← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အပိုင်း ၆၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်း ကျင်းရှစ်ဆယ်လေးကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ဆွဲရန် ကြိုးစားလိုက်၏။ သို့သော် အလွန်လေးလံလွန်းနေသဖြင့် အဆုံးထိ မဆွဲနိုင်သလို သေချာစွာလည်း မချိန်ရွယ်နိုင်ချေ။

ထို့ကြောင့် နဂါးစွမ်းအားကို အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်က သာမန်တောရိုင်းပြောင် ခုနစ်ဆယ့်ငါးကောင်၏ သွေးကြောများထဲမှ နဂါးစွမ်းအားများကို စုပ်ယူထားပြီးဖြစ်၏။

သူ အမိန့်ပေးလိုက်သည်နှင့် အသူရာမိစ္ဆာကြယ်ထဲမှ နဂါးစွမ်းအားများ လန်လင်း၏ လက်မောင်းထဲသို့ စီးဆင်းသွားလေရာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ချက်ချင်း ပိုမိုသန်မာလာစေသည်။

လန်လင်း ကျင်းရှစ်ဆယ်လေးကို အလွယ်တကူပင် အဆုံးထိ ဆွဲဆန့်လိုက်နိုင်၏။ ထို့နောက် သူ၏ မျက်လုံးများကို ကျဉ်းလိုက်ပြီး ဖန်သော်တာ နည်းစနစ်ကို အသုံးပြုလိုက်သည်။

စိတ်ကို အာရုံစိုက်လိုက်ပြီး ထိပ်တန်း မီးလျံနီနွားကြီး၏ ကြီးမားလှသည့် မျက်လုံးဆီသို့ သေချာစွာ ချိန်ရွယ်လိုက်၏။

တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့် ကုန်လွန်သွားသည်။

အသူရာမိစ္ဆာကြယ်၏ စွမ်းအားများ လျင်မြန်စွာ ကုန်ခမ်းလာနေ၏။

“ရွှီးးးးး”

ကြိုးကို လွှတ်ချလိုက်၏။ ချက်ချင်းပင် မြားတစ်စင်းက လျှပ်စီးတစ်ခုအလား အရှိန်အဟုန်ဖြင့် ပျံသန်းထွက်သွားကာ မီးလျံနီနွားကြီး၏ မျက်လုံးဆီသို့ တည့်မတ်စွာ ဝင်ရောက်သွားသည်။

လန်လင်း၏ ချိန်ရွယ်မှုက ပြီးပြည့်စုံလှ၏။ သို့သော် ထိုသားရဲက အလွန်တုံ့ပြန်မှု မြန်ဆန်လှသည်။ မြားက မျက်လုံးကို မဖောက်ထွင်းမီလေးတင် နွားကြီးက သူ၏ ထူထဲလှသည့် မျက်ခွံကို ပိတ်ချလိုက်၏။

“ထန်းးး”

မြားက ထူထဲသည့် မျက်ခွံကို ထိမှန်သွားကာ အနည်းငယ်မျှသာ ပွန်းပဲ့သွားစေပြီး အောက်သို့ ပြုတ်ကျသွားသည်။

ထိပ်တန်း မီးလျံနီနွားကြီး၏ အရေပြားက အလွန်တရာ ထူထဲပြီး မာကျောလှ၏။ ထို့အပြင် အလွန်လည်း ဒေါသကြီးတတ်ရာ မြှားမှအနည်းငယ်မျှသော နာကျင်မှုလေးကပင် သူ့ကို အလွန်အမင်း ဒေါသထွက်သွားစေသည်။ ကျယ်လောင်သည့် ဟိန်းဟောက်သံနှင့်အတူ လန်လင်းဆီသို့ ရူးသွပ်စွာ ပြေးဝင်လာ၏။

အလွန်ကို မြန်ဆန်လွန်းလှသည်။ နှစ်စက္ကန့်ပင် မပြည့်မီ အချိန်အတွင်း ပေတစ်ရာခန့် အကွာအဝေးကို ဖြတ်ကျော်လာ၏။ ဟိန်းဟောက်လျက် သူ၏ ကြီးမားသည့် ချိုကြီးများဖြင့် လန်လင်းအား အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ခွေ့ပစ်ရန် အသင့်ပြင်ထားသည်။

သူ၏ဘေးမှ ရဲ့ကျင်းယွီသည်လည်း လျှပ်စီးတစ်ပြက်အလား သူမ၏ ဓားကောက်ကို ပစ်လွှတ်ရန် အသင့်ပြင်လိုက်၏။

ထိုစက္ကန့်ပိုင်းလေး အတွင်း၌ပင် လန်လင်း ကျန်ရှိနေသည့် ခွန်အားများ အားလုံးကို အသုံးပြုကာ လေးကို ထပ်ဆွဲလိုက်သည်။ ချိန်ရွယ်ရန် အချိန်မရှိတော့ချေ။ သူ၏ အလိုအလျောက် သိစိတ်ကိုသာ ယုံကြည်ပြီး မြားကို ပစ်လွှတ်လိုက်၏။

“ဝေါင်းးး”

မြားက သားရဲကြီး၏ ဟနေသည့် ပါးစပ်ထဲသို့ တည့်မတ်စွာ ဝင်သွားသည်။ လည်ချောင်းကို ဖောက်ထွင်းပြီး နှလုံးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။

ရဲ့ကျင်းယွီက အမြန် လန်လင်းအား ဆွဲဖမ်းကာ ဘေးသို့ ဆွဲခေါ်သွားသည်။ နွားကြီး၏ လေးလံလှသော ခန္ဓာကိုယ်ကြီးက သူတို့ ခုနက ရပ်နေသည့် နေရာသို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။

နောက်ဆုံး စက္ကန့်လေး၌ပင် ထိပ်တန်း မီးလျံနီနွားကြီးကို လန်လင်း သတ်ဖြတ်နိုင်လိုက်၏။ ထိုသည်က အံ့ဖွယ်တစ်ခုပင်။ ချိန်ရွယ်ခြင်း မရှိဘဲ သေစေနိုင်သည့် နေရာကို ထိမှန်သွားခြင်းမှာ အလွန်တရာ ကံကောင်းလွန်းလှသည်။

ချက်ချင်းဆိုသလိုပင် လန်လင်း သူ၏ ခွန်အားများ လုံးဝ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရ၏။ ခြေထောက်များ အားပျော့သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားရသည်။

ထိုအချိန်၌ အသူရာမိစ္ဆာကြယ်က စိတ်လှုပ်ရှားစွာ တုန်ခါလာကာ သေဆုံးသွားသည့် ထိပ်တန်း နွားကြီး၏ သွေးကြောထဲမှ နဂါးစွမ်းအားများကို လျင်မြန်စွာ စတင် စုပ်ယူလိုက်၏။

စွမ်းအားများက များပြားလှသည့်အတွက် အားလုံးကို စုပ်ယူနိုင်ရန် စက္ကန့်သုံးဆယ်ခန့်ပင် အချိန်ယူလိုက်ရ၏။

လန်လင်းက ပင်ပန်းနွမ်းနွယ်မေလျက် မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်… ဒီထိပ်တန်း မီးလျံနီနွားကြီးဆီက နဂါးစွမ်းအား ဘယ်လောက်ရလဲ။”

အသူရာမိစ္ဆာကြယ်က ပြန်ဖြေ၏။

“သာမန် တောရိုင်းပြောင် အကောင်နှစ်ဆယ် ၊ သုံးဆယ်လောက်ရဲ့ စွမ်းအားနဲ့ ညီမျှတယ် သခင်။”

လန်လင်း ထပ်မေးသည်။ “ဒါဆို အရင်က စုပ်ယူထားတဲ့ တောရိုင်းပြောင် ခုနစ်ဆယ်ရဲ့ စွမ်းအားနဲ့ ပေါင်းလိုက်ရင် ခန္ဓာကိုယ်ကို သန့်စင်ပြီး လက်မောင်းခွန်အား တိုးလာဖို့ လုံလောက်ပြီလား။”

အသူရာမိစ္ဆာကြယ်က ဖြေ၏။ “လုံလောက်ရုံတင်မကဘူး ပိုတောင်ပိုသေးတယ်။ စိတ်ဝိညာဉ်စွမ်းအား ပြန်ပြည့်ဖို့ ရေထဲဆင်းလိုက်ပါ။ သခင့်လက်မောင်းတွေကို ပြန်လည်တည်ဆောက်ပြီး ခွန်အားတိုးလာဖို့ နဂါးစွမ်းအားကို ကျွန်တော် သုံးပေးမယ်။”

လန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း…”

ထို့နောက် အနီးနားရှိ ရေကန်ထဲသို့ ဝင်စိမ်လိုက်၏။

ရဲ့ကျင်းယွီက သူမ၏ ငြိမ်းချမ်းခြင်းဂါထာကို အသုံးပြုကာ လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအားများ ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးလိုက်သည်။

တစ်ချိန်တည်း၌ပင် အသူရာမိစ္ဆာကြယ်ကလည်း စုဆောင်းထားသည့် နဂါးစွမ်းအားများကို လွှတ်ထုတ်လိုက်၏။ လန်လင်း၏ လက်မောင်းများကို တစ်လက်မချင်းစီ စတင် ပြောင်းလဲစေလိုက်သည်။

သွေးကြောများနှင့် အရွတ်များကို ဦးစွာအဆင့်မြှင့်တင်ပြီးနောက် အရိုးများကို မွမ်းမံကာ နောက်ဆုံး၌ ကြွက်သားများကို ပြောင်းလဲစေ၏။

ငါးနာရီ ကြာပြီးနောက် ခန္ဓာကိုယ် သန့်စင်ခြင်း လုပ်ငန်းစဉ် နောက်ဆုံး၌ ပြီးဆုံးသွားလေပြီ။

လန်လင်း မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်၌ ခွန်အားများ ပြည့်ဝနေကြောင်း ခံစားလိုက်ရသည်။ လက်မောင်းများက နွေးထွေးပြီး ပေါ့ပါးနေကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သိသိသာသာ တိုးတက်လာ၏။

အသူရာမိစ္ဆာကြယ်၏ အဆိုအရ ဤလုပ်ငန်းစဉ်က သူ၏ လက်မောင်းခွန်အားကို ဆယ်ကျင်းမျှ တိုးလာစေသည်။ ယခုအခါ သူ၏ စုစုပေါင်း လက်မောင်းခွန်အားမှာ ယခုအခါ ကိုးဆယ်ကျင်းသို့ ရောက်ရှိလာလေပြီ။

သူ၏ နောက်ဆုံး ရည်မှန်းချက်မှာ ကျင်းသုံးရာ ဖြစ်၏။ ထိုအရာနှင့် အလှမ်းဝေးနေသေးသော်ငြား ရုတ်တရက် ခွန်အားများ တိုးလာခြင်းက သူ့ကို အလွန် စိတ်လှုပ်ရှားစေသည်။

လန်လင်း ကျင်းခြောက်ဆယ်လေးတစ်လက်ကို ကောက်ကိုင်လိုက်ပြီး ကြိုးကို ဆွဲလိုက်၏။ အလွန်တရာ လွယ်ကူနေပြီး ယခင်နှင့် လုံးဝကို ကွာခြားသွားသည်။

ထိပ်တန်း မီးလျံနီနွားကြီးများက အံ့မခန်း ပစ်မှတ်များပင်။ တစ်ကောင်တည်း အမဲလိုက်ရုံနှင့် သာမန်တောရိုင်းပြောင် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ရသလောက် စွမ်းအား ပမာဏကို ရရှိစေ၏။

အကယ်၍ ထိပ်တန်း သားရဲ နောက်ထပ် ဆယ်ကောင်ခန့်ကို သတ်နိုင်ပါက သူ၏ လက်မောင်းခွန်အားက ကျင်းတစ်ရာကို အလွယ်တကူ ကျော်လွန်သွားပေလိမ့်မည်။

လန်လင်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “အမကျင်းယွီ…။ ဒီပြောင်ချိုင့်ဝှမ်းထဲ ထိပ်တန်း မီးလျံနီနွားကြီး ဘယ်နှကောင်လောက် ရှိလဲ။”

ရဲ့ကျင်းယွီက ခဏလောက် တွေးကာ ဖြေလာ၏။ “သေချာတော့ မသိဘူး။ ဆယ်ကောင်လောက်တော့ ရှိနိုင်တယ်။”

လန်လင်း ပျော်ရွှင်သွားသည်။ သာမန်တောရိုင်းပြောင်များ၏ နဂါးစွမ်းအားမှာ အလွန်အားနည်းသည့်အတွက် သူတို့အပေါ်၌ အချိန်ဖြုန်းနေခြင်းကို ရပ်ရန် ဆုံးဖြတ်လိုက်သည်။ ယခုမှစ၍ ထိပ်တန်း မီးလျံနီနွားကြီးများကိုသာ သူ အမဲလိုက်ရန် ဆုံးဖြတ်လိုက်၏။

သို့သော် ထိုနေ့၌ သာမန် တောရိုင်းပြောင် ဒါဇင်ခန့်ကို သူ ဆက်လက် အမဲလိုက်သေး၏။ သူ၏ နောက်ထပ် တိုက်ပွဲကြီးအတွက် ကျင်းတစ်ရာရှိသည့် လေးကို ဆွဲနိုင်ရန် နဂါးစွမ်းအား အလုံအလောက် စုပ်ယူထားဖို့ လိုအပ်နေသည်။

ထိပ်တန်း သားရဲတစ်ကောင်ကို သတ်ဖြတ်ရန် လုံလောက်​အားကောင်းသည့် သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ခု လိုအပ်ပေလိမ့်မည်။

နောက်တစ်နေ့ မနက်ခင်း၌ လေးလံလှသည့် ကျင်းတစ်ရာ ဆွဲအားလေးကို သယ်ဆောင်ကာ လန်လင်း နောက်ထပ် ထိပ်တန်း မီးလျံနီနွားကြီး တစ်ကောင်ကို ရှာဖွေရန် ထွက်လာ၏။

ယမန်နေ့က သူ၏ အခြေခံ လက်မောင်းခွန်အားမှာ ကိုးဆယ်ကျင်းသို့ ရောက်ရှိသွားပြီဖြစ်၍ ယခုအခါ ကျင်းတစ်ရာ လေးကို အပြည့်အဝဆွဲရန်နှင့် သေချာစွာ ချိန်ရွယ်ရန်အတွက် နဂါးစွမ်းအား အနည်းငယ်ကိုသာ အသုံးပြုရန် လိုအပ်သည်။

**--**--**--**--**--**--**--**

သို့သော် ထိုထိပ်တန်း သားရဲများက ရှာဖွေရန် အလွန်ခက်ခဲလှ၏။ သုံးနာရီကြာ ရှာဖွေပြီးနောက် လန်လင်း တစ်ကောင်တည်းရှိနေသည့် သာမန်တောရိုင်းပြောင်များကိုသာ တွေ့ရသည်။ ထိပ်တန်း မီးလျံနီနွားကြီး တစ်ကောင်ကိုမှ မမြင်ရချေ။

မွန်းတည့်ချိန်သို့ ရောက်သောအခါ နေက အလွန်ပူပြင်းလာ၏။ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီးနောက် လန်လင်းနှင့် ရဲ့ကျင်းယွီတို့ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေကြသည်။

ရဲ့ကျင်းယွီ ပုန်းအောင်းရန် ဝပ်ချလိုက်ရင်း တီးတိုးပြောလိုက်၏။

“ရှေ့ပေတစ်ထောင့်ငါးရာလောက်မှာ ထိပ်တန်း မီးလျံနီနွားကြီး တစ်ကောင်ရှိတယ်။ ဒါပေမဲ့ ပြောင်အုပ်ကြီးရဲ့ အလယ်တည့်တည့်မှာ။”

လန်လင်း သေချာကြည့်လိုက်ရာ ရေကန်ငယ်လေးတစ်ခုထဲ၌ အနားယူ ရေကူးနေကြသော အကောင်တစ်ရာကျော်ရှိသည့် တောရိုင်းပြောင်အုပ်ကြီးကို မြင်လိုက်ရသည်။

အကောင်များစွာထဲ၌ပင် ထိပ်တန်း မီးလျံနီနွားကြီးက သိသာထင်ရှားနေ၏။ ထိုအကောင်၏ အမွေးများက လောင်ကျွမ်းနေသည့် မီးတောက်တစ်ခုအလား တောက်ပနေပြီး အနီရင့်ရောင်ဖြစ်နေသည်။ နွားမများစွာ ဝန်းရံထားသည့်အတွက် ကိုယ်လုပ်တော်များ ကြားရှိ ဘုရင်တစ်ပါးနှင့် တူနေ၏။

လန်လင်းက တိတ်ဆိတ်စွာ မေးလိုက်သည်။

“အခု ဘာလုပ်ကြမလဲ။”

ရဲ့ကျင်းယွီက လေးနက်စွာ ဖြေ၏။ “စောင့်ရမယ်။ အုပ်စုထဲက ထွက်လာတဲ့အထိ စောင့်ရမယ်။ အခု သွားတိုက်ခိုက်လိုက်လို့ တစ်အုပ်လုံး ရူးသွပ်သွားရင် ရမ်းကားကုန်လိမ့်မယ်။ ဒေါသထွက်နေတဲ့ ပြောင်ရာချီ ပြေးလာရင် သခင်လေးကို ကျွန်မ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ မပူပါနဲ့။ ထိပ်တန်း နွားကြီးတစ်ကောင်က နေ့တိုင်း သူ့ချို ၊ ခွာတွေကို သွေးလေ့ရှိတယ်။ အဲဒီလို လုပ်တဲ့အခါတိုင်း တစ်ကောင်တည်းနေဖို့ ကျန်တဲ့အကောင်တွေကို အဝေး မောင်းထုတ်တတ်တယ်။”

လန်လင်းနှင့် ရဲ့ကျင်းယွီတို့ မြင့်မားသည့် မြက်ပင်များကြား၌ တိတ်ဆိတ်စွာ ပုန်းအောင်းကာ လုံးဝ ငြိမ်သက်နေလိုက်ကြသည်။

တစ်နာရီ ကုန်လွန်သွား၏။ ထို့နောက် နှစ်နာရီ၊ သုံးနာရီ…။ ရှည်လျားလှသည့် လေးနာရီ ကြာပြီးနောက် ထိပ်တန်း မီးလျံနီနွားကြီး ရေစိမ်ခြင်း ပြီးဆုံးသွားကာ ကမ်းစပ်သို့ နောက်ဆုံး၌ တက်လာလေပြီ။

နွားမတစ်ကောင်က အနောက်မှ လိုက်ရန် ကြိုးစားသော်ငြား နွားကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ “ဝေါင်းးး”

ထို့နောက် ရေထဲသို့ ပြန်မောင်းထုတ်လိုက်၏။

ထိုအကောင်က မိုင်အနည်းငယ် အကွာရှိ ကျောက်တောင်ကမ်းပါးတစ်ခုဆီသို့ တစ်ကောင်တည်း ထွက်သွားသည်။ ထိုနေရာသို့ ချိုနှင့် ခွာများကို သွေးရန် သူ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ် အတိုင်း သွားနေခြင်းပင်။

လန်လင်းနှင့် ရဲ့ကျင်းယွီတို့ သားရဲကြီး နောက်မှ လုံခြုံသည့် အကွာအဝေးတစ်ခုမှနေ၍ တိတ်ဆိတ်စွာ လိုက်သွားကြ၏။ နောက်ဆုံး၌ ကမ်းပါးအနီးရှိ ကျောက်တုံးကြီးတစ်ခု၏ အနောက်၌ ပုန်းအောင်းနေလိုက်ကြသည်။

ယခုအခါ နွားကြီးမှာ ပြောင်အုပ်ကြီးနှင့် မိုင်အနည်းငယ် ကွာဝေးနေလေပြီ။ နွားကြီးက ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်၏။ အနီးအနား၌ ရန်သူမရှိကြောင်း သေချာသွားသည်နှင့် ကျောက်တောင်ကမ်းပါး၌ သူ၏ချိုများကို စတင် သွေးလိုက်သည်။

“ကျီးးးး ကျီးးးး”

ချွန်ထက်သည့် ချိုများက မာကျောလှသည့် ကျောက်တုံးကို ပွတ်တိုက်သွားလေရာ နားကွဲမတတ် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာ၏။ မာကျောသည့် ကျောက်နံရံထက်၌ နက်ရှိုင်းသော အရာများ ထင်ကျန်ရစ်ကာ ကျောက်စအသေးလေးများက နေရာအနှံ့သို့ လွင့်စဉ်သွားကြသည်။

အပိုင်း ၆၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters