အခန်း ၆၁
Vol. 7 Ch. 61
အပိုင်း ၆၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ကျယ်လောင်သည့် အသံတစ်ခုနှင့်အတူ တောရိုင်းပြောင်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွား၏။
လန်လင်းသည်လည်း အမြန်ထွက်လာသည်။ ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ် နိုးထလာသည်ကို သူ ခံစားလိုက်ရ၏။ ထိုအရာက တွင်းနက်ကြီးတစ်ခုအလား လျင်မြန်စွာ လည်ပတ်လာသည်။
သေဆုံးသွားသည့် တောရိုင်းပြောင်ကြီး၏ ခန္ဓာကိုယ်ထဲမှ နဂါးစွမ်းအင်များ ထွက်ပေါ်လာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရ၏။ အသူရာမိစ္ဆာကြယ်က ထိုအရာများကို လျင်မြန်စွာ ဝါးမျိုပစ်လိုက်သည်။
ထိုကြယ်မှာ နဂါးသွေးကြော၏ စွမ်းအားကို စားသုံးနိုင်သည့်အတွက် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤဟန်ချက်ညီသည့် လောကကြီးထဲ၌ လူသားများနှင့် မှော်သားရဲများ နှစ်မျိုးလုံး၏ အထဲ၌ နဂါးသွေးများ ရှိနေကြသည်။ ပုံမှန်အားဖြင့် သူတို့ သေဆုံးသွားသည့်အခါ ထိုစွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သဘာဝတရားကြီးထဲသို့ ပြန်လည်ရောက်ရှိသွားစမြဲပင်။
သို့သော် အသူရာမိစ္ဆာကြယ်ကမူ လွတ်ထွက်လာသည့် စွမ်းအင်များကို စားသုံးခြင်းဖြင့် ထိုသဘာဝနိယာမကို ချိုးဖောက်၏။ ဤသည်က မီးလျံနဂါးတိုက်ကြီး၏ စွမ်းအင် ဟန်ချက်ညီမှုကို ဆန့်ကျင်နေခြင်းပင်။ ထို့ကြောင့်ပင် အသူရာမိစ္ဆာကြယ်ဟု အမည်တွင်ခြင်း ဖြစ်ပေလိမ့်မည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ နှစ်စက္ကန့်ပင် မကြာလိုက်ချေ။ စတင်သည်နှင့် တစ်ပြိုင်နက် ပြီးဆုံးသွား၏။
အသူရာမိစ္ဆာကြယ်က ပျော်ရွှင်စွာ တုန်ယင်နေ၏။ "နောက်ဆုံးတော... နောက်ဆုံးတော့ ကျွန်တော် စွမ်းအားတွေကို ပြန်စုပ်ယူနိုင်ပြီ သခင်။"
စွမ်းအင်မှာ အလွန်တရာ အားနည်းနေသော်ငြား လန်လင်းနှင့် အသူရာမိစ္ဆာကြယ် နှစ်ဦးလုံး အလွန်အမင်း အားတက်သွားရသည်။ သူတို့၏ ကြိုးစားအားထုတ်မှုများဖြစ်သည့် လေးပစ်လေ့ကျင့်ခြင်း စိတ်ကို အာရုံစိုက်ခြင်းနှင့် ပစ်မှတ်များကို ပစ်ခတ်ခြင်းတို့က နောက်ဆုံး၌ အကျိုးအမြတ် ရရှိသွားလေပြီ။
ထိုသားရဲကို သတ်ဖြတ်ပြီး နဂါးစွမ်းအင်ကို စုပ်ယူခြင်းက သူတို့ ပိုမိုသန်မာလာဖို့အတွက် ပထမဆုံး ခြေလှမ်းပင်။
ပထမဆုံး တောရိုင်းပြောင်ကို သတ်ပြီးနောက် လန်လင်း နောက်တစ်ကောင်ကို စတင် ရှာဖွေလိုက်၏။ ဤနေရာကို ပြောင်ချိုင့်ဝှမ်းဟု ခေါ်ဆိုရခြင်းမှာ အကြောင်းပြချက် ရှိသည်။ နေရာတိုင်း၌ တောရိုင်းပြောင်များ ရှိနေ၏။ တစ်ကောင်တည်း လှည့်လည်သွားလာနေသည့် အကောင်ကို ရှာရသည်မှာ လွယ်ကူလှသည်။
မကြာမီမှာပင် ဒုတိယမြောက် တောရိုင်းပြောင်ကို သူတို့ တွေ့လိုက်ရ၏။ ထိုအကောင်က မြက်များကို ဖြည်းညင်းစွာ စားနေသည်။ လက်သီးဆုပ်ခန့်စီ ရှိသည့် ထိုအကောင်၏ ကြီးမားသော မျက်လုံးကြီးများက ပြူးကျယ်နေ၏။
လန်လင်း သူ၏ လေးကြိုးကို ဆွဲကာ မြားကို တင်လိုက်သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဖန်သော်တာ နည်းစနစ်ကို သုံးကာ ပြောင်၏ မျက်လုံးဆီသို့ ချိန်ရွယ်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားတို့ကို အသုံးပြုလိုက်သည်။
တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့်နှင့် ငါးစက္ကန့်ကြာသွား၏။
ယခုတစ်ကြိမ်၌ ခြေရာခံနိုင်ရန် ငါးစက္ကန့် အချိန်ယူလိုက်ရသည်။ လန်လင်း၏ စိတ်ထဲ၌ အရာအားလုံး မှုန်ဝါးပျောက်ကွယ်သွားပြီး ပြောင်၏ မျက်လုံးတစ်ခုသာ ကျန်ရစ်တော့၏။
ကြိုးကို လွှတ်ချလိုက်သည်။ မြားက ကြယ်ပျံတစ်ခုအလား အရှိန်အဟုန်ဖြင့် ပျံသန်းထွက်သွား၏။ အံ့သြစရာ တစ်ခုမှ မရှိချေ။ မလှုပ်ရှားသည့် ပစ်မှတ်တစ်ခုကို ပစ်လိုက်ရသည်နှင့် အတူတူပင်။
ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ မြားက ပြောင်၏ မျက်လုံးကို ဖောက်ထွင်းကာ ဦးနှောက်ထဲသို့ တည့်မတ်စွာ စိုက်ဝင်သွားပြီး ချက်ချင်း သေဆုံးသွားစေသည်။
ယခုအကြိမ်၌လည်း အသူရာမိစ္ဆာကြယ်က စွမ်းအင်များကို စိတ်လှုပ်ရှားစွာ ဝါးမျိုလိုက်ပြန်၏။ လန်လင်းသည်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းပြီး နွေးထွေးသည့် စွမ်းအားတစ်ခု စီးဆင်းလာကာ သူ၏ နှလုံး နက်ရှိုင်းသည့် နေရာ၌ စုစည်းသွားသည်ကိုပင် ခံစားလိုက်ရ၏။
ထိုနောက်ပိုင်း၌ လန်လင်းတစ်ယောက် အဆက်မပြတ် အမဲစလိုက်တော့သည်။ ဤနေရာရှိ တောရိုင်းပြောင်များက အလွန်သန်မာကြသော်ငြား သူတို့စိတ်က အားနည်းလှကြ၏။ နှေးကွေးပြီး သတိမရှိလှချေ။ ထို့အပြင် သူတို့၏ ကြီးမားလှသည့် မျက်လုံးများက လွယ်ကူသော ပစ်မှတ်များ ဖြစ်နေစေသည်။
တစ်ခုတည်းသော ပြဿနာမှာ လန်လင်း၏ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားပင်။ မပင်ပန်းမီ တောရိုင်းပြောင် ဆယ်ကောင်ကိုသာ သူ အမဲလိုက်နိုင်သည်။ ထို့နောက် သူ့စွမ်းအင်များ ပြန်လည်ရရှိရန် လေးနာရီခန့် အနားယူရန် လိုအပ်၏။
အသူရာမိစ္ဆာကြယ်က လန်လင်းအား ချက်ချင်း မြားများ ပိုမိုပစ်ခတ်နိုင်ရန် ကူညီပေးနိုင်လောက်အောင် နဂါးစွမ်းအား အလုံအလောက် စုပ်ယူထားပြီးဖြစ်၏။ သို့သော် လန်လင်းကမူ ထိုစွမ်းအင်များကို အလဟဿ မဖြုန်းတီးချေ။ သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အမြဲတမ်း တိုးမြှင့်နိုင်ရန် နဂါးစွမ်းအား အားလုံးကို စုဆောင်းထားရန် လိုအပ်သည်။
အနားယူချိန်ကြောင့် လန်လင်းအနေဖြင့် တစ်ရက်လျှင် တောရိုင်းပြောင် အကောင်နှစ်ဆယ်ခန့်သာ သတ်နိုင်၏။ ဤနှုန်းအတိုင်းဆိုလျှင် သူ့လက်မောင်းခွန်အား ဆယ်ကျင်းမျှ တိုးလာစေရန်ပင် သုံးလေးရက်ခန့် အချိန်ယူရပေလိမ့်မည်။
ကျောင်းဆင်းစာမေးပွဲက သုံးလပင် မလိုတော့ချေ။ ထိုအချိန်ရောက်လျှင် သူ့လက်မောင်းခွန်အားကို ကျင်းသုံးရာအထိ တိုးမြှင့်ထားရန် လိုအပ်ပြီး သူ့စိတ်ဝိညာဉ်ဖြင့် ခြေရာခံနိုင်သည့် အကွာအဝေးကိုလည်း သုံးရာ့နှစ်ဆယ့်ရှစ်ပေကျော်အထိ တွန်းပို့ထားရန် လိုအပ်၏။ သူ့ထံ၌ အချိန် အလုံအလောက် မရှိချေ။
ထိုည အနားယူနေစဉ် လန်လင်းက သူ့စိုးရိမ်ပူပန်မှုများကို ရဲ့ကျင်းယွီအား ပြောပြလိုက်သည်။
ရဲ့ကျင်းယွီက နှစ်သိမ့်လိုက်၏။ "အကောင်းဆုံးသာ ကြိုးစားလိုက်ပါ သခင်လေးရယ် ၊ ကျန်တာကိုတော့ ကံတရားကိုသာ ပုံချလိုက်ပါတော့။"
ထိုနောက်ပိုင်း နေ့တိုင်း လန်လင်း ဆက်လက် အမဲလိုက်သည်။ ကိုးဆယ့်ရှစ်ပေ အကွာမှနေ၍ မြားတစ်ချောင်းဖြင့် ပြောင်၏ မျက်လုံးကို ဖောက်ထွင်းကာ ဦးနှောက်ထဲသို့ တိုက်ရိုက် ပစ်ခတ်ပြီး ချက်ချင်း သတ်နိုင်၏။ သူ တစ်ခါမှ မလွဲပေ။ ပို၍ ကျွမ်းကျင်လာသည်နှင့်အမျှ နေ့စဉ် သတ်ဖြတ်နိုင်မှုမှာ အကောင်နှစ်ဆယ်မှ နှစ်ဆယ့်ငါးကောင်အထိ တက်လာသည်။
တစ်နေ့သော မွန်းတည့်ချိန်၌ လန်လင်းတစ်ယောက် ထိုနေ့အတွက် ဆယ့်ကိုးကောင်မြောက် တောရိုင်းပြောင်ကို ပစ်ခတ်ရန် အသင့်ပြင်နေ၏။
သူ စတင်ချိန်မှစ၍ တောရိုင်းပြောင် စုစုပေါင်း ခုနစ်ဆယ့်လေးကောင်ကို သတ်ဖြတ်ပြီးဖြစ်၏။ နောက်ထပ် နှစ်ဆယ့်ခြောက်ကောင်သာ လိုတော့သည်။
အကောင်တစ်ရာ ပြည့်သွားသည်နှင့် သူ စုဆောင်းထားသည့် နဂါးစွမ်းအားများက သူ့ခန္ဓာကိုယ်ကို သန့်စင်ရန် လုံလောက်ပေလိမ့်မည်။ ထိုလုပ်ငန်းစဉ်က သူ၏ လက်မောင်းခွန်အားကို ဆယ်ကျင်းမှ ကိုးဆယ်ကျင်းအထိ တိုးလာစေမည်ဖြစ်၏။
လန်လင်း လေးကို ဆွဲလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ အောင့်ထားလိုက်သည်။ စိတ်ကို အာရုံစိုက်ကာ ပစ်မှတ်ကို ခြေရာခံလိုက်၏။
"ရွှီးးး"
မြားက လေထဲသို့ ပျံသန်းထွက်သွားကာ ပြောင်၏ မျက်လုံးနှင့် ဦးနှောက်ကို ဖောက်ထွင်းသွား၏။ ချက်ချင်းပင် သေဆုံးသွားသည်။
ကိုးဆယ့်ရှစ်ပေ အတွင်း၌ ပစ်မှတ်ကို အကြိမ်တိုင်း လန်လင်း မှန်အောင် ပစ်နိုင်၏။ ဤသည်က သူ့စိတ်ဝိညာဉ်ဖြင့် ခြေရာခံခြင်း၏ အံ့မခန်း စွမ်းအားပင်။
လန်လင်း စိတ်ထဲမှ တွေးလိုက်၏။ "နောက်ထပ် နှစ်ဆယ့်ငါးကောင်ပဲ လိုတော့တယ်။" ထို့နောက် နောက်ထပ် တစ်ကောင်ထဲ သင်းကွဲနေသည့် တောရိုင်းပြောင်များကို ဆက်လက်၍ ရှာဖွေလိုက်သည်။
တိုးတက်မှုက ကြီးမားနေသော်ငြား လန်လင်းကမူ အလွန် နှေးနေဆဲဖြစ်ကြောင်း ခံစားနေရသည်။
နဂါးစွမ်းအားကို စုပ်ယူနိုင်သည့် အသူရာမိစ္ဆာကြယ်၏ အံ့မခန်း စွမ်းရည် ရှိနေလျှင်ပင် စာမေးပွဲမတိုင်မီ အဆင့်တစ် လေးသည်တော် စစ်သည်တစ်ယောက်၏ အဆင့်သို့ သူ ရောက်ရှိမည် မဟုတ်ချေ။
ရုတ်တရက် အနီးအနားမှ ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခုကို သူ ကြားလိုက်ရ၏။ သားရဲတစ်ကောင်၏ အသံနှင့် တူနေသည်။ ထို့နောက် ကျောက်တုံးများ ကြေမွသွားသည့် ကြမ်းတမ်းသော အသံကိုလည်း သူ ကြားလိုက်ရ၏။
လန်လင်း မြေကုန်းငယ်လေးတစ်ခုကို ပတ်သွားလိုက်ရာ တောက်ပသည့် အနီရောင်ရှိသော တောရိုင်းနွားကြီး တစ်ကောင်ကို မြင်လိုက်ရသည်။
ထိုအကောင်က သာမန် တောရိုင်းပြောင်ထက် နှစ်ဆခန့် ပိုကြီး၏။ ချွန်ထက်သည့် ခွာများဖြင့် မာကျောသော မြေပြင်ကို ကုတ်ခြစ်နေလေရာ ကြေမွနေသည့် ကျောက်ခဲများ လေထဲသို့ လွင့်စဉ်သွားသည်။ ထိုအကောင်၏ ချိုနှစ်ချောင်းမှာ တောက်ပသည့် အနက်ရောင်ဖြစ်ပြီး သံမဏိထက်ပင် ပိုမိုမာကျောပုံရ၏။
ရဲ့ကျင်းယွီက သတိပေးလိုက်သည်။ "ဒါက အုပ်စုခေါင်းဆောင် မီးလျံနီနွားကြီးပဲ သခင်လေး။ သူ့နဂါးသွေးကြောက အများကြီး ပိုသန်မာတယ်။ အရမ်းမြန်ဆန်ပြီး စွမ်းအားကြီးလွန်းလို့ သခင်လေး သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး။"
လန်လင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ကျွန်တော် စမ်းကြည့်ချင်တယ်။"
ရဲ့ကျင်းယွီ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူမ၏ ဓားကောက်ကို ဆွဲထုတ်ကာ လန်လင်းကို ကာကွယ်ရန် အသင့်ရပ်နေလိုက်၏။ သူမအတွက်မူ ထိုမီးလျံနီနွားကြီးကို သတ်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။
လန်လင်းက လှမ်းတားလိုက်သည်။ "နေဦး အစ်မ။ သူက ကျွန်တော့်အနား သုံးဆယ့်သုံးပေ အတွင်းကို ရောက်မလာမချင်း ၊ ပြီးတော့ ကျွန်တော့်ကို အသေမသတ်မချင်း ဝင်မတိုက်ခိုက်ပါနဲ့။"
ရဲ့ကျင်းယွီက သဘောတူလိုက်၏။ "ကောင်းပြီလေ။"
လန်လင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရဲ့ကျင်းယွီ၏ အိတ်ထဲသို့ လက်လှမ်းလိုက်ပြီး ကျင်းရှစ်ဆယ်အားရှိသည့် လေးတစ်လက်ကို ဆွဲထုတ်လိုက်၏။
သူ၏ ကိုယ်ပိုင် လက်မောင်းခွန်အားမှာ ကျင်းရှစ်ဆယ် တိတိဖြစ်၏။ ပုံမှန်အားဖြင့် လေးကို ငြိမ်သက်အောင် ကိုင်ထားနိုင်ရန်နှင့် မတုန်ယင်ဘဲ သေချာစွာ ချိန်ရွယ်နိုင်ရန် ပို၍ပေါ့ပါးသည့် ကျင်းခြောက်ဆယ်အား လေးကိုသာ အသုံးပြုရသည်။
သို့သော် ဤစွမ်းအားကြီးမားသည့် မီးလျံနီနွားကြီးကို သတ်ဖြတ်ရန်အတွက်မူ စွန့်စားရမည်ဖြစ်ပြီး ပိုမိုလေးလံသော ကျင်းရှစ်ဆယ်အား လေးကို အသုံးပြုရပေလိမ့်မည်။
အပိုင်း ၆၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team