← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အပိုင်း ၆၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရဲ့ကျင်းယွီ မျက်နှာပျက်သွား၏။ “ထိုပါးရဲ့… နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ အသက်ရှင်သည်ဖြစ်စေ ၊ သေဆုံးသည်ဖြစ်စေ ဆိုမိသားစုလူပဲ။ ငါ့မိသားစုက သူတို့အပေါ် မျိုးဆက်အဆက်ဆက် သစ္စာစောင့်သိခဲ့တယ်။ ငါ့မိသားစုရဲ့ ဂုဏ်သိက္ခာကို မစော်ကားနဲ့။”

ထိုပါးရဲ့က အေးစက်စွာ ရယ်မောလိုက်သည်။ “ရဲရဲ… ကောင်းကင်မှာ ပျံသန်းနေတဲ့ လွတ်လပ်တဲ့ ငှက်တစ်ကောင်နဲ့ လှောင်အိမ်ထဲက သိမ်းငှက်တစ်ကောင် ဘယ်ဟာက ပိုကောင်းလဲ။ စစ်သည်တော်တွေဖြစ်တဲ့ ငါတို့က လေပြေလို လွတ်လပ်နေသင့်တယ်။”

ရဲ့ကျင်းယွီက အေးစက်စွာ ပြန်ပြောလိုက်၏။ “စစ်သည်တော်တစ်ယောက်ရဲ့ တာဝန်က ကာကွယ်ပေးဖို့ပဲ။ နင့်လွတ်လပ်မှုဆိုတာ ဘာမှမလုပ်ချင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆင်ခြေသက်သက်ပဲ။ ငါတို့ကြားမှာ ပြောစရာမရှိတော့ဘူး။ သွားတော့မယ်။”

ထိုသို့ဆိုပြီးနောက် ရဲ့ကျင်းယွီသည် လန်လင်းအား ဆွဲကာ ထွက်သွားရန် လှည့်လိုက်သည်။ ထို့နောက် ရွှေနက်မြားများ ဝယ်ယူရန် လက်နက်ဆိုင်ဆီသို့ ဦးတည်သွားလိုက်၏။

ရဲ့ကျင်းယွီနှင့် ထိုပါးရဲ့တို့ကြား စစ်သည်တော်တစ်ဦး၏ တာဝန်နှင့် လွတ်လပ်မှုတို့အကြောင်း အငြင်းပွားခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ထင်ရှား၏။ အမှန်တကယ်၌ ထိုအငြင်းပွားမှုကပင် သူတို့ လမ်းခွဲရသည့် အဓိကအကြောင်းရင်း ဖြစ်သည်။

ထိုပါးရဲ့က အံကြိတ်လိုက်၏။ “ငါတို့ရဲ့ အတိတ်က အချစ်တွေက ဒီအသုံးမကျတဲ့ လူရှုပ်အပေါ်ထားတဲ့ မင်းသစ္စာလောက်တောင် တန်ဖိုးမရှိဘူးလား။”

လန်လင်း မျက်နှာ ရှုံ့မဲ့သွားသော်ငြား တိတ်ဆိတ်စွာပင် နေလိုက်သည်။ ရည်းစားဟောင်းများ ရန်ဖြစ်နေချိန်၌ ဝင်မပါသည်က ပိုကောင်းပေလိမ့်မည်။ ထို့အပြင် ရဲ့ကျင်းယွီနှင့် ထိုပါးရဲ့တို့ကဲ့သို့ စိတ်ဓာတ်ခိုင်မာသူ နှစ်ဦးစလုံးမှာ အလျှော့ပေးလိုစိတ် မရှိကြရာ လမ်းခွဲရန် သေချာနေပြီး ဖြစ်၏။

ရဲ့ကျင်းယွီက ထိုပါးရဲ့အား စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ထိုပါးရဲ့… နင် ငါ့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ နင့်မျက်နှာက အမာရွတ်ကလည်း ငါ့ကြောင့် ဖြစ်ရတာပါ။ ဒါပေမဲ့ နင် ရှောင်ထျန်းနဲ့ အတူအိပ်တဲ့ ညမှာပဲ ငါတို့ပတ်သက်မှုက လုံးဝ ပြီးဆုံးသွားပြီ။”

ရုတ်တရက် ထိုပါးရဲ့ဘေး၌ ရပ်နေသည့် ချစ်စရာကောင်းသော ကောင်မလေးက နှာခေါင်းရှုံ့လိုက်၏။ “ဟွန့်…။”

