲ့ပြီ။

“နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား” ၏ ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ဟုန်ယွိ၏ လေ့ကျင့်ပေးမူအောက်တွင် တဖြည်းဖြည်း တိုးတက်လာပြီး ၎င်း၏ လျှို့ဝှက် ချက်များမှာလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ရုတ်တရက်ဆိုသလို…

ဟုန်ယွိက မျက်လုံးများကို ဖွင့်လိုက်ပါသည်။ သူ၏ မျက်ဝန်းအိမ်များမှာ လည်ပတ်နေပြီး သူ၏ မျက်လုံးများအတွင်းမှ ရွှေရောင်အလင်းတန်းများမှာ ကိုယ်ပိုင်အသက်ရှူသံ ရှိနေ သည့် ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ပွင့်ထွက်လာလေသည်။

သူ၏ မျက်လုံးအိမ်များပင်လျှင် ကိုယ်တိုင် အသက်ရှူနိုင်စွမ်း ရှိလာကြပြီး သက်ရှိတစ်ခု ကဲ့သို့ ပြောင်းလာခဲ့ကြပြီ။

‘ယိယိယာယာ... ယိယိယာယာ...’

တစ်ချိန်တည်းမှာပင် သူ၏ချွေးပေါက်များမှ မြေပြင်ပေါ်သို့ ကျဆင်းသွားသော အတွေးစပါ သည့် ချွေးစက်များမှာ တရွရွ လှုပ်ရှားလာကြပြီး သေးငယ်သော လူသားပုံစံလေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံစံလေးများမှာ မူလက ရွှံ့ဖြင့် ပြုလုပ်ထားသကဲ့သို့ ရှိနေသော် လည်း၊ ဥခွံထဲမှ ရုန်းထွက်လာသော ကြက်ပေါက်လေးများကဲ့သို့ တဖြည်းဖြည်း ရုန်းကန် လှုပ်ရှားရင်း လက်များ၊ ခြေထောက်များနှင့် မျက်နှာပုံသဏ္ဌာန်များ ပေါ်ထွက်လာကြသည်။ တစ်ဦးချင်းစီမှာ လက်ညှိုးခန့်သာ ရှိသော်လည်း ဟုန်ယွိနှင့် အသွင်မခြားဘဲ အသက်ဝင် လှပေသည်။

မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ ပြေးလွှားနေပြီး ‘ယိယိယာယာ’ အသံများ ပေးနေသော ထိုလူသားလေးများမှာ ဟုန်ယွိ၏ ပုံတူလေးများ ထောင်ပေါင်းများစွာ ရှိနေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ထိုလူသားလေးများသည် မူလစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေကြသည်။ လူသားလေး တစ်ဦးချင်းစီမှာ ကြီးထွားမှု ပုံစံအမျိုးမျိုးနှင့် သိုင်းကွက် များကို လေ့ကျင့်နေကြသည်။ ထိုသိုင်းကွက်များမှာ ဟုန်ယွိ ကျင့်ကြံခဲ့သော သိုင်းပညာရပ် များဖြစ်သည့် “နွားသိုးနတ်ဆိုး ခွန်အားလက်သီး”၊ “ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီး”၊ “ကောင်းကင်မြွေ အသက်ရှူနည်းစနစ်”၊ “ဝိညာဉ်လိပ် အသက်ရှူနည်းစနစ်” နှင့် “နတ်ဆိုးမျောက်ဝံဖရိုဖရဲနတ်ဘုရားတုတ်” တို့ပင် ဖြစ်သည်။

ဟုန်ယွိသည် မိမိကိုယ်ကိုယ် ကိုယ်ပွားပေါင်း မရေမတွက်နိုင်အောင် ရှိနေသကဲ့သို့ ခံစားလိုက်ရပါသည်။

“ခန္ဓာကိုယ်ထဲ ပြန်လည်စုစည်းစေ။” အတွေးတစ်ချက်ဖြင့် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ တုန်ခါ သွားပြီး ထောင်ပေါင်းများစွာသော လူသားလေးများသည် မြေကြီးပေါ်တွင် ချက်ချင်း လိမ့်ဆင်းသွားကာ သွေးသာအနှစ်သာရများ ပါဝင်သော ချွေးစက်များအဖြစ်သို့ ပြောင်းလဲ သွားပြီး သူ၏ ချွေးပေါက်များအတွင်းသို့ ပြန်လည် ပျံဝင်သွားကြသည်။

ထိုခဏတွင် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ထဲ၌ အသက်စွမ်းအားများ ပြည့်လျှံနေသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက ဟင်းလင်းပြင်ဖျက်ဆီးခြင်း နည်းစနစ်ရဲ့ ဆန်းကြယ်တဲ့ အသုံးဝင်မူတွေပဲလား။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ နတ်ဘုရားစွမ်းရည်အချို့ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာတာ ပဲ။ ဒါကြောင့်ကိုး... ဒါကြောင့်ကိုး။ ငါဟာ ‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့် ကို ရောက်နေပြီဆိုပေမဲ့ ဒီအဆင့်မှာတောင်မှ တတိယတန်းစားနဲ့ နဝမတန်းစား ဆိုပြီး ကွာခြားချက်တွေ ရှိနေသေးတာပဲ။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်နဲ့ နီးကပ်လာလေ၊ ခန္ဓာကိုယ်ရဲ့ မယုံနိုင်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်တွေ ပေါ်ထွက်လာလေလေပဲ။ အခုလို ကိုယ်ပွားပေါင်း မရေမတွက်နိုင်အောင် ခွဲထုတ်နိုင်တာမျိုးပေါ့။”

ဟုန်ယွိသည် သူ၏ နှလုံးသားထဲမှ နားလည်သဘောပေါက်သွားခဲ့ပြီ။

သိုင်းပညာရှင်တစ်ဦးသည် ‘လူသားအင်မော်တယ်’ ၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိ သောအခါ အပ်စိုက်မှတ်တစ်ခုသည် အခြားသော အပ်စိုက်မှတ်ငယ် တစ်ရာနှင့် ဆက်သွယ် နိုင်ပြီး၊ အပ်စိုက်မှတ်များအတွင်းရှိ စွမ်းအင် အမျိုးမျိုးကို အသုံးပြု၍ ကောင်းကင်ယံတွင် ပျံသန်းနိုင်ပြီး၊ လျှပ်စီးကဲ့သို့ လျင်မြန်စွာ သွားလာကာ မိမိအလိုရှိသူကို သတ်ဖြတ်နိုင်ပြီး၊ တာအိုပညာရပ်များဖြင့် ဟင်းလင်းပြင်တွင် ပျံသန်းခြင်းထက်ပင် ပိုမို လျင်မြန်လှပေသည်။ သိုင်းဆန္ဒ၏ စိတ်ဝိညာဉ်မှာလည်း အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ပြုလုပ်နိုင်စွမ်း ရှိလေသည်။

‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့်သို့ ရောက်မှသာ တာအိုပညာရှင်များနှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်သည်။

သို့မဟုတ်ပါက ‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့်အောက်ရှိ သိုင်းပညာရှင် များသည် ပျံသန်းနိုင်စွမ်း မရှိကြပေ။ ပျံသန်းနိုင်ရန်အတွက်မူ နတ်ဘုရားလက်နက် ချပ်ဝတ် အမျိုးမျိုးကို အသုံးပြုကြရသည်။ ‘လူသားအင်မော်တယ်’ အလယ်အလတ် အဆင့် သည်ပင် စွမ်းအင်များ စုဆောင်းဆဲ အဆင့်သာ ရှိသေးသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပါက သူ၏ နည်းစနစ်များ မှာ ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့် အလားတူသွားလေတော့သည်။

သို့သော် ‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့်နှင့် ‘ဟင်းလင်းပြင်ကို ဖျက်ဆီး ခြင်း’ နယ်ပယ်တို့မှာ ခြေတစ်လှမ်းသာ ကွာခြားသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ် တွင်မူ မိုင်ပေါင်း ထောင်ချီ ကွာခြားနေခြင်း ဖြစ်သည်။

ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်နှင့် နီးကပ်လေလေ၊ ခန္ဓာကိုယ်၏ မယုံနိုင်စရာ ကောင်းသော နတ်ဘုရား စွမ်းရည်များမှာ ပိုမို ပေါ်ထွက်လာလေပင်။

‘လူသားအင်မော်တယ်’ နယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားပြီးနောက်၊ သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းခြင်းပင် ဖြစ်သည်။ ၎င်းသည် ဒြပ်ဝတ္ထုများကို တိုက်ရိုက် သက်ရောက်မှု ရှိစေနိုင်ပြီး၊ တောင်များကို ရွှေ့ပြောင်းခြင်း၊ ပင်လယ်များကို ခမ်းခြောက်စေခြင်း၊ ဟင်းလင်းပြင်ကို ဖန်တီးခြင်းနှင့် အချိန်ကိုပါ လွှမ်းမိုးနိုင်ခြင်းတို့ ရှိလာ နိုင်သည်။ ၎င်းမှာ တာအိုပညာရပ်များ၏ ဝိညာဉ်စွမ်းအင်နှင့် နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအင်တို့နှင့် ကွာခြားမှု မရှိတော့ပေ။

ဟုန်ယွိသည် ဟုန်ရွှန်ကျိနှင့် ခုန်းတို့သာ သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းနိုင် သည့် အဆင့်သို့ ရောက်ရှိကြသည်ကို သိရှိထားသည်။ သူတို့မှလွဲ၍ ရှောင်ရှိူက်နှင့် အနန္တဘိုးဘေးသခင်ပင်လျှင် ဤနယ်ပယ်သို့ ရောက်ရန် အနည်းငယ် လိုအပ်နေသေး သည်။

သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းခြင်းအဆင့်၏ အထက်တွင်မူ နောက်ထပ် နယ်ပယ်တစ်ခု ရှိသေးသည်။ ၎င်းမှာ ဟုန်ယွိ ယခုလေးတင် ကျင့်ကြံအောင်မြင်ခဲ့သော ‘အနန္တကိုယ်ပွား’ နယ်ပယ်ပင် ဖြစ်သည်။ အကယ်၍ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အသတ်ခံရလျှင်ပင်၊ သွေးတစ်စက် ကျန်ရှိနေရုံနှင့် သူသည် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိသည်။ သွေးသားများ၊ အရိုးများ၊ အင်္ဂါအစိတ်အပိုင်းများနှင့် အပ်စိုက်မှတ် အမျိုးမျိုးကို ပြန်လည် ဖြစ်တည်စေကာ ဟုန်ယွိအသစ်တစ်ဦးအဖြစ် လုံးလုံးလျားလျား ပြန်လည် ပေါ်ထွက်လာနိုင်ပေသည်။

မှန်ပေသည်၊ သွေးတစ်စက်တည်းမှ ပြန်လည်မွေးဖွားရန်အတွက် ‘မူလစွမ်းအင်’ အမြောက်အမြား စုဆောင်းထားရန် လိုအပ်ပြီး တစ်ညတည်းဖြင့် ဖြစ်ပေါ်လာနိုင်သည် တော့ မဟုတ်ပေ။ သို့သော် ဤသည်မှာ ဖျက်ဆီး၍ မရနိုင်အဆင့်နှင့် အလွန်ပင် နီးကပ်နေ လေပြီ။

ကျင့်ကြံမှု ဖြစ်စဉ်အတွင်းမှာပင် ဟုန်ယွိသည် ‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့် အထက်ရှိ ကျင့်ကြံမှု နယ်ပယ်များကို တဖြည်းဖြည်းနှင့် ပိုမို နားလည်လာခဲ့သည်။

အနည်းဆုံးတော့ သူသည် အချက်သုံးချက်ကို နားလည်သွားခဲ့သည်။ ပထမအချက်မှာ အပ်စိုက်မှတ်တစ်ခုမှ အပ်စိုက်မှတ်ငယ် တစ်ရာကို ဖွင့်လှစ်ခြင်း။ ဒုတိယအချက်မှာ သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းခြင်း၊ တတိယအချက်မှာ ‘အနန္တကိုယ်ပွား’ များကို ခွဲထုတ်နိုင်ခြင်းနှင့် သွေးသားများမှ ပြန်လည် မွေးဖွားခြင်းတို့ ဖြစ်သည်။

အကယ်၍ သူသာ ဆက်လက်၍ ကျင့်ကြံနေဦးမည်ဆိုလျှင် နောက်ထပ် မည်သို့သော နတ်ဘုရား စွမ်းရည်များ ပေါ်ထွက်လာဦးမည်ကို သူ သိချင်မိသည်။

မည်သူမျှ ကြိုတင်မသိနိုင်သကဲ့သို့ ဟုန်ယွိသည်လည်း ဆက်လက်၍ ရှာဖွေနေဆဲပင် ဖြစ်၏။

“လူသားအင်မော်တယ်’ အဆင့်ကနေ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်အထိ နယ်ပယ်တွေ ဒီလောက် အများကြီး ရှိနေတာလား။ ပြီးတော့ ဒီလောက်များတဲ့ နတ်ဘုရား စွမ်းရည်တွေကိုလည်း ဖော်ထုတ်နိုင်သေးတယ်။ ဒါပေမဲ့ ဘယ်စာအုပ်မှာမှ ဒါတွေကို မှတ်တမ်း တင်မထားဘူး။ လူတော်တော်များများက ‘လူသားအင်မော်တယ်’ အဆင့်ကို ရောက်ပြီဆိုတာနဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ ထင်နေကြတာ။ အမှန်တော့ ‘လူသားအင်မော်တယ်’ အဆင့်အထိ ကျင့်ကြံနိုင်တာဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ယောက်လိုပဲ ရှိသေးတာ။ ဒါပေမဲ့ ဒါကလည်း နားလည်ပေးလို့ ရပါတယ်လေ။ သမိုင်းတစ်လျှောက်မှာ ဟင်းလင်းပြင် ဖျက်ဆီးခြင်း အဆင့်အထိ ကျင့်ကြံနိုင်သူ မရှိသလောက် ရှားတာကြောင့် ဒီနယ်ပယ်တွေကို ဘယ်သူက ဖော်ပြနိုင်မှာလဲ။ အခုတော့ ငါ ဒီနေရာကို ရောက်နေပြီဆိုတော့ ဒီနယ်ပယ်တွေကို တစ်ခု ချင်းစီ ဖော်ပြပေးသွားရမယ်၊ ဒါမှ နောက်မျိုးဆက်တွေက ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကိုးကားစရာတွေ ရှိလာမှာ။”

‘လူသားအင်မော်တယ်’ အထွတ်အထိပ်အဆင့်နှင့် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့် ကြားရှိ နတ်ဘုရားစွမ်းရည် အဆင့်ဆင့်ကို သိရှိသွားပြီးနောက်၊ ဟုန်ယွိသည် ၎င်းတို့ကို နောင်တစ်ချိန်၌ လူသိရှင်ကြား စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေရန် ရည်ရွယ်ထားသည်။ ထိုမှသာ ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်များမှာ ပိုမို ရှင်းလင်းစွာ နားလည်နိုင်မည် ဖြစ်သည်။ ဤသည်မှာလည်း ကမ္ဘာကြီးအတွက် ဆရာတစ်ဦးအဖြစ် ဆောင်ရွက်ပေးလိုသော ‘သူတော်စင်’ တစ်ဦး၏ စိတ်ထားပင် ဖြစ်၏။

“ငါ နောက်ဆုံး တစ်လှမ်းဖြစ်တဲ့ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ကို ဘယ်တော့ လောက် ရောက်နိုင်မလဲ။ ဟုန်ရွှန်ကျိထက် စောပြီးရောက်ဖို့ ငါ မျှော်လင့်မိတယ်။ လက်ရှိ မှာ ဟုန်ရွှန်ကျိ ငါ့ထက် သာနေတာဆိုလို့ သူရဲ့သိုင်းလမ်းစဉ် နယ်ပယ်က ပိုမြင့်နေတာပဲ ရှိတယ်။ တကယ်လို့, ငါသာ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ကို အရင်ရောက်ပြီး သိုင်းတာအိုရဲ့ နောက်ဆုံးအဆင့်ကို ရောက်သွားမယ်ဆိုရင်တော့ သူဟာ သူ့ကိုယ်သူ ယုံကြည်မှုတွေ လုံးဝ ပျောက်ဆုံးသွားပြီး ပြိုလဲသွားနိုင်တယ်။ ဒါပေမဲ့ လက်ရှိမှာ ငါ့ရဲ့ သိုင်းလမ်းစဉ်နယ်ပယ်က တာအိုပညာနယ်ပယ်ကို လုံးဝ ကျော်လွန်သွားပြီ။ ‘သွေးအသားမှ ပြန်လည်မွေးဖွားခြင်း’ ဆိုတဲ့ နတ်ဘုရားစွမ်းရည်ဟာ ၉ ကြိမ်မြောက် မိုးကြိုးကပ်ဘေးနဲ့ တန်းတူလောက် ဖြစ်မှာပဲ။ တကယ်လို့ ငါ ၉ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် ပြီး ငါ့ရဲ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်သားတည်း ဖြစ်သွားရင် ငါ ‘ယန်နတ်ဘုရား’ အဆင့်ကို ရောက်သွားမလားဆိုတာ ငါ သိချင်မိတယ်။”

ဟုန်ယွိသည် မိမိဘာသာ တွေးနေမိသည်။

တာအိုကျင့်စဉ်အဆင့်နှင့် နှိုင်းယှဉ်လျှင် ခန္ဓာကိုယ်ကို ‘သွေးသားမှ ပြန်လည်မွေးဖွားခြင်း’ နယ်ပယ်သည် ၉ ကြိမ်မြောက် မိုးကြိုးကပ်ဘေးနှင့် ညီမျှပေသည်။

ယခုအခါ ဟုန်ယွိ၏ တာအိုပညာကျင့်ကြံမှုမှာ ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေးဖြစ်သော ‘ဖန်ဆင်းရှင်’ အဆင့်မှာသာ ရှိသေးသည်။ သိုင်းပညာနယ်ပယ်နှင့် နှိုင်းယှဉ်လျှင်မူ ၎င်းမှာ ‘လူသားအင်မော်တယ်’ အထွတ်အထိပ် အဆင့်မှာသာ ရှိနေခြင်း ဖြစ်၏။

သို့သော်လည်း ယခုအခါ သူ၏ အတွေးစများမှာ ပြည့်စုံနေပြီ ဖြစ်သည်။ အစစ်အမှန် စွမ်းအင်လေးမျိုး၊ ‘ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်’ နှင့် ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ တို့ကို နားလည်သွားပြီးနောက်တွင် သူ၏ အသိပညာစုဆောင်းမှုမှာ လုံလောက်နေပြီ ဖြစ်သည်။ ယခုအခါ သူ ၈ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် မည်ဆိုလျှင် အားနည်းသည့်ကာလ ရှိတော့မည် မဟုတ်သလို၊ ၉ ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကိုပင် တစ်ဆက်တည်း စမ်းသပ် ကျော်ဖြတ်နိုင်ဖွယ် ရှိနေသည်။

“ငါဟာ ဆောင်းဦးကနေ နွေဦးအထိ တံခါးပိတ် ကျင့်ကြံခဲ့တာပဲ။ ငါ တံခါးပိတ် ကျင့်ကြံ စတုန်းက နှင်းတွေ အသည်းအသန် ကျနေခဲ့တာ၊ အခုတော့ နေရာတိုင်းမှာ ပန်းတွေ ပွင့်နေပြီ၊ ကောင်းကင်ကြီးကလည်း မြင့်မားကာ တိမ်တွေကလည်း လွင့်မျော်နေတယ်၊ လေထုထဲမှာလည်း မွှေးရနံ့တွေ သန်းပျံ့နေတာပဲ။”

ဟုန်ယွိသည် မတ်တပ်ရပ်ကာ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ပြည့်စုံနေပြီး၊ ယခင်က မကြုံဖူးသော အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိနေ သကဲ့သို့ သူခံစားလိုက်ရသည်။ သူသည် ‘ကျိုးယွိကျမ်းစာမျှော်စင်’ ၏ အစွန်းသို့ လမ်းလျှောက်သွားပြီး အဝေးသို့ လှမ်းမျှော်ကြည့်မိသည်။ ‘ကျိုးယွိအကယ်ဒမီ’ တစ်ခုလုံး တွင် အရောင်အသွေးစုံလင်လှသော ပန်းပေါင်းများစွာ ဝေစာပွင့်လန်းနေကြ၏။ ပန်းသီး ပန်းများ၊ မက်မွန်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားသော ပန်းပေါင်း ထောင်သောင်းချီ၍ အလှပြိုင်နေကြလေတော့သည်။

ကျိုးယွိ အကယ်ဒမီ၏ ဥယျာဉ်များကို တည်ဆောက်ရာတွင် ထျန်းကုန်းမိုမိသားစု မျိုးနွယ် ဝင် ကျွမ်းကျင် လက်မှုပညာရှင်များကို စုစည်း၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သာယာလှပသော ရာသီဥတုအောက်တွင် အကယ်ဒမီမှ ပညာရှင်များနှင့် ကျောင်းသား များစွာတို့သည် ပန်းပင်များအောက်၌ စာဖတ်ရင်း အပန်းဖြေနေကြသည်။ စာဖတ်သံများ၊ ပန်းရနံ့များ၊ လေပြေအေးများ၊ တောက်ပသော နေရောင်ခြည်တို့နှင့်အတူ နေရာတိုင်းတွင် သက်ဝင် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။ ဤလေထု၏ လွှမ်းမိုးမှုအောက်တွင် ဟုန်ယွိကိုယ်တိုင်ပင်လျှင် နတ်ဘုံနတ်နန်းသို့ ရောက်ရှိသွားသည့်အလား စိတ်ကြည်နူးမှုကို ခံစားနေရသည်။

သူ့စိတ်ထဲကူးထဲမှာ နတ်ဘုရားနယ်မြေဆိုသည်မှာ အတိအကျ ဤသို့ပင် ဖြစ်၏။

‘ဝူး... ဝူး...’ လေပြေတစ်ခုက ပန်းရနံ့များကို ဆောင်ကြဉ်းလာကာ မျှော်စင်ပေါ်သို့ တိုက်ခတ်လာသည်။ ဟုန်ယွိ၏ နှာခေါင်းမှာ အနည်းငယ် လှုပ်ရှားသွားသည်။ “ယွမ်ရှန်းရှန်း... မင်း အဆင်ပြေရဲ့လား။ မကြာသေးခင်က ပင်လယ်ရပ်ခြားက အခြေအနေ တွေကို မင်းတို့ ဘယ်လို ကိုင်တွယ်ခဲ့လဲ။”

“ဟင်”

ပန်းရနံ့များကြားမှ အံ့ဩတုန်လှုပ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ပန်းဝတ်မှုန်လေးများကြားမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမမှာ လောကကြီးကို မှင်သက်သွားစေလောက်အောင် လှပလွန်းပြီး နတ်သမီးဟု တင်စားရမည့် ယွမ်ရှန်းရှန်းပင် ဖြစ်သည်။

“ငါဟာ မကြာသေးခင်ကပဲ ငါ့ရဲ့ တာအိုပညာမှာ နောက်ထပ် အောင်မြင်မှုတစ်ခု ရခဲ့တယ်၊ ‘ကောင်းကင်ရနံ့ ကျမ်း’ ရဲ့ နဝမမြောက် အဆင့်ကို တတ်မြောက်ခဲ့ပြီ။ နွေဦးပန်းတွေရဲ့ အရှိန်အဝါကို အသုံးချပြီး၊ ငါဟာ ဒီလောကကြီးနဲ့ တစ်သားတည်း ဖြစ်နေတာ၊ ပန်းဝတ်မှုန် တွေနဲ့ ငါ့ကို ခွဲခြားလို့တောင် မရဘူး။ ပန်းတောသာ ရှိနေမယ်ဆိုရင် ‘ဖန်ဆင်းရှင်’ တစ်ပါး တောင်မှ ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူးလို့ ငါ ရဲရဲကြီး ပြောရဲတယ်။ ဟုန်ယွိ... မင်း ငါ့ကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရှာတွေ့သွားတာလဲ။”

ယွမ်ရှန်းရှန်းက အံ့ဩတကြီး မေးလိုက်သည်။

“ငါလည်း မကြာသေးခင်ကပဲ ငါ့ရဲ့သိုင်းပညာနဲ့ တာအိုပညာမှာ နောက်ထပ် အောင်မြင်မှု တစ်ခု ရခဲ့လို့ပါ” ဟုန်ယွိက လက်ကို ဆန့်ထုတ်ပြီး လက်ဖဝါးကို လှန်လိုက်ပါသည်။ သူ၏ လက်ထဲတွင် ‘ကောင်းကင်အနှစ်သာရရွှေဆေးလုံး’ တစ်လုံး ပေါ်လာပြီး ရုတ်တရက်ဆိုသ လို ဆေးစွမ်းအင်အငွေ့အသက်များအဖြစ် ပြောင်းလဲသွားပြီး၊ အစီအရင်များစွာ ပါဝင်နေ သည့် ထိုဆေးစွမ်းအင်များက ယွမ်ရှန်းရှန်းကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

ထို့နောက်တွင် ထိုအစီအရင်အားလုံးမှာ ယွမ်ရှန်းရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွား ကြတော့သည်။

ယွမ်ရှန်းရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပါသည်။ “ကောင်းကင်အနှစ်သာရရွှေဆေး လုံး၊ ဒါကို မင်း ဘယ်လိုရခဲ့တာလဲ။ ဒီဆေးလုံးကို ဖော်စပ်ဖို့ဆိုတာ အလွန်တရာ အားထုတ် ရတာလေ။ ဟင်းလင်းပြင် နတ်ဘုရားလက်နက်တစ်ခုကို ဖော်စပ်ရတာထက်တောင် ပိုပြီး ခက်ခဲတာ။”

သို့သော်လည်း နောက်တစ်ခဏတွင်မူ သူမမှာ စကားပင် မပြောနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ‘ကောင်းကင်အနှစ်သာရရွှေဆေးလုံး’ ၏ အစီအရင်များသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ စိမ့်ဝင်သွားပြီး သူမ၏ခန္ဓာကိုယ် တစ်လက်မစီတိုင်းကို ပြန်လည် သွန်းလုပ်ပေးနေသောကြောင့် ဖြစ်သည်။

‘ဘန်း...’

ကျောက်စိမ်းသော့ခလောက် ပွင့်သွားပြီး၊ ရွှေချည်မျှင်များ ပြတ်တောက်ကာ၊ နဂါး တစ်ကောင် ကောင်းကင်သို့ ပျံတက်သွားသည့်အလား၊ ပြင်းထန်သော သွေးစွမ်းအင်များ နှင့် မွှေးရနံ့များမှာ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ‘ကျိုးယွိမျှော်စင်’ ၏ နံရံများကို လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်နေတော့သည်။ ယွမ်ရှန်းရှန်း၏ မျက်လုံးများမှာ တောက်ပလာပြီး တခဏအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်သည် ‘လူသားအင်မော်တယ်’ အဆင့်သို့ ရောက်ရှိသွားတော့သည်။

“နောက်ဆုံးတော့ ငါဟာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အဆင့်ထိ လေ့ကျင့်နိုင်ခဲ့ပြီ။” ယွမ်ရှန်းရှန်းက သက်ပြင်းချလိုက်ရင်း ဝမ်းသာရမလား ဝမ်းနည်းရ မလားပင် သူမ မသိတော့ပေ။ “ဟိုးအရင်တုန်းက ငါ့ဆရာဟာ ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ တစ်လုံးရဖို့ အသနားခံခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို လူသားအင်မော်တယ်အဆင့် အထိ ကျင့်ကြံနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမဟာ ‘မုန်ရှန်းကျီ’ ရဲ့ သတ်ဖြတ်ခြင်း ကို ခံခဲ့ရတယ်။ အခု ငါလည်း အဲဒီဆေးလုံးကိုပဲ ရခဲ့ပြန်ပြီဆိုတော့ ဝမ်းသာရမလား ဝမ်းနည်းရမလား တကယ် မသိတော့ဘူး။”

“ဝမ်းသာရမှာပေါ့။ လူသားအင်မော်တယ်ဆိုတာ ဘာမှမဟုတ်သေးပါဘူး။ လူသား အင်မော်တယ်အဆင့်ကနေ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ နယ်ပယ်ကို ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးတာ။ သာမန်သိုင်းပညာရှင်ဘဝကနေ လူသားအင်မော်တယ်အဆင့်ကို ရောက်ဖို့ ကျင့်ကြံရတာထက်တောင် ပိုပြီး အလှမ်းဝေးသေးတယ်။” ဟုန်ယွိ၏ မျက်ခုံးများ က လှုပ်ရှားသွားပြီး အားကောင်းပြီး ဆန်းကြယ်သည့် စိတ်ဆန္ဒတစ်ခုက ယွမ်ရှန်းရှန်း၏ နဖူးကြားသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

“ဒန်တန် မျိုးစေ့ (၈၁) စေ့လား။ ကောနဲ့ဟွမ်၊ ခြောက်ပါးပေါင်းစည်းတံခါး၊ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါး...” ယွမ်ရှန်းရှန်းသည် ထိုဆန်းကြယ်ပြီး အားကောင်းသော စိတ်ဆန္ဒကို လက်ခံရရှိလိုက်ပြီး ခေတ္တမျှ တွေးတောရင်း အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားတော့ သည်။

“ဒါ... ဒါက အပ်စိုက်မှတ်တွေကို စုစည်းတဲ့ နည်းစနစ်ပဲ။ အပ်စိုက်မှတ်ပေါင်း ရှစ်ရာကျော် တောင် ရှိတာလား။ အပ်စိုက်မှတ် ရှစ်ရာကျော်။ ‘အထွက်အထိပ်အဂ္ဂိရတ်’ ထဲမှာတောင် အပ်စိုက်မှတ် အားလုံးပေါင်းလိုက်ရင် ရှစ်ရာမပြည့်ဘူး...” ယွမ်ရှန်းရှန်းမှာ အလွန်ပင် ထိတ်လန့်သွားတော့သည်။

သူမ ထိတ်လန့်သွားခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ အကယ်၍ သူမကိုယ်တိုင်က ‘ဖန်ဆင်းရှင်’ တစ်ပါး ဖြစ်နေလျှင်ပင် ထိတ်လန့်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိက အပ်စိုက်မှတ်ပေါင်း ရှစ်ရာကျော်၏ ကျင့်စဉ်လမ်းကို သူမအား သင်ကြား ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။

အပ်စိုက်မှတ် ၈၀၀ ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။ ၎င်းမှာ ‘ဖန်ဆင်းရှင်’ တစ်ဦးပင်လျှင် အသက်နှင့်လဲ၍ လုယူလိုသည့် အရာပင် ဖြစ်သည်။

“မင်းက ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့ ဝါရင့်ပညာရှင် တစ်ယောက်ပဲ။ တကယ်လို့ မင်းသာ အပ်စိုက်မှတ် ၈၀၀ စုစည်းတဲ့ လျှို့ဝှက်ချက်ကို ကို ရပြီး စိတ်ဝိညာဉ်ရော ခန္ဓာကိုယ်ပါ တွဲဖက်ကျင့်ကြံမယ်ဆိုရင် ‘ဖန်ဆင်းရှင်’ နယ်ပယ်ကို ရောက်သွားနိုင်လိမ့်မယ်။ အနာဂတ် ပြောင်းလဲမှုတွေကြားမှာ မင်းအတွက် နေရာတစ်ခု ရှိလာမှာပါ။ ဒါနဲ့ ပင်လယ်ရပ်ခြားက အခြေအနေတွေ ဘယ်လိုရှိလဲ။”

