← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း (၂၄၄) ညီအစ်ကိုများ - ၇

“အိုး… ငါသိပြီ…”

ဖုန်းပုကြွယ်သည် သူ့လက်ချောင်းများကြားရှိ ရွှေဝါရောင် ဆံချည်မျှင်အချို့ကို ကြည့်ရှုရင်း ယခုအခါတွင်မူ မေးခွန်းများစွာ၏ အဖြေကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

“ငါ့ရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ ငါက ငါကိုယ်တိုင် ဖြစ်နေတုန်းပဲ…”

သူသည် လက်ကို ဆန့်ထုတ်၍ သူ့အင်္ကျီလက်နှင့် လက်ဖဝါးတို့ကို ကြည့်လိုက်သည်။ သူ့ဝတ်စုံမှာ ဂိမ်းထဲက ဂျိုကာပုံစံအတိုင်း ဖြစ်နေဆဲဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သူ့အရေပြားမှာ ဝါကျင့်ကျင့် ဖြစ်နေပြီး ခေါင်းမော့ကြည့်လိုက်လျှင်လည်း သူ၏ ဆံပင်အနက်ရောင်ကို ဝေဝါးစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။

သူသည် ထိုဆံချည်မျှင်အနည်းငယ်ကို ယူ၍ မှန်ဘီလူးအောက်တွင် စစ်ဆေးကြည့်လိုက်သည်။

“ဒါပေမဲ့… ဒီဇာတ်လမ်းကမ္ဘာရဲ့ ဓမ္မဓိဌာန်အမြင်အရဆိုရင်တော့ ငါက တခြားလူတစ်ယောက် ဖြစ်နေရမယ်၊ ဆံပင်က ခန္ဓာကိုယ်တစ်ခုလုံးကနေ ကွာကျသွားတဲ့ အချိန်ကျမှပဲ အဲ့ဒါရဲ့ အသွင်အပြင်အစစ်ကို ငါ မြင်နိုင်မှာ”

သူသည် ဆံပင်များကို စာရေးခုံပေါ်သို့ တင်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ သစ်သားဘီးငယ်လေးကို ထုတ်ယူကာ ၎င်းပေါ်တွင် ကျန်ရှိနေသော ဆံပင်များကိုလည်း မှန်ဘီလူးဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။

“အင်း… အရောင်၊ အလျားနဲ့ ထိတွေ့မှု အားလုံးက ဆင်တူနေတယ်”

ဖုန်းပုကြွယ် တစ်မိနစ်ကျော်ခန့် တွေးတောနေခဲ့သည်။

“နေပါဦး… ဇာတ်လမ်အစမှာ ငါက ဆံပင်ကို နှစ်ကြိမ်ပဲ ဖီးခဲ့တာလေ၊ ငါ့ရဲ့ ဇာတ်ကောင်က ဆံပင်အပြင်းအထန်ကျွတ်တဲ့ ရောဂါမရှိရင် ဒီဘီးပေါ်မှာ ဆံပင်တွေ ဒီလောက်အများကြီး ရှိနေဖို့ မဖြစ်နိုင်ဘူး”

ထိုသို့တွေးမိသည်နှင့် သူသည် သူ့ဆံပင်များကို နောက်ထပ်အကြိမ်အနည်းငယ်ခန့် ခပ်ပြင်းပြင်း ဆုပ်ကိုင်၍ ဆွဲနှုတ်ကြည့်လိုက်သည်။

မျှော်လင့်မထားသည်က သူ့လက်ကို မျက်စိရှေ့သို့ ပြန်လည်ယူဆောင်လာသောအခါ ကြီးမားသော ဆံပင်အစုကြီးတစ်ခုကို မြင်လိုက်ရပြီး ၎င်းတို့အနက် တစ်ပင်တွင်မူ သွေးစွန်းနေသော ဦးရေပြား အပိုင်းအစလေးတစ်ခုပင် ပါရှိနေခဲ့သည်။

“ဟိုးလီးရှစ်…”

