အခန်း ၁၇၉
Vol. 17 Ch. 179
အခန်း ၁၇၉ - ဧရာမငှက်ကြီး (၃)
ရှုကွန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်လိုက်ပြီး - "မိတ်ဆွေကျင့်ကြံသူ... နောက်တစ်ချိန် ပြန်ဆုံကြဦးမှာမို့လို့ လမ်းစလေးတော့ ချန်ထားပေးပါဦး။ ဒီကိစ္စကို ဒီအတိုင်းပဲ မေ့လိုက်ကြရအောင်လား။ ငါ ဆိုင်ကွန်မိတ်ဆွေကို အကြွေးတစ်ခု တင်ရှိသွားစေရမယ်" ဟု ပြောလိုက်သည်။
ရှူး..
ရှုကွန်ဂိုဏ်း ဂိုဏ်းချုပ်၏ စကားပင် မဆုံးသေးချေ၊ ချန်အန်သည် အရိပ်မဲ့ သတ်ဖြတ်ခြင်းအတတ်ကို အသုံးပြုကာ အကြီးအကဲကျောက်၏ နောက်ကွယ်၌ ချက်ချင်း ပေါ်လာပြီး သူ့ခေါင်းကို ဖြတ်ချပစ်လိုက်တော့သည်။
ထို့နောက် သူသည် ခေါင်းပြတ်သွားသော ထိုခန္ဓာကိုယ်ဆီသို့ မူလလက်သီးဖြင့် လွှဲနှက်လိုက်ရာ လက်သီးချက်တိုင်းကြောင့် ခန္ဓာကိုယ်မှာ သွေးမြူမှုန်များအဖြစ်သို့ လွင့်စင်သွားခဲ့ရပြီး ပြန်လည်မွေးဖွားနိုင်မည့် အခွင့်အရေးကိုပါ လုံးဝ ဖြတ်တောက်လိုက်တော့သည်။
ဤမြင်ကွင်းကြောင့် ထိုနေရာရှိ လူအားလုံး ဆွံ့အမှင်တက်သွားကြရသည်။
ချက်ချင်းပင် သူတို့အားလုံး၏ စိတ်ထဲ၌ အလွန်အမင်း အေးစိမ့်သော ခံစားချက်တစ်ခု ထက်သန်စွာ ပေါ်ထွက်လာခဲ့တော့သည်။
အလွန် အစွမ်းထက်လွန်းလှသည်။
ဤပုဂ္ဂိုလ်၏ အင်အားမှာ လူကို မျှော်လင့်ချက်မဲ့စေလောက်အောင် သန်မာလွန်းလှပေသည်။
ဒါက ငါတို့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အင်အားမျိုး လုံးဝ မဟုတ်ဘူး.
သူက တကယ်ပဲ ဘယ်သူလဲ။
ယခုအချိန်တွင် ရှုကွန်ဂိုဏ်းဝင် အားလုံးမှာ ချန်အန် ထုတ်ဖော်ပြသလိုက်သော စွမ်းအင်ကြောင့် ကြောက်ဒူးတုန်နေခဲ့ကြပြီ ဖြစ်သည်။
ယခုလေးတင် မြေမြှုပ်ရန် အလောင်းပင် မကျန်တော့ဘဲ သေဆုံးသွားခဲ့ရသည့် အကြီးအကဲကျောက် အပါအဝင် ထိုနေရာ၌ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ စုစုပေါင်း ဆယ်ယောက် ရှိနေခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ ဂိုဏ်းချုပ်မှာ ရွှေအမြုတေအဆင့် ဆဋ္ဌမအဆင့်တွင် ရှိသော အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
သို့သော်လည်း။
သို့သော်လည်း ယခုလေးတင် အကြီးအကဲကျောက် အသတ်ခံလိုက်ရသည့် အချိန်တွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးရန် အချိန်မမီလိုက်ကြချေ။
သူတို့၏ အင်အားချင်းမှာ လုံးဝ အဆင့်အတန်း တူညီမနေခဲ့ကြပေ။
"အာ..."
ထိုနေရာရှိ ကျင့်ကြံသူအချို့မှာ အသက်ပင် ဝဝမရှူရဲတော့ဘဲ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။
ချန်အန်အနေဖြင့် သူ၏ ဒေါသများကို ရွှေကွန်ဂိုဏ်းတစ်ခုလုံးအပေါ် ပုံချကာ ထိုနေရာရှိ လူအားလုံးကို သတ်ဖြတ်ပစ်မည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်ဖြစ်သူ ဆိုင်ကွန်သည်လည်း ဤအချက်ကို အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ သူသည် ချက်ချင်းပင် -
"ကောင်းတယ်!"
"သတ်တာ သိပ်ကောင်းတယ်!"
"ကျောက်ကျိဟယ် ဆိုတဲ့ ခွေးကောင်က ပုံမှန်ဆိုရင်လည်း ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် လုပ်တာ မဟုတ်ဘူး၊ တကယ့်ကို သေရမှာ ထိုက်တန်တာ!"
"ငါလည်း သူ့ကို သတ်ချင်နေတာ ကြာပြီ"
"သူ့ကို သတ်ပေးတဲ့အတွက် မိတ်ဆွေကျင့်ကြံသူကို ကျေးဇူးတင်ပါတယ်!" ဟု ဆိုလိုက်သည်။
ဆိုင်ကွန်၏ စကားများထဲတွင် ဒေါသတကြီး ဖြစ်နေဟန်များ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း လက်တွေ့တွင်မူ အကြီးအကဲကျောက်မှာ သူ၏ ယုံကြည်စိတ်ချရသော လက်ရုံးတစ်ဦး ဖြစ်သည်။ အကြီးအကဲကျောက် လုပ်ဆောင်ခဲ့သမျှအရာ တိုင်း - ရုပ်ချောသော အမျိုးသားကျင့်ကြံသူများကို ဖမ်းဆီးကာ အိပ်ရာဖော်ကျွန်အဖြစ် ခေါ်ဆောင်လာခြင်း - စသည်တို့မှာ သူ၏ အမိန့်ပေး ညွှန်ကြားချက်များကြောင့်သာ ဖြစ်ပေသည်။
ချန်အန်သည် ရှုကွန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို လုံးဝ အဖက်မလုပ်ခဲ့ချေ။ မကြာမီမှာပင် သူသည် ဓားပျံကို စီးနင်းလျက် ထွက်ခွာသွားခဲ့ပြီး အဆင့် ၃ ရတနာဆေးလုံး လမ်းညွှန်ချက်များ ဝယ်ယူရန် ဈေးသို့ ဦးတည်လိုက်တော့သည်။
သူ ထွက်ခွာသွားပြီး မကြာမီ...
ရွှံ့နွံတောထဲရှိ ရွှေကွန်ဂိုဏ်း ကျင့်ကြံသူ အများအပြားမှာ ကြောက်လန့်လွန်းသဖြင့် ခြေထောက်များပင် ပျော့ခွေနေခဲ့ကြရသည်။
ကံကောင်းထောက်မစွာဖြင့် ချန်အန်က သူတို့အပေါ် ဒေါသပုံမချခဲ့ချေ။
"တောက်... ကျောက်ကျိဟယ်ရဲ့ ဦးနှောက်က ဘာဖြစ်နေတာလဲ"
"သူက အကဲမခတ်ဘဲနဲ့ လက်လွတ်စပယ် လုပ်ရသလား"
ရှုကွန်ဂိုဏ်းဂိုဏ်းချုပ်က ကျိန်ဆဲလိုက်သည်။ အကယ်၍ အကြီးအကဲကျောက်၏ အလောင်းသာ ကျန်ရှိနေသေးပါက သူ ၎င်းကို ဓားဖြင့် အချက်ပေါင်းများစွာ တရစပ် ခုတ်ထစ်ပစ်မိပေလိမ့်မည်။
ထိုအချိန်မှာပင် ငြိမ်သက်နေသော ရွှံ့နွံတော၏ ရေပြင်ထက်တွင် ရေပူဖောင်းလေးများစွာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ရွှေကွန်ဂိုဏ်းမှ လူများ သတိမပြုမိခင်မှာပင်...
ဗုန်း... ဟူသော ကြီးမားလှသည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ကြီးကိုပင် ဖုံးလွှမ်းနိုင်လောက်သော ဧရာမ စပါးအုန်းမြွေကြီးတစ်ကောင်သည် ရွှံ့နွံတော၏ အောက်ခြေမှနေ၍ ကောင်းကင်ယံထက်သို့ ထိုးပျံတက်လာခဲ့သည်။ ၎င်းသည် သွေးညှီနံနံများနှင့် ပြည့်နှက်နေသော ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်ပြီး သွေးစွန်းနေသည့် အစွယ်ကြီးများကို ထုတ်ဖော်ပြသလျက် ရွှံ့နွံတောရှိ ရှုကွန်ဂိုဏ်း ကျင့်ကြံသူများအုပ်စုကို ရုတ်တရက် တိုက်ခိုက်တော့သည်။
"ဦးချို... နဂါးဦးချိုပဲ"
"ဒီစပါးအုန်းမြွေမိစ္ဆာမှာ နဂါးဦးချို ပေါက်နေပြီ"
"ဂိုဏ်းချုပ်ကြီး... ဒီစပါးအုန်းမြွေမိစ္ဆာက အရင်ကတည်းက အရေခွံလဲပြီး နဂါးအသွင် ပြောင်းလဲသွားခဲ့တာပဲ"
"လုမိသားစုက ငါတို့ကို လိမ်ညာခဲ့တာ!"
"ဗုန်း..."
ထိုရွှေအမြုတေအဆင့် အကြီးအကဲ စကားပြော၍ မဆုံးသေးမီမှာပင် ရုတ်တရက် ဝှေ့ယမ်းလာသော မြွေအမြီးချက်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ သူသည် ထိုနေရာတင်တင်ပင် သွေးမြူမှုန်အဖြစ်သို့ ပေါက်ကွဲသွားခဲ့ရပြီး စပါးအုန်းမြွေမိစ္ဆာ၏ ဝမ်းဗိုက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
"တောက်... ခွေးလုမိသားစု!!!"
ရှုကွန်ဂိုဏ်း ဂိုဏ်းချုပ်က ကျိန်ဆဲလိုက်သည်။ ထို့နောက် သူသည် မိမိ၏ ဓားပျံကို ထုတ်ယူကာ အဝေးသို့ ပျံသန်းထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။ သူက ပြန်ရောက်လျှင် လုမိသားစုကို သေချာပေါက် အမြစ်ပြတ် ခြေမှုန်းပစ်မည်ဖြစ်ပြီး ချင်မိသားစုကဲ့သို့သော လမ်းစဉ်အတိုင်း လိုက်ပါစေရမည်ဟု စိတ်ထဲက ကြုံးဝါးလိုက်မိသည်။
သို့သော်လည်း သူ၏ ခြေထောက်အောက်ရှိ ဓားပျံ ကောင်းကင်ယံထက်သို့ မပျံတက်နိုင်သေးမီမှာပင် ရုတ်တရက် ကပ်၍ တိုက်ခိုက်လာသော စပါးအုန်းမြွေမိစ္ဆာ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေတော့သည်။
ဈေးအတွင်းရှိ လုမိသားစု ကုန်သွယ်ရေးလုပ်ငန်းစုကြီး၌ ဖြစ်သည်။
လုမိသားစု၏ အကြီးအကဲသည် ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်း ထိုင်နေပြီး သူ၏ ရင်ခွင်ထဲရှိ လှပသော အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားရင်း ညင်သာစွာ နှစ်သိမ့်နေခဲ့သည်။
"မိတ်ဆွေကျင့်ကြံသူ ချင်... စိတ်မပူပါနဲ့။ ငါ မင်းအတွက် သေချာပေါက် ကလဲ့စားချေပေးပါ့မယ်"
"ရှုကွန်ဂိုဏ်းက ဆိုင်ကွန်ကတော့ ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး သစ်ရွက်တစ်ထောင် ရွှံ့နွံတောထဲက စပါးအုန်းမြွေမိစ္ဆာကို အမဲလိုက်ဖို့ သွားနေပြီ"
"ငါ သူ့ကို သတင်းအမှား ပေးလိုက်တာလေ။ စပါးအုန်းမြွေမိစ္ဆာက အရေခွံမလဲရသေးဘဲ နဂါးအသွင် မပြောင်းလဲသေးဘူးလို့ ပြောလိုက်တာ။ အမှန်တော့ အဲဒီစပါးအုန်းမြွေမိစ္ဆာက အောင်မြင်စွာ နဂါးအသွင် ကူးပြောင်းသွားခဲ့ပြီ ဖြစ်တာမို့ ဆိုင်ကွန်ကတော့ အဲဒီရွှံ့နွံတောထဲမှာ သေရဖို့ ကံပါလာခဲ့ပြီပဲ"
"မိတ်ဆွေကျင့်ကြံသူ ချင်... သတင်းကောင်းကိုသာ စောင့်မျှော်နေလိုက်ပါတော့"
ထိုစကားကို ကြားရသောအခါ သူမ၏ ရင်ခွင်ထဲရှိ လှပသော အမျိုးသမီးက ရှိုက်ကြီးတငင် ငိုယိုရင်း - "အကြီးအကဲလု... အကယ်၍ ရှင်က ကျွန်မရဲ့ ချင်မိသားစုအတွက် တကယ်ပဲ ကလဲ့စားချေပေးနိုင်မယ်ဆိုရင် ကျွန်မ ချင်ဟွေ့ရုက ရှင့်ရဲ့ စိတ်ကြိုက် စေခိုင်းသမျှကို တစ်ဘဝလုံးခံယူသွားပါ့မယ်" ဟု ဆိုလေသည်။
သူတို့နှစ်ဦး စကားပြောဆိုနေကြစဉ်မှာပင် ချန်အန်သည် ဓားပျံစီးနင်းလျက် လုမိသားစု ကုန်သွယ်ရေးလုပ်ငန်းစုကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
သူသည် အတွင်းသို့ လှမ်းဝင်သွားပြီး လွန်ခဲ့သည့် ဆယ်ရက်ခန့်က ဖော်စပ်ထားသော အဆင့် ၃ ရတနာဆေးလုံး အားလုံးကို ထုတ်ရောင်းလိုက်ရာ စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၀၀ နီးပါးခန့် ရရှိခဲ့သည်။
ထို့နောက် သူသည် ယခုလေးတင် ဝိညာဉ်သင်္ဘောပေါ်ရှိ ရွှေကွန်ဂိုဏ်း ကျင့်ကြံသူများထံမှ ရရှိခဲ့သော တိုက်ပွဲဝင် သစ်သီးပစ္စည်းများကို ထုတ်ယူလိုက်ရာ ၎င်းတွင်လည်း စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁۰۰ ကျော် ပါဝင်နေခဲ့သည်။
ထို့ကြောင့် စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၄၀၀ နီးပါးခန့် ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းတို့အားလုံးကို အဆင့် ၃ ရတနာဆေးလုံး လမ်းညွှန်ချက်များ ဝယ်ယူရန်အတွက် အသုံးပြုလိုက်သည်။
သူသည် တစ်ကြိမ်တည်းဖြင့် အရေအတွက် အမြောက်အမြား ဝယ်ယူခြင်းဖြစ်သောကြောင့် ဆိုင်မန်နေဂျာက သူ့ကို အထူးလျှော့ဈေးပေးခဲ့သည်။
မူလက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၄၀၀ နီးပါးဖြင့် ဆေးနည်း လမ်းညွှန်ချက် ၂၀ ခန့်သာ ဝယ်ယူနိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ ချန်အန်သည် ဆေးနည်း ၂၂ မျိုးကို တစ်ပြိုင်နက်တည်း ဝယ်ယူနိုင်ခဲ့ပြီး ၂ မျိုးကို အလကား လက်ဆောင်အဖြစ် ရရှိခဲ့ရာ ၎င်းက ၁၀% ခန့် လျှော့ဈေး ရရှိခဲ့ခြင်း ဖြစ်သည်။
ဆေးလုံးလမ်းညွှန်ချက်များ ဝယ်ယူပြီးနောက် သူသည် သူ၏ ဇနီးသည်များနှင့် သမီးများအတွက် လက်ဆောင်အဖြစ် ပေးရန် ရောင်စုံဝတ်စုံအချို့နှင့် ဝိညာဉ်မုန့် သေတ္တာ ဒါဇင်ပေါင်းများစွာကို အလကား ထပ်မံ ရယူခဲ့သည်။
ဝတ်စုံများနှင့် ဝိညာဉ်မုန့်များမှာ တန်ဖိုး သိပ်မကြီးလှပေ။ ချန်အန်ကို စိတ်ကျေနပ်မှု ရရှိစေရန်အတွက် ဆိုင်မန်နေဂျာသည် ဝတ်စုံအချို့နှင့် ဝိညာဉ်မုန့်သေတ္တာ ဒါဇင်ပေါင်းများစွာကို ထပ်မံ ထည့်သွင်းပေးခဲ့ပြီး နောင်နောင်တွင်လည်း မိမိတို့ဆိုင်သို့ မကြာခဏ လာရောက်ပါရန် တောင်းဆိုခဲ့သည်။
လုမိသားစု ကုန်သွယ်ရေးလုပ်ငန်းစုကြီးမှ ထွက်ခွာလာပြီးနောက် ချန်အန်သည် မိမိ၏ ဓားပျံကို စီးနင်းလျက် အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့သည်။
ယခင်က သူ အပြင်ထွက်တိုင်း မြေခွေးမိစ္ဆာကြောင့် လမ်းခရီးတွင် အမြဲတမ်း ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် သူ၏ ဇနီးသည်များမှာ အိမ်တွင် စိုးရိမ်တကြီး စောင့်မျှော်နေခဲ့ကြရသည်။
ဒီတစ်ကြိမ်တွင်မူ သူ အိမ်သို့ အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်ရမည် ဖြစ်သည်။
သူ အိမ်သို့ ရောက်ရှိလုနီးနီး အချိန်တွင် ချန်အန်သည် အောက်ခြေရှိ လှပသော ရှုခင်းများကို ကြည့်ကာ -
"မလွယ်ပါလား... ဒီတစ်ခေါက်တော့ အဲဒီမြေခွေးမိစ္ဆာနဲ့ မတွေ့ရတော့ဘူးပဲ။ ကြည့်ရတာ သူမ ငါ့ကို တကယ် ကြောက်သွားပုံရတယ်" ဟု တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
သူ၏ စကားပင် မဆုံးသေးချေ၊ သူ၏ ရှေ့တည့်တည့်တွင် ရင်းနှီးလှသော စွမ်းအင် အတားအဆီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြန်သည်။
'တောက်!'
'ပါးစပ်က ပြောမိတာ မှားသွားပြီ! မြေခွေးမိစ္ဆာက နောက်တစ်ခါ ထပ်ရောက်လာပြန်ပြီ!'
ချန်အန်၏ စိတ်အစုံ ရှုပ်ထွေးသွားခဲ့ရသည်။
မကြာမီမှာပင် ဝတ်စုံခရမ်းရောင်နှင့် နွဲ့နှောင်းလှသော မိန်းမပျိုတစ်ဦး၏ ပုံရိပ်မှာ အဝေးဆီမှနေ၍ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့သည်။
ဒီတစ်ကြိမ်တွင်လည်း ထို ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ငှက်မိစ္ဆာတစ်ကောင်၏ ကျောပေါ်သို့ နင်းလျက် ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော်လည်း ဤငှက်မိစ္ဆာ၏ ခန္ဓာကိုယ် အရွယ်အစားမှာ ယခင်ကကောင်ထက် အဆပေါင်း တစ်ရာမက ပိုမိုကြီးမားလှပေသည်။
၎င်းက ကောင်းကင်ယံထက်သို့ ပျံတက်လာခဲ့ပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ... အလွန် ပြင်းထန်လှသော ဖိအားများကို ထုတ်ဖော်နေခဲ့ရာ တောင်ကြီးတစ်လုံးက သူ့အပေါ်သို့ အရှိန်အဟုန်ဖြင့် ဖိနှိပ်ထားသည့်အလား ခံစားလိုက်ရလေတော့သည်။
...................................................