အခန်း (၆၆၁-၆၆၂)
Vol. 64 Ch. 661-662
အခန်း (၆၆၁)။
ဟုန်ယွိသည် တစ်လကြာ တံခါးပိတ် ကျင့်ကြံခဲ့ပြီးနောက် ယနေ့တွင်မှ ပြန်လည် ထွက်လာရခြင်းမှာ သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော နန်းတွင်း စာမေးပွဲကြောင့်ပင် ဖြစ်သည်။ ဤအမျိုးသားအဆင့် အခမ်းအနားသည် တိုင်းပြည်၏ ကံကြမ္မာအရှိန်အဝါများ စုစည်းရာ၊ တော်ဝင်ချန် ယဉ်ကျေးမှု၏ ပြယုဂ်လည်း ဖြစ်ပေသည်။ ဤစာမေးပွဲကို လူသား မျိုးနွယ်တို့၏ ခေတ်ရေစီးကြောင်းကို ဖော်ပြနေသည့် ပြယုဂ်တစ်ခုဟုပင် ဆိုနိုင်ပေသည်။
ဟုန်ယွိ၏ ကျော်ကြားမှုသည်လည်း ထိုစဉ်က နန်းတွင်းစာမေးပွဲမှ အစပြုခဲ့ခြင်းဟု ဆိုနိုင် ပါသည်။
အကယ်၍ ထိုစဉ်က နန်းတွင်းစာမေးပွဲသာ မရှိခဲ့လျှင်၊ သူတော်စင်တစ်ရာတို့နှင့်အတူ အခြေအတင် ဆွေးနွေးကာ သူတော်စင်ငယ်ဘွဲ့ကို တစ်ဟုန်ထိုး ရယူနိုင်ခဲ့မည် မဟုတ်ပေ။ ထိုသို့ အခိုင်အမာဘွဲ့ထူးကို မရရှိခဲ့ပါကလည်း မဟာပညာရှင်ကြီးများစွာကို စုစည်း၍ ပြောင်းလဲခြင်းကျမ်းကို အတူတကွ ပြုစုနိုင်မည် မဟုတ်သလို၊ ရာထူးမှ နုတ်ထွက်ပြီး နန်းတော်ကို ဝေဖန် ပြစ်တင်နိုင်စွမ်းလည်း ရှိလာမည် မဟုတ်ပေ။
သူတော်စင်ငယ်ဟူသော ဂုဏ်ပုဒ်သာ မရှိခဲ့လျှင် ဧကရာဇ် ‘ယန်ဖန်’ နှင့် ဟုန်ရွှန်ကျိ တို့သည် ဟုန်ယွိကို သတ်ဖြတ်ရန် အကြောင်းပြချက်ပေါင်း တစ်ရာမက ရှာနိုင်ပေလိမ့် မည်။ သူတို့အနေဖြင့် ဟုန်ယွိကို အပြစ်တစ်ခုခုဖြင့် အလွယ်တကူ စွပ်စွဲလိုက်ရုံနှင့် သူသည် ဤကမ္ဘာကြီး၏ ဘုံရန်သူ ဖြစ်သွားပေလိမ့်မည်။
အုပ်ချုပ်သူ အစိုးရနှင့် ဧကရာဇ်မင်းတို့အဖို့ လူတစ်ဦးတစ်ယောက်ကို ရာဇဝတ်မှုဖြင့် စွပ်စွဲရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
ထိုသို့သာ ဖြစ်ခဲ့လျှင် အခြေအနေမှာ ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ဘဲ အလွန်ပင် ကွဲပြား သွားပေလိမ့်မည်။
ဟုန်ယွိသည် လောကသားတို့၏ အသိအမှတ်ပြုမှုကို မခံရဘဲ ထွက်ပြေး တိမ်းရှောင်နေရ သည့် ဝရမ်းပြေးတစ်ဦးသာ ဖြစ်နေပေလိမ့်မည်။ သူ၏ ဘဝမှာလည်း လုံးဝ ပြောင်းလဲသွား လိမ့်မည်ဖြစ်ရာ၊ ဤသည်မှာ အနာဂတ်ကိုပင် ပြောင်းလဲသွားနိုင်သော အချက်တစ်ခုပင် ဖြစ်ပေသည်။
သို့သော်လည်း ထိုနန်းတွင်းစာမေးပွဲမှစ၍ သူသည် သူတော်စင်ငယ်ဘွဲ့ကို ရရှိခဲ့သည်။ သူ၏ပြောဆိုချက်နှင့် လုပ်ဆောင်ချက်တိုင်းကို သူတော်စင်များက အသိအမှတ်ပြုထားကြ သဖြင့် နန်းတွင်းအာဏာပိုင်များပင် မထိရဲ မခိုက်ရဲ ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့်ပင် ယခုကဲ့ သို့ ကျော်ကြားမှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ပြောင်းလဲခြင်းကျမ်း ပေါ်ထွက်လာပြီးနောက် တွင် ဤကမ္ဘာလောက၌ အခြားသော ကျမ်းစာများမှာ ပျောက်ကွယ်သွားခဲ့ရသလို၊ ပြောင်းလဲခြင်းဆိုင်ရာ လေ့လာသင်ကြားမှုများ ပေါ်ထွက်လာသောအခါတွင်လည်း ၎င်းမှာ ခေတ်ရေစီးကြောင်းကို ဦးဆောင်ခဲ့လေတော့သည်။
ယခုအခါ ကျိုးယိအကယ်ဒမီသည် နန်းတွင်းနှင့် သိမ်မွေ့စွာ ယှဉ်ပြိုင်နေကြပြီး၊ တစ်ဖက်က အာဏာပိုင်အဖွဲ့အစည်းကို ကိုယ်စားပြုကာ အခြားတစ်ဖက်ကမူ လူထု၏ ယုံကြည် ကိုးစားမှုကို ကိုယ်စားပြုနေသည်။ ဤအခြေခံအုတ်မြစ်မှာ လွန်ခဲ့သော သုံးနှစ်က နန်းတွင်း စာမေးပွဲမှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ လွန်ခဲ့သော သုံးနှစ်က နန်းတွင်းစာမေးပွဲသာ မရှိခဲ့လျှင် ကျိုးယိအကယ်ဒမီ ဆိုသည်မှာလည်း ရှိလာမည် မဟုတ်သလို ဟုန်ယွိသည် ဖန်ဆင်းရှင်တစ်ဦး ဖြစ်နေလျှင်ပင် မည်သည့်အရာမျှ ဖြစ်လာမည် မဟုတ်ပေ။
ယခုမူ နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ ဤတစ်ကြိမ်တွင် မည်သို့သော ပုဂ္ဂိုလ် ထူးများ ထွက်ပေါ်လာမည်ကို သူ သိချင်မိပေသည်။
လက်ရှိအချိန်မှာ မဟာကမ္ဘာလောကကြီးအတွင်း လူသားလမ်းစဉ်၏ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး အလားအလာများမှာလည်း အဟုန်ပြင်းစွာ စီးဆင်းနေ၏။ ဤစာမေးပွဲတွင် ဝပ်နေသော ကျားများ၊ ပုန်အောင်းနေသော နဂါးများ ထွက်ပေါ်လာမည် ဖြစ်သလို၊ ပညာရှင်များစွာ အဆက်မပြတ် ပေါ်ထွက်လာလိမ့်မည်ဟု ဟုန်ယွိ အသေအချာ ပြောနိုင်ပေသည်။
“ဧကရာဇ်ယန်ဖန် ဒီတစ်ကြိမ် ရွေးချယ်လိုက်တဲ့ ကျွမ့်ယွမ်ကတော့ ‘လင်ဖန်းယွန်’ တဲ့။ သူ ဘယ်သူလဲဆိုတာ ကျွန်မလည်း မသိဘူး။ ဒုတိယရတဲ့လူကတော့ ယွမ်ရှင်းလန်တဲ့။ သူ့ နောက်ခံကိုလည်း မသိရဘူး။ တတိယကတော့ ‘ယဲ့ထောင်း’ တဲ့။ သူကတော့ ‘လေးရာသီ အကယ်ဒမီ’ က တပည့်တစ်ယောက်ပဲ။” ယောင်ယွဲ့ရူက စကားလုံးတစ်လုံးချင်းစီကို သေချာစွာ ပြောပြလိုက်သည်။
“ကျွမ့်ယွမ်က ‘လင်ဖန်းယွန်’၊ ဒုတိယက ‘ယွမ်ရှင်းလန်’ နဲ့ တတိယာက ‘ယဲ့ထောင်း’။ ဒီလူသုံးယောက်ကို ငါ မှတ်ထားလိုက်ပြီ။” ယွမ်ရှန်းရှန်းသည် နားထောင်နေရင်း သူမ၏ မှတ်ဉာဏ်များထဲတွင် ရှာဖွေနေသကဲ့သို့ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်နေပါသည်။
သူမသည် ကျောက်စိမ်းမြို့တော်တွင် တည်ထောင်ထားသော ‘ရနံ့ပြည့်တန်ဆာရုံ’ မှ တစ်ဆင့် သတင်းအချက်အလက်များစွာကို စုဆောင်းထားခဲ့ပြီး ဖြစ်သည်။ ၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦး၏ မှတ်ဉာဏ်သည် အချက် အလက် သန်းပေါင်းများစွာကို သိမ်းဆည်းနိုင်စွမ်း ရှိပေသည်။
‘ယဲ့ထောင်း’ မှာ ‘လေးရာသီ အကယ်ဒမီ’ မှ ‘ဟွမ်ထျန်းပေါ်’ ၏ တပည့်တစ်ဦး ဖြစ်သည်။
ထိုစဉ်က ဟွမ်ထျန်းပေါ်သည် ကျိုးယွိအကယ်ဒမီအတွင်း၌ ‘အကျိုးအမြတ်နှင့် ကိုယ်ကျင့် တရား’ အကြောင်း အခြေအတင် ငြင်းခုံရင်း ဟုန်ယွိကို ဒုက္ခပေးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း သူသည် ဟုန်ယွိ၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုကြောင့် နေရာတင်ပင် သေဆုံးသွားခဲ့ရကာ တစ်လောကလုံး၏ လှောင်ပြောင်စရာ ဖြစ်ခဲ့ရသည်။
သို့သော် ထိုစဉ်က သူ၏တပည့် ယဲ့ထောင်းသည် သတ္တိရှိရှိဖြင့် ဆရာ၏ အလောင်းကို သယ်ယူကာ ထွက်ခွာသွားခဲ့သည်။ ယဲ့ထောင်းတွင် ကြီးမားသော အလားအလာ ရှိသည်ကို ဟုန်ယွိ မြင်ခဲ့ပြီး ဖြစ်၏။
ယခုမူ သူသည် ထန်ဟွား (တတိယ) ဘွဲ့ကို ရရှိသွားခဲ့ပြီဖြစ်ရာ ၎င်းမှာ သူ၏ အောင်မြင်မှု လမ်းစပင် ဖြစ်တော့သည်။
ကျွမ့်ယွမ် ‘‘လင်ဖန်းယွန်’’ နှင့် ပန့်ယန် (ဒုတိယဆုရှင်) ‘ယွမ်ရှင်းလန်’ တို့ကိုမူ သူ တစ်ခါမျှ မကြားဖူးပေ။ သူတို့သည် မည်သည့်နေရာမှ ရောက်လာကြသည်ကို မည်သူ သိနိုင်မည် နည်း။
“ဘယ်လိုလဲ၊ ရှန်းရှန်း။ မင်းဆီမှာ သတင်းတစ်ခုခု ရှိနေလား။” ယွမ်ရှန်းရှန်း စဉ်းစားနေ သည်ကို မြင်သောအခါ ဟုန်ယွိက မေးလိုက်ပါသည်။
“မရှိဘူး။ ငါ့ဆီမှာ လောကမှာရှိတဲ့ စာပေပညာရှင် အားလုံးရဲ့ စာရင်းရှိတယ်။ ဒေသ အသီးသီးမှာ နာမည် နည်းနည်းပါးပါး ကြီးရင်တောင် ငါ မှတ်တမ်းတင်ထားတာပါ။ ခရိုင်ပေါင်း ၉၉ ခု၊ ပြည်နယ်ပေါင်း ၆၀၀ နဲ့ မြို့နယ်ပေါင်း ၃၀၀၀ မှာရှိတဲ့ စုစုပေါင်း လူဦးရေ ၃,၇၇၆,၉၈၁ ယောက်ရဲ့ နာမည်တွေကို အခုပဲ ငါ ပြန်စဉ်းစားကြည့်နေတာ၊ ဒါပေမဲ့ ဒီနှစ်ယောက်ရဲ့ နာမည်ကတော့ မပါဘူး။” ယွမ်ရှန်းရှန်းက ဆိုသည်။
“သူတို့ရဲ့ နန်းတွင်းမှတ်တမ်းတွေကရော ဘယ်လိုရှိလဲ။” ဟုန်ယွိက ယောင်ယွဲ့ရူကို ထပ်မံ မေးမြန်းလိုက်သည်။
“ကျွန်မ မသိဘူး။ ကျွမ့်ယွမ်၊ ဒုတိယဆုရှင်၊ တတိယဆုရှင်တို့ရဲ့ နာမည်ကိုပဲ သိရတာပါ။ အခု နန်းတွင်းက အလွန် တင်းကျပ်နေတယ်၊ အထူးသဖြင့် နန်းတော်ထဲမှာပေါ့။ ဟုတ်သား ပဲ၊ ကျွန်မကို ဒီသတင်းပေးတဲ့ မိန်းမစိုးလေးတောင် သတင်းပေါက်ကြားသွားလို့ အရိုက်ခံရ ပြီး သေသွားပြီ။ သူ့အလောင်းကို မြို့ပြင်မှာ မီးသင်္ဂြိုဟ်ဖို့ ပို့လိုက်ပြီလို့ ကြားတယ်။” ယောင်ယွဲ့ရူက သက်ပြင်းချရင်း ပြောပြသည်။
“ဒီလောက်တောင် ပြင်းထန်တာလား။” ယွမ်ရှန်းရှန်းက အံ့ဩတကြီး ပြောလိုက်သည်။ ထို့နောက်တွင် သူမက ခေါင်းယမ်းရင်း “ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ နန်းတွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေခဲ့တာ။ မှူးမတ်အတော်များများတောင် နန်းတော်ထဲက သတင်းတွေကို မသိကြရတော့ဘူး။ နန်းတော်ကို ပြန်လည် ပြုပြင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သလို နန်းတွင်းစာမေးပွဲတွေကိုလည်း သူတို့ကိုယ်တိုင် ဝင်ရောက် စွက်ဖက်နေကြပြီ။ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းကိုလည်း အဲဒီလိုပဲ လုပ်နေတာ။ ‘ယန်ဖန်’ ရဲ့ နည်းစနစ်တွေက ပိုပြီးတော့ အားကောင်းလာနေပြီပဲ။”
“ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ အခုချိန်မှာ ကျွမ့်ယွမ်ဟာ ကျောက်စိမ်း သစ်တော စားပွဲတော်မှာ စားသောက်ပြီး မြင်းစီးလှည့်လည်နေဦးမှာပါ။ ငါ့ရဲ့ နတ်ဘုရား မျက်စိနဲ့ ကြည့်လိုက်ရုံပါပဲ။” ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ပါသည်။
“ကျောက်စိမ်းမြို့တော်က အခု မြူနှင်းတွေနဲ့ ဖုံးလွှမ်းနေတာလေ။ သာမန်လူတွေက မြင်နိုင်ပေမဲ့ တာအိုပညာရှင်တွေကတော့ မမြင်နိုင်ကြဘူး။ ကျွန်မ ကြည့်မယ်ဆိုရင်တောင် ဝေဝေဝါးဝါး ပုံရိပ်အချို့ကိုပဲ မြင်ရလိမ့်မယ်။” ယွမ်ရှန်းရှန်းက ဆိုသည်။
“အဲဒါက အရေးမကြီးပါဘူး။ ကျောက်စိမ်းမြို့တော်မှာ အခု မြေစွမ်းအင်တွေ စီးဆင်းနေပြီး ‘မိုးပြာရောင် အကာအကွယ်’ ဆန်းကြယ်မဟာအစီအရင်တစ်ခုကို ခင်းကျင်းထားတယ်။ ငါ့ရဲ့မှော်ပညာနဲ့ သိုင်းပညာနယ်ပယ်အရ ဆိုရင်တော့ သဲလွန်စမကျန်ဘဲ အဲဒါကို ဖောက်ထွင်းပြီး ကြည့်နိုင်ပါတယ်။” ဟုန်ယွိက ပြောပြောဆိုဆိုနှင့် သူ့လက်ဖြင့် စက်ဝိုင်း တစ်ခု ဆွဲလိုက်ပါသည်။
ချက်ချင်းပင် ‘မုနိအလင်းစက်ဝန်း’ တစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းမြို့တော် တစ်ခု လုံး၏ မြင်ကွင်းမှာ ထို‘မုနိအလင်းစက်ဝန်း’ အတွင်း၌ ပေါ်လာတော့သည်။ ဟုန်ယွိ၏ လမ်းညွှန်မှုဖြင့် ထို‘မုနိအလင်းစက်ဝန်း’ မှာ ပို၍ ပို၍ ကြီးမားလာပြီး နောက်ဆုံးတွင် တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုအခါ ယောင်ယွဲ့ရူနှင့် ယွမ်ရှန်းရှန်းတို့မှာ ကျောက်စိမ်းမြို့တော်၏ အလယ်ဗဟိုသို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရသည်။
ကျောက်စိမ်းမြို့တော် နန်းတော်ကြီး၏ ရှေ့မှောက်တွင် စစ်သည်များနှင့် အစောင့်အကြပ် များမှာ ရဲရဲတောက် အရှိန်အဝါများဖြင့် ခန့်ညားစွာ ရပ်နေကြသည်။ သူတို့၏ အလံများမှာ လည်း ထင်ရှားလှပေသည်။ အခမ်းအနားမှူးများသည် လမ်းတစ်လျှောက်တွင် ကော်ဇောနီ များ ခင်းထားကြပြီး ကြေးအိုးကြီးများအတွင်းမှ အမွှေးနံ့သာနံ့များမှာ လေထဲတွင် လွင့်ပျံ့ နေ၏။ ၎င်းမှာ ယခင်နှစ်များက ကျင်းပခဲ့သော နန်းတွင်းစာမေးပွဲ အခမ်းအနားများထက် ပင် ပို၍ ခမ်းနားထည်ဝါလှပေသည်။
နန်းတော်အပြင်ဘက် လမ်းမများပေါ်တွင်မူ လူပင်လယ်ကြီး ဖြစ်ပေါ်နေ၏။ နွေဦးရာသီ၏ သာယာမှုအောက်တွင် ကျောက်စိမ်းမြို့တော်ရှိ လူပေါင်းသန်းများစွာမှာ မည်သူက ကျွမ့်ယွမ် ဖြစ်လာမည်ကို ပထမဦးဆုံး မြင်တွေ့နိုင်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
‘တောက် တောက် တောက်’ နန်းတော်တံခါးဝရှိ ကော်ဇောနီများပေါ်မှ မြင်းခွာသံများကို ဟုန်ယွိ၊ ယောင်ယွဲ့ရူနှင့် ယွမ်ရှန်းရှန်းတို့ ကြားလိုက်ကြရ၏။ ထို့နောက်တွင် လူအုပ်စု တစ်စု ပေါ်ထွက်လာခဲ့သည်။ သူတို့အားလုံးမှာ ကျွမ့်ယွမ်အသစ်များ၏ ဝတ်စုံကို ဝတ်ဆင် ထားကြပြီး အနီရောင်ပန်းများနှင့် ချယ်ရီပန်းများကိုလည်း ဆင်မြန်းထားကြသည်။
“နန်းတွင်းစာမေးပွဲတွင် ထိပ်ဆုံးမှ အောင်မြင်ခြင်းသည် မင်္ဂလာဦးညကဲ့သို့ပင် ဘဝ၏ အကြည်နူးရဆုံး အချိန်ဖြစ်သည်” ဟူ၍ ဆိုရိုးစကားပင် ရှိသည်မဟုတ်ပါလား။
ယခုအချိန်သည် ပညာရှင်အသစ်များအား သာမန်ပြည်သူများ ငေးမောအားကျစေရန် လမ်းမများပေါ်တွင် လှည့်လည်နေသည့် ဘုန်းကျက်သရေ ထွန်းတောက်သော အခိုက် အတန့်ပင် ဖြစ်၏။
“အို... ဒီကျွမ့်ယွမ်အုပ်စုက...” ဟုန်ယွိ၏ အကြည့်တို့မှာ မယိမ်းမယိုင်ဘဲ ကျင်းရှီဘွဲ့ရ ပညာရှင် ရာပေါင်းများစွာထံသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏ မျက်ဝန်းတို့မှာ ရှေ့ဆုံးမှ လူအနည်းငယ်ထံ၌ ရပ်တန့်သွားတော့သည်။
ရှေ့ဆုံးမှ သုံးဦးမှာ အခြားသူများ မဟုတ်ဘဲ သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော နန်းတွင်းစာမေးပွဲ၏ အဆင့်အမြင့်ဆုံး ကျွမ့်ယွမ်ဘွဲ့ရ ပညာရှင်၊ ဒုတိယဆုရ ပညာရှင် (ပန့်ယန်) နှင့် တတိယဆုရ ပညာရှင် (ထန်ဟွား) တို့ ဖြစ်ကြပြီး၊ ဤလောက၌ ဂုဏ်ရှိန်ဝါ ကြီးမားဆုံးသော ပုဂ္ဂိုလ်သုံးဦး ဖြစ်ကြ၏။ ဤခဏ၌ ထိုလူသုံးဦးမှာ အတောက်ပဆုံးသော ဂုဏ်ရောင်တို့ဖြင့် လွှမ်းထုံနေပေသည်။
ထိုသုံးဦးအနက် ‘ယဲ့ထောင်း’ ကိုမူ ပြောနေရန် မလိုတော့ပေ။ သူ၏ တစ်ကိုယ်လုံးမှ ခမ်းနားထည်ဝါေသော စာပေအရှိန်အဝါများ ထွက်ပေါ်နေပြီး မဟာပညာရှင်တစ်ဦးနှင့် သူတော်စင်တစ်ဦး၏ အငွေ့အသက်မျိုး ကိန်းအောင်းနေ၏။ သူ၏အတွင်းပိုင်း ကျင့်ကြံမှု မှာ သိသိသာသာ နက်ရှိုင်းလာခဲ့ပြီး ရင့်ကျက်မှု အတိုင်းအတာတစ်ခုသို့လည်း ရောက်ရှိနေ လေပြီ။ ၎င်းမှာ နက်ရှိုင်းသော ရေကန်တစ်ခုအတွင်း ခိုအောင်းနေသည့် မြွေတစ်ကောင် သည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ဦးချို၊ အကြေးခွံနှင့် လက်သည်းများ ပေါက်လာကာ ‘ရေနဂါး’ တစ်ကောင်၏ အသွင်သဏ္ဌာန်ကို ဆောင်လာခြင်းနှင့် တူပေသည်။
သို့သော် ဤသည်မှာ ရေနဂါးတစ်ကောင်၏ အသွင်မျှသာ ရှိသေးပြီး စစ်မှန်သော နဂါး တစ်ကောင်အဖြစ် အပြီးအပိုင် အသွင်ပြောင်းလဲနိုင်ရန်မူ အလှမ်းဝေးနေပါသေးသည်။
“ဒါဆို ဒါက ‘လင်ဖန်းယွန်’ နဲ့ ‘ယွမ်ရှင်းလန်’ တို့ရဲ့ အရှိန်အဝါပေါ့။ သူတို့မှာလည်း တောက်ပတဲ့ စာပေအငွေ့အသက်တွေ ရှိပြီး အလင်းတန်းတွေ ထွက်ပေါ်နေတာပဲ” ယောင်ယွဲ့ရူက ရုတ်တရက် ပြောလိုက်သည်။
ဟုန်ယွိ၏ အကြည့်တို့မှာ ပထမဆုရှင် ကျွမ့်ယွမ် ‘လင်ဖန်းယွန်’ ထံသို့ ကျရောက်သွား သည်။ သူသည် အသက် ၃၀ ဝန်းကျင်ခန့် ရှိပြီး ခန္ဓာကိုယ် တောင့်တင်းကာ အချိုးအစား ကျပြီး အရေပြားမှာလည်း ချောမောကြည်လင်နေ၏။ သူ၏ မျက်နှာသွင်ပြင်မှာ အလွန်ပင် စေ့စပ်သေချာလှသဖြင့် အလွန်ချောမောလှပသူ ဖြစ်သင့်သော်လည်း၊ ထိုကဲ့သို့ တည်ကြည် လွန်းသော အမူအရာကြောင့်ပင် သူ၏ ချောမောမှုမှာ ခန့်ညားထည်ဝါသော အရှိန်အဝါကို ဖြစ်ပေါ်စေသည်။ ၎င်းမှာ အမျက်မထွက်ဘဲနှင့်ပင် အလိုလို ကြောက်ရွံ့ရိုသေရသော လူကြီးလူကောင်းတစ်ဦး၏ အငွေ့အသက်မျိုး ဖြစ်နေသဖြင့် အခြားသူများအဖို့ သူ၏ အနားသို့ ချဉ်းကပ်ရန်ပင် ခက်ခဲလှကာ သူ၏ရှေ့မှောက်၌ နောက်ပြောင်ကျီစယ်ရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ။
သူ၏ ဦးခေါင်းထက်တွင်မူ တောက်ပဆန်းကြယ်ပြီး အရောင်သွေးစုံလင်သည့် စာပေပညာ အတွေးစများမှာ ရေပန်းတစ်ခုကဲ့သို့ အဆက်မပြတ် ပွင့်အံထွက်ပေါ်နေသည်ကို စိတ်ဝိညာဉ်ဖြင့် ခံစားသိရှိနိုင်သည်။ ထိုအငွေ့အသက်များမှာ ကောင်းကင်သို့ ထိုးတက်ကာ လောကကြီးကို အလင်းပြပေးနေသည့် ‘ကောင်းချီးမင်္ဂလာမိုးရေစက်’ သဖွယ် ပြောင်းလဲ နေပေသည်။
ဤကဲ့သို့သော စာပေအရှိန်အဝါမျိုးမှာ ကွန်ဖြူးရှပ်ဝါဒီ ကျင့်ကြံသူများ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိမှသာ ထွက်ပေါ်လာနိုင်ခြင်း ဖြစ်သည်။ ‘ရှဲ့ဝန်ယွမ်’ သည်လည်း ဤအဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။
စာပေအတွေးစများမှာ စမ်းရေတွင်းကဲ့သို့ လောကကြီးကို စိုပြည်စေပြီး၊ စာပေ အသိဉာဏ်များမှာ မိုးစက်မိုးပေါက်များသဖွယ် လောကအနှံ့ ဖြန်းပက်ပေးနေသကဲ့သို့ပင်။
ဒုတိယရရှိသူ ‘ယွမ်ရှင်းလန်’ မှာမူ ဟိုတုန်းက ‘ဖန်းယွမ်’ နှင့် တူသော်လည်း သူသည် လှပကျော့ရှင်းပြီး ဟိုတုန်းက ဖန်းယွမ်ထက် ပို၍ ပြင်းထန်သော အရှိန်အဝါကို ပိုင်ဆိုင်ထား သည်။
ဟုန်ယွိ၏ အမြင်အာရုံထဲတွင် ထိုသူ၏ စာပေအတွေးစများမှာ လက်ရာမြောက် ပန်းထိုး လက်ရာတစ်ခုအဖြစ် စုစည်းနေကာ၊ ခမ်းနားထည်ဝါသော ‘နန်းသုံးထီးဖြူတော်’ တစ်ခု အဖြစ် သူ၏ ဦးခေါင်းအထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားလေသည်။
ထိုထီးဖြူတော်မှာ ဧကရာဇ်မင်းများ တိုင်းခန်းလှည့်လည်ရာတွင် ဆောင်းမိုးပေးရသော ထီးတော်ကြီးဖြစ်ပြီး၊ အထွတ်အထိပ် အာဏာစက်ကို ကိုယ်စားပြုပါသည်။ လှပသော စာပေအတွေးစများက ထီးဖြူတော်အဖြစ် စုစည်းနေခြင်းမှာ ပညာရှင်များကြားတွင်ပင် ဧကရာဇ်တစ်ပါးကဲ့သို့ စိုးမိုးနိုင်သည့် နယ်ပယ် ဖြစ်ပါသည်။
အမြင့်ဆုံး ကျွမ့်ယွမ်ပညာရှင် လင်ဖန်းယွန်၏ စာပေအတွေးများမှာ ‘ကောင်းချီးမင်္ဂလာ မိုးရေစက်’ များကဲ့သို့ ဖြစ်ပြီး၊ ဒုတိယဆုရ ပညာရှင် ယွမ်ရှင်းလန်၏ စာပေအတွေးစများမှာ ‘နန်းသုံးထီးဖြူတော်’ ကဲ့သို့ ဖြစ်၏။ ဤလူနှစ်ဦးစလုံးမှာ ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
လူကို ကြည့်၍ သူတို့၏ စွမ်းအင်ကို အကဲခတ်ခြင်းပင် ဖြစ်သည်။
“ဒီနှစ်ယောက်က တကယ်ကို ထူးခြားတဲ့ အရှိန်ဝါမျိုးကို ပိုင်ဆိုင်ထားကြတာပဲ။ သူတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ သိချင်မိတယ်။ သူတို့ရဲ့ စာပေအတွေးစတွေ၊ သွေးစွမ်းအင်နဲ့ ဝိညာဉ်တွေက တခြားသူတွေနဲ့ ကွဲပြားနေတာပဲ။ သူတို့ရဲ့ အစစ်အမှန် အစွမ်းကို ငါ မမြင်နိုင်ဘူး။” ယွမ်ရှန်းရှန်းက ဆိုသည်။
“ဒီနှစ်ယောက်ရဲ့ စာပေအတွေးစတွေက အတုအယောင်တွေပဲ။ ဒါဟာ သူတို့ရဲ့ အစစ်မှန် အရှိန်ဝါ မဟုတ်ဘူး။” ဟုန်ယွိက ထိုအချိန်တွင် ရုတ်တရက် ပြောလိုက်သည်။
သူ၏ စကားအဆုံးတွင်ပင် ‘မုနိအလင်းစက်ဝန်း’ အတွင်းရှိ မြင်းစီး၍ ကျောက်စိမ်းမြို့တော် လမ်းမများပေါ်တွင် ဖြည်းညှင်းစွာ လှည့်လည်နေကြသော ‘လင်ဖန်းယွန်’ နှင့် ‘ယွမ်ရှင်းလန်’ တို့သည် တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြ၏။ သူတို့၏ မျက်လုံးများက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖောက်ထွင်း ကြည့်လိုက်ကြပြီး ‘မုနိအလင်းစက်ဝန်း’ ကိုပင် ကျော်လွန်ကာ ယောင်ယွဲ့ရူနှင့် ယွမ်ရှန်းရှန်းတို့၏ ခန္ဓာကိုယ်များထံသို့ ရောက်ရှိလာခဲ့လေသည်။
ထိုသူနှစ်ဦးသည် တစ်စုံတစ်ယောက်က သူတို့အား ချောင်းမြောင်းကြည့်ရှုနေသည်ကို သိရှိ သွားပုံရပေသည်။
“အင်”
ယောင်ယွဲ့ရူမှာ ‘သိုင်းသူတော်စင်’ တစ်ဦးဖြစ်ပြီး၊ ယွမ်ရှန်းရှန်းမှာမူ ၆ ကြိမ်မြောက် မိုးကြိုး ကပ်ဘေး အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ထိုမုနိအလင်းစက်ဝန်းအတွင်းမှ လူနှစ်ဦး၏ ပြင်းထန်သော အကြည့်များကို သူမတို့ ရှင်းလင်းစွာ ခံစားလိုက်ရ၏။ သူမတို့သည် တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး သူမတို့၏ အရှိန်အဝါများကို ဖုံးကွယ်လိုက်ကြတော့သည်။
ယောင်ယွဲ့ရူသည် သူမ၏ အသက်ရှူသံ၊ သွေးစွမ်းအား၊ အတွေးစများနှင့် စိတ်ဝိညာဉ်တို့ကို ထိန်းချုပ်ကာ ပုန်းကွယ်နေသည့် အနေထားသို့ ဝင်ရောက်သွားသည်။
ယွမ်ရှန်းရှန်းမှာမူ ပန်းပေါင်းတစ်ရာ၏ အငွေ့အသက်များကြားတွင် တိုက်ရိုက်ပင် ကိုယ်ယောင်ဖျောက်လိုက်သည်။
သူမတို့နှစ်ဦးသည် ထိုစူးရှသော အကြည့်များကို ရှောင်လွှဲရန်အတွက် သူမတို့၏ သိုင်းပညာနှင့် တာအိုပညာရပ်များကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ မုနိအလင်းစက်ဝန်း အတွင်းရှိ ‘လင်ဖန်းယွန်’ နှင့် ‘ယွမ်ရှင်းလန်’ တို့၏ အာရုံစိုက်မှုကို မခံရစေရန် သူမတို့ အနေဖြင့် ကြိုးစားလိုက်ခြင်း ဖြစ်ပါသည်။
သို့သော်လည်း သူမတို့နှစ်ဦး ကိုယ်ယောင်ဖျောက်လိုက်သည့် ခဏမှာပင် မုနိအလင်း စက်ဝန်းအတွင်းရှိ ထိုသူနှစ်ဦး၏ မျက်လုံးများမှာ မကြုံစဖူး ပြင်းထန်သော စွမ်းအင်များဖြင့် စူးရှစွာ တောက်ပလာပြီး နတ်ဘုရားအလင်းတန်းများမှာ ဒီရေလှိုင်းများကဲ့သို့ပင် တဖျတ်ဖျတ် လင်းလက်လာတော့သည်။
‘ဖျစ်...’
မုနိအလင်းစက်ဝန်းအတွင်းမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး မမျှော်လင့် ဘဲ ယောင်ယွဲ့ရူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
အသံတိုးတိုးလေးနှင့်အတူ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ယောင်ယွဲ့ရူ၏ အရှိန် အဝါများမှာ လှုပ်ခတ်သွားရသည်။ ‘သိုင်းသူတော်စင်’ တစ်ဦး၏ ကိုယ်ယောင်ဖျောက်ထား မှုမှာ အမှန်တကယ်ပင် ပျက်ပြားသွားခဲ့ရလေပြီ။
“မကောင်းတော့ဘူး”
ယောင်ယွဲ့ရူမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။ သူမ၏ ခန္ဓာကိုယ် မှာ အဝတ်ဗလာဖြင့် ထိုကျွမ့်ယွမ်နှင့် ဒုတိယဆုရှင်တို့၏ မျက်စိရှေ့တွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူမ မည်သို့ပင် လှုပ်ရှားစေကာမူ၊ သူမ၏အရှိန်အဝါကို မည်သို့ပင် ဖုံးကွယ်စေကာမူ အရာမထင်တော့ပေ။ ၎င်းမှာ အခင်းဖြစ်ပွားရာနေရာ၌ လက်ပူး လက်ကြပ် အဖမ်းခံလိုက်ရသည့် သူခိုးတစ်ယောက်ကဲ့သို့ သို့မဟုတ် အိမ်ထောင်ရေး ဖောက်ပြန်နေစဉ် လူမိသွားသည့် အခြေအနေမျိုးကဲ့သို့ပင် ဖြစ်နေတော့သည်။
ယွမ်ရှန်းရှန်းမှာမူ ယောင်ယွဲ့ရူထက် အဆပေါင်း ရာချီ၍ အစွမ်းထက်သူဖြစ်ရာ သူမမှာ လုံးဝ မလှုပ်မယှက် ရှိနေပြီး ထိုရုတ်တရက် ပေါ်ထွက်လာသော စွမ်းအားကြောင့် သူမ၏ ကိုယ်ယောင်ဖျောက်မှုမှာ ပျက်ပြားမသွားခဲ့ပေ။
“အို”
ဟုန်ယွိသည် ‘ယွမ်ရှင်းလန်’ ၏ မျက်လုံးများမှာ မူလက ယွမ်ရှန်းရှန်းထံသို့ ကြည့်နေခြင်း ဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူသည် သူမကို ရုတ်တရက် မျက်ခြေပြတ်သွားပုံရပြီး ဘာကိုမျှ သတိမထားမိတော့ပေ။
မြင်းပေါ်တွင် လိုက်ပါလာသော ဒုတိယဆုရှင် ‘ယွမ်ရှင်းလန်’ ၏ မျက်လုံးများအတွင်း၌ သံသယ အရိပ်ယောင်များကို သူ ရှင်းလင်းစွာ မြင်လိုက်ရပါသည်။ ၎င်းမှာ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိလိုက်ပြီးမှ ပြန်လည် လွတ်ထွက်သွားသကဲ့သို့ပင်။ သို့သော်လည်း သူ၏ သံသယ များမှာ ခဏချင်းပင် ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှာမူ ဆက်လက် လှုပ်ရှားနေခဲ့ သည်။
‘ရွှပ်...’
‘ယွမ်ရှင်းလန်’ ၏ အရှိန်အဝါတစ်ခုလုံး လုံးဝ ပြောင်းလဲသွားသည်ကို ဟုန်ယွိ မြင်တွေ့ လိုက်ရသည်။ ယခင်က သူ၏ စာပေအတွေးစများမှာ ထီးဖြူတော်ကဲ့သို့ ဖြစ်သော်လည်း ယခုအခါတွင်မူ သူတစ်ကိုယ်လုံးမှာ အနှိုင်းမဲ့ ရတနာဓားတစ်စင်းကဲ့သို့ ပြောင်းသွားခဲ့ပြီး၊ ဓားအိမ်မှ ထွက်လာသည့် ထက်ရှသော ဓားသွားကဲ့သို့ ဖြစ်နေပြီး ဓားစွမ်းအင်များမှာ ကျွဲရိုင်းတစ်ကောင်ကဲ့သို့ တိုးထွက်လာသည်။ ဓားစွမ်းအင်မှာ နေလကိုပင် ပိုင်းဖြတ်ကာ ကောင်းကင်ကြီးကို အပေါက်ကြီးဖြစ်အောင် ထိုးဖောက်နိုင်လောက်သော အရှိန်ဟုန်ဖြင့် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
အထူးသဖြင့် သူ၏မျက်လုံးများအတွင်း သူ၏ သူငယ်အိမ်မှာ ရုတ်တရက် ပွင့်ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်လုံးအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
“ဒါဟာ မျက်လုံး ကျင့်စဉ်တစ်မျိုးပဲ။” ဤသည်ကို မြင်ပြီးနောက် ဟုန်ယွိ၏ စိတ်မှာ လှုပ်ခါ သွားပြီး၊ သူသည် လက်ဖြင့် အသာအယာ ဆွဲဆုပ်လိုက်ရာ ‘မုနိအလင်းစက်ဝန်း’ တစ်ခုလုံး မှာ ကျုံ့ဝင်သွားတော့သည်။ ‘ဖျစ် ဖျစ်...’ ဟူသော အသံများနှင့်အတူ လျပ်တပြက်အတွင်း မှာပင် မုနိအလင်းစက်ဝန်းမှာ ဖုန်မှုန့်တစ်စခန့်အထိ ကျုံ့သွားကာ အကြည့်အားလုံးကို ပိတ်ဆို့လိုက်တော့သည်။
သို့သော်လည်း ထိုဖုန်မှုန့်အရွယ် အလင်းစက်ဝန်းအတွင်းမှ အလင်းတန်းနှစ်ခုမှာ ရုန်းထွက် လာပြီး မုနိအလင်းစက်ဝန်းကို ပြန်လည် ကြီးမားလာအောင် ပြုလုပ်လိုက်လေသည်။
ထိုအလင်းတန်း နှစ်ခုမှာ လက်မကြီးနှစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်အတွင်းမှ တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားလာ၏။
“ဟွန့်…”
ဤအခြေအနေကို မြင်သောအခါ ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မလှုပ်မယှက် ရှိနေသော်လည်း ဒြပ်မဲ့လှိုင်းတစ်ခုက ထိုလက်ကြီးများအဖြစ် ပြောင်းလဲနေသည့် အကြည့်နှစ်ခုကို အစိတ်စိတ်အမွှာမွှာ ချေမွလိုက်လေသည်။
ထိုလက်ကြီးများ ပျက်စီးသွားသည့် ခဏမှာပင် မုနိအလင်းစက်ဝန်းအတွင်းမှ ညည်းတွား သံနှစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် အလင်းစက်ဝန်းမှာ လုံးဝ ပျောက်ကွယ်သွားတော့ သည်။
“အစ်ကို ဖန်းယွန်၊ အစ်ကို ရှင်းလန်... ခင်ဗျားတို့ ဘာဖြစ်ကြတာလဲ။”
ကျောက်စိမ်းမြို့တော် လမ်းမများပေါ်တွင် တတိယဆုရှင် ‘ယဲ့ထောင်း’ က သူ၏ ရှေ့မှ လူနှစ်ဦး အနည်းငယ် လှုပ်ရှားသွားသည်ကို မြင်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။
“ဘာမှ မဟုတ်ပါဘူး။”
ကျွမ့်ယွမ် ‘လင်ဖန်းယွန်’ က ခပ်အေးအေးပင် ပြောလိုက်သည်။
ဤသည်မှာ ခေတ္တမျှ ဖြစ်ပွားခဲ့သော ကိစ္စလေးတစ်ခုသာ ဖြစ်သည်။ ကျွမ့်ယွမ်အသစ်မှာ လမ်းမများပေါ်တွင် ဆက်လက် လှည့်လည်နေသော်လည်း ‘ယဲ့ထောင်း’ ၏ ထက်မြက် သော အာရုံခံစားမှုကြောင့် ထိုသူနှစ်ဦးစီးနင်းလာသော မြင်းများ၏ နှာခေါင်းပေါက်များမှ သွေးများ အနည်းငယ် စိမ့်ထွက်နေသည်ကို သတိပြုမိလိုက်လေသည်။
အခန်း (၆၆၂)။
“ဒီနှစ်ယောက်ရဲ့ စွမ်းအားက မဆိုးဘူးပဲ။ အထက်တန်းလွှာ မိသားစုခေါင်းဆောင်ကြီးတွေ၊ အကယ်ဒမီ ကျောင်းအုပ်ကြီးတွေနဲ့ မြင့်မြတ်နယ်မြေ ခေါင်းဆောင်ကြီးတွေနဲ့တောင် ယှဉ်နိုင်တဲ့ အဆင့်မှာ ရှိနေတာပဲ။”
မုနိအလင်းစက်ဝန်း ကွယ်ပျောက်သွားပြီးနောက် ယွမ်ရှန်းရှန်းသည် ကိုယ်ယောင်ဖျောက် ပုန်းအောင်းရာမှ ထွက်ပေါ်လာခဲ့သည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်သော ကျွမ့်ယွမ် လင်ဖန်းယွန်နှင့် ဒုတိယဆုရှင် ယွမ်ရှင်းလန် တို၏ စွမ်းအားကို အကဲခတ်နေသည့်အလား ခဏမျှ စဉ်းစားနေမိသည်။
သူတို့နှစ်ဦး ယခုလေးတင် ပြသခဲ့သည့် စွမ်းအားများအရဆိုလျှင် သူတို့သည် အထင်ကရ အထက်တန်းလွှာ မိသားစုကြီးများ၏ မိသားစုအကြီးအကဲများနှင့် များစွာ ကွာခြားမှု မရှိ ကြောင်း ယွမ်ရှန်းရှန်း ခံစားမိသည်။ သို့သော်လည်း ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့် ‘တာအိုဘိုးဘေးကြီးသုံးဦး’ ကဲ့သို့ ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ပါးနေသေး သော်လည်း သူတို့သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။
ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ နာမည်မရှိဘဲ ပုန်းအောင်း နေနိုင်စရာ အကြောင်းမရှိပေ။
ယောင်ယွဲ့ရူလည်း ခန့်မှန်းကြည့်လိုက်သည်။ “သူတို့ဟာ ကောင်းကင်အပြင်ပနယ်မြေက ရောက်လာတာများလား။”
“သူတို့နှစ်ယောက် ခုနက ပြသခဲ့တဲ့စွမ်းအားက သူတို့ရဲ့ အစစ်မှန် စွမ်းအား မဟုတ်သလို၊ သူတို့ ကိုယ်ပိုင်စွမ်းအားလည်း မဟုတ်ဘူး။ ငါ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ ကို အသုံးပြုသ လိုမျိုးပဲ။ ငါ သူတို့စွမ်းအားကို အဆုံးထိ မစမ်းသပ်ကြည့်ခဲ့ဘူး။ အထူးသဖြင့် ဒီနေ့လို ထူးခြားတဲ့ အခမ်းအနားမျိုးမှ မလိုအပ်ဘဲ တိုက်ခိုက်မှုတွေ ဖြစ်လာတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ။” ဟုန်ယွိက ခဏမျှ စဉ်းစားပြီး ပြောလိုက်ပါသည်။
ခုနက အခြေအနေတွင် သူသည် ထိုလူနှစ်ဦး၏ စစ်မှန်သော စွမ်းအားကို စမ်းသပ်ရန် လက်ဦးမှု ယူနိုင်သော်လည်း၊ ဤသည်မှာ သုံးနှစ်တစ်ကြိမ် ကျင်းပသည့် အမျိုးသားအဆင့် စာမေးပွဲကြီး ဖြစ်ပေသည်။ ထိုသို့တိုက်ခိုက်ခြင်းက စာပေကံကြမ္မာကို ပျက်ပြားစေနိုင်ပြီး ကျိုးယွိအကယ်ဒမီနှင့် ၎င်း၏ အရှင်သခင်ဖြစ်သော ဟုန်ယွိအတွက် အလွန် နိမိတ် မကောင်းပေ။ ယခုလို ရပ်တန့်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤလူနှစ်ဦးမှာ ကျွမ့်ယွမ်နှင့် ဒုတိယဆုရှင်များ ဖြစ်လာကြပြီ ဖြစ်ရာ နန်းတော်တွင် အမှုထမ်းကြရမည်မှာ အသေအချာပင်။ ထို့ကြောင့် နောင်တွင် ဆက်သွယ် ရန် အခွင့်အရေးများစွာ ရှိလာပါလိမ့်မည်။
“ယောင်ယွဲ့ရူ၊ မင်း အခုတလော အလုပ်တွေကို ကောင်းကောင်း ဆောင်ရွက်နိုင်ခဲ့တယ်။ အရုဏ်ဦးချပ်ဝတ်ကို မင်းအတွက် ကြိုတင်ပြီး ဆုလာဘ်အဖြစ် ပေးထားမယ်။” ဟုန်ယွိက ပြောဆိုရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အရုဏ်ဦးချပ်ဝတ်မှာ ထွက်ပေါ်လာပြီး ယောင်ယွဲ့ရူ၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းဝင်ရောက်သွားလေသည်။ “ဒီချပ်ဝတ်နဲ့ဆိုရင် မင်းရဲ့စွမ်းအားက အများကြီး တိုးတက်လာလိမ့်မယ်။ ဒါပေမဲ့ ဟုန်မိသားစုဝင် အချို့က လည်း အများကြီး တိုးတက်လာနေပြီ။ သူတို့ကို ငါ့အတွက် စောင့်ကြည့်ပေးဖို့ လိုအပ်နေပြီ ။”
ဟုန်ရှီ၊ ဟုန်ကျန့်၊ ဟုန်ကျောက်၊ ဟုန်ကွေ့နှင့် အခြားသော ဟုန်မိသားစုဝင်များသည် ကောင်းကင်အပြင်ပနယ်မြေမှ ဗဟိုကမ္ဘာခေါင်းဆောင်၏ အကူအညီဖြင့် များစွာ တိုးတက် လာခဲ့ကြသည်။ ဟုန်ယွိသည် တံခါးပိတ်ကျင့်ကြံရင်း တစ်လကျော်မျှ သီးခြားနေထိုင်ခဲ့ သဖြင့် သူတို့ မည်မျှအထိ တိုးတက်လာသည်ကို မသိရှိရသေးပေ။
ယောင်ယွဲ့ရူသည်လည်း ဟုန်မိသားစုဝင်တစ်ဦးပင် ဖြစ်ရာ ဟုန်မိသားစုဝင်များ၏ အကြောင်းကို တစ်စုံတစ်ရာ သိရှိထားပေလိမ့်မည်။ သူမသည် ဤပတ်ဝန်းကျင်၌ သတင်း စုဆောင်းရန် အသင့်တော်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။
ထို့ပြင် ယောင်ယွဲ့ရူသည် ဟုန်မိသားစု၏ မျိုးဆက်များနှင့်လည်း မည်သည့်အခါမျှ ပတ်သက်မူ မရှိခဲ့ပေ။ ညီအစ်မနှစ်ဦးစလုံး၏ အမည်များမှာ ‘ဟုန်’ဟူသော မျိုးရိုးအမည် မဟုတ်ဘဲ ‘ယောင်’ ဟူသော အမည်ကိုသာ အစဉ်တစိုက် အသုံးပြုခဲ့ခြင်းကပင် သူတို့သည် ဟုန်မိသားစုအပေါ် အကောင်းအမြင်ထက် အဆိုးအမြင်က ပိုများကြောင်း သိသာလှသည်။ ဟုန်မိသားစု၏ မျိုးဆက်များသည်လည်း သူတို့ ညီအစ်မ ဒုက္ခရောက်သည်ကို မြင်လျှင် အလွန်ပင် ဝမ်းသာကြပေလိမ့်မည်။
သို့သော် ယခုအခါတွင် ဟုန်မိသားစုဝင် ဆယ်ယောက်ကျော်မှာ ‘သိုင်းသူတော်စင်’ အဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် လျှို့ဝှက်နည်းစနစ်များကို သင်ကြားခဲ့ရသလို အရုဏ်ဦးချပ်ဝတ်များကိုလည်း ရရှိထားကြသည်။ အထူးသဖြင့် ‘ဟုန်ရှီ’ ဆိုလျှင် ရွှေရောင် အင်မော်တယ်ဝတ်ရုံကို ရရှိထားပြီး ‘လူသားအင်မော်တယ်’ နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ တစ်လတာ ကုန်ဆုံးသွားပြီးနောက် သူ၏ စွမ်းအားမှာ မည်မျှအထိ တိုးတက် လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
ဟုန်ယွိကိုယ်တိုင်က သူတို့ကို ဂရုမစိုက်သော်လည်း သူ၏ လက်အောက်ငယ်သားများ အတွက်မူ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ခက်ခဲနိုင်ပေသည်။
ယောင်ယွဲ့ရူမှာ အရည်အချင်းရှိသူဖြစ်ရာ သူမအား အကျိုးကျေးဇူးအချို့ ပေးအပ်ရန်မှာ သဘာဝကျလှသည်။ သို့မှသာ သူမအနေဖြင့် ဟုန်မိသားစုဝင်များ၏ အနိုင်ကျင့်ခြင်းကို ခံရမည် မဟုတ်တော့ပေ။
ယွမ်ရှန်းရှန်းကိုမူ သူမအား ‘ဖန်ဆင်းရှင်’ အဆင့်သို့ ရောက်ရှိစေလိုသောကြောင့် ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး တစ်လုံး ပေးအပ်ခဲ့သလို အပ်စိုက်မှတ် ၈၀၀ ကိုလည်း သင်ကြားပေးခဲ့သည်။ နောက်ထပ် ဖန်ဆင်းရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။
“ဟုန်မိသားစုဝင်တွေလား။ အခု ဒီတစ်သိုက်က တကယ်ကို ကြောက်စရာကောင်းနေပြီ။ ဟုန်မိသားစုရဲ့ အာဏာက အများကြီး တိုးတက်လာပြီး ကျွန်မရဲ့ အစ်မတောင် သူတို့ လက်ချက်နဲ့ အထိနာခဲ့ရသေးတယ်။” ဟုန်မိသားစုဝင်များ အကြောင်း မပြောလျှင်သာနေ မည်၊ ပြောလိုက်သည်နှင့် အရုဏ်ဦးချပ်ဝတ်ရရှိ၍ ဝမ်းသာနေသော ယောင်ယွဲ့ရူ၏ အမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့သည်။
“ဘာဖြစ်ခဲ့လို့လဲ” ဟုန်ယွိက မေးလိုက်သည်။
“လွန်ခဲ့တဲ့ လခွဲလောက်က ‘ဟုန်ကျန့်’ ကို နန်းတွင်းကနေ ယင်စီအရင်စု၊ ဇီယန်ပြည်နယ် မှာရှိတဲ့ ယွမ်မင်မြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်။ သူ အဲဒီကို ရောက်တာနဲ့ စည်းစိမ်ဥစ္စာတွေ စုဆောင်းဖို့၊ စစ်တပ်တွေကို လေ့ကျင့်ဖို့နဲ့ ပညာရှင်တွေကို စုဆောင်းဖို့အတွက် နည်းဗျူဟာတွေ ဆက်တိုက် ထုတ်ပြန်ခဲ့တယ်။ အဲဒီနေရာက ကျွန်မတို့ရဲ့ ယောင်ချီဂိုဏ်း တည်ရှိတဲ့ နေရာပဲ။ ကျွန်မအစ်မက သူ့ကို ဆုံးမဖို့ ညအချိန်မှာ သွားရှာခဲ့ ပေမဲ့ သူ့ရဲ့ သိုင်းပညာက အဆမတန် တိုးတက်နေပြီး ဆန်းပြားတဲ့ ချပ်ဝတ်တစ်ခုကိုလည်း ဝတ်ဆင်ထားတာ တွေ့ခဲ့ရတယ်။ သူ့စွမ်းအားက တကယ်ကို တုန်လှုပ်စရာပဲ။ ကျွန်မအစ်မ တောင် သူ့လက်ထဲမှာ အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ရတယ်။ ကံကောင်းတာက သူ့စွမ်းအားဟာ ရုတ်တရက် အဆမတန် မြင့်တက်လာတာဖြစ်လို့ အချို့နေရာတွေမှာ မပြည့်စုံသေးလို့သာ။ မဟုတ်ရင် သူဟာ အခုထက် ပိုပြီး ကြောက်စရာ ကောင်းနေလိမ့်မယ်။” ယောင်ယွဲ့ရူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ “အရင်တုန်းက ဟုန်ကျန့်ဆိုတာ သာမန် သိုင်းသခင်အဆင့်လေးပဲ ရှိတာ။ ရှင်တန် သိုင်းသခင်အဆင့်ကိုတောင် မရောက်နိုင်တဲ့လူက ဘယ်လိုလုပ်ပြီး ‘သိုင်းသူတော်စင်’ ဖြစ်သွားရတာလဲ။ ဟုန်ရွှန်ကျိက ဒီလောက်တောင် အစွမ်းထက်တာလား။ သူက သိုင်းသခင်တစ်ယောက်ကို သိုင်းသူတော်စင်အဆင့်ထိ တိုက်ရိုက် မြှင့်တင်ပေးနိုင်တာ လား။”
“ငါ အတွင်းရေးအချို့ကို သိထားတယ်၊ မင်းကို ပြောပြရင်လည်း ဘာမှမဖြစ်ပါဘူး။” ဟုန်ယွိသည် ‘ရွှေရောင်အင်မော်တယ် ကမ္ဘာဦးစိတ်ဝိညာဉ်’ အကြောင်းကို သူမအား တိုက်ရိုက် ပြောပြလိုက်ရာ ယောင်ယွဲ့ရူမှာ နားထောင်ရင်း စိတ်လှုပ်ရှားသွားပြီး သူမကိုယ် သူမ မနည်း ထိန်းချုပ်လိုက်ရလေသည်။
ဤသည်မှာ ကျိုးယိအကယ်ဒမီအပေါ် ယောင်ယွဲ့ရူ၏ အားကိုးလိုစိတ်ကို ပို၍ တိုးလာစေ ခဲ့သည်။
“အော်... ဟုတ်သားပဲ၊ ကျွန်မ ဟုန်မိသားစု မျိုးဆက်တွေရဲ့ သတင်းအချက်အလက် အားလုံးကို ရှာထားပြီးပြီ။ အခုတလော သူတို့အားလုံးကို ဒေသအသီးသီးဆီ စေလွှတ်လိုက် ကြတယ်။ ဟုန်ကွေ့က တောင်ပိုင်းပြည်နယ်ကို သွားတယ်၊ ဟုန်ကျောက်က ရွှမ်ပြည်နယ် ကို သွားတယ်၊ ဟုန်ကျိက ရွှေပြည်နယ်ကို သွားတယ်...”
ပြောပြောဆိုဆိုနှင့် ယောင်ယွဲ့ရူသည် သူမ၏ ရင်ဘတ်အတွင်းမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ပေးလိုက်သည်။ ၎င်းတွင် ဟုန်မိသားစု မျိုးဆက်များ အားလုံး၏ သွားရောက်ရာ နေရာများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
ဟုန်ယွိသည် ထိုစာရွက်ကို ယူ၍ ကြည့်လိုက်ရာ ဟုန်မိသားစု မျိုးဆက်များ၏ နောက်ဆုံးရ နန်းတွင်းရာထူးများကို မြင်တွေ့လိုက်ရ၏။ သူတို့အနက် အများစုမှာ စီရင်စုအသီးသီးသို့ သွားရောက်ကာ ရာထူးများ ရယူထားကြသည်။ အများစုမှာ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြပြီး အချို့မှာ တပ်မှူးများနှင့် ဗိုလ်ချုပ်များ ဖြစ်ကြသည်။ သူတို့အားလုံးမှာ အမှန်တကယ် အာဏာရှိသူများ ဖြစ်လာကြပြီး သူတို့၏ အင်အားကို တည်ဆောက်နေကြပုံ ရပေသည်။
တော်ဝင်ချန်၏ အုပ်ချုပ်ရေးစနစ်မှာ စီရင်စုကြီး ၉၉ ခုကို အခြေခံထားသည်။ စီရင်စုကြီး တစ်ခုစီ၏ အမြင့်ဆုံး အရာရှိမှာ ‘ဘုရင်ခံ’ ပင် ဖြစ်သည်။
စီရင်စုများ၏ အောက်တွင် ပြည်နယ်များ ရှိသည်။ စီရင်စုကြီး ၉၉ ခုအတွင်း၌ ပြည်နယ် ပေါင်း ၆၀၀ ကျော် ရှိသည်။ ပြည်နယ်တစ်ခု၏ အမြင့်ဆုံး အရာရှိမှာ ‘စစ်ဆေးရေးမှူး’ ပင် ဖြစ်သည်။
ပြည်နယ်များ၏ အောက်တွင် ခရိုင်အသီးသီး ရှိကြပြီး၊ ၎င်းတို့ကို အုပ်ချုပ်သူများမှာ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။
ခရိုင်များ၏ အောက်တွင် မြို့နယ်များ ရှိကြပြီး ၎င်းတို့ကို အုပ်ချုပ်သူများမှာ မြို့နယ် အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။ ရာထူးအဆင့်ဆင့်မှာ ရှင်းလင်းလှပေသည်။
စီရင်စု၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်။
ယခုအခါ ဟုန်မိသားစု၏ မျိုးဆက်ပေါင်း ဒါဇင်နှင့်ချီသည် အရေးပါသော စီရင်စုများသို့ ဝင်ရောက်ကာ အရေးကြီးသော ပြည်နယ်များတွင် အုပ်ချုပ်ရေးမှူး ရာထူးများကို ရယူ ထားကြပြီ။ သူတို့သည် မျိုးစေ့များကို ချထားပြီး ဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် သူတို့သည် ‘စစ်ဆေးရေးမှူး’ အဆင့်သို့ ရာထူး တိုးမြှင့်ခံရနိုင်ကြောင်း ခန့်မှန်းနိုင်ပေသည်။ “နန်းတွင်း၌ အဆက်အသွယ် ရှိလျှင် အရာရှိ လုပ်ရန် လွယ်ကူသည်” ဟူ၍ ဆိုရိုးစကား ရှိသည်မဟုတ်ပါလား။
‘စစ်ဆေးရေးမှူး’ ဆိုသည်မှာ နယ်စပ်ဒေသတစ်ခု၏ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သည်။ သူသည် စစ်ဘက်နှင့် အရပ်ဘက်ကိစ္စ အားလုံးကို ထိန်းချုပ်ထားသူ ဖြစ်သည်။ လွန်ခဲ့သော ကာလက ‘သံမဏိသွေး စစ်ဆေးရေးမှူး’ ဟောင်ချင်းချန်သည် စစ်သည် ၄,၀၀၀ ကို ဦးဆောင်ကာ တိမ်ဖြူကျေးရွာကို ဖျက်ဆီးခဲ့ပြီး ကျောက်ဖေးရုန်ကိုပင် သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က ပြသခဲ့သော ဟောင်ချင်းချန်၏ အရှိန်အဝါကြီးမားမှုမှာ ဟုန်ယွိ၏ စိတ်ထဲတွင် ယနေ့တိုင် ရှိနေပါသေးသည်။
အုပ်ချုပ်ရေးမှူး တစ်ဦးပင်လျှင် ကောင်းကင်ယံကို လက်တစ်ဖက်ဖြင့် ဖုံးကွယ်နိုင်စွမ်း ရှိသလို၊ စစ်သင်တန်းများ စီစဉ်ခြင်း၊ ပညာရှင်များကို စုဆောင်းခြင်း၍ ထိုဒေသကို နှိမ်နင်းနိုင်သည်။
တော်ဝင်ချန် နန်းတွင်း၏ ပထမတန်းစား အရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများပင်လျှင် ဤမျှ ကြီးမားသော ဩဇာအာဏာကို ပိုင်ဆိုင်ကြပြီး၊ ပညာရှင်များကို ကိုယ်တိုင် စုဆောင်း နိုင်ကြသည်။ ဤသည်မှာ ဒေသခံ မိသားစုကြီးများ၊ သူဌေးကြီးများ၊ မျိုးရိုးမြင့် အထက်တန်းလွှာ မိသားစုကြီးများနှင့် သိုင်းလောက ဂိုဏ်းဂဏများကို တန်ပြန်နိုင်ရန်နှင့် နန်းတွင်း အမိန့်များကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် ဗဟိုအစိုးရမှ ပေးအပ် ထားသော အာဏာစက်ဖြစ်ပေသည်။
ယခုအခါ ဟုန်မိသားစု မျိုးဆက်များမှာ မြို့စားအုပ်ချုပ်ရေးမှူးများ ဖြစ်လာကြပြီ ဖြစ်ရာ၊ သူတို့၏ ‘ဟုန်သခင်လေး’ဟူသော အဆင့်အတန်းအရ သူတို့အထက်ရှိ စစ်ဆေးရေးမှူးနှင့် ဘုရင်ခံတို့လျှင်ပင် သူတို့ကိစ္စကို ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ပေ။ သူတို့သည် ဟုန်မိသားစု တပည့်များကိုပင် မျက်နှာချိုသွေးကြလိမ့်မည် ဖြစ်ရာ ဟုန်မိသားစုဝင်များမှာ ယခင်ကထက် ပို၍ပင် အတင့်ရဲလာကြပေလိမ့်မည်။
ပြိုင်ဘက်ကင်း သိုင်းပညာ၊ ကြီးမားသော ဩဇာအာဏာနှင့် များပြားလှသော ရန်ပုံငွေများ ဖြင့် သူတို့၏ ကြီးထွားမှုမှာ အလွန်ပင် မြန်ဆန်ပေလိမ့်မည်။
“ဟင်း… ကျောက်စိမ်းမြို့တော်မှာ ကောင်းကောင်း မကြီးထွားနိုင်တဲ့ ဒီကလေးတွေဟာ ဒေသအသီးသီးကို ရောက်သွားတဲ့အခါ အတောင်ပံပေါက်တဲ့ ကျားတွေလို ဖြစ်နေကြမှာပဲ။ ဒါပေမဲ့ ငါ့မှာ သူတို့ကို အနိုင်ကျင့်နေဖို့ အချိန်မရှိဘူး၊ ဒါကြောင့် မင်းပဲ အဲ့ဒီအလုပ်ကို လုပ်လိုက်တော့။”
ဟုန်ယွိသည် သတင်းအချက်အလက်များကို ကြည့်ရှုပြီးနောက် အခြေအနေကို ရှင်းလင်း စွာ နားလည်သွားပါသည်။
သို့သော် ယောင်ယွဲ့ရူအနေဖြင့် ဤသတင်းများကို ရယူနိုင်ခြင်းမှာ အတော်လေး အထင်ကြီးစရာ ကောင်းနေပြီ။ အဘယ်ကြောင့်ဆိုသော် နန်းတော်သည် ယခုအခါ အလွန် စည်းကမ်းတင်းကျပ်နေပြီး သတင်းရယူရန် မလွယ်ကူသောကြောင့် ဖြစ်သည်။
“ဒါပေမဲ့...” ဟုန်ယွိက သူမအား ဟုန်မိသားစု မျိုးဆက်များကို ကိုင်တွယ်ခိုင်းသည်ကို ကြားသောအခါ ယောင်ယွဲ့ရူ၏ မျက်လုံးများမှာ လှုပ်ခတ်သွားပါသည်။ သူမ တစ်စုံတစ်ခု ကို ပြောရန် ပြင်လိုက်သော်လည်း ဟုန်ယွိက သူမကို ကြားဖြတ် ပြောလိုက်သည်။
“မင်း ဘာပြောချင်လဲ ငါသိပါတယ်။ အခု ဟုန်မိသားစုရဲ့ မျိုးဆက်တွေက အများကြီး တိုးတက်လာလို့ မင်းအနေနဲ့ မကိုင်တွယ်နိုင်ဘူးလို့ ပြောချင်တာ မဟုတ်လား။ ဒါပေမဲ့ ငါ ပြောပြီးပြီဆိုရင်တော့ အဲ့ဒီအတွက် လိုအပ်တဲ့ စွမ်းအားကို ငါလည်း ပေးမှာပါ။”
ဟုန်ယွိက ပြောဆိုရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အရုဏ်ဦးချပ်ဝတ် နှစ်စုံ ထပ်မံ ပျံထွက်လာသည်။ တစ်ချိန်တည်းမှာပင် ဆန်းကြယ်သော စိတ်ဆန္ဒတစ်ခုမှာ ယောင်ယွဲ့ရူ ၏ စိတ်ထဲသို့ စီးဝင်သွားခဲ့သည်။
၎င်းမှာ ‘ခြောက်ပါးညီညွတ်ခြင်းတံခါး’ ၊ ‘ရှင်ခြင်းသေခြင်းလျှို့ဝှက်တံခါး’ နှင့် ‘ဒန်တန် မျိုးစေ့’ နှင့် အရေးကြီးသော အပ်စိုက်မှတ် တစ်ရာကျော် စုစည်းခြင်း ပညာရပ် ဖြစ်သည်။
သဘာဝအတိုင်းပင် သူသည် အပ်စိုက်မှတ် ရှစ်ရာလုံးကို ယောင်ယွဲ့ရူအား သင်ကြားမပေး နိုင်ပေ။ သူမက ယွမ်ရှန်းရှန်းနှင့် မတူပေ။ ယွမ်ရှန်းရှန်းမှာမူ သူ့အပေါ် လုံးဝ သစ္စာရှိသူ ဖြစ်ပြီး သေရေးရှင်ရေး တိုက်ပွဲများစွာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့သူ ဖြစ်သည့် အပြင် ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာရန် အလားအလာ အရှိဆုံးသူလည်း ဖြစ်သည်။
အကယ်၍ ယွမ်ရှန်းရှန်းသာ ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းနိုင်မည်ဆိုလျှင် ဟုန်ယွိ အနေဖြင့် ကိုယ်ကျိုးအတ္တမကြည့်ဘဲ သူမအား တစ်ကြိမ်ထက်မက အစွမ်းကုန် ကူညီပေး မည်မှာ အမှန်ပင်။
“ဒီချပ်ဝတ်နှစ်စုံကိုတော့ မင်းရဲ့အမေနဲ့ အစ်မကို ပေးလိုက်ပါ။ မင်းကိုလည်း အပ်စိုက်မှတ် စုစည်းခြင်း နည်းစနစ်တွေ ငါပေးထားတယ်။ မင်း အဲဒီအပ်စိုက်မှတ်တွေကို ကျင့်ကြံပြီးရင် မင်းရဲ့ခန္ဓာကိုယ် စွမ်းအားက အများကြီး တိုးတက်လာလိမ့်မယ်။ အဲဒီစွမ်းအားက ပြင်ပ စွမ်းအားတွေကိုပဲ အားကိုးနေတဲ့ ဟုန်မိသားစု မျိုးဆက်တွေကို အနိုင်ယူဖို့အတွက် လုံလောက်ပါတယ်” ဟုန်ယွိက အရာအားလုံးကို သေသေချာချာ စီစဉ်ပေးလိုက်သည်။
“ပြဿနာ မရှိဘူး။” ယောင်ယွဲ့ရူက ဝမ်းမြောက်ဝမ်းသာ ခုန်ပေါက်၍ ပြောလိုက်ပါသည်။ “ကျွန်မ အဲဒီဟုန်မိသားစု မျိုးဆက်တွေကို ကြည့်မရတာ ကြာပြီ။ ကျွန်မ ငယ်ငယ်တုန်းက ဟုန်အိမ်တော်ကို သွားခဲ့ဖူးတယ်။ အမေက ကျွန်မတို့ကို ဆွေမျိုးတွေနဲ့ မိတ်ဆက်ပေးချင်ခဲ့ ပေမဲ့ အဲဒီဟုန်မိသားစုဝင်တွေရဲ့ မျက်နှာပေးတွေက... ဟွန်း…၊ ဒါကြောင့်ပဲ ကျွန်မ ဟုန်မျိုးရိုးကို မယူဘဲ ယောင်မျိုးရိုးကို ယူဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ အမေကတော့ ဟုန်ရွှန်ကျိကိုပဲ အမြဲတမ်း တမ်းတနေတာလေ၊ အဲဒါကိုပဲ ကျွန်မ တကယ် စိတ်တိုမိတယ်။ ကျောင်းအုပ်ကြီး၊ ရှင်လည်း ရှင့်မျိုးရိုးနာမည်ကို ပြောင်းသင့်တယ်လို့ ကျွန်မ ထင်တယ်။”
“ငါ့မျိုးရိုးနာမည်ကို ပြောင်းဖို့ အချိန်မတန်သေးပါဘူး...” ဟုန်ယွိသည် ယောင်ယွဲ့ရူ၏ စကားကို နားထောင်ရင်း မျက်လုံးများ လှုပ်ခတ်သွားသည်။ သူမ၏ စကားက သူ၏ အတွေးများကို တစ်စုံတစ်ရာ လှုံ့ဆော်ပေးလိုက်ပုံရသည်။
“ဒါဆို ကျွန်မ သွားတော့မယ်။” ယောင်ယွဲ့ရူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး အပြင်သို့ ပျံသန်းထွက်ခွာသွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ယခုအခါ ကျိုးယွိမျှော်စင်တစ်ခုလုံးတွင် ဟုန်ယွိနှင့် ယွမ်ရှန်းရှန်းတို့ နှစ်ဦးတည်းသာ ကျန်တော့သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွမ်ရှန်းရှန်းက ရုတ်တရက် မေးလိုက်သည်။
“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။”
“မင်းအနေနဲ့ အခုချိန်မှာ ကျင့်ကြံအားထုတ်ပြီး စွမ်းအားတွေ စုဆောင်းထားသင့်တယ်။ ဒီ ကျိုးယွိမျှော်စင်ထဲမှာ ငါ မကြာသေးခင်ကမှ နားလည်သဘောပေါက်ခဲ့တဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်၊ အဲဒီထဲမှာ မုန့်ရှန်းကျီရဲ့ ‘ထာဝရအလင်းတန်း’ အကြောင်းတွေလည်း ပါတယ်။ အခု မင်း ဒါတွေကို အကုန်လုံး လေ့လာနိုင်ပြီ၊ မင်း ဖန်ဆင်းရှင်အဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။” ဟုန်ယွိက ကျိုးယွိမျှော်စင်၏ နံရံလေးဘက်ပေါ်ရှိ မှော်သင်္ကေတများ၊ ရုပ်ပုံများ၊ ယင်ယန်နှင့် အသွင်မဲ့ ထိုက်ကျိအဋ္ဌဂံပုံရိပ်ကားချပ်တို့ကို ညွှန်ပြရင်း ပြောလိုက်ပါသည်။
“မင်းက တကယ်ကို ရက်ရောတာပဲ။ ဒီအရာတွေ အားလုံးကို ကျွန်မကို လေ့လာခွင့် ပေးတယ်ပေါ့။” ယွမ်ရှန်းရှန်းက ဆိုပြန်သည်။
“နောက် ရှစ်နှစ်ကြာရင်။ ရှစ်နှစ်ကြာရင် ငါ မုန့်ရှန်းကျီနဲ့ တိုက်ခိုက်ရတော့မယ်။ ငါ့မှာ အချိန်အများကြီး မရှိဘူး။ ငါ့ရဲ့ မဟာမိတ်တွေထဲမှာ မင်းရဲ့ကျင့်ကြံမှုက အမြင့်ဆုံးဖြစ်ပြီး ဖန်ဆင်းရှင်ဖြစ်လာဖို့ မျှော်လင့်ချက် အရှိဆုံးပဲ။ ဒီရှစ်နှစ်ဟာ မင်း ဖန်ဆင်းရှင်ဖြစ်လာဖို့ အကောင်းဆုံး အချိန်ပဲ။ ငါက နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စတွေအတွက် ကြိုတင် ပြင်ဆင် နေတာပါ။ တကယ်လို့ ငါ အပြင်းအထန် ဒဏ်ရာရခဲ့ရင် ငါ့ကို ထောက်ခံပေးတဲ့ အစွမ်းထက် ပညာရှင်တွေရဲ့ အကူအညီ လိုအပ်လိမ့်မယ်” ဟုန်ယွိ၏ မျက်လုံးများက အဝေး တစ်နေရာ သို့ လှမ်းမျှော်ကြည့်နေသည့်အလား ရှိနေပါသည်။
“မင်း မကြောက်ဘူးလား၊ ငါ...” ယွမ်ရှန်းရှန်းက မျက်မှောင်ကြုတ်လိုက်ပါသည်။
“ငါတို့အားလုံးဟာ လမ်းစဉ်တစ်ခုတည်းပေါ်မှာ ရှိနေကြတာပဲ။” ဟုန်ယွိက အားရပါးရ ရယ်မောလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားကာ ဟင်းလင်းပြင် အတွင်း၌ သူ၏စကားသံများသာ ကျန်ရစ်ခဲ့တော့သည် “ငါ တောရိုင်းကန္တာရနယ်မြေကို ကိစ္စတစ်ခု ဆောင်ရွက်ဖို့ သွားလိုက်ဦးမယ်။ မင်း ဒီမှာပဲ ကျင့်ကြံနေပါ။ ငါ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်နဲ့ အင်မော်တယ်ကျောက်စာတိုင်က ဒီမှာ ရှိနေတာမို့လို့ ဘယ်လို မိစ္ဆာမျိုးမှ မကျူးကျော်နိုင်ဘူး။ မင်း စိတ်အေးအေးထား ကျင့်ကြံနိုင်ပါတယ်။”
“မင်း တောရိုင်းကန္တာရနယ်မြေ ဘာသွားလုပ်မလို့လဲ။” ယွမ်ရှန်းရှန်းက ချက်ချင်း မေးလိုက် သည်။
“ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ဖို့နဲ့ ရန်သူတွေကို ဖမ်းဆီးဖို့ပါ။” ဟုန်ယွိ၏ အသံမှာ ထပ်မံ ထွက်ပေါ်လာသည်။
“ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး။ ပြီးခဲ့တဲ့အခေါက်က ခုနှစ်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ရင်ဆိုင်တုန်းကတောင် အန္တရာယ် အလွန်များခဲ့တာ။ အခု ရှဏ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးမှာ အရင်လို အခြေအနေမျိုးနဲ့ ထပ်တွေ့ရင် ဘယ်လိုလုပ်မလဲ။” ယွမ်ရှန်းရှန်းက စိုးရိမ်တကြီး ပြောလိုက်ပါသည်။
“စိတ်မပူပါနဲ့။ ပြီးခဲ့တဲ့အကြိမ်က သူတို့ ငါ့ကို မသတ်နိုင်ခဲ့ဘူးဆိုမှတော့ ဒီတစ်ကြိမ်မှာ လည်း ငါ့ကိုသတ်ဖို့ စိတ်တောင် မကူးနဲ့တော့။” ထိုသို့ ပြောပြီးနောက် ဟုန်ယွိ၏ အသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မည်သည့်အသံမျှ ထပ်မံ ထွက်ပေါ်မလာတော့ပေ။
တောရိုင်းကန္တာရနယ်မြေ…. ပြင်းထန်သော မိုးကြိုးနယ်မြေအတွင်း……
ထိုနေရာတွင် လျှပ်စီးများ လက်နေပြီး မိုးကြိုးသံများမှာလည်း အဆက်မပြတ် တုန်ခါ မြည်ဟည်းနေ၏။ နေရာတိုင်းတွင် မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နေပြီး၊ မြေပြင်ပေါ်တွင် သံတောင်ကြီးများနှင့် ကြေးနီတောင်ကြီးများ ရှိနေပြီး သတ္တုကျောက်တုံးများဖြင့် ပြည့်နှက် နေပေသည်။
‘ဝှူး...’
ဟုန်ယွိ၏ ပုံရိပ်မှာ ထိုနေရာတွင် ပေါ်လာခဲ့သည်။ သူသည် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရန် သူ၏ ခန္ဓာကိုယ်ကို စွန့်ခွာခြင်း မပြုဘဲ၊ ရှုခင်းကြည့်နေသည့်အလား ထိုမိုးကြိုးနယ်မြေ အတွင်း တစ်ပတ်ပတ်ကြည့်ရူရင်း တစ်စုံတစ်ခုကို ရှာဖွေနေပါသည်။
“ငါးလပိုင်း ၅ ရက်နေ့က နီးကပ်လာပြီ။ သခင်လေးရှူနဲ့ တာအိုဘိုးဘေး နှစ်ယောက်တို့ ဘာတွေ ဖြစ်လာမလဲ မသိဘူး။ သူတို့ တောရိုင်းကန္တာရနယ်မြေရဲ့ ဘယ်နေရာမှာ မိုးကြိုး ကပ်ဘေးကို ရင်ဆိုင်ကြမှာလဲ။ ဒီတစ်ကြိမ်တော့ သူတို့ကို မိုးကြိုးကပ်ဘေး ရင်ဆိုင်ခွင့် မပေးနိုင်ဘူး။ မဟုတ်ရင် အဲဒီဖန်ဆင်းရှင်နှစ်ယောက်က တကယ်ကို ကြီးမားတဲ့ လှိုင်းလုံးကြီးတွေကို ဖန်တီးကြလိမ့်မယ်။ မဟုတ်ဘူး... ဖန်ဆင်းရှင် နှစ်ဦးတည်း မဟုတ် ဘူး၊ သုံးဦး၊ လေးဦးတောင် ဖြစ်လာနိုင်တယ်။”
ထိုတာအိုဘေးဘေး နှစ်ဦးမှာ ဖန်ဆင်းရှင်များ ဖြစ်ကြသည်။ သခင်လေးရှူကိုယ်တိုင်မှာ လည်း ဖန်ဆင်းရှင်တစ်ဦးပင်။ သခင်လေးရွှီ၏ အနီးနားရှိ ပျက်သုဉ်းခြင်းနတ်ဘုရား ရုပ်သေးမှာလည်း ဖန်ဆင်းရှင်တစ်ဦး၏ စွမ်းအား သို့မဟုတ် ထိုထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။ သူတို့အားလုံး ပူးပေါင်း လိုက်လျှင် ၎င်းမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်နှင့် ဆန်းကြယ်သော အမျိုးသမီးတစ်ဦး လည်း ရှိသေးသည်။ အကယ်၍ သူတို့အားလုံးသာ ထွက်ပေါ်လာလျှင် ဟုန်ယွိပင်လျှင် ထွက်ပြေးရပေလိမ့်မည်။
“ဟင်၊ ငါ ဘာလို့ သခင်လေးရှူနဲ့ တာအိုဘိုးဘေး နှစ်ပါးရဲ့ အရှိန်အဝါကို မခံစားရတာလဲ။ သူတို့ရဲ့ အတွေးစတွေကိုတောင် လုံးဝ မခံစားရဘူးလား၊ ဒါ မဖြစ်နိုင်တာ။ ငါ့ရဲ့ စကြာဝဠာပြောင်းလဲခြင်း နိယာမကိန်းဂဏန်းပညာရပ်နဲ့ တွက်ချက်ကြည့်ဦးမှပဲ။”
ဟုန်ယွိ၏ အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံမှာ ပျံ့နှံ့နေသော်လည်း ထိုတောရိုင်း ကန္တာရနယ်မြေအတွင်း၌ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ သခင်လေးရှူနှင့် အခြားသူများ၏ စိတ်အာရုံများကိုပင် ရှာမတွေ့ခဲ့ပေ။
ဟုန်ယွိသည် မျက်မှောင်ကြုတ်ကာ စကြာဝဠာပြောင်းလဲခြင်း နိယာမကိန်းဂဏန်းဖြင့် တွက်ချက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏စိတ်မှာ လှုပ်ခါသွားပြီး မိုးကြိုးတိမ်တိုက်များကို လှမ်းကြည့်လိုက်ပါသည်။
‘ဝုန်း...’
ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များမှာ ရုတ်တရက် လိမ့်တက်ပြီး လွင့်ပျယ်သွားကြ သည်။ ထိုတောရိုင်းကန္တာရနယ်မြေ အရိုင်းဆန်မိုးကြိုးနယ်မြေအတွင်းရှိ လျှပ်စီးများမှာ လည်း အများအပြား ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ကောင်းကင်မှ မိုးကြိုးတိမ်တိုက်များမှာ လှေကားထစ်တစ်ခုအဖြစ် ပုံပေါ်လာပြီး ထိုမိုးကြိုးမုန်တိုင်း၏ အနက်ရှိုင်းဆုံးနေရာမှ လူတစ်ဦးသည် တစ်လှမ်းချင်း လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။
ထိုသူသည် မြင့်မားသော ဦးထုပ်ကို ဆောင်းထားပြီး ပွယောင်းသော ဝတ်ရုံကို ဝတ်ဆင် ထားက့သည်။ သူ၏ အဝတ်အစားများမှာ လွင့်ပျံနေပြီး ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်နေသည်မှာ ဟင်းလင်းပြင်တစ်ခုလုံးင သူ၏ အဝတ်အစား ဖြစ်နေသည့် အလားပင်။ ကောင်းကင်ယံရှိ လျှပ်စီးများမှာလည်း သူ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေကြ၏။ အနက်ရှိုင်းဆုံး အဓိကနေရာမှ ၈ ကြိမ်မြောက်နှင့် ၉ ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ လျှပ်စီးဝိုင်းများပင်လျှင် သူ၏စိတ်ဆန္ဒကို နာခံနေကြပုံပေါ်သည်။
“ဒီကစားပွဲက တကယ်ကို ရင်ခုန်စရာ ကောင်းတာပဲ။ သခင်လေးရှူ၊ တာအိုဘိုးဘေး နှစ်ယောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးမှ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားပွဲကြီးတစ်ခု ပေါ်လာမှာပေါ့။ ဟုန်ယွိ၊ မင်းက ဘာဖြစ်လို့ သူတို့ကို ကိုင်တွယ်ဖို့ ဒီလောက်တောင် လောနေရတာလဲ။ သူတို့ကို ကြီးထွားခွင့်ပေးလိုက်တာက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား။”
ထိုသူသည် လှေကားထစ်များမှ တစ်လှမ်းချင်း ဆင်းသက်လာရင်း အေးအေးဆေးဆေး ပြောလိုက်သည်။
“မုန့်ရှန်းကျီ”
ဟုန်ယွိသည် ထိုအမည်ကို အံကြိတ်၍ ရေရွတ်လိုက်ပါသည်။
ဟင်းလင်းပြင်တစ်ခုလုံးကို အဝတ်အစားအဖြစ် အသုံးပြုထားခြင်း... ‘ထာဝရအသက် ဆန်းကြယ်နယ်မြေ’ တွင် ဟုန်ယွိသည် တိုင်ရှန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး၏ ပုံရိပ်ကို မြင်တွေ့ခဲ့ဖူးလေသည်။