← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အပိုင်း ၆၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆယ့်ငါးမိနစ်ခန့် ချိုသွေးပြီးနောက် မီးလျံနီနွားကြီးက ရပ်တန့်လိုက်၏။ ဤသို့ သွေးခြင်းက သူ၏ ချိုများကို ပိုမို ထက်မြက်လာစေရုံသာမက အလွန်လည်း ကောင်းမွန်သည့် ခံစားချက်ကို ပေးစွမ်းပုံရသည်။

ထိုအခိုက်အတန့်၌ လန်လင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ နဂါးစွမ်းအားများကို စုစည်းကာ တစ်ရာ့နှစ်ဆယ်ကျင်းအားရှိသည့် လေးကို ဆွဲလိုက်၏။ သူ၏ စိတ်တစ်ခုလုံးကို မီးလျံနီနွားကြီး၏ ညာဘက်မျက်လုံးဆီသို့ အာရုံစိုက်ထားလိုက်သည်။

တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့် ၊ လေးစက္ကန့်…။

သူ့စိတ်ထဲ၌ ထိုကြီးမားလှသည့် မျက်လုံးတစ်လုံးတည်းကိုသာ မြင်နေရ၏။ ကြိုးကို လွှတ်ချလိုက်သည်။ ထက်မြက်သည့် သံမဏိမြားက လျှပ်စီးတစ်ခုအလား ပျံသန်းထွက်သွား၏။

မီးလျံနီနွားကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသော်ငြား မြားက မျက်နှာဆီ ရောက်လာသည့် အခိုက်အတန့်၌ပင် မျက်လုံးကို ပိတ်လိုက်ဆဲဖြစ်၏။ မြားက မျက်ခွံကို ထိမှန်သွားကာ သွေးထွက်နေသည့် ပွန်းပဲ့ရာတစ်ခု ချန်ရစ်ခဲ့ပြီး အနောက်သို့ ပြန်ကန်ထွက်သွားသည်။

လန်လင်း ထင်ထားသည့်အတိုင်းပင် ထပ်မံ ကျရှုံးသွားပြန်၏။

ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားသည့် နွားကြီးက ဟိန်းဟောက်လိုက်ပြီး မြန်ဆန်လှသည့် တင့်ကားတစ်စီးအလား အရှေ့သို့ ပြေးဝင်လာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် မီတာသုံးဆယ် အကွာအဝေးကို ဖြတ်ကျော်လာသည်။

ပြီးခဲ့သည့် အကြိမ်က အံ့ဖွယ်ဖြစ်ရပ်မျိုး ထပ်မံ ဖန်တီးရန် လန်လင်း အလိုရှိနေ၏။ သေချာစွာ ချိန်ရွယ်ခြင်း မရှိတော့ဘဲ ကျန်ရှိနေသည့် နဂါးစွမ်းအား အားလုံးကို အသုံးပြုကာ သူ၏ အလိုအလျောက်သိစိတ်ဖြင့် မြားကို ပစ်လွှတ်လိုက်သည်။

သို့သော် အံ့ဖွယ်ဖြစ်ရပ်က ထပ်မံ ဖြစ်ပေါ်မလာခဲ့ပေ။ မြားက မီးလျံနီနွားကြီး၏ ခေါင်းကို ထိမှန်သွားပြီး ချက်ချင်း ကျိုးပဲ့သွား၏။

ကီလိုဂရမ် ထောင်ချီ အလေးချိန်ရှိသော နွားကြီးက ရူးသွပ်စွာ ပြေးဝင်လာ၏။ လန်လင်းအား မျက်စိတစ်မှိတ်အတွင်း ကြေမွသေဆုံးသွားစေတော့မည် ဖြစ်သည်။

ရုတ်တရက် ရဲ့ကျင်းယွီ၏ ဓားကောက်က သက်တံတစ်ခုအလား တောက်ပသွား၏။ တစ်ချက်တည်းဖြင့်ပင် နွားကြီး၏ ခေါင်းကို ပိုင်းဖြတ်လိုက်ရာ သွေးများ နေရာအနှံ့ ပန်းထွက်သွားသည်။ သေဆုံးသွားသည့် မီးလျံနီနွားကြီး၏ ခန္ဓာကိုယ်မှာ မီတာဆယ်ကျော်ခန့် အဝေးသို့ လွင့်စင်သွား၏။

လန်လင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သေဆုံးသွားသည့် နွားကြီးကို စိုက်ကြည့်လိုက်သည်။ “အသူရာမိစ္ဆာကြယ်… ဒီမီးလျံနီနွားကြီးရဲ့ သွေးထဲက နဂါးစွမ်းအားတွေကို စုပ်ယူလို့ရလား။”

အသူရာမိစ္ဆာကြယ်က ပြန်ဖြေသည်။ “မရဘူး… သခင်သတ်လိုက်တာမှ မဟုတ်တာ။”

လန်လင်း အလွန်အမင်း စိတ်ပျက်သွားရ၏။ ပြောင်ချိုင့်ဝှမ်း တစ်ခုလုံး၌ ထိပ်တန်း မီးလျံနီနွားကြီး ခုနစ်ကောင် ရှစ်ကောင်ခန့်သာ ရှိရာ သူ တစ်ကောင်ကို အလဟဿ ဖြုန်းတီးလိုက်မိလေပြီ။

လက်ရှိအချိန်၌ နေဝင်မိုးချုပ်နေပြီဖြစ်၍ ထိုနေ့အတွက် အမဲလိုက်ခြင်းမှာ ပြီးဆုံးသွား၏။ လန်လင်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ စခန်းသို့ ပြန်လာလိုက်သည်။

**--**--**--**--**--**--**--**

လန်လင်း မျက်မှောင်ကျုံ့လျက် မေးသည်။ “အမကျင်းယွီ… ဒီနွားကြီးရဲ့ မျက်ခွံကို ဖောက်ထွင်းနိုင်တဲ့ မြားမျိုး ရှိလား။”

ထိပ်တန်း မီးလျံနီနွားကြီးကို ပထမဆုံးအကြိမ် သတ်နိုင်ခဲ့ခြင်းမှာ ကံသက်သက်သာ ဖြစ်၏။ ထိုကဲ့သို့သော ကံကောင်းမှုမျိုးက ရှားပါးလှပြီး အလွယ်တကူ ထပ်မံ ဖြစ်လာနိုင်မည် မဟုတ်ပေ။

သားရဲကြီးကို သတ်ရန် အကောင်းဆုံးနည်းလမ်းမှာ မျက်လုံးကို ပစ်ခတ်ရန်ပင်။ သို့သော် နွားကြီးက အလွန်တုံ့ပြန်မှု မြန်ဆန်လှပြီး မြား မရောက်မီမှာပင် မျက်လုံးကို ပိတ်လိုက်၏။ အကယ်၍ မျက်ခွံကို ဖောက်ထွင်းနိုင်လောက်အောင် ထက်မြက်သည့် မြားတစ်စင်းသာ ရှိမည်ဆိုလျှင် သူ သတ်ဖြတ်နိုင်ဦးမည် ဖြစ်သည်။

ရဲ့ကျင်းယွီက ခေါင်းညိတ်သည်။ “ရှိတယ်… ရွှေနက်မြားတွေလေ။ သူတို့ကို ဘာကမှ မတားဆီးနိုင်ဘူး။ ဒါပေမဲ့ အရမ်းဈေးကြီးတယ်။ တော်ဝင်မြို့တော်မှာဆို တစ်ချောင်းကို ငွေဒင်္ဂါး ငါးပြား ပေးရတယ်။ ဒီမှာဆိုရင်တော့ ငွေဒင်္ဂါး ဆယ်ပြားလောက် ပေးရလိမ့်မယ်။”

လန်လင်း အံ့သြသွား၏။ အလွန်ကို ဈေးကြီးလွန်းလှသည်။ လူရိုင်းတစ်ယောက်ကို သတ်လျှင်ရမည့် ဆုကြေးငွေ နီးပါးခန့်ပင် ရှိ၏။ သို့သော် ယခု တောင်ပိုင်းခရီးစဉ်အတွက် လန်လင်း ရွှေဒင်္ဂါး တစ်ရာပင် ယူဆောင်လာခဲ့ရာ ပြဿနာမရှိချေ။

လန်လင်း မျက်ခုံးပင့်လိုက်သည်။ “ရွှေနက်မြားတွေကို ဘယ်မှာ ဝယ်လို့ရမလဲ။ တောင်ပိုင်းလူရိုင်း နယ်စပ်မြို့ကို သွားရမှာလား။”

ရဲ့ကျင်းယွီက ခေါင်းခါလိုက်သည်။ “မလိုပါဘူး။ ဒီကနေ မိုင်အနည်းငယ် အကွာမှာ ကုန်သွယ်ရေးရွာ တစ်ရွာရှိတယ်။”

ထိုသို့ဖြင့် လန်လင်းနှင့် ရဲ့ကျင်းယွီတို့ မြင်းပေါ်တက်ကာ ထိုရွာဆီသို့ စီးနှင်သွားလိုက်ကြ၏။

**--**--**--**--**--**--**--**

ထိုရွာကို လော့ရဲရွာဟု ခေါ်ဆို၏။ ရွာဟု ခေါ်ဆိုသော်ငြား သာမန်ရွာသူရွာသားများ လုံးဝနီးပါး မရှိကြ။

မုဆိုးများ ၊ သတ္တုတူးဖော်သူများ ၊ ကုန်သည်များနှင့် သူတို့၏ မိသားစုဝင်များသာ နေထိုင်ကြသည်။ ရွာမှာ လန်လင်း မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားပြီး လူတစ်ထောင်ခန့် နေထိုင်၏။ ရွာကို မြင့်မားသည့် ကျောက်နံရံများဖြင့် ဝန်းရံထားပြီး အပြင်ဘက်၌ မြစ်တစ်စင်း စီးဆင်းနေသည်။ ခံတပ်ငယ်လေး တစ်ခုနှင့်ပင် သွား၍တူနေ၏။

ရွာမှာ အလွန် စည်ကားလှသည်။ လမ်းဘေးတစ်လျှောက် ဆိုင်ခန်းများ တန်းစီနေပြီး အများစုက အစားအစာများနှင့် လက်နက်များကို ရောင်းချကြ၏။ ထို့အပြင် နေရာအနှံ့၌ ပြည့်တန်ဆာများစွာလည်း ရှိနေသေးသည်။

လက်နက်ဆိုင်သို့ ချက်ချင်း မသွားသေးဘဲ ရဲ့ကျင်းယွီ စားသောက်ဆိုင် တစ်ဆိုင်သို့ အရင် ဝင်သွား၏။ သူမ ဟင်းပွဲများစွာကို မှာယူလိုက်ပြီး အများကြီး စားသောက်လိုက်သည်။ စားနေစဉ်အတွင်း သူတို့ အချင်းချင်း စကားမပြောဖြစ်ကြပေ။ အစားအစာများကို မုန်တိုင်းတစ်ခုအလား လျင်မြန်စွာ ဝါးမျိုလိုက်ကြသည်။

လန်လင်းမပြောနှင့် ရဲ့ကျင်းယွီကိုယ်တိုင်ပင် သူမ၏ လက်ရာအား သည်းမခံနိုင်တော့သည့်ပုံ ပေါက်နေသည်။

သူတို့ စားသောက်နေစဉ် ရုတ်တရက် ပျော်ရွှင်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ “ရဲရဲ…”

ထိုအသံကို ကြားလိုက်ရသည်နှင့် ရဲ့ကျင်းယွီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး စားသောက်နေခြင်းကို ရပ်တန့်လိုက်သည်။

လူရိုင်းတစ်ယောက်နှင့် တူသည့် အမျိုးသားတစ်ဦးက ရဲ့ကျင်းယွီ၏ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်ပြီး သူမအား လောင်ကျွမ်းနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ “ရဲရဲ… ရှောင်ရင်းက နန်ရီနယ်စပ်မြို့မှာ မင်းကို တွေ့လိုက်တယ်လို့ ပြောတယ်။ ငါ အကုန်လုံးကို ပစ်ချထားခဲ့ပြီး မင်းကို လိုက်ရှာခဲ့ပေမဲ့ မင်းက ထွက်သွားနှင့်ပြီလေ။ ဒီနေရာမှာ မင်းကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ရဲရဲ… မင်း ပိန်သွားတယ်နော်။”

ဤအကောင်က ရှောင်ရင်း ပြောသည့် ခေါင်းဆောင်ဆိုသူလား။ ရဲ့ကျင်းယွီ၏ ရည်းစားဟောင်းလား။ လန်လင်း​ တွေးလိုက်သည်။

ထိူအမျိုးသားက သိပ်မချောမောလှဘဲ မျက်နှာထက်၌ အမာရွတ်တစ်ခု ရှိနေ၏။ သို့သော် အလွန်တရာ ဆွဲဆောင်မှု ရှိလှသည်။ ဆံပင်များက ရှုပ်ပွနေပြီး တိရစ္ဆာန် သားရေချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူ၏ လည်ပင်း၌ သွေးထွက်နေဟန်ရှိသည့် ဆူးပါသော ညနှင်းဆီပန်း တက်တူးတစ်ခု ရှိနေသည်။

ခပ်မိုက်မိုက် အမျိုးသားတစ်ယောက်၏ အငွေ့အသက်မျိုး ပေးစွမ်းနေ၏။ ရိုင်းစိုင်းသော်ငြား အမျိုးသမီးများစွာ သဘောကျတတ်သည့် ဆိုးသွမ်းသော ဆွဲဆောင်မှုမျိုးလည်း ရှိနေသည်။ အမျိုးသမီးများကို သူကြည့်လိုက်သည့် အကြည့်က သူတို့ကို မီးလောင်ကျွမ်းသွားစေနိုင်မည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။

သူနှင့်အတူ လူဆယ်ယောက်ခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေသည်။ အမျိုးသမီး တစ်ယောက်မှလွဲ၍ သူတို့ အားလုံးက ပျင်းရိပြီး ရိုင်းစိုင်းမည့်ပုံပေါ်၏။ ထိုအမျိုးသမီးက ရဲ့ကျင်းယွီကဲ့သို့ပင် ကြပ်ထပ်နေသည့် သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသော်ငြား အလွန်ချိုသာသည့် ရုပ်သွင်ရှိသည်။

သူမက အရိုင်းအစိုင်း ခေါင်းဆောင်ကို အဆက်မပြတ် စိုက်ကြည့်နေသော်ငြား ရဲ့ကျင်းယွီကို ကြည့်လိုက်သည့် အခါတိုင်း သူမ၏ မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။

သူတို့ ၃ ယောက်ကြား၌ ရှုပ်ထွေးလှသည့် ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း တစ်ခု ရှိခဲ့ဖူးကြောင်း ထင်ရှားနေ၏။

ထိုအမျိုးသားက လန်လင်းကို နွေးထွေးစွာ နှုတ်ဆက်ရင်း သူ၏ လက်ကို ကမ်းပေးလိုက်သည်။ “ငါ့နာမည်က ထိုပါးရဲ့… မင်းကရော ဘယ်သူလဲ။”

ရဲ့ကျင်းယွီက အေးစက်စွာ ပြောသည်။ “သူဘယ်သူလဲဆိုတာ နင်နဲ့ ဘာမှမဆိုင်ဘူး။”

လန်လင်းကမူ ပြုံးပြလိုက်သော်ငြား ပြန်မဖြေလိုက်ပေ။

ထိုပါးရဲ့ မဲ့ပြုံး ပြုံးလိုက်သည်။ “မင်းက ရဲရဲရဲ့ သခင် ဖြစ်ရမယ်။”

ဆိုလွန် ဆိုသည့် တည်ရှိမှုကို သူ ရှင်းလင်းစွာ သိထားပုံရ၏။ ထို့နောက် သူက လန်လင်း၏ လက်ကို ရုတ်တရက် အားပြင်းပြင်းဖြင့် ဆုပ်ညှစ်လိုက်သည်။

သူ၏ လက် ကြေမွသွားသကဲ့သို့ စူးရှသည့် နာကျင်မှုတစ်ခုကို လန်လင်း ချက်ချင်း ခံစားလိုက်ရ၏။ ဆိုလွန်၏ မိန်းမရှုပ်တတ်သည့် ဂုဏ်သတင်းကို ထိုပါးရဲ့ သိထားကြောင်း ထင်ရှားလှသည်။

ထိုပါးရဲ့က လျှောက်လာပြီး လန်လင်း၏ ပခုံးကို ဖက်လိုက်သည်။ “ငါတို့ စကားနည်းနည်း ပြောကြမလား။ ရဲ့ကျင်းယွီက ငါ့ချစ်သူလေ ၊ ဒါပေမဲ့ သူက မင်းမိသားစုရဲ့ စစ်သည်တော် ဖြစ်နေတယ်။ တောထဲမှာ သူ လေ့ကျင့်နေတုန်းက ငါတို့အဖွဲ့ထဲမှာ ရှိခဲ့တာ။ အဲဒီတုန်းက သူနဲ့ ကျင်းဖုန်းက အရမ်းလွတ်လပ်ပြီး ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ သူ့ကို မင်းက ချုပ်ချယ်ထားတယ်။ အခု သူ့ကို ကျေးဇူးပြုပြီး လွှတ်ပေးလိုက်လို့ ရမလား။ လွတ်လပ်တဲ့ စစ်သည်တော်တစ်ယောက် ယိုရှာစစ်သူရဲ အဖြစ် ပြန်နေခွင့်ပြုလိုက်ပါ။”

အပိုင်း ၆၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ယိုရှာစစ်သူရဲ = လွတ်လပ်သော စစ်သည်တော်။ သခင်မရှိဘူးပေါ့။ သူတို့ဘာသာ သူတို့ အမဲလိုက်ကြတယ်။ ဘာညာ အဲလိုမျိုး။

All Chapters