ဟုန်ယွိက ကျင့်စဉ်ကို သင်ကြားပေးပြီးနောက် ထပ်မံ မေးမြန်းလိုက်သည်။

ယွမ်ရှန်းရှန်းကို ဟုန်ယွိက ပင်လယ်ရပ်ခြားရှိ ‘လော်ယွမ်’ ကို ကူညီရန်နှင့် တစ်ချိန်တည်း မှာပင် ‘ကျိုးယွိ အကယ်ဒမီ’ ကို ပင်လယ်ရပ်ခြား နိုင်ငံပေါင်းတစ်ရာအထိ ပြန့်နှံ့သွားအောင် ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိမှာ မကြာသေးခင်က တံခါးပိတ် ကျင့်ကြံ နေသဖြင့် မည်သို့ ဖြစ်ပျက်သွားသည်ကို မသိရှိသေးပေ။

“မက်မွန်နတ်သမီး ညီလာခံ စတင်နေပြီ။ လော်ယွန်က ဒီနေ့ သူမရဲ့ပြိုင်ဘက်အားလုံးကို အနိုင်ယူလိုက်ပြီး ‘မက်မွန်နတ်ဘုရားဂိုဏ်း’ ရဲ့ ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့ပြီ။ တစ်ချိန် တည်းမှာပဲ ပင်လယ်ရပ်ခြားက နိုင်ငံပေါင်း တစ်ရာကျော်ရဲ့ ခေါင်းဆောင်တွေဟာ နတ်ဘုရားလေနိုင်ငံမှာ စုဝေးပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနေကြတယ်” ယွင်ရှန့်ရှန့်က ပြောပြသည်။

“ဘာ၊ နတ်ဘုရားလေနိုင်ငံရဲ့ ဘုရင်က အခုထိ လက်မလျှော့သေးဘူးလား။ သူက သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေညာတော့မှာလား” ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်သည်။

ဒေါက်… ဒေါက်… ဒေါက်…၊

ဤအချိန်တွင် ယောင်ယွဲ့ရူက ‘ကျိုးယွိမျှော်စင်’ ပေါ်သို့ ရုတ်တရက် တက်လာခဲ့ပြီး ဟုန်ယွိ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။

“ကျောင်းအုပ်ကြီး... တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား။”

“ဟုတ်တယ်၊ ဒီနေ့ ထွက်လာမယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည် “မင်း အပြင်မှာ စောင့်နေတာလား။”

“ဒီနေ့ဟာ ကျောက်စိမ်းမြို့တော်မှာ နန်းတွင်းစာမေးပွဲတွေ ကျင်းပတဲ့နေ့ ဖြစ်သလို၊ ‘ကျွမ့်ယွမ်’ ဘွဲ့ကို ဆုံးဖြတ်မယ့်နေ့လည်း ဖြစ်ပါတယ်။ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ နန်းတွင်းစာမေးပွဲက ဒီနေ့ပဲလေ။ ကျောင်းအုပ်ကြီးလည်း ဒီနေ့ကို တွက်ဆပြီးသား ဖြစ်မှာ ပါ။” ယောင်ယွဲ့ရူက ယွမ်ရှန်းရှန်းကို ကြည့်လိုက်ရာ သူမ၏ အလှကြောင့် ခေတ္တမျှ ငိုင်သွား ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပုံရသည်။ ထို့နောက် သူမက ဆက်ပြောသည် “ဒီမနက်မှာ ကျွန်မ သတင်းသွားမေးခဲ့ပြီး နန်းတော်ထဲက မိန်းမစိုးအသစ် တစ်ယောက်ကို လာဘ်ထိုးခဲ့ပါတယ်။ ဧကရာဇ်က ဘယ်သူ့ကို ‘ကျွမ့်ယွမ်’ အဖြစ် ရွေးချယ်လိုက်လဲဆိုတာ ကျွန်မ သိခဲ့ရပြီ။”

“ဘယ်သူလဲ။” ယွမ်ရှန်းရှန်းက မနေနိုင်ဘဲ မေးလိုက်သည်။

သုံးနှစ်တစ်ကြိမ် ကျင်းပသော စာမေးပွဲတွင် ယခင် ‘ကျွမ့်ယွမ်’ မှာ ဟုန်ယွိ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ မည်သူ ဖြစ်လာမည်နည်း။

စာစဉ် (၆၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters