အခန်း ၁၇၆
Vol. 17 Ch. 176
အခန်း ၁၇၆ - ကျရှုံးခြင်း (၃)
ဂူရှင်းယွဲ့ ရေသောက်ပြီးနောက် ချန်အန်သည် သူမကို ကုတင်ပေါ်တွင် စောင်သေသေချာချာ ခြုံပေးလိုက်ပြီး အခန်းထဲမှ ထွက်ခွာရန် မတ်တတ်ထရပ်လိုက်သည်။
သို့သော်လည်း သူ ကုတင်ပေါ်မှ ထရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဂူရှင်းယွဲ့သည် လက်ကိုဆန့်ထုတ်ကာ သူ့အင်္ကျီကို ဆွဲကိုင်ထားပြီး အပြင်သို့ ပေးမထွက်ခဲ့ပေ။
"ယောက်ျား.. ကျမနဲ့အတူတူ လာအိပ်ပေးလို့ ရမလား"
ဂူရှင်းယွဲ့အနေဖြင့် ဤကဲ့သို့ ကလေးဆန်ဆန် ဂျီကျတောင်းဆိုဖူးသည်မှာ အလွန်ရှားလှပေသည်။ သူမ၏ လှပသော မျက်နှာထက်တွင် သနားစဖွယ် အမူအရာလေး တစ်ခု ပေါ်ထွက်နေ၏။
ဤရေခဲမင်းသမီးလေးကဲ့သို့သော ဇနီးငယ်လေးသည်ပင် ခင်ပွန်းသည်၏ အလိုလိုက် အသည်းယားခြင်းကို ခံချင်သဖြင့် သနားစဖွယ် မျက်နှာပေးမျိုး လုပ်တတ်လာခဲ့ပြီတကား။
ဤသို့ တွေးမိကာ ချန်အန်သည် ကုတင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး ဖိနပ်ကိုချွတ်ကာ စောင်ထဲသို့ တိုးဝင်လျက် ဂူရှင်းယွဲ့ကို ပွေ့ဖက်လိုက်တော့သည်။ သူသည် သူမ၏ မျက်နှာလေးကို မိမိမျက်နှာနှင့် ကပ်လိုက်ရင်း ညင်သာစွာ ဆိုလိုက်သည်။ "ရတာပေါ့... မင်းက ငါ့ရဲ့ ဇနီး ငါက မင်းရဲ့ ခင်ပွန်းပဲဟာ။ နောက်ဆိုရင်လည်း ဒီလိုမျိုး စိတ်ကြိုက်တောင်းဆိုလို့ရပါတယ်"
"ယောက်ျား..."
ဂူရှင်းယွဲ့၏ လေသံမှာ နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် ချန်အန်၏ ရင်ခွင်ထဲတွင် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ကွေးကွေးလေး မှီတွယ်ရင်း သူ၏ ရင်ဘတ်ထဲမှ ထွက်ပေါ်နေသော နှလုံးခုန်သံကို နားထောင်နေခဲ့သည်။ ၎င်းက သူမကို အလွန် စိတ်အေးချမ်းသာ ရှိစေခဲ့၏။
ချန်အန်က ဘာမှထပ်မပြောတော့ဘဲ ဂူရှင်းယွဲ့ကို တိတ်တဆိတ် ပွေ့ဖက်ထားရင်း ချော့သိပ်လိုက်သည်။
မကြာမီမှာပင် ဂူရှင်းယွဲ့ အိပ်ပျော်သွားခဲ့လေသည်။
အပြင်ဘက် ကောင်းကင်ကြီးမှာ လုံးဝလင်းထိန်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချန်အန်သည် ကုတင်ပေါ်မှ အသာအယာ ထကာ ထွက်လာခဲ့သည်။ သူသည် ဇနီးသည်များနှင့် သမီးများအတွက် မနက်စာ ပြင်ဆင်ပေးရန် မီးဖိုချောင်သို့ သွားလိုခြင်း ဖြစ်သည်။
ဒါက အဓိကအားဖြင့် ဆောင်ဟွာယင်းနှင့် သမီးနှစ်ယောက်အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။
ဂူရှင်းယွဲ့မှာမူ ဆေးဖော်စပ်ခန်းထဲတွင် ဗိုက်ပြည့်အောင် စားထားခဲ့ပြီးပြီ ဖြစ်သဖြင့် ထပ်မံ စားသောက်ရန် မလိုတော့ပေ။
ဝမ်ကျိယန်နှင့် ရှန်းချင်းယီတို့မှာမူ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားကြသဖြင့် နေ့တိုင်း မနက်စာ စားရန် မလိုအပ်ကြချေ။
ဖတ်... ဖတ်... ဖတ်...
ဝမ်ကျိယန်၏ အခန်းဘေးမှ ဖြတ်အသွားတွင် ချန်အန်သည် အခန်းထဲမှ အသားကို ရိုက်လိုက်သည့် စူးရှသော လက်ဝါးစောင်းရိုက်သံ အချို့ကို ရုတ်တရက် ကြားလိုက်ရလေသည်။
ထို့နောက် ဝမ်ကျိယန်၏ တင်းကြပ်ပြတ်သားလှသော ဆူပူကြိမ်းမောင်းသံနှင့် သူ၏ သမီးငယ်လေး၏ အော်ဟစ်ငိုယိုသံတို့ ထွက်ပေါ်လာခဲ့သည်။
"ပြောစမ်း... နောက်တစ်ခါ အိပ်ရာထဲ သေးထပ်ပန်ဦးမှာလား"
"မေမေ... သမီး မလုပ်ရဲတော့ပါဘူး။ နောက်ဆို အိပ်ရာထဲ သေးမပေါက်ရဲတော့ပါဘူး။ အီးဟီးဟီး..."
"နောက်ဆို ညဘက် သေးပေါက်ချင်ရင် ကိုယ့်ဘာသာ ထပြီး အိမ်သာသွားရမယ်၊ ကြားလား"
"သမီး... သမီး တောင်းပန်ပါတယ် မေမေ" ချန်ယီခဲ့သည် အောက်ကျို့သော လေသံလေးဖြင့် တောင်းပန်ရှာသည်။
ချန်အန်သည် မူလက အခန်းထဲသို့ ဝင်သွားပြီး ကလေးကို ခဏခဏ မရိုက်ရန်နှင့် ဤကဲ့သို့သော ဆုံးမသွန်သင်နည်းမျိုးမှာ မှားယွင်းကြောင်း ဝမ်ကျိယန်ကို ပြောပြချင်မိသည်။
သို့သော်လည်း သေချာ စဉ်းစားပြီးနောက်တွင်မူ သူ ဘာမှမပြောတော့ရန်သာ ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒါက တင်ပါးကို ရိုက်နှက်ရုံမျှသာ မဟုတ်ပါလား။ ကလေးကို ဤကဲ့သို့ စည်းကမ်းရှိအောင် ဆုံးမပါစေတော့။
လွန်လှလျှင် နောက်နောင်တွင် သူမက အမိတင်းကြပ်ပြီး မိမိက အဖေကြင်နာသူ ဖြစ်ပေးလိုက်ရုံမျှသာ။
ဆယ်ရက် ထပ်မံ ကုန်ဆုံးသွားခဲ့သည်။
ဤအချိန်တွင် ချန်အန်သည် အဆင့် ၃ ရတနာဆေးလုံး ငါးမျိုးစလုံး၏ ဖော်စပ်မှုအတတ်ကို အထွတ်အထိပ်အဆင့်အထိ ကောင်းမွန်စွာ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဈေးသို့သွားကာ လေ့လာရန်အတွက် ဆေးလုံးဖော်စပ်နည်း လမ်းညွှန်ချက် အသစ်များကို ဝယ်ယူရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
သို့သော်လည်း ထိုသို့ မလုပ်ဆောင်မီတွင် သူသည် စီးပွားရေးလုပ်ငန်းစုကြီးများ၌ ရောင်းချကာ ငွေရှာနိုင်ရန်အတွက် ယခုလေးတင် တတ်မြောက်ထားသော အဆင့် ၃ ရတနာဆေးလုံး ငါးမျိုးကို အရေအတွက် အမြောက်အမြား ကြိုတင်ဖော်စပ်ထားရဦးမည် ဖြစ်သည်။
နောက်ဆုံးတော့ အဆင့် ၃ ရတနာဆေးလုံး လမ်းညွှန်ချက်များမှာ မတန်တဆ ဈေးကြီးလွန်းလှသည် မဟုတ်ပါလား။
အကယ်၍ သူ ငွေအချို့ ကြိုတင်မရှာထားပါက တကယ်ကို ဝယ်ယူနိုင်မည်မဟုတ်ပေ။
ဧည့်ခန်းမဆောင်အတွင်း၌ ချန်အန်သည် လွန်ခဲ့သည့် ရက်ပိုင်းက ဖော်စပ်ထားသော အဆင့် ၃ ရတနာဆေးလုံးများကို ယူဆောင်ကာ ဈေးသို့သွားရန် ပြင်ဆင်လိုက်သည်။
"ဖေဖေ... သမီး ဝိညာဉ်မုန့်စားချင်တယ်၊ ပြန်လာရင် နည်းနည်းလောက် ဝယ်ပေးပါနော်"
ဖေဖေ ခရီးထွက်တော့မည်ကို မြင်လိုက်ရသဖြင့် သမီးကြီးဖြစ်သူ ချန်ယုကျန်းသည် အခန်းထဲတွင် ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအား ဆွဲသွင်းနည်း ကျင့်စဉ်ကို ဆက်လက်မလေ့ကျင့်တော့ဘဲ အလျင်အမြန် ပြေးထွက်လာကာ သူမ၏ ဖခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။
ချန်အန်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း - "ရတာပေါ့... ဖေဖေ သမီးအတွက် ဝိညာဉ်မုန့် အနည်းငယ် ဝယ်ခဲ့ပေးမယ်" ဟု ဆိုလိုက်သည်။
ထိုအချိန်မှာပင် သူ၏ သမီးအငယ်ဆုံး ချန်ယီခဲ့သည်လည်း အခန်းထဲမှ ပြေးထွက်လာခဲ့သည်။ သူမသည် ဖခင်ဖြစ်သူ၏ ပေါင်ကို ဖက်တွယ်လိုက်ရင်း - "ဖေဖေ... သမီးလည်း ဝိညာဉ်မုန့် စားချင်တယ်" ဟု အော်ပြောပြန်သည်။
ချန်အန် ပြန်လည်မတုံ့ပြန်ရသေးမီမှာပင် ဘေးနားရှိ ဝမ်ကျိယန်က စိတ်ပျက်လက်ပျက်ဖြင့် - "မင်းကတော့လေ အစားမက်တဲ့ ကလေးပဲ... နင့်ဖေဖေက မုန့်အနည်းငယ် ဝယ်ခဲ့မယ်လို့ ပြောပြီးပြီပဲဟာ။ အတူတူ မျှစားရင် အဆင်ပြေတာကို ဘာဖြစ်နေတာလဲ" ဟု ဆိုလိုက်သည်။
"မလောက်ဘူး"
"မုန့်က နည်းနည်းလေးပဲ ရှိမှာ။ မျှစားရင် မလောက်ဘူး"
"သမီးက အများကြီး စားချင်တာ"
ချန်ယီခဲ့သည် ပုံမှန်အတိုင်းပင် သူမ၏ အဆုတ်ကွဲမတတ် အသံကုန် အော်ဟစ်လိုက်ပြန်သည်။
ဝမ်ကျိယန်သည် အလွန် ဆူညံသည်ဟု ခံစားလိုက်ရသဖြင့် ချက်ချင်းပင် သူမကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည်။
သမီးငယ်လေးသည် ချက်ချင်းပင် လန့်ဖျန့်သွားကာ ဆက်ပြီး မအော်ရဲတော့ချေ။
သမီးကြီးမှာမူ ဘေးနားမှနေ၍ ထိုမြင်ကွင်းကို ပြုံးစိစိဖြင့် ကြည့်နေခဲ့သည်။
ဝမ်ကျိယန်သည် အစားမက်သည့် သမီးငယ်လေးကို ဆွဲခေါ်လိုက်ပြီး ချန်အန်ကို ပြောလိုက်သည်။
"ယောက်ျား... ဒီတစ်ခေါက်ကျရင် ကျမတို့ ညီအစ်မတွေအတွက် အလှဆင် ကျောက်မျက်ရတနာတွေ ထပ်ဝယ်မလာပါနဲ့တော့။ ကျမတို့မှာ ရှိတာတင် လုံလောက်နေပါပြီ ယောက်ျားအနေနဲ့ ဆေးလုံးလမ်းညွှန်ချက်တွေ ဝယ်ဖို့အတွက် ငွေကို ပိုပြီး စုဆောင်းထားသင့်တယ်"
"ဟုတ်ပါတယ် ယောက်ျား... ကျမတို့ ညီအစ်မ လေးယောက်စလုံးမှာ အလှဆင် ပစ္စည်း အများကြီး ရှိနေပါပြီ" ဟု ဆောင်ဟွာယင်းကလည်း ထောက်ခံပြောဆိုသည်။
ချန်အန်က ပြုံးလိုက်ပြီး - "ကိစ္စမရှိပါဘူး။ အလှဆင် ရတနာအချို့ ဝယ်တာက ငွေအများကြီး မကုန်ပါဘူး။ မင်းတို့မှာ ရတနာတွေ အလုံအလောက် ရှိနေပြီဆိုရင်တော့ ယောက်ျား ဟိုဘက်မှာသင့်တော်မယ့် တခြား လက်ဆောင်ပစ္စည်းမျိုး ရှိ၊ မရှိ သွားကြည့်လိုက်မယ်။ တွေ့ရင် ဝယ်ခဲ့ပေးပါ့မယ်" ဟု ဆိုသည်။
ရှန်းချင်းယီက - "ယောက်ျား... တကယ်ကို မလိုပါဘူး။ ကျမတို့ အမကြီး နှစ်ယောက်ရဲ့ စကားကို နားထောင်ပြီး ငွေကိုပဲ ပိုစုထားရအောင်ပါ" ဟု ဖျောင်းဖျသည်။
ချန်အန်က ဂရုမစိုက်ဟန်ဖြင့် - "ငွေက ဘာလို့ စုနေရမှာလဲ"
"ဈေး သိပ်မကြီးတာမျိုးပဲ ရွေးဝယ်မှာပါ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးထက် ပိုမကုန်စေရပါဘူး"
"ကဲ... ဆက်မပြောကြနဲ့တော့၊ ယောက်ျား သွားတော့မယ်။ ဘာကိစ္စပဲရှိရှိ အသံလွှင့်စာနဲ့ ဆက်သွယ်လိုက်ပါ။ ဒီတစ်ခါတော့ ယောက်ျား သေသေချာချာ သတိထားပါ့မယ်။ အရင်လိုမျိုး အသံလွှင့်စာတွေကို မေ့ကျန်ခဲ့တာမျိုး မဖြစ်စေရပါဘူး"
ဤသို့ ပြောပြီးနောက် ချန်အန်သည် ဇနီးသည်များ၏ ပြန်လည်တုံ့ပြန်မည့် စကားကိုပင် မစောင့်တော့ဘဲ လှိုဏ်ခေါင်းထဲမှ ထွက်ခွာလာခဲ့တော့သည်။
သူသည် မိမိ၏ ဓားပျံပေါ်သို့ တက်ရောက်ကာ ဆေးဖပင်တစ်ရာတောင်ကြား၏ ကောင်းကင်ယံထက်သို့ ပျံသန်းလိုက်ပြီး ယခင်က သူသွားရောက်ဖူးသော လူ့ဂိုဏ်း၏ ကုန်သွယ်ရေးလုပ်ငန်းစုကြီးဆီသို့ ဦးတည်ပျံသန်းခဲ့လေသည်။
လမ်းခရီးတွင် သူသည် ဝတ်စုံခရမ်းရောင်နှင့် အမျိုးသမီးအကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ချေ။
ဒါက မြေခွေးမိစ္ဆာတစ်ကောင် ဖြစ်သည်။
ဒါ့အပြင် သူမက အလွန် ရှားပါးလှသော ကိုးမြီးမြေခွေးတစ်ကောင် ဖြစ်နိုင်သည်ဟု သံသယဖြစ်ဖွယ် ရှိနေသည်။
ပြီးခဲ့သည့်အကြိမ်က သူ သူမကို မြေပြင်ပေါ်၌ ခွစီးကာ လက်သီးဖြင့် အားကုန် တရစပ် ထိုးကြိတ်ခဲ့စဉ်က သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲပျောက်ကွယ်သွားခဲ့ပြီး အသက်ဓာတ် ကင်းမဲ့နေသည့် မြေခွေးအမြီးတစ်ချောင်းသာ ကျန်ရစ်ခဲ့သည်။
သူမက တကယ်ပဲ အမြီးကို ဖြတ်တောက်ပြီး ထွက်ပြေးသွားခဲ့ခြင်းလား၊ သို့မဟုတ် သေဆုံးသွားခဲ့ခြင်းလား ဆိုသည်ကိုမူ သူ မရေမရာ ဖြစ်နေဆဲပင်။
'အဲဒီမြေခွေးမိစ္ဆာ သေသွားတာကတော့ အကောင်းဆုံးပဲ။ မဟုတ်ရင် နောက်ဆို ငါ အပြင်ထွက်တိုင်း သူမရဲ့ နှောင့်ယှက်မှုကို အမြဲတမ်း ခံနေရလိမ့်မယ်'
'ပြီးခဲ့တဲ့ တိုက်ပွဲအရ ဆိုရင်တော့ ဒီမြေခွေးမိစ္ဆာက ငါ့အတွက် ဘာ ခြိမ်းခြောက်မှုမှ မရှိတော့ဘူးဆိုတာ သေချာသလောက် ရှိနေပါပြီ'
'ဒါပေမဲ့လည်း ကြိုတင်ကာကွယ်ထားတာက အမြဲတမ်း အကောင်းဆုံးပါပဲ။ ဒီမြေခွေးမိစ္ဆာရဲ့ ကိုယ်ပေါ်မှာ ထိပ်တန်း အဆင့်မြင့် ရတနာပစ္စည်းတွေ အများကြီး ရှိနေတာ။ နောက်တစ်ခါကျရင် ငါ့ကို နှိပ်စက်ဖို့ ဘယ်လို ခက်ခဲတဲ့ ပစ္စည်းမျိုး ထပ်ထုတ်လာဦးမလဲ ဘယ်သူသိမှာလဲ။ ဒီလိုမျိုး အကြိမ်ရေ များလာရင်တော့ တစ်နေ့နေ့ကျရင် ငါ ကျရှုံးသွားနိုင်တဲ့ အန္တရာယ် ရှိလာနိုင်တယ်'
ချန်အန်သည် စိတ်ထဲကနေ သာမန်ကာလျှံကာ တွေးတောနေခဲ့သည်။
ရုတ်တရက်ဆိုသလို သူသည် ထိုအတွေးများကို ဖြတ်တောက်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိ၏။
အဘယ်ကြောင့်ဆိုသော် သူ အပြင်သို့ ဖြန့်ကျက်ထားသော ဝိညာဉ်အသိစိတ်ထဲတွင် မိုင်အနည်းငယ် အကွာအဝေးရှိ ကောင်းကင်ယံထက်၌ အဆင့်မြင့် စွမ်းအင်စုပေါင်း ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီ၍ ရှိနေကြောင်း အာရုံခံမိလိုက်ခြင်းကြောင့် ဖြစ်သည်။
၎င်းက ငှက်မိစ္ဆာအုပ်ကြီး မဟုတ်ပေ... လူသားကျင့်ကြံသူ အုပ်စုကြီးတစ်စု ဖြစ်နေသည်။
...............................................