အခန်း (၆၆၉-၆၇၀)
Vol. 64 Ch. 669-670
အခန်း (၆၆၉)။
“ဒီထိုက်ကျိ မိုးကြိုးရေကန်ကတော့ တကယ်ကို ပြုပြင်လို့ မရလောက်အောင် ပျက်စီးသွား ခဲ့ပြီ။ ဆန်မရှိဘဲ ထမင်းချက်ဖို့ဆိုတာ ကျွမ်းကျင်တဲ့ အိမ်ရှင်မအတွက်တောင် မဖြစ်နိုင်တဲ့ ကိစ္စပဲ။ နတ်ဘုရားလက်နက်တွေရဲ့ ပစ္စည်းအထောက်အပံ့ မပါဘဲနဲ့တော့ ယန်နတ်ဘုရား အဆင့် မှော်လက်နက်ကို ပြုပြင်ဖို့ တကယ့်ကို ခက်ခဲလိမ့်မယ်။”
ကျိုးယွိအကယ်ဒမီ၏ ပြောင်းလဲခြင်းမျှော်စင် အတွင်း၌ ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင်ကို သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ပေါင်းစပ်ရန်နှင့် ကျောက်စာတိုင် ၏ များပြားသော စွမ်းအားကို အသုံးပြု၍ မိုးကြိုးရေကန်ကို ပြုပြင်ရန် အကြိမ်ကြိမ် ကြိုးစားနေခဲ့သည်။ သို့သော်လည်း အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ အင်မော်တယ်ကျောက်စာတိုင်မှာ သီးခြားဖြစ်တည်မှု တစ်ခုဖြစ်ပြီး၊ ကျောက်စာတိုင်၏ စွမ်းအားအားလုံးကို ဟုန်ယွိအနေဖြင့် အသုံးပြုနိုင်သော်လည်း ၎င်းကို အပိုင်းပိုင်း ဖြိုခွဲ ဖျက်ဆီးပစ်ရန်အတွက်မူ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး စွမ်းအားနှင့် သူ၏ ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ မှော်စွမ်းအင်များဖြင့်ပင် မတတ်နိုင်ခဲ့ပေ။
“အရေးပေါ် အမိန့်တော်အတိုင်း အမြန်ဆုံး ဖြစ်စေသတည်း။”
အင်မော်တယ်ကျောက်စာတိုင်၏ မှော်သင်္ကေတများမှာ ခေတ္တမျှ ပြိုကွဲသွားသော်လည်း၊ ခဏအကြာတွင် တဖြည်းဖြည်း ပြန်လည် စုစည်းသွားကြသည်။ ၎င်းသည် ထိုက်ကျိ မိုးကြိုး ရေကန် ပြိုလဲမသွားအောင်သာ ထိန်းထားနိုင်ပြီး၊ မိုးကြိုးရေကန်အတွင်းသို့ အမှန်တကယ် ပေါင်းစပ်ဝင်ရောက်သွားခြင်း မရှိပေ။
ဂျိန်း... မိုးကြိုးသံတစ်ချက် ဟိန်းထွက်လာသည်။ ဤသည်ကား ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေး၏ လျှပ်စီးများဖြစ်ပြီး၊ ဟုန်ယွိပင် နားမလည်နိုင်သော စွမ်းအားများ ကိန်းအောင်း နေသည်။
လျှပ်စီးမျှင်များမှာ ဟုန်ယွိ၏ လက်တွင် ရစ်ပတ်သွားပြီး သူ၏ စိတ်ဝိညာဉ်ကို မီးခိုးငွေ့များ အဖြစ် လောင်ကျွမ်းလေတော့သည်။
‘ထိုက်ကျိမူလစိတ်ဝိညာဉ်’ ကို စုစည်းထားနိုင်သော ဟုန်ယွိ၏ စိတ်ဝိညာဉ်ပင်လျှင် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ လျှပ်စီးဒဏ်ကို မခံနိုင်သည်မှာ ထင်ရှားပါသည်။
“ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးဆိုတာ တကယ်ကို တကယ်ကို ကောင်းကင်နဲ့ မြေကြီး ကြားမှာ နောက်ဆုံးအဆင့် မိုးကြိုးဖြစ်ထိုက်ပါတယ်။ တစ်ကမ္ဘာလုံးကို ဖျက်ဆီးပြီး စကြာဝဠာကြီးကို ဝါးမြိုနိုင်စွမ်း ရှိနေတာပဲ။ အခု ငါ့မှာ ဒီမိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင် ဖို့ ရာခိုင်နှုန်း ၃၀ ကနေ ၄၀ လောက်ပဲ အခွင့်အရေး ရှိတယ်။ တကယ်လို့ ငါသာ ကိုးကြိမ် မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ရင် အဲဒီစွမ်းအားကို သုံးပြီး မိုးကြိုးရေကန်ကို အမှန်တကယ် ပြုပြင်နိုင်မှာ။ နတ်ဘုရားလက်နက်တွေတောင် မလိုလောက်တော့ဘူး။ ဒါပေမဲ့ အခု ငါ့ရဲ့ စွမ်းအင်စုဆောင်းမှုက မလုံလောက်သေးဘူး။”
ဟုန်ယွိသည် လက်ချောင်းကို အသာအယာ လှုပ်ရှားကာ လက်ထဲမှ လျှပ်စီးများကို ဖယ်ရှား လိုက်ပြီး ခေါင်းခါကာ ခါးသီးဖွယ် ပြုံးလိုက်ပါသည်။
တောရိုင်းကန္တာရနယ်မြေတွင် မုန့်ရှန်းကျီနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လာခဲ့သည်မှာ လခွဲခန့် ကြာမြင့်ခဲ့လေပြီ။ ဟုန်ယွိသည် တရားထိုင်ရင်း ထိုက်ကျိ မိုးကြိုးရေကန်နှင့် ပျက်စီးသွား သော သူတော်စင်ပေါင်းစုံခန်းမကို ပြုပြင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူတော်စင်ပေါင်းစုံခန်းမအတွင်းရှိ အစီအရင် အများအပြားကို ပြုပြင်ပြီးပြီ ဖြစ်သော်လည်း ထိုက်ကျိ မိုးကြိုးရေကန်မှာမူ ခေါင်းခဲစရာ ဖြစ်နေဆဲပင်။
ဟုန်ယွိ၏ လက်ထဲတွင်လည်း ကုန်ကြမ်းပစ္စည်းအဖြစ် အပိုင်းပိုင်းဖြတ်တောက် အသုံးပြု နိုင်မည့် အစွမ်းထက် မှော်လက်နက်များ မရှိပေ။
သူ့တွင်ရှိသော ‘အရုဏ်ဦးချပ်ဝတ်’၊ ‘ရွှေရောင်အင်မော်တယ်ဝတ်ရုံ’၊ ‘ကောင်းကင် အနှစ်သာရ ရွှေဆေးလုံး’ နှင့် ‘ကိုယ်ကျင့်တရားစွမ်းအင် နတ်သူငယ်’ တို့မှာ ကုန်ကြမ်း ပစ္စည်းများအဖြစ် အသုံးပြု၍ မရနိုင်ပေ။
သူလိုအပ်နေသည်မှာ အနည်းဆုံး ဧကရာဇ်ဖန်၏ ဓားများကဲ့သို့ ယန်နတ်ဘုရားအဆင့် မှော်လက်နက် သို့မဟုတ် ‘နိဗ္ဗာန’ အဆင့် မှော်ရတနာမျိုး ဖြစ်သည်။
“ဓမ္မလမ်းစဉ်ဆန္ဒ... ငါ့ခန္ဓာကိုယ်ထဲမှာ စုစည်းစေ။ လူသားလမ်းစဉ်ရဲ့ ဖြောင့်မတ်ခြင်း လမ်းစဉ်အားလုံး ပြောင်းလဲခြင်းကျမ်းနဲ့ သူတော်စင်ပေါင်းစုံတို့ဆီ ဝင်ရောက်လာစေ။”
ဟုန်ယွိသည် ခဏမျှ တရားထိုင်နေပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် ဝင်းလက် သွားပါသည်။ သူသည် လေထဲသို့ တစ်ချက် ဖမ်းဆုပ်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ကျန်ရှိနေသော မရေမတွက်နိုင်သည့် ‘ဖြောင့်မတ်ခြင်းလမ်းစဉ်’၏ ဆန္ဒများအားလုံး စုစည်း လာပြီး မိုးကြိုးရေကန်အတွင်းသို့ စီးဝင်သွားကြသည်။
ချက်ချင်းပင် မိုးကြိုးရေကန်၏ မငြိမ်မသက်ဖြစ်မှုများ လျော့နည်းသွားပြီး ဖြည်းဖြည်းချင်း ပြန်လည် ကုစားနေပုံရလာသည်။
“ဟင်၊ လောကကြီးရဲ့ မှန်ကန်တဲ့ ဓမ္မလမ်းစဉ်ဆန္ဒတွေနဲ့ အစစ်မှန် စွမ်းအင်တွေက ဒီလို အကျိုးသက်ရောက်မှု ရှိတာလား။” ဟုန်ယွိ အံ့အားသင့်သွားပါသည်။
သူသည် မုန့်ရှန်းကျီနှင့် တိုက်ခိုက်စဉ်က ‘ဓမ္မလမ်းစဉ်’ ဆန္ဒ အချို့ကို စုဆောင်းခဲ့သည်။ ယခု ၎င်းတို့ကို မိုးကြိုးရေကန်အတွင်းသို့ ထည့်သွင်းလိုက်သည့်အခါ နှေးကွေးသော်လည်း ပြန်လည်ပြုပြင်ပေးသည့် အကျိုးသက်ရောက်မှု ရှိနေသည်ကို တွေ့ရသည်။
သူတော်စင်ပေါင်းစုံခန်းမ၏ အမည်ကို တရားဝင် အသိအမှတ်ပြုပြီးနောက် ၎င်းမှာ ပညာရှင်တို့၏ မူလအစစ်အမှန် မှန်ကန်သော လမ်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာ တစ်ဝှမ်းရှိ လူသားအားလုံးသည် ပြောင်းလဲခြင်းကျမ်းကို ရွတ်ဖတ်ကြသည့်အခါ သူတို့၏ အတွေးအမြင်များမှာ ကောင်းကင်နှင့် မြေကြီးသို့ ပေါင်းစပ်သွားပြီး သူတော်စင်ပေါင်းစုံ ခန်းမနှင့် သိမ်မွေ့စွာ ဆက်သွယ်ထားသည့် စွမ်းအင်များ ရှိနေသည်။ သို့သော် ထိုစွမ်းအင် များမှာ အလွန်အားနည်းနေသေးရာ ‘ဓမ္မလမ်းစဉ်’ ဆန္ဒအဖြစ် သတ်မှတ်ရန် မလုံလောက် သေးပေ။
“ဒါက တောမီးကို ရေတစ်ခွက်နဲ့ ငြှိမ်းသတ်ဖို့ ကြိုးစားနေသလိုပဲ။ လူသားလမ်းစဉ်ရဲ့ ဓမ္မဆန္ဒကို တည်ထောင်ဖို့ မပြောနဲ့ဦး... ယုံကြည်မှုစွမ်းအင်နဲ့ အတွေးတွေကို စုဆောင်းဖို့ တင် နှစ်ပေါင်း ထောင်ချီ ကြာဦးမှာ။” ဟုန်ယွိသည် ထိုစွမ်းအားများကို ခဏမျှ လေ့လာ ဆန်းစစ်ပြီးနောက် ပြုံးကာ ခေါင်းခါလိုက်မိပါသည်။
အကယ်၍ “ဓမ္မလမ်းစဉ်” အကြောင်း ပြောရမည်ဆိုလျှင် တော်ဝင်ချန်အင်ပါယာသည်သာ တရားဝင် အာဏာစက်ရှိနေဆဲ ဖြစ်ပြီး၊ ဤမဟာကမ္ဘာလောကရှိ လူသားများထံမှ ပြင်းပြ သော အတွေးအမြင်များကို ဟုန်ယွိထက် ပိုမို ရရှိနေကြသည်။ ဤအရာကိုသာ အားကိုး၍ ထိုက်ကျိ မိုးကြိုးရေကန်ကို ပြုပြင်ရန် ကြိုးစားခြင်းမှာ မြစ်ငယ်လေးတစ်ခုဖြင့် သမုဒ္ဒရာကို ဖြည့်ရန် ကြိုးစားသကဲ့သို့ လက်တွေ့မကျသော အတွေးပင် ဖြစ်သည်။
...
ထိုစဉ်မှာပင် မွှေးပျံ့သော ရနံ့တစ်ခု လေထဲတွင် လွင့်ပျံ့လာသည်။ ပြောင်းလဲခြင်းမျှော်စင် အတွင်းရှိ သေးငယ်သော ဟင်းလင်းပြင်နယ်ပယ်တစ်ခုအတွင်း၌ တစ်စုံတစ်ခုမှာ အဆက် မပြတ် လှုပ်ရှားနေပြီး ညင်သာသော အသက်ရှုသံများ ထွက်ပေါ်လာသည်။ ထိုရနံ့မှာ လူတစ်ဦး၏ စိတ်ကူးစိတ်သန်းများကို နှိုးဆွပေးနိုင်လောက်အောင်ပင် ပြင်းရှလှသည်။
“ယွမ်ရှန်းရှန်း နိုးလာပြီလား။ မင်း တစ်ခုခုကို နားလည်သဘောပေါက်သွားပြီလား။”
ဟုန်ယွိသည် သူလုပ်လက်စများကို ရပ်လိုက်ပြီး ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကာ ယွမ်ရှန်းရှန်း၏ ခန္ဓာကိုယ်အဖြစ် စုစည်းလာသော မွှေးရနံ့ကို ကြည့်လိုက်သည်။
“ရှင် ဒီမှာ ကိုယ်ခံပညာတွေနဲ့ တာအိုပညာရပ်တွေ အများကြီး ထားခဲ့တာကိုး။ ‘ကံကြမ္မာ ကပ်ဘေး နတ်ဘုရားလက်သီး’၊ ‘ဆိတ်သုဉ်းခြင်းသုံးပါး နတ်ဘုရားလက်သီး’၊ ‘‘မြစိမ်းရောင် သွေး ပူဇော်မှု’ နဲ့ ‘တိုင်ရှန်တာအိုဂိုဏ်းရဲ့ ထာဝရအလင်းတန်း’ တွေကိုတောင် ချန်ထားခဲ့ သေးတယ်။ အဲဒီထဲက အချက်အလက်တွေကို နားလည်ဖို့ ကျွန်မ အချိန်အတော် ယူလိုက်ရတယ်။ အခုတော့ ကျွန်မ ‘ဖန်ဆင်းရှင်’ နယ်ပယ်ကို ရောက်ဖို့ နီးစပ်သွားပါပြီ။ နောက်ထပ် သုံးနှစ်လောက် ကြိုးစားပြီး ကျင့်ကြံရင်တော့ ဖန်ဆင်းရှင် တစ်ပါး ဖြစ်လာနိုင် မှာပါ။”
ယွမ်ရှန်းရှန်း၏ အဝတ်အစားများမှာ လေထဲတွင် လွင့်ပျံ့နေပြီး သူမ၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ရှိနေပါသည်။ သူမက ဟုန်ယွိ၏ မျက်နှာကို ကြည့်လိုက်သောအခါ ကြင်နာ ယုယသော အမူအရာမျိုး ရှိနေသည်။ ‘ကောင်းကင်ရနံ့’ ဂိုဏ်း၏ ဤနက်နဲသော သူတော်စင် မိန်းမပျိုသည်လည်း ဟုန်ယွိအပေါ် တစ်စုံတစ်ခု ခံစားနေရပုံ ရသည်။ သို့သော် ထိုအမူအရာမှာ အလွန် ထူးဆန်းလှသဖြင့် ထိုအခိုက်အတန့်တွင် သူမ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
သူမကိုယ်တိုင်ပင်လျှင် ထိုခဏတာ အတွေးလေးက ဘာကို ကိုယ်စားပြုသည်ကို သတိ မထားမိသေးခြင်း ဖြစ်နိုင်သည်။
ဟင်….
ဟုန်ယွိသည် ယွမ်ရှန်းရှန်း၏ မျက်လုံးများကို ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ ‘ထိုက်ကျိ မူလစိတ်ဝိညာဉ်’ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ မမြင်နိုင်သော ချည်မျှင်လေးတစ်ခုက သူ့ကို ရစ်ပတ်ထားသကဲ့သို့ပင်။
ဤမမြင်ရသော ချည်မျှင်မှာ အလွန်ပင် သိမ်မွေ့လှရာ ဖန်ဆင်းရှင်တစ်ဦးပင်လျှင် သတိပြု မိရန် ခဲယဉ်းသည်။ သို့သော် သို့သော် ‘ထိုက်ကျိ မူလစိတ်ဝိညာဉ်’ ကို စုစည်းထားသော ဟုန်ယွိကမူ ၎င်းကို ခံစားမိလိုက်သည်။
အထူးသဖြင့် မုန့်ရှန်းကျီနှင့် တိုက်ခိုက်ပြီးနောက်တွင် ဟုန်ယွိသည် ထိုကဲ့သို့သော အမျှင်တန်းလေးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ဖူးသည်။
စိတ်ဝိညာဉ်ကို ရစ်ပတ်ထားသော ဤအမျှင်တန်းမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် အနက်နဲဆုံးသော တည်ရှိမှုဖြစ်ပြီး လူသားတို့၏ ခံစားချက်များထဲတွင် အသိမ်မွေ့ဆုံးသော အစိတ်အပိုင်း ဖြစ်သည်။
၎င်းမှာ ‘သံယောဇဉ်မျှင်’ ပင် ဖြစ်သည်။
ယွမ်ရှန်းရှန်း တရားထိုင်ရာမှ ထွက်လာချိန်တွင် သူမသည် ဖန်ဆင်းရှင် ဖြစ်လာရန် အခွင့်အလမ်း ရှိကြောင်း သိလိုက်ရသဖြင့် ဟုန်ယွိနှင့် သူမ၏ ဆက်ဆံရေးမှာ ပိုမို ကောင်းမွန်လာခဲ့သည်။ သူမ မသိလိုက်ဘဲ ဟုန်ယွိ၏ နှလုံးသားဆီသို့ သံယောဇဉ်မျှင်လေး တစ်မျှင် သွယ်တန်းသွားခဲ့ခြင်း ဖြစ်သည်။
ဤအရာကို ဟုန်ယွိက သတိပြုမိလိုက်သော်လည်း ယွမ်ရှန်းရှန်း ကိုယ်တိုင်မူ မသိပေ။
စိတ်ဝိညာဉ်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်စွမ်းရှိသော ခြောက်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးအဆင့်ရှိ ပညာရှင်တစ်ဦးပင်လျှင်၊ သူမကိုယ်တိုင် မသိလိုက်ဘဲ သံယောဇဉ်မျှင် လေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။ ‘သံယောဇဉ်’ ဟူသော စကားလုံးမှာ အလွန် သိမ်မွေ့လှ သည်မှာ ထင်ရှားလှသည်။ ဖန်ဆင်းရှင်တစ်ဦးပင်လျှင် ၎င်းကို နားလည်သဘောပေါက်ရန် ခက်ခဲလှသည်။
“ဒုက္ခပါပဲ။ ယွမ်ရှန်းရှန်းရဲ့ သံယောဇဉ်မျှင်က ငါ့ဆီလာပြီး ချည်နှောင်နေတယ်။ ဒါက ဒါက ထူးခြားတဲ့ အခြေအနေပဲ၊... ငါ ဘာလုပ်သင့်သလဲ။ သူမကို ပြောပြပြီး သူမရဲ့ အတွေးတွေ ကို ပြန်ရုပ်သိမ်းခိုင်းရမလား။ ဒါပေမဲ့ အဲဒါက အရမ်းကို ရုတ်တရက် ဆန်လွန်းရာ ရောက်နေမလား။”
ဟုန်ယွိ စဉ်းစားနေစဉ်မှာပင် သူ၏ ထိုက်ကျိ မူလစိတ်ဝိညာဉ်က လှုပ်ရှားသွားပြီး ထိုသံယောဇဉ်မျှင်လေးကို ခွာထုတ်ပစ်လိုက်သည်။ ၎င်းမှာ သူ၏ လက်ဖျားတွင် တဖြည်းဖြည်း ရစ်ပတ်လာသည့်အခါ သူသည် ခေါင်းမူးနောက်သွားသလို ဝေဝေဝါးဝါး ခံစားလိုက်ရသည်။
သူ၏ ရှေ့တွင်ရှိနေသော ယွမ်ရှန်းရှန်းမှာ ဆွဲဆောင်မှု အပြည့်ရှိနေပြီး နတ်မိမယ်တစ်ပါး ကဲ့သို့ပင် အလွန်တရာ မွှေးပျံ့လှရာ ဟုန်ယွိ၏ ဝိညာဉ်ပင်လျှင် အနည်းငယ် လှုပ်ခတ်သွားခဲ့ သည်။
“အို... ဟုန်ယွိ၊ ရှင် ဘာတွေ တွေးနေတာလဲ” ယွမ်ရှန်းရှန်းက ဟုန်ယွိကို ကြည့်လိုက်သည်။ သူမ စကားပြောနေစဉ် ဟုန်ယွိ၏ လက်ချောင်းထိပ်ရှိ မျှင်လေးမှာ ပိုမို ရစ်ပတ်သွားပြီး သူ၏ နှလုံးသားမှာ ပို၍ပင် တုန်လှုပ်လာခဲ့သည်။
“ဪ... ဘာမှမဟုတ်ပါဘူး” ဤအရာက ဟုန်ယွိကို သတိပြန်ဝင်လာစေသည်။ သူသည် သူ၏ လက်ချောင်းထိပ်တွင် ရစ်ပတ်နေသော သံယောဇဉ်မျှင်လေးကို ချက်ချင်းပင် ပိတ်လှောင်လိုက်သည်။ ချက်ချင်းပင် သူ၏ နှလုံးသားမှာ ထိုက်ကျိ၏ လည်ပတ်မှု ပုံစံအတိုင်း ပြန်လည် တည်ငြိမ်သွားတော့သည်။
သံယောဇဉ်မျှင်ကဲ့သို့သော အရာမျိုးကို ရုပ်ခန္ဓာဖြင့် မမြင်နိုင်ပေ။ စိတ်ဝိညာဉ်ဖြင့်ပင် မမြင်နိုင်ပေ။ လူတစ်ယောက်၏ စိတ်ဝိညာဉ်က အနက်နဲဆုံး နယ်ပယ်အထိ ရောက်ရှိပြီး၊ စိတ်ဝိညာဉ်ကို နတ်ဘုရားတစ်ပါးအဖြစ် ပြုပြင်ပြောင်းလဲနိုင်မှသာ ၎င်းကို ခံစားမိနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဟုန်ယွိသည် သံယောဇဉ်မျှင်ကို သူ၏ လက်ချောင်းထိပ်တွင် ဖြည်းဖြည်းချင်း ရစ်ပတ်နေစဉ်တွင် ယွမ်ရှန်းရှန်းမှာ မမြင်နိုင်ခြင်း ဖြစ်သည်။ သူမ ခံစားမိခြင်းပင် မရှိပေ။ သူမ၏ သံယောဇဉ်မျှင်မှာ ဟုန်ယွိ၏ လက်ချောင်းထိပ်တွင် ရစ်ပတ်ခံထားရသည်ကို သူမ သာ သိခဲ့ပါက၊ သူမ မည်သို့ တွေးတောမည်ကို မည်သူ သိနိုင်ပါမည်နည်း။
“ဟူး... တာအိုကျင့်ကြံသူတွေဟာ တည်ငြိမ်အေးချမ်းရမယ်။ သံယောဇဉ်မျှင်က လက်ချောင်းထိပ်မှာ လာငြိရုံသက်သက်ပဲ၊ အမှတ်အသားတောင် မကျန်ခဲ့ဘူး။ ဧကရာဇ် ဖန် သံယောဇဉ်မျှင်တွေကို သုံးပြီး တာအိုလမ်းစဉ်ကို ဖော်ဆောင်ခဲ့တုန်းက သူ ဘယ်လို နယ်ပယ်မျိုးမှာ ရှိနေခဲ့လဲ ငါ တကယ် သိချင်မိတယ်။”
ဟုန်ယွိသည် သံယောဇဉ်မျှင်ကို ပိတ်လှောင်လိုက်သောအခါ ၎င်းအတွင်းရှိ ရှုပ်ထွေးလှ သော စွမ်းအားကို ခံစားမိနိုင်သည်။ ဤကဲ့သို့သော အရာမျိုးကို လုံးဝ ပြုပြင်၍ မရနိုင်သလို၊ သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုအဖြစ် ပြောင်းလဲရန်လည်း မဖြစ်နိုင်ပေ။
“ငါ့ရဲ့ တာအိုပညာရပ်က တကယ်ကို လိုအပ်ချက် ရှိနေသေးပုံပဲ။ မုန့်ရှန်းကျီနဲ့ ယှဉ်ရင် တောင် ဧကရာဇ်ဖန်က အနည်းဆုံး အဆင့်တစ်ခုလောက် နိမ့်နေသေးတာပဲ။” ဟုန်ယွိက စိတ်ထဲမှ သက်ပြင်းချရင်း မတ်တတ်ရပ်လိုက်သည်။
“နတ်သမီးတစ်ပါးသဖွယ် လှပတဲ့အမျိုးသမီးဆိုတာ လူကြီးလူကောင်းတွေ တောင့်တတဲ့ အရာပဲ” ကဗျာကျမ်းထဲတွင် ပါရှိသော်လည်း၊ ဟုန်ယွိမှာမူ သူနှင့် ယွမ်ရှန်းရှန်းကြားတွင် တစ်စုံတစ်ခု ဖြစ်လာရန် မလိုလားပေ။
သူ၏ ခံစားချက်များမှာ ဤသံယောဇဉ်မျှင်ကဲ့သို့ပင် ပုံသဏ္ဌာန်မရှိ၊ မြင်လည်း မမြင်ရပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းကို ပိတ်လှောင်လိုက်ပြီးပြီ။ ထို့နောက်တွင် သူ၏ နှလုံးသားမှာ ‘ထိုက်ကျိ’ ကဲ့သို့ ဖြစ်သွားသည်။ ၎င်းမှာ ယင်နှင့်ယန် ဖန်ဆင်းခြင်းတွင်သာ ရှိပြီး၊ လူသားတို့၏ အချစ်တွင် မရှိတော့ပေ။
ယခင်က သူသည် ယွမ်ရှန်းရှန်းနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သော်လည်း၊ ဤလောကရှိ မွှေးရနံ့အားလုံးကို စုဆောင်းထားသော ဤရည်မှန်းချက်ကြီးသည့် အမျိုးသမီးမှာ သူ့ကို အသုံးချနေခြင်းသာ ဖြစ်ကြောင်း သူသိသည်။ သို့မဟုတ်လျှင်လည်း ၎င်းမှာ မိတ်ဆွေအဖြစ် ခင်မင်မှုမျိုးသာ ဖြစ်သည်။ ယောက်ျားနှင့် မိန်းမကြားရှိ ချစ်ကြိုက် မှုမျိုး လုံးဝ မရှိခဲ့ပေ။ ကျင့်ကြံသူများ မိမိတို့ စိတ်အလိုရှိသလို လာကြသွားကြခြင်းမျိုးသာ ဖြစ်သည်။
သို့သော် ယခု ဤသံယောဇဉ်မျှင် ပေါ်ထွက်လာခြင်းမှာမူ အန္တရာယ်ရှိလှသည်။ အကယ်၍ ဤသံယောဇဉ်မျှင်ကို ကောင်းစွာ မကိုင်တွယ်နိုင်ပါက၊ သူသည် သေဆုံးသွားနိုင်သလို သူ၏ ကျင့်ကြံမှုများလည်း ပျောက်ကွယ်သွားနိုင်သည်။ သူ၏ ကျင့်ကြံမှုများ တိုးတက်ရန် လည်း ခက်ခဲသွားပေလိမ့်မည်။ အကယ်၍ ကောင်းစွာ ကိုင်တွယ်နိုင်ပါကမူ၊ သူသည် လူသားတို့၏ ခံစားချက်များကို ထိုးဖောက်မြင်နိုင်ပြီး ‘ယန်နတ်ဘုရား လျှို့ဝှက်နယ်ပယ်’ အတွင်းသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
...
“ဟုန်ယွိ... ရှင် တောရိုင်းနယ်မြေမှာ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကိုတောင် ကျော်ဖြတ်ခဲ့ပြီလား။ အဲဒီ တာအိုဘိုးဘေးနှစ်ပါးနဲ့ ဆန်းကြယ်တဲ့ သခင်လေးရှူကိုရော ဖမ်းမိခဲ့ရဲ့လား” ယွမ်ရှန်းရှန်းက ထပ်မံ မေးမြန်းလိုက်သည်။
“မဖမ်းမိခဲ့ဘူး။ ငါ မုန့်ရှန်းကျီနဲ့ တိုက်ခဲ့ရတယ်။ သူက ငါ့ရဲ့ ထိုက်ကျိ မိုးကြိုးရေကန်ကို ဖျက်ဆီးပြီး ထွက်သွားခဲ့တာ။ ငါ တစ်ကွက်အသာနဲ့ ရှုံးခဲ့တယ်လို့ ပြောလို့ရမယ်” ဟုန်ယွိ က မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။
“ဘာ... မုန့်ရှန်းကျီ ဟုတ်လား” ယွမ်ရှန်းရှန်း၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
“ဟုတ်တယ်။ သူက တိုင်ရှန်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ငါ့ရဲ့ ဦးလေးလည်း ဟုတ်သလို၊ ကမ္ဘာပေါ်မှာ နံပါတ်တစ်လို့ သတ်မှတ်ခံထားရသူပေါ့။ သူက ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ပြီးပြီမို့ သူ့ရဲ့ကျင့်ကြံမှုက စိတ်ကူးယဉ်လို့ မရနိုင်အောင် မြင့်မားနေပြီး။ သူက သူ့ရဲ့သွေးတစ်စက်ကနေ ပြန်လည် မွေးဖွားနိုင်ပြီး မသေမျိုး ဖြစ်နေပြီ။ ‘ထာဝရနိုင်ငံတော်’ကိုတောင် သူ့ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းထားနိုင်ခဲ့ပြီ” ဟုန်ယွိက အကြောင်းအရာ အားလုံးကို အသေးစိတ် ပြန်ပြောပြလိုက်သည်။
“အဲဒီလောက်တောင် အစွမ်းထက်တာလား။” ယွမ်ရှန်းရှန်း နားထောင်နေရင်း သူမ၏ မျက်ခုံးများမှာ ပိုမို ကြုတ်သွားကာ ‘ချွမ်း’ စာလုံးပုံစံ ဖြစ်ပေါ်လာသည်။ သူမ ဘာတွေး နေသည်ကို မည်သူမျှ မသိနိုင်ပေ။
“ဟစ်...”
သူတို့ စကားပြောနေစဉ်မှာပင် ဟုန်ယွိ၏ ထိုက်ကျိ မူလစိတ်ဝိညာဉ်မှာ တဖန် အကြိမ် အနည်းငယ် လှုပ်ခတ်သွားပြီး၊ သံယောဇဉ်မျှင်လေး အနည်းမှာ သူ့ကို ထပ်မံ ရစ်ပတ်လာ ပြန်သည်။ ၎င်းမှာ ယွမ်ရှန်းရှန်း၏ မသိစိတ်အတွင်းမှ ခံစားချက် အပြောင်းအလဲများကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
ထိုသံယောဇဉ်မျှင်များကိုလည်း ဟုန်ယွိက ဘာအမှတ်အသားမျှ မကျန်အောင် ပိတ်ဆို့ ပစ်လိုက်သည်။
“အဆင်ပြေပါတယ်။ ငါ့ကို သတ်ဖို့ဆိုတာ သူ့အတွက်လည်း မလွယ်ပါဘူး” ဟုန်ယွိက လက်ကာပြလိုက်ရင်း ပြောင်းလဲခြင်းမျှော်စင်၏ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
မျှော်စင်အောက်တွင် ဝေါယာဉ်တစ်စီး ရပ်တန့်သွားပြီး လူတစ်စု လှေကားပေါ်သို့ တက်လာကြသည်။ နာရီဝက်ခန့် ကြာပြီးနောက် လှေကားမှ ခြေသံများ ထွက်ပေါ်လာပြီး မင်းသားယု ရောက်ရှိလာခဲ့သည်။
“ဟုန်ယွိ... မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ။ ယွမ်ရှန်းရှန်းလည်း ဒီမှာ ရှိနေတာကိုး”
မင်းသားယု၏ အရှိန်အဝါမှာများစွာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အထူး သဖြင့် သူ၏မျက်ခုံးကြားရှိ ဂုဏ်ကျက်သရေနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုတို့မှာ အဆက်မ ပြတ် မြင့်တက်နေ၏။ ၎င်းမှာ သူသည် ကြီးမားသော အာဏာကို ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်ကြောင်း၊ ရှင်ခြင်းနှင့် သေခြင်းကို ထိန်းချုပ်နိုင်ပြီး စကားတစ်ခွန်းဖြင့် တစ်ပြည်နယ်လုံး သွေးချောင်းစီးစေနိုင်သော အရှိန်အဝါမျိုး ဖြစ်သည်။
ဤသည်မှာ သူ၏ ခွန်အားများ ရုတ်တရက် တိုးတက်လာမှု၏ ရလဒ်ပင် ဖြစ်သည်။ သူသည် ‘လူသားအင်မော်တယ်’ အဆင့်သို့ အတင်းကျပ် မြှင့်တင်ထားပြီး၊ ‘ကျောက်စိမ်းဧကရာဇ် ဝတ်စုံ’ ကို ဝတ်ဆင်ကာ ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များကို နားလည်သဘောပေါက်ထား သူ ဖြစ်သည်။
“မင်းသား... မကြာသေးခင်က နန်းတွင်းအခြေအနေတွေ ဘယ်လိုရှိလဲ။ ဒီနေ့ ဒီကို လာတာ ကရော အရေးကြီး ကိစ္စရှိလို့လား။” မင်းသားယု၏ ပြောင်းလဲမှုကို ကြည့်ကာ ဟုန်ယွိက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အရာအားလုံး ချောမွေ့နေတာပဲ။ အခု ငါက ဝန်ထမ်းရေးရာ ဝန်ကြီးဌာန၊ စစ်ဘက်ရေးရာ ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတွေကို ထိန်းချုပ်ထားနိုင်ပြီ။ ငါ နည်းလမ်းအချို့ကို သုံးပြီး အမှုကြီးအချို့ကို ဖော်ထုတ်နိုင်ခဲ့လို့ ‘မင်းသားဟီ’၊ ‘အိမ်ရှေ့စံမင်းသား’ နဲ့ ‘မင်းသား ချန်’ တို့ အထိနာသွားကြတယ်။ ‘ကောင်းကင်ဖြို ဧကရာဇ်’လို့ ခေါ်တဲ့ ‘မင်းသားမီ’ တစ်ယောက်ပဲ ကိုင်တွယ်ရ နည်းနည်းခက်နေတာ။”
မင်းသားယု၏ မျက်နှာတွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာပြီး၊ အာဏာကို ဆုပ်ကိုင်ထားရသည့် အရသာကို နှစ်သက်နေပုံရသည်။
“ဒီနေ့ ငါ ဒီကို လာတာက ‘ယူလူလက်’၊ ဆရာကြီး ‘ရှဲ့ဝန်ယွမ်’၊ ပြောင်းလဲခြင်းကျမ်း ရေးသားသူ မဟာဆရာသခင်အများအပြား၊ ‘မုရုံယန်’ တို့နဲ့အတူ လောကကြီးကို တုန်လှုပ် စေမယ့် ကိစ္စကြီးတစ်ခု လုပ်ဖို့အတွက်ပဲ။ ဒါပေမဲ့ ငါတို့ မင်းရဲ့ သဘောတူညီချက် လိုအပ် နေသေးတယ်” မင်းသားယုက လေးနက်စွာ ပြောလိုက်သည်။
“လောကကြီးကို တုန်လှုပ်စေမယ့် ကိစ္စတစ်ခု ဟုတ်လား။” ဟုန်ယွိ ဇဝေဇဝါ ဖြစ်သွားရ သည်။ သူသည် အနာဂတ်ကို တွက်ချက်ရန် သူ၏စွမ်းအင်များကို အလဟဿ အသုံးမပြု ခဲ့ပေ။
“ပထမအချက်ကတော့... ငါ အရာရှိတစ်စုကို စည်းရုံးထားပြီးပြီ။ မနက်ဖြန်မှာ ငါတို့က စာမေးပွဲတွေမှာ ပြောင်းလဲခြင်းကျမ်းကို ထည့်သွင်းဖို့နဲ့ မင်းကို စာစစ်မှူးချုပ်အဖြစ် ခန့်ဖို့ အသနားခံစာ တင်ကြမယ်။ ဒုတိယအချက်ကတော့... ငါ့ခမည်းတော်ကို ဖိအားပေးပြီး မင်းရဲ့ ပုံတူပန်းချီကို ‘စာစစ်ဌာန နန်းတော်’ မှာ ထားရှိပြီး လောကမှာရှိတဲ့ ပညာရှင်တွေ အားလုံးကို ကိုးကွယ်ခိုင်းမယ်။ မင်းကို သူတော်စင်တစ်ရာနဲ့ တန်းတူ ထားမှာပေါ့။ ဟုန်ယွိ... ဒီကိစ္စနှစ်ခုက လောကကို တုန်လှုပ်စေမယ်လို့ မင်းမထင်ဘူးလား။” မင်းသားယု က ဆိုသည်။
“ဘာ...” ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မင်းသားယုကို အံ့သြတကြီး ကြည့်လိုက် မိသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက “ငါ မင်းကို ရွေးချယ်ခဲ့တာ မှန်တာပဲ။ မင်းသားက တကယ်ကို ရက်ရောလာပြီပဲ။ တကယ်ကို သတ္တိရှိတဲ့ အစီအစဉ်ပဲ။” ဟု ပြောလိုက်လေသည်။
ဤကိစ္စနှစ်ခုအနက် ပြောင်းလဲခြင်းကျမ်းကို အစိုးရစာမေးပွဲ၏ အဓိကကျမ်းစာအဖြစ် သတ်မှတ်လိုက်ပါက၊ လောကရှိ လူသားအားလုံးသည် ကျမ်းစာကို ‘ဓမ္မလမ်းစဉ်’ ကျမ်းစာ အဖြစ် ဖတ်ရှုကြပေလိမ့်မည်။ ဤစည်းမျဉ်းကို ‘ယွန်မင်နိုင်ငံ’၊ ‘နတ်ဘုရားလေနိုင်ငံ’ နှင့် ‘ယွမ်တူး’ နိုင်ငံတို့တွင် ကျင့်သုံးနေပြီ ဖြစ်သော်လည်း ‘တော်ဝင်ချန်’ အင်ပါယာတွင်မူ မကျင့်သုံးရသေးပေ။ ဤအရာကိုသာ အကောင်အထည်ဖော်နိုင်ပါက ကျမ်းစာ၏ ‘ဓမ္မ လမ်းစဉ်’ အဆင့်အတန်းမှာ မည်သူမျှ မလှုပ်သာအောင် ခိုင်မာသွားပေလိမ့်မည်။
ဤစည်းမျဉ်းထက် ပိုမို အရေးကြီးသည်မှာ နောက်ဆုံးတစ်ချက် ဖြစ်သည်။ အကယ်၍ ဟုန်ယွိ၏ ရုပ်ထုကို ‘စာစစ်ဌာန နန်းတော်’ တွင် ထားရှိပြီး သူတော်စင်တစ်ရာနှင့် တန်းတူ ကိုးကွယ်ခံရမည်ဆိုပါက၊ သူသည် မည်သူမျှ မယှဉ်နိုင်သော တန်ခိုးကြီးသူတစ်ဦး ဖြစ်လာ ပေလိမ့်မည်။ ၎င်းမှာ ဤလူသားလောကတွင် အသက်ရှင်နေသော ‘သူတော်စင်အစစ်’ တစ်ဦး ဖြစ်လာခြင်းနှင့် ညီမျှပေသည်။
ဓမ္မလမ်းစဉ်ဆိုသည်မှာ အဘယ်နည်း။
၎င်းမှာ စစ်မှန်သော ဓမ္မအမွေအနှစ်ပင် ဖြစ်သည်။
လူသားလောက၏ ဖြောင့်မတ်သော လမ်းစဉ်ပင် ဖြစ်သည်။
ကျင့်ကြံမှု၏ အသီးအပွင့်ပင် ဖြစ်သည်။
ယွမ်ရှန်းရှန်းသည်လည်း မင်းသားယု၏ အတွေးကြောင့် အံ့အားသင့်သွားခဲ့သည်။ သူမက ပြောလိုက်ပါသည် “ပထမအချက်ဖြစ်တဲ့ ပြောင်းလဲခြင်းကျမ်းကို အစိုးရစာမေးပွဲမှာ ထည့်ဖို့ကတော့ ဖြစ်နိုင် ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒုတိယအချက်ကတော့ မဖြစ်နိုင် ဘူးလို့ ကျွန်မ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဟုန်ယွိက လူသားလောကမှာ ရှိနေသေးတာပဲ။ တကယ်လို့ ဟုန်ယွိသာ လူသားလောကမှာ မရှိတော့ဘူးဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ သူက အသက်ရှင်နေ သေးတာလေ၊ ဘယ်လိုလုပ် လူသားလောကရဲ့ သူတော်စင် ဖြစ်နိုင် မှာလဲ။ ဧကရာဇ် ‘ယန်ဖန်’ ကတော့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။ တကယ်လို့ ဟုန်ယွိသာ သူတော်စင် ဖြစ်သွားရင် ဧကရာဇ်ဖြစ်တဲ့ သူ့အခြေအနေက ဘာဖြစ်သွားမလဲ။ မင်း သိထားရမှာက ဧကရာဇ်ကိုယ်တိုင်တောင် စာစစ်ဌာန နန်းတော်ကို ဝင်တဲ့အခါ သူတော်စင် တစ်ရာကို ဦးညွှတ်ရတာပဲ။”
“သူ သဘောမတူရင်လည်း ငါ သူ့ကို နန်းတွင်းညီလာခံမှာ နန်းဆင်းပေးဖို့ ဖိအားပေးရမယ်။ ဒါ့အပြင် နန်းတွင်းအရာရှိတွေကလည်း အစွမ်းထက်တဲ့ ဧကရာဇ်ကို တန်ပြန်ဖို့ နောက်ထပ် သူတော်စင်တစ်ပါး ပေါ်ထွက်လာမှာကို ငြင်းဆန်ကြမှာ မဟုတ်ဘူး။ အခု အခြေအနေက အရမ်းကို သိမ်မွေ့နေပြီ၊ အားလုံးကို မနက်ဖြန် နန်းတွင်းညီလာခံမှာ ဆုံးဖြတ်ကြမှာပဲ” မင်းသားယုက သူ၏ ခိုင်မာသော သဘောထားကို ပြသလိုက်ပြီး ကျောက်စိမ်းဧကရာဇ် ဖြစ်လာရန် အားထုတ်နေတော့သည်။
အခန်း (၆၇၀)။
ကောင်းကင်ထက်၌ ကြယ်တာရာတို့မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။
အချိန်က နံနက်စောစော သုံးချက်တီးနှင့် လေးချက်တီးကြား အချိန်ဖြစ်ပြီး ကောင်းကင်မှာ မှောင်မည်းနေဆဲ ဖြစ်ကာ ညဥ့်အငွေ့အသက်မှာလည်း ဝေဝါးနေဆဲ ဖြစ်သည်။
သို့သော်လည်း နွေဦးနှင့် နွေရာသီအကူးအပြောင်း ကာလဖြစ်၍ မိုးသောက်ယံ အချိန်က စောပြီး၊ ရာသီဥတုမှာ စတင် နွေးထွက်လာနေပြီ ဖြစ်သည်။ လေပြည်ညင်းက ပန်းရနံ့များ ကို သယ်ဆောင်လာပြီး နံနက်ခင်းလေပြည်မှာ လန်းဆန်းမှုကို ပေးစွမ်းနေပါသည်။
ကျောက်စိမ်းမြို့တော်မှ တော်ဝင်နန်းတော်သို့ ဦးတည်နေသည့် လမ်းမကြီးများပေါ်တွင် ရထားလုံးများ၊ ဝေါယာဉ်များ၊ မီးအိမ်များ၊ မြင်းစီးစစ်သည်များနှင့် အစေအပါးများစွာတို့မှာ ဖြည်းညှိးစွာ လျှောက်လှမ်းနေကြ၏။ ဤသည်မှာ နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသော မြင်ကွင်းတစ်ခု ဖြစ်သည်။
တော်ဝင်ချန်မင်းဆက်တွင် စစ်ဘက်နှင့် အရပ်ဘက် အရာရှိကြီးများ၏ နံနက်ခင်း နန်းတွင်းညီလာခံ အစည်းအဝေးမှာ စတင်တော့မည် ဖြစ်သည်။
တော်ဝင်ချန်မင်းဆက်တွင် နန်းတွင်းစည်းမျဉ်းများမှာ အလွန်ပင် တင်းကျပ်လှသည်။ နေ့စဉ် နံနက် သုံးချက်တီး သို့မဟုတ် လေးချက်တီး အချိန်၊ မိုးမလင်းမီတွင် ဝန်ကြီးဌာန ခြောက်ခုမှ အရာရှိများ၊ မဟာအတွင်းဝန်များနှင့် စစ်ဘက်၊ အရပ်ဘက် အရာရှိအားလုံး သည် ‘ချန်ကန်းနန်းဆောင်’ သို့ သွားရောက်ကာ ဧကရာဇ်နှင့်အတူ အရေးကြီးသော တိုင်းပြည်အရေးများကို ဆွေးနွေးဆုံးဖြတ်ကြရသည်။ ဤသည်မှာ လွန်ခဲ့သော ၂၅ နှစ်၊ ၂၆ နှစ်ခန့်ကပင် မပြောင်းလဲဘဲ တည်ရှိခဲ့သော စည်းမျဉ်းတစ်ခု ဖြစ်သည်။
တော်ဝင်ချန်မင်းဆက်၏ အစောပိုင်း နှစ်များဖြစ်သော ထိုက်ကျုံးနှင့် ကောင်းကျုံး ဧကရာဇ်နှစ်ပါး လက်ထက်တွင်မူ ဧကရာဇ်များသည် ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစိုက် နေခဲ့ကြသဖြင့် တစ်ခါတစ်ရံ နံနက်ခင်း နန်းတွင်းညီလာခံ အစည်းအဝေးကို တက်ရောက် ခြင်း မရှိခဲ့ကြပေ။ သို့သော် စတုတ္ထမြောက် ချန်ဧကရာဇ် ယန်ဖန် နန်းတက်လာသောအခါ တွင်မူ အရာရှိအားလုံး နေ့စဉ် နံနက်ခင်း နန်းတွင်းညီလာခံ အစည်းအဝေး တက်ရောက်ရ မည်ဟူသော တင်းကျပ်သည့် စည်းမျဉ်းကို ချက်ချင်းပင် ချမှတ်လိုက်တော့သည်။
ဧကရာဇ်ကိုယ်တိုင်က စံပြအဖြစ် ဆောင်ရွက်ခဲ့သည်။ အကယ်၍ အရာရှိ တစ်ဦးဦးသည် တစ်ရက်မျှ ပျက်ကွက်ခဲ့ပါက ကြိမ်ဒဏ်ပေးခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည် ခန့်အပ်ခြင်း ခံရတော့မည် မဟုတ်ပေ။ မင်းသား များနှင့် ဝန်ကြီးချုပ်များပင်လျှင် ကင်းလွတ်ခွင့် မရှိခဲ့ပေ။
ဤစည်းမျဉ်းများမှာ အနှစ်နှစ်ဆယ်တိုင်အောင် တည်တံ့ခဲ့ပြီး နန်းတွင်းရှိ စစ်ဘက်၊ အရပ်ဘက် အရာရှိများ၏ ပျင်းရိသော အမူအကျင့်များကို တိုက်ဖျက်နိုင်ခဲ့သည်။ အရာရှိ အားလုံးမှာ သတိဝီရိယရှိရှိနှင့် တာဝန်ကျေပွန်ကြပြီး မည်သူမျှ မပေါ့ဆရဲကြတော့ပေ။ တိုင်းပြည်၏ ဧရာမ ယန္တရားကြီးမှာ နေ့ရောညပါ ရပ်တန့်ခြင်းမရှိဘဲ ပုံမှန် လည်ပတ်နေ တော့သည်။ ဤနှစ်ပေါင်းနှစ်ဆယ်အတွင်း နိုင်ငံတော်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မှာ နန်းတွင်းညီလာခံ၏ သံမဏိစည်းကမ်းများနှင့် ကင်းကွာ၍ မရနိုင်ကြောင်း ပြောဆိုနိုင် ပါသည်။
...
အရာရှိအချို့၏ ဝေါယာဉ်များမှာ ကြယ်ရောင်အောက်တွင် ရွေ့လျားနေကြပြီး သူတို့သည် ဝေါယာဉ်လိုက်ကာများကို ဖွင့်ကာ အားတက်သရော ဆွေးနွေးနေကြသည်။
“ဒီရက်ပိုင်းအတွင်းမှာ မင်းသားယုက ရုတ်တရက် ပိုပြီးတော့ အစွမ်းထက်လာသလိုပဲ။ သူက နန်းတွင်းက အမှုကြီးအချို့ကို တကယ်ကို ဖြေရှင်းနိုင်ခဲ့ပြီး တရားရေးဌာန၊ အခွန် ဌာန၊ အရာရှိများခန့်ထားရေးဌာနနဲ့ စစ်ဘက်ရေးရာဌာနတွေကို ပြန်လည် သန့်စင်ပေးခဲ့ တယ်။ အရာအားလုံးက စနစ်တကျကို ရှိသွားတာပဲ။ အရင်တုန်းက သူဟာ အစွမ်းတွေကို ဖုံးထားပြီး အချိန်ဆွဲ ဗျူဟာနဲ့ဆိုရင် တကယ့်ကို ကွာခြားသွားတာပဲ...”
“ဟုတ်တယ်၊ အိမ်ရှေ့စံမင်းသားရဲ့ လက်အောက်ငယ်သားတွေတောင် အထိနာကုန်ကြပြီ။ အိမ်ရှေ့စံမင်းသားရဲ့ လူတစ်ယောက် တရားရေးဌာနက အမှုတစ်ခုမှာ ပါဝင်ပတ်သက်နေ လို့ မင်းသားယုရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ ငါ ကြားမိတယ်။ သူက အဲဒီလူရဲ့ အိမ်ကို ချိတ်ပိတ်ဖို့ နန်းတွင်းအမိန့်ကို တရားဝင် တောင်းခံခဲ့တာတောင် ဧကရာဇ်က အဲဒီလူကို ကာကွယ်မပေးခဲ့ဘူး။”
“ဘယ်လိုလုပ် ကာကွယ်ပေးမလဲ။ အဲဒီနေ့က နန်းတွင်းညီလာခံမှာ မင်းသားယုက ဧကရာဇ်ဆီကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုက်ရိုက် တင်ပြခဲ့တာလေ။ ပြီးတော့ ဧကရာဇ်ကလည်း စည်းမျဉ်းစည်းကမ်းတွေကို အလွန် အလေးထားတဲ့ ဧကရာဇ်တစ်ပါး ဖြစ်သလို၊ သူ့ဗျူရိုကရေစီ ယန္တရားကြီးကို သန့်စင်ချင်နေတာ ထင်ရှားနေတာပဲ၊ ဒါကြောင့် သူက အဲဒီလူကို လွှတ်ပေးမှာ မဟုတ်ဘူး။”
“မင်းသားယု က အခုဆိုရင် နေ့တိုင်း အစီရင်ခံစာ တင်ပြနေတာ။ နန်းတွင်းညီလာခံ တိုင်းမှာ တစ်ခုမဟုတ်တစ်ခု ဖြစ်နေတော့တာပဲ။ တကယ့်ကို ကြောက်စရာကောင်းတယ်။ ဒီနေ့ သူ ဘာတွေများ ထပ်ပြီး တင်ပြဦးမလဲ မသိဘူး။ ငါတို့ကို ဒုက္ခမပေးရင်ပဲ တော်ပါပြီ။”
“မင်းသားယုက လူတွေကို အကြောင်းမဲ့ စွပ်စွဲမယ့်သူ မဟုတ်ပါဘူး။ မတွေ့ဘူးလား၊ ဒီရက်ပိုင်း သူတင်ပြသမျှ အချက်အလက်တွေက ခိုင်လုံပြီး၊ ခိုင်မာတဲ့ အခြေခံသဘော တရားတွေပေါ်မှာ မူတည်နေတာဆိုတော့ ဧကရာဇ်ကိုယ်တိုင်တောင် ငြင်းလို့မရဘူးလေ။” အရာရှိတစ်ဦးက ပြောလိုက်သည်။
“ဒါ့အပြင် သူက ပြဿနာတွေအတွက် ဖြေရှင်းချက်တွေကို ရှာပေးနိုင်သေးတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ အမြော်အမြင်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်ရဲ့ ပုံရိပ်ကို ပြသနေ တာပဲ။ ငါထင်တာတော့ နှိုင်းယှဉ်ကြည့်ရင် အိမ်ရှေ့စံမင်းသား၊ မင်းသားဟီ၊ မင်းသားချန်နဲ့ ဧကရာဇ် အလေးပေးတဲ့ မင်းသားမီတို့တောင် သူ့ကို မယှဉ်နိုင်သလိုပဲ... ဒီအတိုင်းသာ ဆက်သွားရင် နန်းတွင်းရဲ့ အခြေအနေတွေ ပြောင်းလဲသွားတော့မလားပဲ။”
“ရှူး... တိုးတိုးပြောစမ်း။ ဧကရာဇ်အကြံပေးဟုန်ရဲ့ ဝေါယာဉ် လာနေပြီ။ သူ့ကို မတွေ့ရ အောင် လမ်းကြားလေးထဲမှာ ခဏ ဝင်ပုန်းကြရအောင်။”
သူတို့ ကြည့်နေစဉ်မှာပင် လမ်းချိုးတစ်ခု၌ မြင်းခွာသံများ ထွက်ပေါ်လာပြီး ရာပေါင်းများ စွာသော မီးအိမ်များမှာ ထိန်ထိန်လင်းနေကာ အခမ်းအနားသုံး ထီးတော်ကြီးမှာ ရွှေရောင် တဝင်းဝင်း လက်နေ၏။ ၎င်းမှာ နံနက်ခင်း နန်းတွင်းအစည်းအဝေးသို့ လာရောက်သော ဟုန်ရွှန်ကျိပင် ဖြစ်သည်။ အရာရှိ အနည်းငယ်မှာ သူတို့၏ အစေအပါးများကို အမြန်ပင် အမိန့်ပေးကာ ဟုန်ရွှန်ကျိ၏ ဝေါယာဉ် ကျော်သွားသည်အထိ လမ်းကြားလေးထဲတွင် စောင့်နေကြသည်။
“တောက်... တောက်... အဲဒီ ‘ဖလိုင်းရင်းဖီရှူး’ (Flying Pixiu) ထီးတော်ကတော့ တကယ် ကို အရှိန်အဝါကြီးတာပဲ။ မင်းသားတစ်ပါးတောင် ဒီလောက် ဂုဏ်အသရေမျိုး မရှိဘူး။” (Flying Pixiu- ဒါမှမဟုတ် (ပျံသန်းနေသော ဖီရှူး) ဆိုတာ တရုတ်ဒဏ္ဍာရီမှာ အလွန် တန်ခိုးကြီးပြီး မင်္ဂလာရှိတဲ့ သတ္တဝါတစ်ကောင်ကို ဆိုလိုတာပါ။ ဖီရှူးဟာ တရုတ်ဒဏ္ဍာရီ လာ နဂါးဘုရင်ရဲ့ ကိုးယောက်မြောက် သားတော်လို့လည်း တချို့က ယုံကြည်ကြပါတယ်။ သူ့ရဲ့ ရုပ်သွင်က ခြင်္သေ့နဲ့ တူပေမဲ့ အတောင်ပံ ပါတတ်ပြီး တစ်ခါတရံ ဦးချိုလည်း ပါတတ် ပါတယ်။)
ဟုန်ရွှန်ကျိ ဖြတ်သွားပြီးနောက် ထိုအရာရှိများက ထပ်မံ ဆွေးနွေးကြပြန်သည်။ အကြောင်းရင်းမှာ ဟုန်ရွှန်ကျိ၏ ဝေါယာဉ်တွင် ထီးတော်တစ်ခု ပါရှိသောကြောင့် ဖြစ်သည်။ မင်းသားတစ်ပါးပင်လျှင် ထိုကဲ့သို့သော ဂုဏ်အသရေမျိုး မရှိပေ။ ၎င်းမှာ ဧကရာဇ် ယန်ဖန်က အထူး ချီးမြှင့်ထားခြင်းဖြစ်ပြီး နန်းတွင်းတွင် အမြင့်ဆုံးသော ဂုဏ်သရေတစ်ခု ဖြစ်သည်။
“ဒါကို ဧကရာဇ်က ချီးမြှင့်ထားတာလေ” အရာရှိတစ်ဦးက မျက်လုံးကို ဝေ့ကစားရင်း ပြောလိုက်သည်။ “တကယ်လို့ သူသာ သူတော်စင်လိုမျိုး ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုပြီး လောကတစ်ခွင်မှာ ကျော်ကြားလာခဲ့ရင်တော့ ဒါက တကယ့် ဂုဏ်သရေနဲ့ အရှိန်အဝါ ဖြစ်မှာပေါ့။ အခုဆိုရင် ယွမ်တူး၊ ယွန်မင်နဲ့ ဟွာလျှိုနိုင်ငံတွေမှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို နန်းတွင်းစာမေးပွဲ ဘာသာရပ်တစ်ခုအနေနဲ့ သတ်မှတ်လိုက်ကြပြီ။ နန်းတွင်းကရော ဘယ်တော့များမှ သတ်မှတ်မလဲ မသိဘူး။ လောကမှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို ဖတ်ရှုနေ တဲ့ ပညာရှင်တွေ အများကြီး ရှိတာပဲ။”
“ဒါတင်ဘယ်ကမလဲ။ အနောက်ဘက်ဒေသက ‘ဟွာလျှို’နိုင်ငံမှာတောင် အုပ်ချုပ်ရေး ကောင်းမွန်ဖို့အတွက် ‘ပြောင်းလဲခြင်းကျမ်း’ ကို ဘာသာပြန်ပြီး လူတော်လူကောင်းတွေ ရွေးချယ်ဖို့ အဓိကကျမ်းစာအဖြစ် အသုံးပြုဖို့ လူအင်အား အမြောက်အမြား စေလွှတ်နေပြီ တဲ့။” အခြားအရာရှိတစ်ဦးက ဖြည့်စွက်ပြောကြားလိုက်သည်။
“အင်း...”
ဤစကားများက အဝေးတွင် ရှိနေသော ဝေါယာဉ်အတွင်းရှိ ဟုန်ရွှန်ကျိ၏ နားထဲသို့ သဘာဝအတိုင်း ရောက်ရှိသွားတော့သည်။ ဟုန်ရွှန်ကျိ၏ သန့်စင်သော ကျောက်စိမ်းကဲ့သို့ သော လက်မှာ အနည်းငယ် တင်းသွားပြီး သူ၏ လက်ချောင်းထိပ်မှ လေလှိုင်းတစ်ခု ပေါက်ကွဲထွက်သွားသည်။ သို့သော် သူ၏ မျက်လုံးများတွင်မူ မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ ထိုအခိုက်အတန့်တွင် သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
“ဧကရာဇ်အကြံပေးကြီး... နန်းတွင်းအစည်းအဝေး သွားရအောင်ပါ”
ဝေါယာဉ်မှာ တော်ဝင်မြို့တော်၏ တံခါးဝတွင် ရပ်လိုက်သည်။ ဟုန်ရွှန်ကျိ ထမ်းစင်ပေါ်မှ ဆင်းလိုက်သည်နှင့် အခြားထမ်းစင်တစ်ခုမှာ သူ၏ဘေးတွင် ရပ်လိုက်ပြီး မင်းသားယု ထွက်လာသည်ကို မြင်လိုက်ရသည်။
“မင်းသား... ကြွပါဦး” ဟုန်ရွှန်ကျိသည် မင်းသားယုကို အနက်ရှိုင်းဆုံး ကြည့်လိုက်သည်။ ၎င်းမှာ သူ့ကို ထိုးဖောက်မြင်လိုသည့်အလားပင်။
သို့သော် မင်းသားယုကမူ ဂရုမစိုက်သည့်အလားပင်။ သူက အနည်းငယ် ပြုံးလိုက်ရင်း ယုံကြည်မှုအပြည့်ဖြင့် ‘ချန်ကန်းနန်းဆောင်’ ဆီသို့ လှောက်လှမ်းသွားတော့သည်။
...
နံနက် လေးချက်တီးအချိန်၊ ကောင်းကင်တွင် အရုဏ်ဦး၏ အလင်းရောင်ဖျော့ဖျော့ ပေါ်ထွက်လာချိန်၌ ဝန်ကြီးအမျိုးမျိုး၊ စစ်ဘက်နှင့်အရပ်ဘက် အရာရှိများနှင့် မင်းသား အသီးသီးတို့မှာ ‘ချန်ကန်းနန်းဆောင်’ တွင် စုရုံးနေကြသည်။
“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...”
မြေကမ္ဘာကို တုန်လှုပ်စေမည့် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ မဟာကမ္ဘာ လောက၏ အရှင်သခင်၊ ဧကရာဇ် ယန်ဖန်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး၊ ဟုန်ရွှန်ကျိ မှာမူ လက်အောက်ငယ်သားများ၏ ထိပ်ဆုံးတွင် ရပ်နေသည်။
“အားလုံးပဲ... တင်ပြစရာ ဘာများ ရှိကြလဲ။” ဧကရာဇ် ယန်ဖန်က နဂါးပလ္လင်ပေါ်တွင် ထိုင်ပြီးနောက် အောက်ရှိ လူများကို ဝေ့ကြည့်လိုက်ပါသည်။ သူ၏ အကြည့်မှာ လူတိုင်းကို ကြက်သီးထသွားစေပြီး တင်ပြရန် ပြင်ဆင်နေကြသော လူအချို့မှာ နောက်သို့ ဆုတ်သွား ကြသည်။
“သားတော်မှာ တင်ပြစရာ တစ်ခု ရှိပါတယ်။”
ရုတ်တရက် မင်းသားယု မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများက ဧကရာဇ် ယန်ဖန်၏ အကြည့်နှင့် ဆုံသွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“အခုဆိုရင် မင်းမှာ နေ့တိုင်း တင်ပြစရာတွေ ရှိနေတာပဲ။ ဒီနေ့ မင်း ဘာတွေ တင်ပြဦးမလဲ ခမည်းတော် သိချင်မိတယ်” ယန်ဖန်က မင်းသားယုကို ပြုံးစိစိဖြင့် ကြည့်လိုက်ပါသည်။ ဝန်ကြီးများနှင့် အရာရှိ အများအပြားသည်လည်း မင်းသားယု ဘက်သို့ လှည့်ကြည့်လိုက် ကြသည်။
“သားတော်မှာ တင်ပြစရာ အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်ကတော့... လက်ရှိ လောကတစ်ခွင်မှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို လေ့လာမှုက အတော်လေး ခေတ်စားနေပါ တယ်။ ‘ပြောင်းလဲခြင်းကျမ်း’ ပေါ်ထွက်လာတာနဲ့ ကောင်းကင်အောက်မှာရှိတဲ့ တခြား ကျမ်းစာတွေ အားလုံးက ဘာမှ မဟုတ်တော့သလိုပါပဲ။ ယင်နဲ့ယန်၊ ဓာတ်ကြီးငါးပါး၊ ထိုက်ကျိအဋ္ဌဂံပုံရိပ်၊ အစွန်းနှစ်ပါးနဲ့ နိမိတ်လေးပါး စတာတွေ အားလုံးဟာ ဒီကျမ်းစာထဲမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် အနောက်ဘက်ဒေသ၊ ယွန်မင်မြက်ခင်းပြင်နယ်မြေ၊ မြောက်ဘက်နိုင်ငံတွေနဲ့ ပင်လယ်ရပ်ခြားက နိုင်ငံအသီးသီးမှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို သူတို့ရဲ့ နန်းတွင်းစာမေးပွဲ ဘာသာရပ်အဖြစ် သတ်မှတ်လိုက်ကြပါပြီ။ သားတော်တို့ရဲ့ ခန့်ညားထည်ဝါလှတဲ့ ကောင်းကင်အင်ပါယာကြီးကတော့ ‘ပြောင်းလဲခြင်းကျမ်း’ ရဲ့ မူလ အစဖြစ်ပေမဲ့ အခုထိတော့ ပြောင်းလဲခြင်းကျမ်းကို ‘အစစ်အမှန် ဓမ္မလမ်းစဉ်’ အဖြစ် မသတ်မှတ်ရသေးပါဘူး။ ဒါကြောင့် အခု သားတော်က ‘ပြောင်းလဲခြင်းကျမ်း’ ကို နိုင်ငံတော်ကျမ်းစာအဖြစ် သတ်မှတ်ပေးဖို့နဲ့ ပညာရှင်အားလုံး မဖြစ်မနေ လေ့လာပြီး စာမေးပွဲဖြေဆိုရမယ့် ဘာသာရပ်အဖြစ် သတ်မှတ်ပေးဖို့ အသနားခံစာ တင်ပြအပ်ပါ တယ်။”
မင်းသားယု၏ စကားဆုံးသည်နှင့် နန်းဆောင် တစ်ခုလုံးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပါ တော့သည်။
“အဓိပ္ပာယ်မရှိတာ”
ဟုန်ရွှန်ကျိက ရုတ်တရက် စကားပြောလိုက်သည်။ “ယင်နဲ့ယန်၊ ဓာတ်ကြီးငါးပါး၊ အစွန်းနှစ်ပါး၊ နိမိတ်လေးပါး၊ ထိုက်ကျိနဲ့ အဋ္ဌဂံပုံရိပ်တွေဆိုတာ တာအိုကျင့်ကြံသူတွေရဲ့ အသိပညာတွေပဲ။ ခေတ်အဆက်ဆက်မှာ ကွန်ဖြူးရှပ်ဝါဒကပဲ အခြေခံ ဖြစ်ခဲ့ပြီး၊ ကျင့်ဝတ်၊ ယဉ်ကျေးမှု၊ သစ္စာရှိမှုနဲ့ မိဘအပေါ် သိတတ်ရိုသေမှုတွေကပဲ စာမေးပွဲရဲ့ ဘာသာရပ်တွေ ဖြစ်ခဲ့တာ။ ဒီ ‘ပြောင်းလဲခြင်းကျမ်း’ ကို စာမေးပွဲထဲမှာ ဘယ်လိုလုပ် ထည့်သွင်းလို့ ရမှာလဲ။ မင်းသားယု... အမှားမလုပ်မိပါစေနဲ့။”
“ယင်နဲ့ယန်၊ ဓာတ်ကြီးငါးပါး၊ အစွန်းနှစ်ပါး၊ နိမိတ်လေးပါး၊ ထိုက်ကျိနဲ့ အဋ္ဌဂံပုံရိပ်တွေက တာအိုကျင့်ကြံသူတွေရဲ့ ပညာရပ်လို့ ဘယ်သူပြောလဲ၊ ဟုန်ရွှန်ကျိ... ခင်ဗျားရဲ့ ပညာရပ်က မစင်ကြယ်ဘူးပဲ။ ယင်နဲ့ယန်ဆိုတာ ကောင်းကင်ဘုံရဲ့ နိယာမ၊ ဓာတ်ကြီးငါးပါးဆိုတာ စစ်မှန်တဲ့ အမှန်တရားတွေပဲ၊ နက္ခတ်ဗေဒနဲ့ ပထဝီဝင်ဆိုတာ ‘ပြောင်းလဲခြင်းကို’ ဖွဲ့စည်း ထားတာ။ ‘ပြောင်းလဲခြင်းကျမ်း’ ဆိုတာ ဘာလဲ၊ ကျွန်တော့်အမြင်မှာတော့ ခင်ဗျားရေးခဲ့တဲ့ စာအုပ်တွေကမှ တကယ့် လမ်းမှားစာအုပ်တွေပဲ။ အဲဒီစာအုပ်တွေက ရှေးဟောင်း သူတော်စင်ကြီးတွေရဲ့ လမ်းစဉ်ကို အဓိပ္ပာယ်လွဲစေပြီး ယဉ်ကျေးမှုတွေကို ပုံပျက်အောင် လုပ်နေတာ။”
ထိုစဉ်မှာပင် စိတ်အားထက်သန်သော အသံတစ်ခု နန်းတော်အတွင်း ဟိန်းထွက်လာသည်။ အရာရှိများ ကြည့်လိုက်သည့်အခါ ထိုသူမှာ အတွေးကျောင်းတော်မှ လီရှန်ကွမ် ဖြစ်နေ သည်ကို တွေ့လိုက်ရသည်။ လူတိုင်း ပြဇာတ်ကြည့်ရသလို မျက်နှာပေးများ ဖြစ်သွားကြ သည်။
ဤလီရှန်ကွမ်နှင့် ဟုန်ရွှန်ကျိတို့သည် နန်းတွင်းတွင် နိုင်ငံရေးရန်သူများ ဖြစ်ရုံသာမက၊ သူတို့၏ ပညာရပ်ဆိုင်ရာ အမြင်များမှာလည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြသည်။ တစ်ဦးမှာ အတွေးပညာရပ်ကို ယုံကြည်ပြီး နောက်တစ်ဦးမှာ နီယို-ကွန်ဖြူးရှပ်ဝါဒကို ယုံကြည်သဖြင့် အမြဲတမ်း ပြင်းထန်စွာ ငြင်းခုံလေ့ ရှိကြသည်။
“နန်းတွင်းဆိုတာ သိက္ခာရှိတဲ့နေရာပဲ။ လီရှန်ကွမ်... ကိုယ့်ကိုယ်ကိုယ် ထိန်းပါဦး။” ဟုန်ရွှန်ကျိက သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားရင်း တင်းမာစွာ ပြောလိုက်သည်။
“ကျွန်တော်က ယုတ္တိရှိရှိ ငြင်းခုံနေတာပဲ။ ဧကရာဇ်အကြံပေးဟုန်က ကျွန်တော့်ကို မနှစ်မြို့ လို့ သတ်ချင်နေတာလား။”
လီရှန်ကွမ်က အေးစက်စွာ ပြုံးလိုက်ပြီး “အကြံပေးကြီးရဲ့ သိုင်းပညာလမ်းစဉ်က နက်ရှိုင်း ပြီး ‘လူသားအင်မော်တယ်’ အဆင့်ကို ရောက်နေပြီဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ကို သတ်ဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါပေမဲ့ လောကမှာ ‘ပြောင်းလဲခြင်းကျမ်း’ ကို လေ့လာနေသူတွေ အားလုံးကိုရော ခင်ဗျား သတ်နိုင်ပါ့မလား။ ဟုန်ယွိဟာ ခင်ဗျားရဲ့ သားဖြစ်သလို ကျွန်တော့်ရဲ့ တပည့်လည်း ဖြစ်ပေမဲ့၊ သူ့ရဲ့ အသိပညာကတော့ ခင်ဗျားရော ကျွန်တော့်ထက်ပါ အများကြီး သာလွန်ပါတယ်။ ပညာရပ်မှာ ဘယ်သူ အရင်တတ်တယ်၊ နောက်မှ တတ်တယ်ဆိုတာ အရေးမကြီးဘူး၊ နားလည်တဲ့သူကသာ ဆရာပဲ။ ခင်ဗျား အဲဒီလောက်တောင် မနာလို ဖြစ်နေတာလား။ နန်းတွင်းကနေ အရည်အချင်းရှိသူတွေ ရွေးချယ်မှာကို ခင်ဗျား တားဆီးချင်နေတာလား။”
“အရှင်မင်းကြီး... ‘ပြောင်းလဲခြင်းကျမ်း’ ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ ကျမ်းစာ ဖြစ်ပါ တယ်။ စာလုံးတိုင်းက ရတနာတွေလို တန်ဖိုးရှိပြီး ဖတ်ရှုရတာဟာ အကျိုးကျေးဇူး များလှ ပါတယ်။ တကယ်လို့ ဒီကျမ်းကို စာမေးပွဲမှာ ထည့်သွင်းနိုင်မယ်ဆိုရင် နန်းတွင်းနဲ့ လောကကြီးအတွက် အကျိုးရှိမှာပါ။ ကျွန်တော် မင်းသားယုရဲ့ တင်ပြချက်ကို ထောက်ခံပါ တယ်”
ထိုသို့ ပြောပြီးနောက် လီရှန်းကွမ်က လက်အုပ်ချီ အရိုအသေ ပေးလိုက်သည်။
“ကျွန်တော်လည်း မင်းသားယုရဲ့ အကြံပြုချက်ကို ထောက်ခံပါတယ်”
အခြားသော ဝန်ကြီးအဖွဲ့ဝင် တစ်ဦးလည်း ရှေ့သို့ ထွက်လာပြန်သည်။ ထိုသူမှာ ကွန်ဖြူးရှပ် မဟာပညာရှင်တစ်ဦးဖြစ်သော ‘ဝူယန်’ ဖြစ်ကြောင်း လူတိုင်း မြင်လိုက်ကြ သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ‘ပြောင်းလဲခြင်းကျမ်း’ ကို လေ့လာခဲ့ပြီး စာအုပ် များစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူသည် အဋ္ဌဂံပုံရိပ်၏ အပြောင်းအလဲများကို တွက်ချက် ရာတွင် အလွန် တိကျသူ ဖြစ်သည်။ မယ်တော်ကြီးပင်လျှင် သူ့ကို နန်းတော်ထဲသို့ ခေါ်ယူ ကာ ဗေဒင်မေးမြန်းလေ့ ရှိသည်။
“ကျွန်တော်လည်း ထောက်ခံပါတယ်။ ‘ပြောင်းလဲခြင်းကျမ်း’ က အလွန် နက်ရှိုင်းပါတယ်။ လောကမှာရှိတဲ့ ပညာရှင်တွေကို ဒီကျမ်းကို ဖတ်ခိုင်းပြီး သူတို့ရဲ့ အမြင်တွေကို တင်ပြခိုင်း မယ်ဆိုရင် လူတော်တွေ ရွေးချယ်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်။” အခြားဝန်ကြီးတစ်ဦးလည်း ရှေ့သို့ တက်လာပြန်သည်။
ထိုအခိုက်အတန့်တွင် မင်းသားယုက အနည်းငယ် ချောင်းဟန့်လိုက်ရာ ချက်ချင်းပင် သူ၏ ဘက်တော်သား အရာရှိများစွာတို့မှာ ဒူးထောက်လိုက်ကြပြီး “ကျွန်တော်မျိုးတို့လည်း နန်းတွင်းကနေ ‘ပြောင်းလဲခြင်းကျမ်း’ ကို နန်းတွင်းစာမေးပွဲမှာ ထည့်သွင်းပေးဖို့ အသနား ခံပါတယ်” ဟု တစ်ညီတစ်ညွတ်တည်း တင်ပြကြတော့သည်။
ခဏချင်းမှာပင် နန်းတွင်းညီလာခံမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လောင်စာခြောက်ထဲသို့ မီးတောက်တစ်ခု ကျရောက်သွားသလိုပင် လောကတစ်ဝှမ်းသို့ ပျံ့နှံ့သွားနိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်။
မူလက နန်းတွင်း၌ အုပ်စုအမျိုးမျိုး ရှိကြသည်။ မင်းသားယုက တစ်အုပ်စု၊ မင်းသားဟီက တစ်အုပ်စု၊ အိမ်ရှေ့စံမင်းသားက တစ်အုပ်စု၊ ဟုန်ရွှန်ကျိက တစ်အုပ်စုနှင့် မည်သည့်အုပ်စု တွင်မျှ မပါဝင်သော ဝန်ကြီးအချို့လည်း ရှိသည်။ ထိုသူတို့မှာ အသိပညာ ကြွယ်ဝကြပြီး ကြားနေသူများ ဖြစ်ကြသည်။
သို့သော် ယခုအခါ ထိုကြားနေအုပ်စုများ အားလုံးက ‘ပြောင်းလဲခြင်းကျမ်း’ ကို ထောက်ခံ ရန် ထွက်လာကြသဖြင့် အခြားအုပ်စုများမှာ ငြိမ်ကျသွားကြပြီး၊ နန်းတွင်းတွင် မရေရာ သော လှိုင်းလုံးကြီးတစ်ခု ပေါ်ပေါက်လာနေသည်ကို သူတို့ ခံစားမိလိုက်ကြသည်။
“ဟင်”
တော်ဝင်ချန်မင်းဆက်၏ ဧကရာဇ် ယန်ဖန်သည် သစ္စာရှိသော ဝန်ကြီးအနည်းငယ်ကို ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပါသည်။ ‘ပြောင်းလဲခြင်းကျမ်း’ ၏ စွမ်းအားကို ယခုမှပင် သူ အမှန်တကယ် နားလည်လိုက်တော့သည်။ ၎င်းက သူ၏ ရာဇပလ္လင်ကိုပင် တုန်လှုပ်စေနိုင်သည့် အစွမ်းရှိနေသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ဟုန်ရွှန်ကျိကို ကြည့်ကာ ပြောလိုက်သည်။
“ဝန်ကြီးအဖွဲ့ဝင်တွေ အားလုံးက ဒီကိစ္စကို သဘောတူကြတဲ့အတွက် ငါကိုယ်တော်လည်း သဘောတူတယ်။ ဒါပေမဲ့ လီရှန်ကွမ်... မင်းကတော့ နန်းတွင်းမှာ အော်ဟစ်တတ်တဲ့ မင်းရဲ့ စရိုက်ကို မပြင်နိုင်သေးဘူးပဲ။ ဒါဟာ ယဉ်ကျေးမှု တကယ်ကို ကင်းမဲ့လွန်းတယ်။ ဒီနေ့က စပြီး မင်းဟာ ဝန်ကြီးအဖွဲ့ဝင် တစ်ယောက် မဟုတ်တော့ဘူး။ မင်းကို တော်ဝင် စာကြည့် တိုက်ရဲ့ အယ်ဒီတာချုပ်အဖြစ် ခန့်အပ်လိုက်တယ်။”
ဝုန်း...
နန်းတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဤသည်မှာ လီရှန်ကွမ်ကို ရာထူးမှ ဖယ်ရှား လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဧကရာဇ် ယန်ဖန်၏ သဘောထားမှာ ဟုန်ရွှန်ကျိ ဘက်သို့ လုံးဝ ယိမ်းယိုင်နေကြောင်း သိနိုင်သည်။ သူသည် ‘ပြောင်းလဲခြင်းကျမ်း’ ကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခကို လီရှန်ကွမ် အပေါ်သို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ဝန်ကြီးများအတွက် သတိပေးချက်တစ်ခု လည်း ဖြစ်သည်။
“ခမည်းတော်ရဲ့ ဒီအကွက်က တကယ်ကို လှပတာပဲ...” မင်းသားယု၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။
“အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်လှပါတယ်။ ကျွန်တော်မျိုး ကိုယ်တိုင်လည်း ‘ပြောင်းလဲခြင်းကျမ်း’ ကို အေးအေးဆေးဆေး လေ့လာဖို့ စိတ်ကူးထား တာ ကြာပါပြီ။ ဒါပေမဲ့ တော်ဝင်စာကြည့်တိုက် အယ်ဒီတာချုပ် ရာထူးကတည်း သိပ်ပြီး အေးဆေးမယ် မထင်ဘူး။ ကျွန်တော်မျိုး အခုပဲ ရာထူးကနေ နုတ်ထွက်ပြီး တောထွက် တော့မယ်။ ဒါပေမဲ့ ကျွန်တော်မျိုး မထွက်ခွာခင် အရှင်မင်းကြီးကို စကားအနည်းငယ် သတိပေးချင်ပါတယ်။ သူတော်ကောင်းတွေနဲ့ နီးနီးကပ်ကပ်နေပြီး မသူတော်တွေကို ဝေးဝေးက ရှောင်ပါ။ ဒါဟာ တိုင်းပြည် ကြီးပွားတိုးတက်စေမယ့် လမ်းစဉ်ပါပဲ။”
ထိုသို့ ပြောပြီးနောက် လီရှန်ကွမ်သည် သူ၏ ဦးထုပ်ကို မြေပြင်ပေါ်တွင် ချထားခဲ့ပြီး တည်ငြိမ်စွာပင် နောက်ဆုတ် ထွက်ခွာသွားတော့သည်။
ထင်ရှားပြီး ဖြောင့်မတ်လှသော ဝန်ကြီးတစ်ဦး နန်းတွင်းညီလာခံ ရှေ့မှောက်မှာပင် ယခုလို နုတ်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် အရာရှိများစွာ၏ နှလုံးသားမှာ တုန်လှုပ်သွားကြ ပြီး အချို့မှာ ဧကရာဇ် ယန်ဖန်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ဧကရာဇ် ယန်ဖန်၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ ပေါ်မလာပေ။
...
“နောက်ထပ် အချက်တစ်ချက် ကျန်ပါသေးတယ်။ မင်းသားယု... ဆက်ပြီး တင်ပြပါ” ဧကရာဇ် ယန်ဖန်က လီရှန်ကွမ် ထွက်သွားသည်ကို ကြည့်ရင်း ပြောလိုက်သည်။ သူ၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသော်လည်း အတွင်းစိတ်မှာမူ အလွန်ပင် နေရခက်နေ သည်။ ဝန်ကြီးတစ်ဦးအနေဖြင့် လီရှန်ကွမ်မှာ အလွန် အရည်အချင်းရှိသူ ဖြစ်သည်။ ဒါ့အပြင် သူ၏ ဖြောင့်မတ်စင်ကြယ်သော နာမည်ကျော်ကြားမှုက ဘုရင်ခံများ အားလုံးကို ပင် တုန်လှုပ်စေခဲ့သည်။ ယခု သူ နုတ်ထွက်သွားခြင်းက ထွက်သွားခြင်းမှာ ကြီးမားသော ဂယက်ရိုက်မှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
“တကယ်လို့ ‘ပြောင်းလဲခြင်းကျမ်း’ သာ မရှိရင် ဒီလီရှန်ကွမ်က ဒီလောက် အလွယ်တကူ နုတ်ထွက်သွားမှာ မဟုတ်ဘူး...”
“သူတော်စင်ယွီကျီ (ပြောင်းလဲခြင်းကျမ်း၏ သားတော်) ရဲ့ ရုပ်တုတော်ကို သူတော်စင် တစ်ရာနဲ့အတူ ယှဉ်တွဲပြီး စိုက်ထူပေးဖို့ တောင်းဆိုပါတယ်” မင်းသားယုက တင်ပြလိုက် သည်။
သူ ပြောလိုက်သော စကားလုံးတိုင်းက နန်းတွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေတော့သည်။
“နန်းတွင်းညီလာခံ ရုတ်သိမ်းပြီ” မင်းသားယု စကားဆုံးသည်နှင့် ဧကရာဇ် ယန်ဖန်က မတ်တတ်ရပ်လိုက်ပါသည်။ “ဒီကိစ္စကို မနက်ဖြန်မှ ဆွေးနွေးမယ်။”
“အရှင်မင်းကြီး နန်းတော်သို့ ပြန်ကြွပါပြီ” မိန်းမစိုးတစ်ဦးက အော်ဟစ်လိုက်ပြီး နန်းတွင်း ညီလာခံ အစည်းအဝေး ပြီးဆုံးသွားတော့သည်။
ယနေ့ နန်းတွင်းညီလာခံ အစည်းအဝေးမှာ တကယ်ကို ပေါက်ကွဲသွားသည့် နတ်ဘုရား ဖောက်ခွဲရေး လက်နက်တစ်ခုလို ဖြစ်နေတော့သည်။
မွန်းတည့်အချိန်တွင် ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ ကျောင်းတော်၌ လီရှန်ကွမ်နှင့် တွေ့ဆုံလိုက်သည်။
“ဟုန်ယွိ... ငါ့ကို ကိစ္စတစ်ခု ကူညီစမ်းပါ။ မင်းအနေနဲ့ မိသားစုထက် တရားမျှတမှုကို ရှေ့တန်းတင်ရမယ်။ ငါ အခု လူထုကြားထဲကို သွားပြီး ဟုန်ရွှန်ကျိရဲ့ ပြစ်မှုတွေအားလုံးကို စာရင်းပြုစုပြီး ရှုတ်ချစာ ရေးသားတော့မယ်။ အရှိန်အဟုန် ရလာတာနဲ့ ငါ ဘုရင်ခံတွေ အားလုံးကို ဆင့်ခေါ်ပြီး ဧကရာဇ်ရဲ့ ဘေးနားမှာရှိတဲ့ မသူတော်တွေကို ရှင်းလင်းပြီး ဟုန်ရွှန်ကျိကို အပြစ်ပေးခိုင်းရမယ်” လီရှန်ကွမ်က ဟုန်ယွိ၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တော့သည်။
စာစဉ် (၆၄) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။