ဖုန်းပုကြွယ်သည် ငြင်းပယ်၍မရသော အခြေအနေကြောင့် ချက်ချင်းပင် မီနူးကို ဖွင့်၍ စစ်ဆေးလိုက်ရာ ကံကောင်းထောက်မစွာဖြင့် သူ၏ အသက်အမှတ်က လျော့နည်းသွားခြင်း မရှိချေ။ သူသည် သူ့ဦးရေပြားကို ဂရုတစိုက် စမ်းသပ်ကြည့်လိုက်သော်လည်း အထူးတလည် ပြင်းထန်သော နာကျင်မှုကို မခံစားရချေ။

“အိုကေ… အိုကေ… စိတ်အေးအေးထား… စိတ်အေးအေးထား…”

သူ ရင်ပူစွာဖြင့် ရေရွတ်လိုက်သည်။ ဆံပင်ကျွတ်ခြင်းက အလွန်ပြင်းထန်သော အခြေအနေတစ်ခု ဖြစ်နေသည့်အလားပင်။

သူသည် ဆွဲနှုတ်လိုက်သော ဆံပင်များကို လွှင့်ပစ်လိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။ ထို့နောက် အခြားအရာတစ်ခုကို သူသတိပြုမိသွား၏။

“ဒါနဲ့ ပြောရဦးမယ်… အခုအချိန်ထိ ငါ မှန်နဲ့တူတဲ့အရာ ဘာတစ်ခုမှ မတွေ့သေးဘူး၊ စနစ်က ငါ့ကိုယ်ငါ ‘ပြန်မြင်ရအောင်’ ကို တမင် တားဆီးနေတာလား…”

ဖုန်းပုကြွယ်၏ အကြည့်သည် ဓာတ်ပုံပေါ်သို့ ထပ်မံကျရောက်သွားပြန်သည်။

“ဘယ်ဘက်က ကောင်လေးက အဖွင့်ဗွီဒီယိုထဲမှာ ငါ့ကို ဆွဲခေါ်သွားတဲ့ အရပ်ပုပုကောင်လေးလို့ ယူဆရင် နောက်ထပ် ကောင်လေးတစ်ယောက်က ငါသရုပ်ဆောင်နေရတဲ့သူပေါ့… သူတို့ကို ဒီအခြေအနေအထိ ရောက်အောင် ဘာက တွန်းပို့ခဲ့တာလဲ…”

သူက စိတ်ထဲမှ တွေးတောရင်း ဓာတ်ပုံကို နောက်ပြန်လှန်လိုက်သည်။

ဓာတ်ပုံ၏ နောက်ကျောဘက်တွင်မူ လက်ရေးဖြင့် ရေးသားထားသော မှတ်စုတစ်ခု ရှိနေလေသည်။

“အာသာ နှင့် အင်ဒရူး၊ ငါ့ရဲ့ ကလေးများ၊ ငါ့ရဲ့ အချစ်များ။”

“အိုး… သူတို့က ညီအစ်ကို နှစ်ယောက်ကိုး…”

ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်သည်။

“နေဦး… အာသာ နဲ့ အင်ဒရူး…”

သူက သစ်သားဘီးလေးကို ထပ်မံကောက်ယူလိုက်ပြီး ၎င်းပေါ်တွင် ထွင်းထုထားသော “aa” ဟူသော စာလုံးလေးအပေါ် အကြည့်က ရပ်တန့်သွားခဲ့သည်။

“အာသာ နဲ့ အင်ဒရူးလား…”

သူက မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်မိသည်။

“ဒါက အကန့်အသတ်နဲ့ ထုတ်တဲ့ပစ္စည်းပါလို့ ငါမင်းကို ပြောသားပဲ၊ ဟဲ…”

နောက်ထပ်ဆယ်မိနစ်ခန့်တွင်မူ ဖုန်းပုကြွယ်သည် အဆင့်မြင့်အဂ္ဂိရတ်ပညာ စာအုပ်ကို အလွန်စိတ်အားထက်သန်စွာဖြင့် ဖတ်ရှုတော့သည်။

အပြာရင့်ရောင်မျက်နှာဖုံးကို ဖွင့်လိုက်သည့်အခါ ပထမဆုံး မြင်တွေ့ရသည်မှာ ဤစာသား ဖြစ်သည်။

“အခြေခံအဂ္ဂိရတ်ပညာကို လေ့လာပြီးတဲ့နောက်မှာ သင်ဟာ ဒီအတတ်ပညာရဲ့ အထွတ်အထိပ်က သတ္တုကို ရွှေဖြစ်အောင် ပြောင်းလဲတာ ဒါမှမဟုတ် အသက်ရှည်ဆေးတစ်မျိုးမျိုး ဖန်တီးတာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။

ဒီစာအုပ်က သင့်ကို ပြောပြပါလိမ့်မယ်၊ အဲဒီလို အတွေးမျိုးက အလွန်မိုက်မဲလှပါတယ်။

အဂ္ဂိရတ်ပညာဆိုတာ လူသားတွေကို နတ်ဘုရားတွေနဲ့ တန်းတူဖြစ်စေတဲ့ မြင့်မြတ်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ စိတ်ထဲမှာ ငွေကြေးအနံ့အသက်တွေနဲ့ သေမျိုးအငွေ့အသက်တွေ ပြည့်နှက်နေတဲ့ သာမန်လူတွေကတော့ နတ်ဘုရားတွေရဲ့ နယ်ပယ်ကို ဘယ်တော့မှ ထိတွေ့နိုင်မှာ မဟုတ်ပါဘူး။”

ဤစာသား၏ အသုံးအနှုန်းနှင့် အကြောင်းအရာမှာ သရော်စာကဲ့သို့ ဖြစ်ပြီး သတိပေးချက်တစ်ခု ဖြစ်နေသော်လည်း ဖုန်းပုကြွယ်သည် ယင်းအပေါ် သိပ်ခံစားနေခြင်း မရှိချေ။ ဤစာလုံးများသည် မြင့်မြတ်၍ အထက်တန်းကျသော အငွေ့အသက်များကို သံသယဖြစ်ဖွယ်မရှိ ထုတ်လွှင့်နေပြီး ၎င်းက ဖုန်းပုကြွယ်၏ သုတေသနပြုလိုစိတ်ကို အရှိန်အဟုန်အပြင်းဆုံး လှုံ့ဆော်ပေးသော အငွေ့အသက်မျိုး ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် ဖုန်းပုကြွယ်သည် မာတိကာနှင့် ပထမအခန်းကိုသာ ဖတ်ရှုနိုင်ခဲ့သည်။ ဒုတိယအခန်းနှင့် ကျန်ရှိသောအရာများမှာမူ လုံးဝ ဝေဝါးနေခဲ့သည်…။ ပထမအခန်းကိုပင်လျှင် ဖုန်းပုကြွယ်အနေဖြင့် လုံးဝ နားလည်သဘောပေါက်ခြင်း မရှိချေ။ ဖြစ်နိုင်သည်မှာ သူသည် အဂ္ဂိရတ်ပညာ၏ အခြေခံအုတ်များကို မဖတ်ရှုခဲ့ရသည့်အတွက် အသုံးအနှုန်းအများစုကို လုံးဝ နားမလည်ခြင်း ဖြစ်ပေလိမ့်မည်။

“အနည်းဆုံးတော့ အထက်တန်းအဆင့် ဓာတုဗေဒပညာ လိုအပ်တာပေါ့၊ တစ်ချိန်တည်းမှာပဲ ‘ရုပ်ဝတ္ထုဆိုင်ရာ ဒဿန’ လို့ ခေါ်တဲ့ ဗဟုသုတအမြောက်အမြား ရှိမှပဲ အခြေခံအကျဆုံး အဂ္ဂိရတ်ပညာကို လုပ်ဆောင်ဖို့ ‘နားလည်ခြင်း၊ ပြိုကွဲခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်း’ ဆိုတဲ့ ဖြစ်စဉ်သုံးရပ်ကို ပြီးမြောက်စေမှာပေါ့”

ဖုန်းပုကြွယ်သည် ဒုတိယအခန်းကို ဖတ်မရကြောင်း တွေ့ရှိပြီးနောက် ဤအချက်ကို သတိပြုမိလိုက်သည်။ သူက စာအုပ်ကို ပိတ်လိုက်ရင်း ရေရွတ်လိုက်သည်။

“ဒီပထမအခန်းထဲက ဥပမာအနည်းငယ်နဲ့တင် အဂ္ဂိရတ်ဖော်မြူလာတွေရဲ့ ရှုပ်ထွေးမှုကို ပြသနေတယ်… ဒါကို အခြေခံပြီး နက္ခတ်ဗေဒင်၊ ရူးနစ်စာပေနဲ့ အဂ္ဂိရတ်ပညာရှင်ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ ပါရမီတို့ ပေါင်းစပ်လိုက်တဲ့အခါ ဒါတွေကို အသွင်ပြောင်းစက်ဝိုင်းတွေအဖြစ် ရိုးရှင်းအောင် လုပ်နိုင်တာပဲ”

သူ မော့ကြည့်လိုက်ရင်း အံ့သြစွာ ချီးမွမ်းမိသည်။

“အဲဒီဗီဒီယိုထဲက အာသာက အသက်ဆယ်နှစ်ပဲ ရှိဦးမှာ ဖြစ်ပေမဲ့ ဒီစာအုပ်ကို တည်တည်ငြိမ်ငြိမ် ဖတ်နိုင်ခဲ့တာပဲ… ပါရမီရှင်တစ်ယောက်ပဲ…”

ဤ အဆင့်မြင့်အဂ္ဂိရတ်ပညာ စာအုပ်သည် ဂိမ်းအပြင်ဘက်သို့ ယူဆောင်သွား၍မရသော ဇာတ်ကွက်ဆိုင်ရာပစ္စည်းအဖြစ် သတ်မှတ်ထားသော်လည်း ၎င်းကို ဂိမ်း၏ နောက်ပိုင်းတွင် သေချာပေါက် အသုံးပြုရမည် ဖြစ်သဖြင့် ဖုန်းပုကြွယ်သည် ၎င်းကို သူ၏ ပစ္စည်းစာရင်းထဲသို့ ယာယီထည့်သွင်းထားလိုက်သည်။ ဓာတ်ပုံကိုမူ သူ့အင်္ကျီအတွင်းအိတ်ကပ်ထဲသို့သာ ထည့်လိုက်သည်။

ထို့နောက်တွင်မူ သူသည် စာကြည့်ခန်းတစ်ခုလုံးကို ထပ်မံရှာဖွေလိုက်သော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရတော့ချေ။ သော့ကိုတော့ ထားလိုက်ပါတော့။ ထို့ကြောင့် သူသည် ရေနံဆီမီးအိမ်နှင့် မှန်ဘီလူးတို့ကို ကောက်ယူ၍ ဘေးချင်းကပ်အခန်းဆီသို့ ဦးတည်လိုက်တော့သည်။

ဘေးချင်းကပ်အခန်းမှာ မီးဖိုချောင် ဖြစ်သည်။ တံခါးနှင့် မျက်နှာချင်းဆိုင် နံရံဘေးတွင် မီးဖိုနှင့် မီးခိုးခေါင်းတိုင် ရှိနေ၏။ မီးဖိုမှာ ညစ်ပတ်နေသော်လည်း ၎င်းပေါ်က အမှတ်အသားများအရ ၎င်းကို အသုံးပြုနေဆဲ ဖြစ်ကြောင်း ပြသနေလေသည်။ မီးဖို၏ အောက်ခြေတွင် ဗီရိုများ ရှိနေပြီး ပတ်ပတ်လည် နံရံများတွင်မူ နံရံကပ်ဗီရိုများ၊ ပန်းကန်ခွက်ယောက်ဗီရိုများ စသည်ဖြင့် တပ်ဆင်ထား၏။

မီးဖိုချောင်၏ အလယ်ဗဟို တည့်တည့်တွင်မူ နှစ်မီတာပတ်လည်ခန့်ရှိသော ခြေလေးချောင်းပါ သစ်သားစားပွဲတစ်လုံး ရှိနေပြီး ၎င်း၏ စားပွဲခင်းမှာ ညစ်ပတ်ပေရေနေသဖြင့် မူလပုံစံကိုပင် ဖုံးကွယ်ထားခဲ့ပြီ ဖြစ်သည်။ စားပွဲပေါ်တွင် အသားဆော့စ်ကဲ့သို့သော အစားအစာများ ပြည့်နှက်နေသည့် ဇလုံကြီးတစ်လုံး ရှိနေပြီး ၎င်းဘေးတွင်မူ အသားဆော့စ်အကြွင်းအကျန်အချို့ ပေကျံနေသည့် မဆေးရသေးသော ပန်းကန်ပြားတစ်ချပ် ရှိနေလေသည်။

မီးဖိုချောင်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ မြင်ကွင်းမှာ စာကြည့်ခန်းထဲကအတိုင်းပင် ဖြစ်သည်…။ သိပ်သည်းလှသော အမှောင်ထုနှင့် ရှုပ်ထွေးမှုများသာ ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ဖန်သားပြင်ကို မှန်တစ်ချပ်ကဲ့သို့ အသုံးပြုနိုင်ရမည် ဖြစ်သော်လည်း ဖုန်းပုကြွယ် သူ့ကိုယ်သူ ကြည့်ရန် ကြိုးစားသည့်အခါ ဝေဝါးသော အရိပ်မည်းကြီးတစ်ခုကိုသာ မြင်တွေ့ရသည်။ ထို့နောက် သူသည် သတ္တုဖြင့် ပြုလုပ်ထားသော မီးဖိုချောင်သုံး ကိရိယာအချို့ကို ရှာဖွေ၍ ၎င်းတို့၏ မျက်နှာပြင်များကို အရောင်တောက်လာသည်အထိ ပွတ်တိုက်နေကာ သူ့ပုံရိပ်ကို မြင်ရရန် ကြိုးပမ်းခဲ့သော်လည်း ကျရှုံးခဲ့ရပြန်သည်။

“ဒီစနစ်က ငါ့ကိုယ်ငါ မှန်ထဲမှာ ပြန်မြင်ရမှာကို လုံးဝအဖြစ်မခံဖို့ ဆုံးဖြတ်ထားတာပေါ့”

ဖုန်းပုကြွယ်က ပုခုံးနှစ်ဖက်ကို တွန့်လိုက်ရင်း ရေရွတ်လိုက်သည်။

နောက်တစ်ဆင့်အနေဖြင့် သူသည် ဗီရိုတိုင်းကို ဖွင့်လှစ်၍ သဲလွန်စဖြစ်နိုင်မည့်အရာ မှန်သမျှကို လိုက်လံရှာဖွေလိုက်သည်။ သူသည် အိုးများနှင့် ဒယ်အိုးများကို အမြောက်အမြား ရှာတွေ့ခဲ့သော်လည်း ဓားတစ်ချောင်းမျှ မရှိသလို၊ မည်သည့်သဲလွန်စမျှလည်း မရှိချေ…။

“ဒီအခန်းက တန်ဖိုးရှိတဲ့အရာ ဘာတစ်ခုမှမရှိဘဲ လုံးဝအလွတ်ကြီး ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး…”

မီးဖိုချောင်ကို ရှာဖွေပြီးနောက် သူပြောလိုက်သည်။

“သိုလှောင်ခန်းမှာ ရေနံဆီမီးအိမ် ရှိတယ်၊ စာကြည့်ခန်းမှာ မှန်ဘီလူး၊ ဓာတ်ပုံတွေနဲ့ စာအုပ်တွေ ရှိတယ်၊ ဆိုတော့ မီးဖိုချောင်မှာလည်း တစ်ခုခုတော့ ရှိရမယ်…”

သူ့အကြည့်သည် စားပွဲပေါ်က အသားဆော့စ်ဇလုံကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။

“ကဲ… ဒါဆိုလည်း စမ်းကြည့်ရတာပေါ့…”

သူသည် ဇလုံကို မှောက်ချလိုက်ပြီး အသားဆော့စ်များကို စားပွဲပေါ်သို့ ဖိတ်စင်စေလိုက်သည်။ ထို့နောက် ဇလုံကို ဘေးဖယ်လိုက်ပြီး အသားဆော့စ်များကို သူ့လက်ဖြင့် မွှေနှောက်ရှာဖွေတော့သည်။

အံ့သြစရာကောင်းသည်မှာ သော့တစ်ချောင်းကို ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်သည်။

အမည် - အနီရောင်သော့

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အနီရောင်သံတံခါးကို အမြဲတမ်း သော့ဖွင့်ပေးနိုင်သည်၊ အသုံးပြုပြီးပါက ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - နီရဲနေသောနေရာတစ်ခုတွင် ဝှက်ထားသည်။

All Chapters