ထိုကောင်မလေးမှာ ရှောင်ထျန်းပင်။

ထိုပါးရဲ့က သက်ပြင်းချလိုက်သည်။ “ငါ အဲဒီလိုလုပ်တာ မင်း သဝန်တိုအောင် သက်သက်ပါ။ ငါ အစွမ်းကုန် ကြိုးစားပေမဲ့ မင်း ငြင်းခဲ့တယ်။ ပျက်စီးယိုယွင်းပြီး မျှော်လင့်ချက်မရှိတော့တဲ့ မိသားစုဆီပဲ မင်းက အတင်း ပြန်သွားချင်တာလေ။ အဲဒီညက ငါနဲ့ ရှောင်ထျန်းကြား တကယ် ဘာမှမဖြစ်ခဲ့ပါဘူး။”

ထိုစကားကို ကြားသည့်အခါ ရှောင်ထျန်း မျက်ရည်ဝဲသွား၏။

ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ အဲဒါ ငါ့ပြဿနာ မဟုတ်တော့ဘူး။ ရှောင်ထျန်းက အမျိုးသမီးကောင်း တစ်ယောက်ပါ။ နင် သူ့ကို ကောင်းကောင်း ဆက်ဆံသင့်တယ်။ ငါကတော့ ငါ့သခင်လေးကိုပဲ အလုပ်အကျွေးပြုချင်တော့တယ်။”

ထိုပါးရဲ့က လှောင်ပြုံး ပြုံးလိုက်၏။ “ဟက်… အဓိပ္ပာယ်မရှိတာ။ ဆိုမိသားစုက ပြီးသွားပြီ။ မင်းဘေးက အလိုလိုက်ခံထားရတဲ့ ကောင်လေးလည်း သိပ်ကြာကြာ အသက်ရှင်ရမှာ မဟုတ်ဘူး။ မင်းသားကျိလီက သူ့ကို သေစေချင်နေတာ လူတိုင်းသိတယ်။”

ရဲ့ကျင်းယွီက သူမ၏ ဓားကောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “နင် ရန်မဖြစ်ချင်ရင် ပါးစပ်ပိတ်ထား။”

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် လန်လင်းအား ရှင်းပြရန် ရဲ့ကျင်းယွီ ပါးစပ်ဟလိုက်၏။

လန်လင်း ခေါင်းရမ်းလိုက်သည်။ “ရပါတယ်။ အစ်မကျင်းယွီ… ရှင်းပြနေစရာ မလိုပါဘူး။ သူ ဘာပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး။”

ထိုပါးရဲ့၏ စော်ကားမှုများအတွက် သူမအား အပြစ်တင်မည်မဟုတ်ကြောင်း ဆိုလိုခြင်းပင်။ ရဲ့ကျင်းယွီ ခေါင်းညိတ်လိုက်ပြီးနောက် လန်လင်းအား ဆွဲကာ လက်နက်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်လိုက်၏။

ထိုဆိုင်မှာ မြေအောက်၌ တည်ရှိပြီး အနောက်ဘက်၌ ပန်းပဲဖိုတစ်ခု ရှိသည်။ ကြီးမားပြီး ကြွက်သားများ အပြည့်ရှိသည့် ပန်းပဲဆရာကြီး တစ်ဦး ထွက်လာကာ သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏။ “အို… ဘယ်သူတွေ ရောက်လာတာလဲ ကြည့်စမ်းပါဦး။ ငါ့ဖိုထဲက မီးတောက်ထက်တောင် ကိုယ်လုံးကိုယ်ပေါက် ပိုမိုက်တဲ့ သခင်မလေးရဲ့ ပါလား။”

ရဲ့ကျင်းယွီက အရှေ့သို့ တက်သွားပြီး သူ့အား ယဉ်ကျေးစွာ ဖက်လိုက်သည်။

လန်လင်းမှာ ဤမျှ ကြီးမားလှသည့် လူကို ယခင်က တစ်ခါမျှ မမြင်ဖူးချေ။ ပန်းပဲဆရာကြီး၏ ကြွက်သားများက သံမဏိတုံးများအလား မာနေပုံရ၏။ ထိုသူသည် မီးခိုးရောင် မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်းအရွယ် ဖြစ်သည်။ အနည်းဆုံး ကျင်းသုံးလေးရာခန့် လေးမည်ဟု ထင်ရသော သံတူကြီး တစ်လက်ကို ကိုင်ဆောင်ထား၏။

ကြီးမားလှသည့် ပန်းပဲဆရာကြီးက လန်လင်းအား စိုက်ကြည့်လိုက်သည်။ “ဒီလူငယ်လေးက ဘယ်သူလဲ။ မိန်းကလေး တစ်ယောက်ထက်တောင် ပိုလှနေသေးတယ်။ သခင်မလေးရဲ့ရဲ့ ရည်းစားသစ်လား။”

ရဲ့ကျင်းယွီ၏ မျက်နှာက နီရဲသွား၏။ “ဦးလေးမိုရဲ… နောက်မနေပါနဲ့။ ဒါက ကျွန်မ သခင်လေးပါ။”

ပန်းပဲဆရာ မိုရဲက အရိုအသေပေးဟန် ဆောင်လိုက်သည်။ “အို… အထက်တန်းလွှာ တစ်ပါးလား။”

ဤတောရိုင်းနယ်မြေ၌ ခွန်အားက အထက်တန်းလွှာ ဂုဏ်ပုဒ်များထက် ပို၍ အရေးကြီး၏။ တော်ဝင်မြို့တော်နှင့် အလွန်တရာ ကွာခြားလှသည်။ မိုရဲက မျက်ခုံးပင့်လိုက်၏။ “သခင်မလေးရဲ့… ဒီနေ့ ဘာများဝယ်ချင်လို့လဲ။”

ရဲ့ကျင်းယွီက ချက်ချင်းပင် ပြောလိုက်သည်။ “ရွှေနက်မြားတွေပါ။”

ပန်းပဲဆရာကြီး ခေါင်းညိတ်လိုက်၏။ “အင်း… ကောင်းပြီလေ။ တစ်ချောင်းကို ငွေဒင်္ဂါး ဆယ်ပြားပါ။ ငါ့ဆီမှာ သုံးဆယ့်သုံးချောင်း ရှိတယ်။”

လန်လင်းက ဝင်ရောက်မေးမြန်းလိုက်သည်။ “ထပ်ရှိသေးလား။”

မိုရဲ ရယ်မောလိုက်၏။ “ဟားဟား… လူငယ်လေး… ရွှေနက်က အရမ်း ရှားပြီး ဈေးကြီးတယ်။ သတ္တုတူးဖော်သူတွေတောင် သိပ်မတွေ့ရဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်က ရွှေနက်သတ္တုရိုင်း နည်းနည်း ဝယ်ထားတာရှိလို့ အကုန်သုံးပြီး ဒီမြား သုံးဆယ့်သုံးချောင်း လုပ်ထားတာပဲ။”

ရဲ့ကျင်းယွီက ပြတ်သားစွာ ပြောလိုက်သည်။ “အကုန်ယူမယ်။”

ပန်းပဲဆရာကြီးက သွားဖြီးပြလိုက်၏။ “အကုန်ယူမယ်ဆိုတော့လည်း ဈေးလျှော့ပေးပါ့မယ်။ ရွှေဒင်္ဂါး ခြောက်ပြားပဲ ပေးပါ။”

ရဲ့ကျင်းယွီက ရွှေဒင်္ဂါးများဖြင့် ပေးချေလိုက်သည်။ မိုရဲက ပြုံးလျက် ပြော၏။ “ဒီနေရာက အန္တရာယ်များပြီး ရှုပ်ထွေးပေမဲ့ ပိုက်ဆံရှာလို့တော့ ကောင်းတယ်။ အခုလို အရောင်းအဝယ် ကြီးကြီးမားမားတစ်ခုဆိုရင် လူတစ်ယောက်ကို သုံးနှစ်လောက် ကျွေးထားလို့ ရတယ်။”

သူက ပြုံးရွင်လျက် သေတ္တာကြီးတစ်လုံးကို ယူဆောင်လာ၏။ အတွင်း၌ လေးလံပြီး တောက်ပနေသည့် မြားများ ရှိနေသည်။ သို့သော် ထိုမြားများမှာ အနက်ရောင် မဟုတ်ဘဲ အနီရင့်ရောင် ဖြစ်နေ၏။

ရဲ့ကျင်းယွီက ခေါင်းညိတ်ပြလိုက်သည်။ “အင်း… ကျေးဇူးပါပဲ ဦးလေး။ ကျွန်မတို့ သွားတော့မယ်။”

သူမသည် ရွှေနက်မြား သုံးဆယ့်သုံးချောင်းကို အထူးသတ္တုမြားကျည်တောက်ထဲ ထည့်ကာ ကျော၌လွယ်ပြီး ဆိုင်ထဲမှ ထွက်လာ၏။ အပြင်ဘက်၌မူ ထိုပါးရဲ့နှင့် သူ၏အဖွဲ့က စောင့်ဆိုင်းနေဆဲပင်။

“ရဲရဲ… ငါတို့ ညအမှောင်အဖွဲ့ထဲ ဘာလို့ ပြန်မဝင်တာလဲ။ ငါတို့ အရိပ်ပင့်ကူဘုရင်မကို အမဲလိုက်ဖို့ တောင်တစ်သောင်း တောင်တန်း အနက်ရှိုင်းဆုံးထိ သွားကြမလို့။”

အရိပ်ပင့်ကူဘုရင်မမှာ ရွှေဒင်္ဂါး တစ်ထောင်ကျော် ဆုကြေးထုတ်ခံထားရသည့် ကြီးမားလှသော ဘီလူးတစ်ကောင် ဖြစ်၏။ ဆုကြေးထုတ်ထားသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သူမကို သတ်ရန် ကြိုးစားရင်း အမဲလိုက်အဖွဲ့ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီးဖြစ်သည်။

အများစုမှာ သူမကို မမြင်ရမီမှာပင် သေဆုံးခဲ့ကြရ၏။ အစွမ်းထက်သည့် နဂါးစစ်သည်တော်တစ်ပိုင်း တစ်ဦးပင်လျှင် သူမ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ရဲ့ကျင်းယွီကမူ ပြန်မဖြေပဲ သူ့အား တိုက်ရိုက် လျစ်လျူရှုကာ လန်လင်းနှင့်အတူ ထွက်သွား၏။ ထိုပါးရဲ့က သူမကျောပြင်ကို စိုက်ကြည့်နေရင်း အချစ်နှင့် နက်ရှိုင်းသည့် ဒေါသတို့ ရောထွေးနေသော ခံစားချက်ကို ခံစားနေရသည်။

သူတို့ ပြောင်ချိုင့်ဝှမ်းသို့ ပြန်လာကြပြီး ထိုညအတွက် သေချာစွာ အနားယူလိုက်ကြကာ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် သေချာစေလိုက်၏။

နောက်တစ်နေ့၌ လန်လင်းနှင့် ရဲ့ကျင်းယွီတို့ မီးလျံနီနွားကြီးကို အမဲလိုက်ရန် ထပ်မံပြီး ထွက်လာကြသည်။

လက်ရှိအချိန်၌ နွားကြီး၏ အလေ့အထများကို သူတို့ နားလည်နေပြီဖြစ်၏။ အချိန်အများစု၌ ကြီးမားလှသည့် မီးလျံနီနွားကြီးက ဘုရင်တစ်ပါးအလား ပြောင်အုပ်ကြီးနှင့် အတူနေထိုင်သည်။

ကျောက်တုံးများပေါ်၌ သူ၏ချိုများကို သွေးရန် လိုအပ်သော အခါမှသာ အုပ်စုထဲမှ ထွက်ခွာတတ်၏။ ထို့အတွက်ကြောင့် လန်လင်းနှင့် ရဲ့ကျင်းယွီတို့အနေဖြင့် ကျောက်တောင်ကမ်းပါးများ အနီး၌သာ ရှာဖွေရန် လိုအပ်တော့သည်။

နှစ်နာရီကြာပြီးနောက် အရှေ့ဘက် ကမ်းပါးတစ်ခုဆီမှ ကျယ်လောင်သော ပွတ်တိုက်သံကြီး တစ်ခုကို လန်လင်း ကြားလိုက်ရ၏။ သူတို့ အနီးကပ် သွားကြည့်လိုက်ရာ ကြီးမားလှသည့် မီးလျံနီနွားကြီးကို မြင်လိုက်ရသည်။ ထိုအကောင်က သူ၏ ချိုများကို ကျောက်နံရံနှင့် အားပြင်းပြင်း ပွတ်တိုက်နေ၏။

ဆယ်မိနစ်ခန့် ချိုသွေးပြီးနောက် နွားကြီးက ပျင်းရိစွာဖြင့် မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထားလိုက်ပြီး အနားယူကာ သာယာသည့် ခံစားချက်ကို ခံစားနေသည်။

လန်လင်းက တန်ဖိုးကြီးမားလှသည့် ရွှေနက်မြားတစ်စင်းကို ဆွဲထုတ်လိုက်ပြီး လေးပေါ်၌ တင်လိုက်၏။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်မောင်းထဲသို့ နဂါးစွမ်းအားများ ပို့လွှတ်ကာ လေးကြိုးကို ဆွဲလိုက်သည်။

ခဏတွင်းချင်းမှာပင် အားကောင်းလှသည့် ကျင်းတစ်ရာ ဆွဲအားလေးကို အဆုံးထိ ဆွဲဆန့်လိုက်နိုင်၏။ လန်လင်း သေချာစွာ ချိန်ရွယ်လိုက်သည်။

တစ်စက္ကန့်… နှစ်စက္ကန့်… ပစ်မှတ် သေချာသွားလေပြီ။

“ရွှီးးး”

မြားက လေထဲသို့ ပျံသန်းထွက်သွား၏။ မီးလျံနီနွားကြီးက သူ့ကိုယ်သူ ကာကွယ်ရန် မျက်လုံးများကို အမြန် ပိတ်ချလိုက်သည်။ သို့သော် လန်လင်း၏ ပစ်ခတ်မှုက အလွန်တရာ အားပြင်းလွန်းလှ၏။ ရွှေနက်မြားက နွားကြီး၏ ထူထဲလှသော မျက်ခွံကို ဖောက်ထွင်းပြီး ဦးနှောက်ထဲသို့ တည့်မတ်စွာ စိုက်ဝင်သွားသည်။

အပိုင်း ၆၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters