← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) ညီအစ်ကိုများ - ၅

ဖုန်းပုကြွယ်သည် အခန်းအမှတ်ဇီးရိုးသို့ လျင်မြန်စွာပြန်ရောက်လာပြီး ထောင့်ရှိ ပလတ်စတစ်ပုံးဆီသို့ တည့်တည့်သွားကာ ကြိုးတစ်ဖက်တွင် ချည်ထားသော သံလိုက်ကို အောက်ချ၍ သော့ သို့မဟုတ် အခြားသဲလွန်စတစ်ခုခုကို “မျှား” ယူရန် ကြိုးစားလိုက်သည်။

မမျှော်လင့်ထားသည်က သူ ဘာမှ မဖမ်းမိပါချေ…။

“ဘာဖြစ်တာလဲ၊ အနီးကပ် မရောက်လို့လား”

ဖုန်းပုကြွယ် သူ့ဘာသာ တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကြိုး သို့မဟုတ် သံလိုက်ကို ပုံးထဲရှိ မည်သည့်အရာနှင့်မျှ တိုက်ရိုက်မထိတွေ့စေခဲ့ဘဲ ငါးမျှားရန်အတွက် လေထဲတွင်သာ ဆိုင်းထားခဲ့သောကြောင့် ဖြစ်သည်။

“နေဦး… မဟုတ်ဘူး… အဲ့ဒီအရာက ဒီမှာ ရှိမနေဘူး”

သူ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ကြိုးကို အမြန်ဆွဲတင်ကာ သံလိုက်ကို လက်ထဲ ထည့်လိုက်သည်။

“တကယ်လို့ စနစ်က ဒီအဆင့်အတွက် ငါလိုအပ်တဲ့ သဲလွန်စကို အခန်းအမှတ်ဇီးရိုးထဲမှာ သတ်မှတ်ထားတယ်ဆိုရင်၊ အခန်းထဲကနေ မလွတ်မြောက်ခင် ငါဒါကို ရှာတွေ့သွားခဲ့ရင်… ဒါဆို ဂိမ်းထဲမှာ သွားတုနဲ့ သံလိုက်က ကျော်သွားလို့ရတဲ့ သဲလွန်စတွေ ဖြစ်သွားလိမ့်မယ်”

သံလိုက်၏ ဖော်ပြချက်ကို နောက်တစ်ကြိမ် ထပ်ဖတ်လိုက်သည်။

အမည် - ပြတ်တောက်နေသော သံတိုင်

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - သံလိုက်စက်ကွင်း ထုတ်လွှတ်သည်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - ဒီအပိုင်းလေးကို သဘာဝသံလိုက်ကျောက်နဲ့ လုပ်ထားတာပါ

“သွားတုကို ဇာတ်လမ်းထဲကနေ ယူသွားလို့ရပြီး ပဟေဠိအပိုင်းအစတွေအဖြစ် ပြောင်းလဲနိုင်တယ်၊ ဆိုတော့ သီအိုရီအရ အဲ့ဒါတွေက အသုံးမဝင်တာလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီသံလိုက်က ဇာတ်လမ်းထဲကနေ ယူသွားလို့မရတဲ့ ဇာတ်ကွက်ပစ္စည်းတစ်ခုပဲ၊ ဒါကြောင့် ဒါက တစ်နေရာရာမှာ သေချာပေါက် အသုံးဝင်လိမ့်မယ်”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

“အင်း… သံလိုက်က မရှိမဖြစ် လိုအပ်တာဆိုတော့ နောက်ထပ်အဆင့်အတွက် လိုအပ်တဲ့ သဲလွန်စက ဒီထဲမှာ ဝှက်ထားတာ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ သံလိုက်မရှိရင်တောင် အိမ်သာထဲမှာ ဝှက်ထားတဲ့အရာကို ငါရှာတွေ့နိုင်သေးတယ်၊ နည်းနည်းပိုပြီး ရွံစရာကောင်းသွားရုံပဲ ရှိမှာ…”

သူက သံလိုက်ကို ကိုင်ထားရင်း ပြန်လည်စဉ်းစားသုံးသပ်လိုက်သည်။

“အဲ့ဒါက အတိအကျ… ဘာဖြစ်ရမှာလဲ…”

“ဖြစ်နိုင်တာက…”

ဖုန်းပုကြွယ်က လျင်မြန်စွာပင် အတွေးသစ်တစ်ခု ရရှိသွား၏။ သူသည် အခန်းအမှတ် (၄) ၏ တံခါးဝသို့ ခပ်သွက်သွက် ပြန်လျှောက်သွားပြီး သံတံခါးကို ကြည့်လိုက်သည်။

“တကယ်ပဲ ဒီလိုမျိုးလား…”

သူ ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး ခြေဖျားထောက်ကာ အပေါ်ဘက်ရှိ သံပြတင်းပေါက်အသေးလေး၏ အဟမှတစ်ဆင့် သူ့လက်ကို အတွင်းသို့ လှမ်းနှိုက်လိုက်တော့သည်။

သံတိုင်ငါးချောင်းလုံး ရှိနေစဉ်က ဤပြတင်းပေါက်လေး၏ ကွက်လပ်သည် အကျယ်အဝန်း ကန့်သတ်ချက် ရှိနေခဲ့သည်။ အလွန်ဆုံးရှိမှ လက်ဖျံလောက်သာ ဖြတ်သန်းနိုင်သော်လည်း သံတိုင်တစ်တိုင်ကို ဖယ်ရှားပြီးနောက်တွင်မူ လက်တစ်ခုလုံး ဖြတ်သန်းသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဖုန်းပုကြွယ်သည် တံခါးကို မှီ၍ ပြတင်းပေါက်မှတစ်ဆင့် လက်သွင်းကာ အပေါ်ဘက်သို့ စမ်းသပ်ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူသည် သံတံခါး၏ အပေါ်တည့်တည့်၌ သော့တစ်ချောင်းကို ရှာတွေ့သွားတော့သည်။

အမည် - အခန်းအမှတ် (၁) ၏ သော့

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အသုံးပြုပြီးပါက ချက်ချင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ အခန်းအမှတ် (၁) တံခါးအား လွတ်လပ်စွာ ဖွင့်ပိတ်နိုင်မည် ဖြစ်ပါသည်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - အခန်းအမှတ် (၄) တံခါးနောက်တွင် ကြိုးမျှင်တစ်ချောင်းဖြင့် ဆွဲချိတ်ထားခြင်းဖြစ်ပါသည်

“ဒီမှတ်ချက်က ထင်ရှားလွန်းမနေဘူးလား၊ ငါ့လက်ထဲမှာ ရောက်နေပြီပဲကို၊ မင်းငါ့ကို ပြောပြဖို့ လိုသေးလို့လား”

ဖုန်းပုကြွယ်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

သော့ကိုဝှက်ထားသော နေရာမှာ အမှန်ပင် ကောက်ကျစ်လှသည်။ ၎င်း၏ တည်နေရာသည် တံခါးဘောင်ထက် အနည်းငယ် ပိုမြင့်ပြီး နံရံနှင့် ကပ်လျက်နီးပါး ရှိနေသဖြင့် အပြင်ဘက် မည်သည့်ထောင့်ကကြည့်ကြည့် မမြင်နိုင်ချေ။ ကစားသမားက သံတိုင်များကြားမှတစ်ဆင့် မြင်နိုင်လျှင်ပင် သံတိုင်တစ်ခုကို မဖယ်ရှားမီအထိ သူတို့လက်က ယင်းသို့ မမှီနိုင်ချေ။

တစ်ခုတည်းသော နည်းလမ်းမှာ သံတိုင်များကို ဖယ်ရှားပြီး အတွင်းသို့ လှမ်းနှိုက်ရန်သာ ဖြစ်သည်။ တံတောင်ဆစ်အထိ သွင်းနိုင်မှသာ သော့ကို ရနိုင်မည် ဖြစ်သည်။

“ချီးပဲ…”

ဖုန်းပုကြွယ်က အခန်းအမှတ် (၁) ဆီသို့ လျှောက်သွားရင်း ကျိန်ဆဲလိုက်သည်။

“အဆင့်တိုင်းက ဒီလောက်အထိ ရှုပ်ထွေးနေရသလားဟ၊ ချေးထဲမှာပဲ ဝှက်ထားရင်တောင် ပိုကောင်းဦးမယ်၊ ရိုးရှင်းပြီး ပွင့်လင်းတာပေါ့”

ကလစ်ဟူသော အသံနှင့်အတူ အခန်းအမှတ် (၁) ၏ တံခါးက ပွင့်ဟသွား၏။

ဖုန်းပုကြွယ်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး တံခါးဝတွင် တစ်မိနစ်ခန့် ရပ်ကာ အကဲခတ်လိုက်သည်။ တံခါးဖွင့်လိုက်ခြင်းက မည်သည့်ထူးဆန်းသောအရာကိုမှ ဖြစ်ပေါ်မလာစေကြောင်း အတည်ပြုပြီးမှသာ သူဆက်လက်လုပ်ဆောင်ခဲ့သည်။

ဤအကျဉ်းခန်းတွင်လည်း သစ်သားဗီရိုအသေးလေးတစ်ခု ရှိနေလေသည်။ ထို့ကြောင့် ထပ်မံရှင်းပြနေစရာ မလိုတော့ချေ။ သူ အံဆွဲတစ်ခုကို ဖွင့်လိုက်သည်…။

အပေါ်ဆုံးအံဆွဲထဲတွင် လက်ဖဝါးခန့်အရွယ်သာရှိသော သတင်းစာဖြတ်ပိုင်းတစ်ခု ရှိနေလေသည်။ ၎င်းပေါ်ရှိ စာသားမှာ အင်္ဂလိပ်စာနှင့် နီးစပ်သော်လည်း လုံးဝတော့ မဟုတ်ချေ။ ဖုန်းပုကြွယ်သည် ထိုဘာသာစကားကို မမှတ်မိချေ။ သို့သော်လည်း သည်ထိတ်ရင်ဖို သုခဘုံစနစ်တွင် ဘာသာပြန်လုပ်ဆောင်ချက် ပါပြီးသားဖြစ်သဖြင့် ဖတ်ရှုခြင်းအပေါ် သက်ရောက်မှု မရှိပါပေ။

ယင်းကို မြင်သောအခါ ဖုန်းပုကြွယ်သည် မူးယစ်ဆေးစွဲနေသူတစ်ယောက် မူးယစ်ဆေးကို မြင်လိုက်ရသည့်အလား ပြုမူကာ ပထမဦးဆုံး ဖတ်ရှုရန်အတွက် ၎င်းကို မျက်လုံးရှေ့သို့ အလောတကြီး ယူဆောင်လိုက်လေသည်။

“မကောင်းဆိုးဝါးများ လှုပ်ရှားနေဆဲ” ဟု ခေါင်းစဉ်တပ်ထားသော ထိုဆောင်းပါးတွင် ဖော်ပြထားသည်မှာ “ပင့်ကူဘုရင်မလအတွင်းမှစ၍ ဤမြို့ငယ်လေးတွင် လူပေါင်း ၄၀ ကျော် ပျောက်ဆုံးသွားခဲ့သည်။ အမျိုးသားမှော်အသင်းနှင့် ဘုရားကျောင်းနှစ်ခုလုံးက မိမိတို့တွင် တတ်နိုင်စွမ်းမရှိကြောင်း ကြေညာခဲ့သည်။ တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြို့၏ ချိတ်တံဆိပ်များမှာ မပျက်မစီး အကောင်းပကတိ ရှိနေပြီး မကောင်းဆိုးဝါးလှုပ်ရှားမှု၏ ထင်ရှားသော သက်သေအထောက်အထား မရှိကြောင်း ပြောကြားခဲ့သည်။ သေဆုံးသူများ၏ မိသားစုများနှင့် ဒေသခံ နိုဘယ်လ်မျိုးနွယ်စုများက မြင့်မားသော ဆုကြေးငွေတစ်ရပ် ထုတ်ပြန်ခဲ့သည်။ မည်သူမဆို အမှုမှန်ကို ဖော်ထုတ်နိုင်ပါက သို့မဟုတ် ကူညီပံ့ပိုးပေးနိုင်ပါက ဆုကြေးငွေ စတယ် ၂၀,၀၀၀ အထိ ရရှိနိုင်ပါသည်။

မကြာသေးမီက ဤသတင်းစာသည် ဆုကြေးငွေရှာဖွေသူတစ်ဦးထံမှ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ကို ရရှိခဲ့သည်။ လူပျောက်မှုများကို ကျူးလွန်သူသည် ‘ရှင်းကလန်’ ၏ မျိုးဆက်တစ်ယောက်ဖြစ်ပြီး တရားခံမှာ…”

စာသားက ထိုနေရာတွင်ပင် ရုတ်တရက် ပြတ်တောက်သွားပြီး ဆောင်းပါး၏ ကျန်အပိုင်းများကို ဖတ်မရတော့ချေ။

“ဘာဖြစ်တာလဲ… ဒါက သတင်းလား ၊ ဝတ္ထုလား”

ဖုန်းပုကြွယ်သည် အခြားတစ်ဖက်တွင် သက်သေအထောက်အထား ရှာဖွေရန် သတင်းစာဖြတ်ပိုင်းကို လှန်ကြည့်လိုက်သော်လည်း စာသားများကို ဖတ်မရချေ။ သို့သော်လည်း စာရွက်အသားကို ကြည့်ခြင်းအားဖြင့် ယင်းမှာ သံသယဖြစ်ဖွယ်မရှိဘဲ သတင်းစာတစ်စောင် ဖြစ်ပေသည်။

“အင်း… ဒါဆို ဒီဇာတ်လမ်းက စိတ်ကူးယဉ်နောက်ခံတစ်ခု ဖြစ်နေတုန်းပဲ၊ ဒီကမ္ဘာမှာ မှော်ဆရာအသင်း၊ မကောင်းဆိုးဝါးတွေနဲ့ ဆုကြေးငွေရှာဖွေသူတွေ ရှိတယ်… စတယ်ကတော့ ငွေကြေး ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ၂၀,၀၀၀ ရဲ့ တန်ဖိုးကတော့ မရှင်းလင်းဘူး၊ ရက်စွဲတွေ တွက်ချက်တဲ့ နည်းလမ်းကလည်း မရှင်းလင်းဘူး၊ လ ဆိုတဲ့ အယူအဆ ရှိနေပေမယ့် တစ်လမှာ ဘယ်နှရက် ရှိလဲ၊ တစ်ရက်မှာ ဘယ်နှနာရီ ရှိလဲ၊ ဒါမှမဟုတ် တစ်ရက်ကို ဘယ်နှစ်နပ်စားလဲဆိုတာ သတ်မှတ်ဖို့ မဖြစ်နိုင်ဘူး… အခန်းဇီးရိုးရဲ့ နံရံပေါ်က အမှတ်အသားတွေက အချိန်ဘယ်လောက်ကို ကိုယ်စားပြုလဲဆိုတာ ပြောဖို့ ခက်တယ်…”

ဖုန်းပုကြွယ်၏ ဦးနှောက်ထဲတွင် ဆင်ခြင်တွေးတောမှုများ ဆက်တိုက် လည်ပတ်သွား၏။

“ဒီစာရွက်အပိုင်းအစက ဇာတ်ကွက်ကို ရှင်းပြနေတာတော့ သံသယဖြစ်စရာ မလိုဘူး၊ တကယ်လို့ မျှော်လင့်မထားတဲ့အရာတွေ ဖြစ်မလာဘူးဆိုရင် အခု ငါရှိနေတဲ့နေရာက အဲ့ဒီပျောက်ဆုံးသွားတဲ့လူတွေကို ပိတ်လှောင်ထားတဲ့ နေရာပဲ၊ ပြီးတော့ အဖွင့်ဗွီဒီယိုထဲက ကောင်လေးက ပျောက်ဆုံးမှုတွေရဲ့ နောက်ကွယ်က တရားခံပဲ”

“ဆိုလိုတာက သတင်းစာထဲမှာ ဖော်ပြထားတဲ့ ရှင်းကလန်ရဲ့ မျိုးဆက်ပေါ့”

ဖုန်းပုကြွယ်သည် မသိစိတ်ဖြင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး စိတ်ဝင်တစားဖြင့် တွေးတောလိုက်သည်။

“ဒီလို နောက်ခံအခြေအနေမျိုးဆိုတော့ သူက ငါ့ကို လက်တစ်ဖက်တည်းနဲ့ ဆွဲခေါ်သွားနိုင်တာ မဆန်းဘူး၊ ဖြစ်နိုင်တာက ရှင်းကလန်သားတွေက သာမန်လူတွေထက် သဘာဝအတိုင်း ပိုသန်မာကြလို့ ဖြစ်လိမ့်မယ် ဒါမှမဟုတ် ဒီကမ္ဘာက ‘သာမန်လူတွေ’ မှာလည်း ဒီလိုမျိုးအင်အား ရှိနေကြလို့ ဖြစ်လိမ့်မယ်”

သူက မေးစေ့ကို ကုတ်လိုက်သည်။

“အင်း… ဒါနဲ့ ပတ်သက်လို့ ပြောရရင် ဒီကမ္ဘာက လူလို့ခေါ်တဲ့အရာတွေက တကယ်ပဲ ဘယ်လိုပုံစံမျိုးလဲဆိုတာ ပြောဖို့ခက်တယ်၊ ဖြစ်နိုင်တာက သူတို့အားလုံးမှာ မျက်လုံးသုံးလုံး ရှိနေတာ၊ ယောက်ျားရော မိန်းမရော မုတ်ဆိတ်မွေးတွေ ရှိနေတာ၊ ဒါမှမဟုတ် သူတို့ရဲ့ မျက်နှာတွေက အမွေးအမှင်တွေနဲ့ ဖုံးလွှမ်းနေတာမျိုး ဖြစ်နိုင်တယ်…”

သာမန်လူတစ်ယောက်၏ အတွေးအာရုံသည် ယခုအချိန်တွင် ထိုသို့ ဖြစ်သင့်ပေသည်။ ဒါက စက်မှုတော်လှန်ရေးအပြီး အနောက်တိုင်းမှော်ပညာယဉ်ကျေးမှုရဲ့ နည်းပညာအဆင့်အတန်း ရှိတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ရမယ်၊ ဟုတ်တယ်မလား။

သို့သော် ဖုန်းပုကြွယ်၏ အကန့်အသတ်မဲ့သော အတွေးကမူ အခြားအရာတစ်ခုကို တွေးတောနေလေသည်…။သူသည် ယခုအချိန်အထိ သူသည် အဖွင့်ဗွီဒီယိုထဲတွင် လူတစ်ယောက်ကိုသာ မြင်တွေ့ခဲ့ရပြီး သူတို့၏ မျက်နှာကို မမြင်ခဲ့ရချေ။ သိပ္ပံနည်းကျ အမြင်အရဆိုလျှင် တစ်ဦးတည်းသောပုဂ္ဂိုလ်အား သီအိုရီကို အတည်ပြုရန် အခြေခံအဖြစ် အသုံးပြု၍မရကြောင်း ထင်ရှားနေသည်။ သာမန်လူသားများတွင် မည်သူပါဝင်သည်ကို ပဏာမ ကောက်ချက်မချမီ ဤကမ္ဘာ၏နေထိုင်သူ အနည်းဆုံးတစ်ရာခန့်ကို သူ မြင်တွေ့ရန် လိုအပ်ပေသည်။ ဖုန်းပုကြွယ်သည် သူတစ်ခါမျှ မမြင်ဖူးသေးသော မည်သည့်အရာကိုမဆို ယူဆချက်များ ပြုလုပ်နိုင်သည်။

သူသည် ဤဇာတ်လမ်းကမ္ဘာထဲတွင် မည်သူ့မျက်နှာကိုမျှ မမြင်ဖူးသေးသဖြင့် သူတို့က မည်သည့်ပုံစံမဆို ရှိနေနိုင်သည်ဟု သူယူဆနိုင်သည်။ သူသည် ဤကမ္ဘာကလူများ ပေါင်းခြင်း နှုတ်ခြင်း ပြုလုပ်သည်ကို မမြင်ဖူးသေးသဖြင့် သူတို့က Binary စနစ်ကို အသုံးပြုသည်ဟု ယူဆနိုင်သည်။ ထိုငွေကြေးအမျိုးအစားဖြစ်သော စတယ်က မည်သည့်ပုံစံမျိုးရှိသည်ကို သူ မမြင်ဖူးသေးသဖြင့် ဖြစ်နိုင်တာက ယင်းကို တိရစ္ဆာန်လျှာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်…။

အတိုချုပ်ပြောရလျှင် ကမ္ဘာကြီးက အကန့်အသတ် ရှိသော်လည်း စိတ်ကူးစိတ်သန်းကတော့ အကန့်အသတ် မရှိချေ၊ လူသားတို့၏ အတွေးအမြင်များကို ပိတ်လှောင်ထားသည့်အရာမှာ အတွေးအမြင်ကိုယ်တိုင်သာ ဖြစ်သည်။ ဖုန်းပုကြွယ်၏ အမြင်အရ “ကမ္ဘာ့အမြင်” ဆိုသည်မှာ မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။ မရေမတွက်နိုင်သော အချိန်ခရီးသွားဝတ္ထုများက အချိန်ခရီးသွားများသည် လူသားများကြီးစိုးပြီး ကွဲပြားသောယဉ်ကျေးမှု သို့မဟုတ် သမိုင်းကြောင်းသာရှိသည့် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားကြောင်း ဖော်ပြတတ်ကြသည်။ သို့သော်လည်း ဖုန်းပုကြွယ်၏ မျက်လုံးထဲတွင်မူ အကယ်၍ လူသားများသည် အပြိုင်ကမ္ဘာများထံ ခရီးသွားနိုင်မည်ဆိုပါက လူဝံများ သို့မဟုတ် ကြံ့လူသားများ အုပ်ချုပ်သည့် နေရာတစ်ခုဆီ ရောက်သွားလျှင်ပင် သာမန်သာ ဖြစ်ပေလိမ့်မည်။

သူသည် ကြမ်းပြင်ပေါ်တွင် အတော်ကြာအောင် ထိုင်နေခဲ့ပြီး သတင်းစာ၏ အကန့်အသတ်ရှိသော အကြောင်းအရာများကို ဇာတ်လမ်းထဲ သူဝင်လာကတည်းက မြင်တွေ့ကြားသိခဲ့ရသမျှ အရာများနှင့် ပေါင်းစပ်ကာ သူ့အတွေးများကို ပြန်လည်စုစည်းလိုက်သည်။

ထိုနေ့စဉ်သုံး ပစ္စည်းများ၊ ကုတင်၏ အရွယ်အစား၊ တံခါး၏ အရွယ်အစား၊ ပလတ်စတစ်ပုံး၏ အရွယ်အစား… အားလုံးက သူ၏ ကိုးကားချက်များ ဖြစ်ကြသည်။

“အင်း… သဲလွန်စ မရှိသေးဘူးပဲ”

ဆယ်မိနစ်ကျော် ကုန်ဆုံးသွားပြီးနောက် ဖုန်းပုကြွယ်က ပုခုံးတွန့်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

“စိတ်ဝင်စားစရာပဲ”

သူက သတင်းစာအပိုင်းအစလေးကို သိမ်းဆည်းလိုက်သည်။ ဆက်လက်၍ သစ်သားဗီရိုအသေးလေးမှ ပထမဆုံးအံဆွဲကို ဆွဲထုတ်လိုက်ပြီး ထောင့်ပေါင်းစုံမှ စစ်ဆေးလိုက်ကာ အံဆွဲ၏ မည်သည့်နေရာတွင်မျှ စာသား သို့မဟုတ် ထွင်းထုချက်များ မရှိကြောင်း အတည်ပြုပြီးမှသာ ဒုတိယအံဆွဲကို ဖွင့်လိုက်လေ၏။

အတွင်းဘက်ရှိ အကြောင်းအရာများမှာ လူကို ဝမ်းသာဆို့၍ မျက်ရည်ကျသွားစေရန် လုံလောက်လှသည်။

အမည် - အခန်းအမှတ်(၂) ၏ သော့

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အသုံးပြုပြီးပါက ချက်ချင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး အခန်းအမှတ် (၂) တံခါးအား လွတ်လပ်စွာ ဖွင့်ပိတ်နိုင်မည် ဖြစ်ပါသည်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - ရဖို့ အရမ်းလွယ်တဲ့ သော့တစ်ချောင်းပဲ။

“ဒီမှတ်ချက်က လုံးဝအဓိပ္ပာယ်မရှိတော့ဘူးနော်၊ ကစားသမားကို ပြောင်နေသလိုပဲ ခံစားရတယ်…”

ဖုန်းပုကြွယ်က ပွစိပွစိရေရွက်လိုက်ပြီးနောက် သော့ကို သိမ်းဆည်းလိုက်သည်။ သူ ဒုတိယအံဆွဲကို အလွယ်တကူ စစ်ဆေးလိုက်ပြီးနောက် အောက်ဆုံးအံဆွဲကို ဖွင့်လိုက်သည်။

ဤအံဆွဲထဲတွင် မည်သည့်အရာမျှ ရှိမနေဘဲ အထဲ၌ သွေးဖြင့် ရေးသားထားသော အာရပ်ဂဏန်း နှစ်လုံးသာ ရှိနေခဲ့သည်။

၃၈။

“ပုံမှန်ပဟေဠိဖြေရှင်းရေး ပုံစံအတိုင်းဆိုရင်… ဒါက ကုဒ်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ရမယ်”

ဖုန်းပုကြွယ်က ပြောလိုက်ပြီး ဤအံဆွဲကိုလည်း စစ်ဆေးရန် ဆွဲထုတ်လိုက်သည်။ ၎င်းမှာ တစ်ခုတည်းသော သဲလွန်စဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမတ်တပ်ရပ်ကာ အခန်းတစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံရှာဖွေလိုက်ပြန်သည်။

အခန်းထဲမှ မထွက်ခွာမီ သူသည် နောက်ထပ်အသစ်တစ်ခု ရှာတွေ့လိုက်ရသည်။ သံတံခါး၏ အတွင်းဘက် (အတွင်းသို့ မျက်နှာမူထားသောဘက်) တွင် မြှားတစ်ခု ဆွဲထားခြင်းဖြစ်သည်။ ထိုမြှားမှာ တံခါးအပြင်ဘက်ရှိ ဂဏန်းများကဲ့သို့ပင် ဆေးဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။

မြှားမှာ မျဉ်းဖြောင့်တစ်ခု မဟုတ်ဘဲ အပေါ်သို့ ကွေးနေသော အကွေးတစ်ခု ဖြစ်ပြီး ညာဘက်သို့ ညွှန်ပြနေလေသည်။

“အိုး… အဲ့လိုကိုး၊ ငါအခု နားလည်သွားပြီ ထင်တယ်”

ဖုန်းပုကြွယ်က အရိပ်အမြွက်ကို ကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။

ထို့နောက် သူ အခန်းအမှတ် (၂) ထဲသို့ ဝင်ရောက်လိုက်သည်။ ထိုသစ်သားဗီရိုအသေးလေး၏ အပေါ်ဆုံးအံဆွဲထဲတွင် နောက်ထပ် သတင်းစာဖြတ်ပိုင်းတစ်ခု ရှိနေသော်လည်း ၎င်း၏အကြောင်းအရာမှာ အခန်းအမှတ် (၁) ထဲကအရာနှင့် ကိုက်ညီမှု မရှိချေ။

“လိုက်လံဖမ်းဆီးမှုအတွင်း ရဲအရာရှိကားလ် သေဆုံးသွားခဲ့ခြင်းနှင့်အတူ ရှင်းကလန်နှင့် ပတ်သက်သော ကောလာဟလများကို ပိုမိုအတည်ပြုနိုင်ခဲ့သည်။ တော်ဝင်မှော်ဆရာတပ်ဖွဲ့သည် နောက်ဆုံးတွင် အရေးယူဆောင်ရွက်ခဲ့ပြီး လက်နက်တပ်ဆင်ထားသော အဂ္ဂိရတ်ပညာရှင်သုံးဦးနှင့် စက်မှုတပ်ဖွဲ့အရာရှိ ငါးဦးတို့ကို မြို့သို့ စေလွှတ်ခဲ့သည်။ အများပြည်သူက ပေးအပ်သော ဆုကြေးငွေမှာ စံချိန်တင် စတယ် ၁၀၀,၀၀၀ သို့ ရောက်ရှိသွားခဲ့သည်။ သတင်းရင်းမြစ်များအရ မှော်နက်ပညာကို အသုံးပြုသော လျှို့ဝှက်ဆန်းကြယ်သည့် ဆုကြေးငွေရှာဖွေသူ ‘တယ်ရာကျီးကန်း’ သည်လည်း မြို့ထဲတွင် ထွက်ပေါ်လာခဲ့သည်။”

“ဟေး… ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီပဲ”

ဖုန်းပုကြွယ်က မှတ်ချက်ပေးလိုက်သည်။

အခန်းအမှတ် (၁) နှင့် ဆင်တူစွာပင် အခန်းအမှတ် (၂) ရှိ သစ်သားဗီရိုအသေးလေး၏ အလယ်အံဆွဲထဲတွင် အခန်းအမှတ် (၃) ၏ သော့ ရှိနေပြီး အောက်ဆုံးအံဆွဲတွင်လည်း အာရပ်ဂဏန်းများဖြင့် မှတ်သားထား၏။ ယခုတစ်ကြိမ်တွင်မူ ၆၉ ဖြစ်သည်။ ဤအကျဉ်းခန်း၏ သံတံခါးအတွင်းဘက်တွင်လည်း မြှားတစ်ခု ဆွဲထားပြီး ဘယ်ဘက်သို့ ညွှန်ပြနေကာ မျဉ်းမှာ အလားတူပင် အပေါ်သို့ စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ကွေးနေလေသည်။

အခန်းအမှတ် ၃၊ ၄ နှင့် ၅ တို့တွင်လည်း ဆင်တူသော ဒီဇိုင်းများ ရှိကြသည်။

သတင်းစာဖြတ်ပိုင်းသုံးခုမှာ အောက်ပါအတိုင်း ဖြစ်သည်…

“ကျီးကန်းနှင့် လက်နက်တပ်ဆင်ထားသော အဂ္ဂိရတ်ပညာရှင်သုံးဦး၏ ရုပ်အလောင်းများကို မြို့ပြင်တွင် တွေ့ရှိခဲ့ရသည်။ တာဝန်ရှိသူများက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး မြို့တစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြန့်နှံ့နေခဲ့သည်။ ယနေ့နံနက်တွင် ရဲအရာရှိအသစ်က ပံ့ပိုးကူညီမှုပေးရန်အတွက် အိမ်နီးချင်းမြို့များနှင့် သံဓားသူရဲကောင်းများထံမှ စစ်တပ်များကို အရေးပေါ် ဖြန့်ကြက်ချထားကြောင်း ကြေညာခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ညဘက်တွင် အိမ်မှထွက်ခွာပြီး လမ်းပေါ်တွင် လျှောက်နေသူ မည်သူမဆို ဖမ်းဆီးခြင်းခံရနိုင်ပြီး ရုန်းကန်သူများကို အင်အားသုံး၍ နှိမ်နင်းနိုင်သည်။”

“ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်မှာ နှစ်ပတ်ရှိပြီဖြစ်ပြီး အခြေအနေကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်သည်။ နောက်ဆုံး တရားဝင်ထုတ်ပြန်ချက်အရ ပျောက်ဆုံးသူဦးရေမှာ ခြောက်ဆယ့်ခုနစ်ဦးတွင်သာ ရှိနေပြီး ထပ်မံတိုးပွားလာခြင်း မရှိချေ။ သို့သော်လည်း ညမထွက်ရအမိန့်ကို အနည်းဆုံး ခွေးတူဝက်တူလ မတိုင်မီအထိ ရုပ်သိမ်းရန် မဖြစ်နိုင်ချေ။”

တတိယမြောက် သတင်းစာဖြတ်ပိုင်းတွင်လည်း ခေါင်းစဉ်တစ်ခု ပါရှိနေသည်။ ခေါင်းကြီးပိုင်းတွင် ရေးသားထားသည်မှာ “ရှင်းကလန်၏ ဖမ်းဆီးသူ၊ သေဆုံးသွားပြီလား။”

“ယမန်နေ့က ကာလရှည်ကြာ ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို နောက်ဆုံးတွင် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ သံဓားသူရဲကောင်းများသည် မြို့မှ ဆုတ်ခွာသွားကြပြီး အိမ်နီးချင်းမြို့များမှ စစ်တပ်များလည်း အသုတ်လိုက် ဆုတ်ခွာနေကြပြီ ဖြစ်သည်။ တော်ဝင်မှော်ဆရာများ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်ရှိလာခဲ့သည်။ လက္ခဏာအားလုံးက အမှုကို ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း ညွှန်ပြနေသော်လည်း အာဏာပိုင်များက ဆိတ်ဆိတ်နေဆဲ ဖြစ်သည်။ တစ်လနီးပါးခန့် မြို့ကို ခြောက်လှန့်ခဲ့သော ထိတ်လန့်ဖွယ်ရာ အရိပ်မည်းကြီးမှာ ပျောက်ကွယ်သွားပုံရသော်လည်း ပျောက်ဆုံးသွားသူများအနက် မည်သူမျှ ပြန်မလာခဲ့ကြချေ။ ရုပ်အလောင်းများ ရှာတွေ့ကြောင်း သတင်းပို့ချက်လည်း မရှိချေ။ ရှင်းကလန်နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးရမိခြင်းလား၊ သို့မဟုတ် သူက အရိပ်ထဲတွင် ယာယီပုန်းအောင်းနေခြင်းလား။”

ဖုန်းပုကြွယ်သည် သူရှာတွေ့ခဲ့သော သတင်းစာဖြတ်ပိုင်းအားလုံးကို သေသေချာချာ ခေါက်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ဂဏန်းများနှင့် မြှားများကိုမူ သူ မှတ်သားထားလိုက်ပြီ ဖြစ်သည်။

သူက အခန်းအမှတ် (၆) ၏ သော့ကို ယူဆောင်၍ အတွင်းသို့ ဝင်ရောက်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဤအကျဉ်းခန်းထဲတွင် သစ်သားဗီရိုအသေးလေး မရှိတော့ဘဲ ကြီးမားလှသော လုံခြုံရေးသေတ္တာကြီးတစ်ခု ရှိနေလေသည်။

“အင်း… စက်မှုသံလိုက်အိမ်မြောင်သော့၊ အမှတ်အသား ရှစ်ဆယ်… သော့ပွင့်သွားပြီးတော့ ကုဒ်ကို အလိုအလျောက် ဖျက်ဆီးပစ်တယ်၊ ဘာခြေရာလက်ရာမှ ချန်မထားဘူး၊ အရွယ်အစား သေးတယ်၊ စက်မှုဖွဲ့စည်းပုံ သက်သက်ပဲ၊ လျှပ်စစ်မလိုဘူး၊ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးနဲ့ လိုက်လျောညီထွေဖြစ်နိုင်တယ်… ဂန္ထဝင်ကတော့ ဂန္ထဝင်ပါပဲ”

ဖုန်းပုကြွယ်က ၎င်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း ရေရွတ်လိုက်သည်။

“ကံမကောင်းစွာနဲ့ပဲ၊ ငါက စကားဝှက်ကို သိနေတယ်လေ…”

“ကောင်းပြီ… ပထမဆုံး လက်ယာရစ် ၃၈၊ ပြီးတော့… လက်ဝဲရစ်…”

သူ ပြောလိုက်ပြီး သော့ကို စတင်အသုံးပြုလိုက်တော့သည်။

အခန်းအမှတ် (၁) ထဲက သဲလွန်စများကို မြင်တွေ့ပြီးနောက် သူသည် ဤပဟေဠိ၏ သဘောသဘာဝကို အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။ ကွေးနေသောမြှားများနှင့် ဂဏန်းများက လှည့်ရမည့် အရပ်မျက်နှာနှင့် မှတ်သားချက်များ ဖြစ်ပြီး အခန်းနံပါတ်ကတော့ အဆင့်များကို ကိုယ်စားပြုခြင်းဖြစ်သည်။

အကြိမ်အနည်းငယ် လှည့်ပြီးနောက် လုံခြုံရေးသေတ္တာကြီး သော့ပွင့်သွားခဲ့သည်။ အရူးတစ်ယောက်သည်ပင် ၎င်းအထဲ၌ မြေအောက်ပထမထပ်၏ အကျဉ်းခန်းတံခါးသော့ ပါဝင်နေမည်ကို ခန့်မှန်းနိုင်ပေသည်။

သို့သော် သူ မျှော်လင့်မထားခဲ့သည်က…

“ဒါက တကယ့်ကို…”

ဖုန်းပုကြွယ်သည် သူ့ရှေ့ကအရာကို ကြည့်ပြီး ရုတ်တရက် သူ လှည့်စားခံလိုက်ရသလို ခံစားလိုက်ရလေသည်။

ကြီးမားလှသော လုံခြုံရေးသေတ္တာကြီးထဲတွင် ပိုသေးသော သေတ္တာငယ်တစ်ခု ထပ်မံပါဝင်နေခြင်း ဖြစ်သည်…။

ဤသေတ္တာငယ်မှာ သေတ္တာကြီး၏ ထက်ဝက်အရွယ်အစားခန့်သာ ရှိပြီး ၎င်းအပေါ်တွင် ဖန်ပုလင်းအသေးလေးတစ်ခု တင်ထား၏။ ဖုန်းပုကြွယ်က ပုလင်းကို ကောက်ယူ၍ ပစ္စည်းဖော်ပြချက်ကို ကြည့်လိုက်သည်။

အမည် - ရေမွှေး

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - ရှိ

မှတ်ချက် - မွှေးပျံ့ပြီး စွဲငြိစေသည်။

“ဘာကြီးလဲကွာ… ငါက ‘တာရှည်ခံတဲ့ ရနံ့၊ ထာဝရတည်မြဲမယ့် ပုလင်းတစ်လုံး’ ရလိုက်တာပဲ”

ဖုန်းပုကြွယ်က ဆိုသည်။

“အင်း… ဒါပေမဲ့ ဒါက ဇာတ်လမ်းထဲကနေ ယူသွားလို့ရတဲ့ တတိယမြောက်ပစ္စည်းပဲ၊ ဆပ်ပြာ၊ သွားတု၊ ရေမွှေး… ဘာတွေဖြစ်နေတာလဲ၊ နောက်တစ်ကြိမ်ကျရင် သွားပွတ်တံတစ်ချောင်း ဖြစ်လာတော့မှာလား”

၎င်းကို သူ့အိတ်ကပ်ထဲတွင် ထည့်ထားရန် မသင့်တော်သဖြင့် သူက ၎င်းကို ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်လိုက်ရသည်။ ယခုတွင် ဖုန်းပုကြွယ်၌ နေရာ ၁၅ ခု ပစ္စည်းသိုလှောင်အိတ် ရှိနေပြီဖြစ်သဖြင့် နေရာ ၁၀ ခုသာရှိသော ကျပ်ညပ်သည့် နေ့ရက်များထက် ပိုမိုအဆင်ပြေလှသည်။

“အိုကေ၊ ဒီသေတ္တာအသေးလေးကို ဘယ်လိုဖွင့်ရမလဲ ကြည့်ရအောင်…”

ဖုန်းပုကြွယ်သည် လုံခြုံရေးသေတ္တာကြီး၏ စကားဝှက်ကို ချက်ချင်း စမ်းသပ်ကြည့်သော်လည်း ကျရှုံးသွား၏။

“ဟား ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ”

သူက ပြောပြောဆိုဆိုနှင့် သော့ကို ပြန်လည်ချိန်ညှိကာ ထိုစကားဝှက်ကိုပင် ပြောင်းပြန် စမ်းသပ်ကြည့်သော်လည်း ကျရှုံးပြန်သည်။

“ငါ့ကို လျှော့မတွက်နဲ့ကွ…”

သူသည် အမှတ်အသားအားလုံးကို နှစ်နှင့်စားပြီး ထပ်မံစမ်းသပ်ခဲ့သော်လည်း နောက်တစ်ကြိမ် ကျရှုံးပြန်သည်။

“အား”

ဖုန်းပုကြွယ်သည် ယခုအခါ တိုက်ခိုက်ရေးသီးသန့်သာ အားသန်သော ကစားသမားများကို အားကျမိသွားသည်။ သူသည် သဲအိတ်အရွယ်အစားရှိသော သူ့လက်သီးကို ဆုပ်လိုက်ပြီး သေတ္တာငယ်လေးကို ကြည့်လိုက်လေသည်။

“သိုင်းပညာအားလုံးက… ဖျက်ဆီးလို့မရဘူး…”

နောက်တစ်စက္ကန့်တွင် သူသည် တိုက်ခိုက်ရေးအထူးပြုဖြင့် သူ၏ ဘွဲ့စွမ်းရည်ဖြစ်သော [ဒါကို ခံစားလိုက်စမ်း] ကို အသက်သွင်းလိုက်သည်။

သေတ္တာငယ်လေးကို လက်သီးဖြင့် ထိုးနှက်လိုက်ပြီးနောက် စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာလေသည်။ယင်းမှာ အုန်းအုန်းဒိုင်းဒိုင်းနှင့် အားပြင်းလှသည်။

သုံးစက္ကန့်အကြာတွင် တိုက်ခိုက်မှု ရပ်တန့်သွား၏။ သေတ္တာမှာ လုံးဝ ပျက်စီးခြင်းမရှိသော်လည်း ဖုန်းပုကြွယ်၏ အသက်အမှတ်မှာ ၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး သူ့လက်သီးမှာလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေလေသည်။

“အိုကေ၊ ငါက အဲ့ဒီစကားလုံးကို ပြောချင်ရုံသက်သက်ပါပဲ”

ဖုန်းပုကြွယ် သူ့ဘာသာ ရေရွတ်လိုက်သည်။

သက်ပြင်းတစ်ချက် ချပြီးနောက် သူက သော့ကို ဆက်ဖွင့်နိုင်ရန် ကြိုးစားလိုက်သည်…။ သို့သော်လည်း သူကိုယ်တိုင် ပြောခဲ့သလိုပင် ဤသော့၏ ဒီဇိုင်းက အလွန်ဂန္ထဝင်ဆန်လှပြီး ဖြစ်နိုင်ချေရှိသော စကားဝှက်ပေါင်း သန်းချီရှိနေပေသည်။ သူ ဒါကို ရှာတွေ့နိုင်ပါ့မလား။ ယင်းက ဂဏန်းခြောက်လုံးပါ စကားဝှက်တစ်ခုသာ ဖြစ်လျှင်ပင် သီအိုရီအရ ဖြစ်နိုင်ချေရှိသော စကားဝှက်ပေါင်းနီးပါး တစ်သန်း ရှိပေလိမ့်မည်။ ဖုန်းပုကြွယ်၏ စရိုက်အရဆိုလျှင် သူသည် အနည်းဆုံး အကြိမ် ငါးသိန်းခန့် စမ်းသပ်ရမည် ဖြစ်သည်…။

“အာ…”

အမည်မသိဒေါသတစ်ခု ဖုန်းပုကြွယ်အတွင်း၌ ဆူပွက်လာတော့သည်။

“ဒီဇာတ်လမ်းက… လူကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် အတင်းအကျပ် တွန်းအားပေးနေတာလား”

သူက စမ်းသပ်မှုကို ရိုးရိုးရှင်းရှင်းပင် ရပ်တန့်လိုက်ပြီး မတ်တပ်ရပ်ကာ သူ၏ ဆင်ခြင်တွေးတောမှု အဆင့်ကို ပြန်လည်စတင်လိုက်သည်။

“ငါ ဘယ်အချက်အလက်တွေကို လျစ်လျူရှုမိလိုက်လဲ၊ ဂဏန်းတွေကို ပြောင်းပြန်လှန်တာ… ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်း… ဒါက သုဒ္ဓကိန်းလား…”

သူ ခဏမျှ စဉ်းစားတွေးတောပြီးနောက် ထပ်မံစမ်းသပ်နေရာ မသိမသိဘာသာဖြင့် နာရီဝက်ခန့် ကုန်ဆုံးသွားရသည်။ ထိုမိနစ်သုံးဆယ်အတွင်း သူသည် ဖြစ်နိုင်ချေရှိသော စကားဝှက် ပေါင်းစပ်မှုတိုင်းနီးပါးကို စမ်းသပ်ခဲ့ပြီး ထို့ကြောင့်ပင် အချက်တစ်ချက်ကို အတည်ပြုနိုင်ခဲ့သည်…။ ဤသေတ္တာငယ်လေး၏ စကားဝှက်သည် သေတ္တာကြီး၏ စကားဝှက်နှင့် လုံးဝ သက်ဆိုင်မှုမရှိခြင်း ဖြစ်သည်။

“သေစမ်း”

ဖုန်းပုကြွယ်သည် ဒေါသတကြီးဖြင့် သေတ္တာငယ်လေးကို သေတ္တာကြီးထဲမှ ဆွဲထုတ်လိုက်သည်။

“ငါ့မှာသာ လက်ပစ်ဗုံးတွေ ရှိရင်…”

သူ စကားမဆုံးမီ သေတ္တာသည် သူ၏ လှုပ်ရှားမှုအရှိန်ကြောင့် သူ့ခြေထောက်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။

ဖုန်းပုကြွယ်သည် သေတ္တာက ဤမျှလေးလံလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ဂိမ်းထဲက သူ၏ လက်ရှိအင်အားအရ သူသည် ၁၀၀ ကီလိုဂရမ်ရှိသော အလေးတုံးတစ်ခုကို အလွယ်တကူ လုယူနိုင်စွမ်း ရှိသဖြင့် သေတ္တာကို အပြင်သို့ သယ်ဆောင်လာချိန်တွင် များများစားစား မတွေးမိခဲ့ချေ။ ရလဒ်မှာ ထိုလေးလံသောအရာဖြင့် သူ့ခြေထောက်ကိုသူ မတော်တဆ ထိမိသွားခြင်း ဖြစ်တော့သည်။

ဤထိခိုက်မှုက သူ၏ အသက်အမှတ် ၃ ရာခိုင်နှုန်းကို ထပ်မံ ဆုံးရှုံးသွားစေပြန်၏။ ထိုအသက်အမှတ် ပမာဏအနည်းငယ်ကို လျှော့မတွက်ပါနှင့်။ ဖုန်းပုကြွယ်သည် ယခုတွင် အဆင့် ၂၇ သို့ ရောက်နေပြီဖြစ်ပြီး ဆွေးမြည့်နေသော နံရံတစ်ခုကို တံတောင်နှင့် တိုက်မိရုံမျှဖြင့် အသက်အမှတ်ကျသွားမည့် အဆင့်မျိုး မဟုတ်တော့ချေ။

“ဝိုး… ဒါက အရမ်းလေးတာပဲ…”

ဖုန်းပုကြွယ်က ဆိုသည်။

“ခဲ-အင်တီမိုနီသတ္တုစပ်လား”

သူ ထိုသို့ ပြောလိုက်သည်နှင့်အမျှ အတွေးတစ်ခုက သူ့ဦးနှောက်ထဲတွင် ဖြတ်ခနဲ ပေါ်လာလေသည်။

“နေဦး… ဖြစ်နိုင်တာက…”

သူ ထိုင်ချလိုက်ပြီး စစ်ဆေးရန်အတွက် သေတ္တာကို လှန်လိုက်သည်။ သေချာပေါက်ပင် သူသည် အောက်ခြေတွင် သေးငယ်သော အဝိုင်းပေါက်ငယ်လေးတစ်ခုကို မြင်တွေ့လိုက်ရလေသည်…။

All Chapters