အခန်း ၆၅
Vol. 7 Ch. 65
အပိုင်း ၆၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မျက်စိတစ်မှိတ်အတွင်း၌ပင် ကြီးမားလှသည့် မီးလျံနီနွားကြီး၏ ခန္ဓာကိုယ်က လဲကျသေဆုံးသွား၏။ ရွှေနက်မြားက တကယ်ကို အံ့မခန်းပင်။ ထိုမြားဖြင့် မီးလျံနီနွားကြီးကို သတ်ရန် အလွန်တရာ လွယ်ကူလှသည်။
လန်လင်း ချက်ချင်း ပြေးသွားလိုက်၏။ နွားကြီး၏ သွေးကြောထဲရှိ နဂါးစွမ်းအားများ ပျောက်ကွယ်သွားမည်ကို မလိုလား၍ အသူရာမိစ္ဆာကြယ်ကို အမြန် ဝါးမျိုခိုင်းလိုက်သည်။
စက္ကန့်သုံးဆယ်ခန့် အကြာ၌ အသူရာမိစ္ဆာကြယ်က နွားကြီး၏ သွေးကြောစွမ်းအင်များကို အပြည့်အဝ စုပ်ယူပြီးသွားလေပြီ။
အသူရာမိစ္ဆာကြယ်က လေးနက်စွာ ပြောသည်။ “သခင့်လက်မောင်း ပိုသန်မာလာဖို့ နောက်ထပ် သုံးကောင် အမဲလိုက်ရဦးမယ် သခင်။ ဒါပေမဲ့ ခွန်အား အဆင့်မမြှင့်ခင် မီးလျံနီနွားကြီးတွေ အားလုံးကို အရင် အမဲလိုက်တာ ပိုကောင်းမယ်။”
လန်လင်း ခေါင်းညိတ် သဘောတူလိုက်၏။
**--**--**--**--**--**--**--**
ယနေ့က လန်လင်းအတွက် ကံကောင်းသည့်နေ့ တစ်နေ့ဖြစ်၏။ တစ်ရက်တည်းဖြင့် မီးလျံနီနွားကြီး လေးကောင်ကို အမဲလိုက်နိုင်ပြီး နေဝင်မိုးချုပ်၍ တဲဆီသို့ ပြန်လာရာ လမ်း၌ပင် နောက်ထပ် တစ်ကောင်နှင့် ထပ်မံ ဆုံတွေ့သေး၏။
အသူရာမိစ္ဆာကြယ်အား လက်မောင်းကို ချက်ချင်း အဆင့်မြှင့်တင်ခိုင်းမည့်အစား စွမ်းအင်များကိုသာ စုဆောင်းထားရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ မနက်၌ လန်လင်းက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အမဲလိုက်ရန် ထွက်လာပြန်၏။ ရဲ့ကျင်းယွီကမူ သူ ဘာကြောင့် တောရိုင်းနွားများကို အမဲလိုက်ရန် အရူးအမူး ဖြစ်နေသည်ကို နားမလည်နိုင်ပေ။ တကယ့် တိုက်ပွဲအတွေ့အကြုံအတွက်ဆိုလျှင် သူ အမဲလိုက်သည့် နွားအကောင်ရေ တစ်ရာကျော်က လုံလောက်သည်ထက်ပင် ပိုနေပြီ ဖြစ်၏။
သူ၏ မြားပစ်စွမ်းရည် တိုးတက်လာစေရန် ပိုမိုမြန်ဆန်ပြီး သေးငယ်သည့် သားရဲများကို စတင်ပစ်ခတ်သင့်သည်ဟု သူမ တွေးထား၏။ လန်လင်းက သွေးကြောစွမ်းအင်များ စုပ်ယူရန်သာ အမဲလိုက်နေခြင်းဖြစ်ကြောင်း သူမ မသိချေ။
ရွှေနက်မြားများကို စတင်အသုံးပြုပြီး နောက်တစ်နေ့၌ သူ၏ကံက သိပ်မကောင်းလှပေ။ တစ်နေ့လုံးမှ မီးလျံနီနွားကြီး တစ်ကောင်သာ ရှာတွေ့၏။
သို့သော် တတိယမြောက်နေ့၌ သူ အလွန်ကံကောင်းသွားပြီး မီးလျံနီနွားကြီး သုံးကောင်ကို ဆက်တိုက် သတ်ဖြတ်နိုင်လိုက်သည်။
နောက်ထပ် သုံးရက်ဖြစ်သည့် လေးရက် ၊ ငါးရက် ၊ ခြောက်ရက်မြောက်နေ့များ၌ လန်လင်းက မီးလျံနီနွားကြီး ငါးကောင်ကိုသာ အမဲလိုက်နိုင်၏။
ပြောင်ချိုင့်ဝှမ်း တစ်ခုလုံး၌ မီးလျံနီနွားကြီး ဆယ်ကောင်ခန့်သာ ကျန်ရှိတော့ကြောင်း ရဲ့ကျင်းယွီ စောစောပိုင်းက ပြောခဲ့ဖူးသည်။ လက်ရှိအချိန်၌ အားလုံး သေဆုံးသွားလောက်ပြီ ဖြစ်၏။
သို့သော် အားလုံးကို သတ်ဖြတ်ပြီးပြီဟု လန်လင်း တွေးလိုက်သည့်အချိန်၌ပင် ဂူတစ်ခုထဲ၌ အနားယူနေသော နောက်ထပ် မီးလျံနီနွားကြီး တစ်ကောင်ကို တွေ့လိုက်ရပြန်၏။
ထိုအကောင်က ရှားပါးလှသည့် အမတစ်ကောင်ဖြစ်ပြီး ဗိုက်ကြီးရွှဲနေ၏။ သူမ ကိုယ်ဝန်ဆောင်နေခြင်းပင်။
လန်လင်း ချက်ချင်းပင် သူ၏ လက်နက်ကို ချကာ လေးကို သိမ်းလိုက်၏။ ပြောင်ချိုင့်ဝှမ်း၌ သူ အလုံအလောက် သတ်ဖြတ်ပြီးပြီ ဖြစ်သည်။ ဤအကောင်က နောက်ဆုံးအကောင် ဖြစ်သောအပြင် ကိုယ်ဝန်ဆောင်ထားသောကြောင့် မျိုးတုံးသတ်ဖြတ်တာမျိုး မလုပ်သင့်ပေ။
လန်လင်း၏ လုပ်ရပ်ကို မြင်သည့်အခါ ရဲ့ကျင်းယွီ၏ မျက်လုံးတို့က နူးညံ့သွားသည်။
“ပြန်ကြစို့ သခင်လေး။ ပြောင်ချိုင့်ဝှမ်းက အမဲလိုက်တာ ပြီးဆုံးသွားပြီ။”
**--**--**--**--**--**--**--**
စခန်းသို့ ပြန်ရောက်သောအခါ လန်လင်း ရေကန်ထဲ၌ စိမ်နေလိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဝလာစေရန် ရဲ့ကျင်းယွီ၏ စိတ်တည်ငြိမ်ရေး ကျင့်စဉ်ကို နားထောင်နေလိုက်သည်။
ပြီးခဲ့သည့် ခြောက်ရက်တာ ကာလအတွင်း လန်လင်း စုစုပေါင်း မီးလျံနီနွားကြီး တစ်ဆယ့်လေးကောင်ကို အမဲလိုက်နိုင်ခဲ့၏။ အသူရာမိစ္ဆာကြယ်က ကြီးမားလှသည့် နဂါးစွမ်းအားများကို စုပ်ယူထားပြီးဖြစ်သည်။
လက်ရှိအချိန်က အကျိုးအမြတ်များကို ရိတ်သိမ်းရမည့် အချိန်ပင်။ နဂါးစွမ်းအားများကို စုစည်း၍ အရိုးနှင့် ကြွက်သားများကို မွမ်းမံကာ ခွန်အားကို မြှင့်တင်ရမည့် အချိန်ရောက်လေပြီ။ ကြီးမားသည့် အဆင့်မြှင့်တင်မှုတစ်ခု ရလာရန် သူ မျှော်လင့်ထား၏။
အသူရာမိစ္ဆာကြယ်က နဂါးစွမ်းအားများကို စတင် ထုတ်လွှတ်ပေးလိုက်၏။ အားပြင်းလှသည့် လှိုင်းလုံးများအလား လန်လင်း၏ လက်မောင်းထဲသို့ အဟုန်ပြင်းပြင်း ဝင်ရောက်လာသည်။
ယခင်အကြိမ်ကကဲ့သို့ပင် ထိုဖြစ်စဉ်က သူ၏ စွမ်းအင်လမ်းကြောင်းများမှ စတင်ပြီး အရိုးများဆီသို့ ရွေ့လျားသွားကာ နောက်ဆုံး၌ ကြွက်သားများဆီသို့ ရောက်ရှိလာ၏။
ယခုအကြိမ် ဝင်ရောက်လာသည့် နဂါးစွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလှ၏။ လန်လင်း၏ လက်မောင်းတစ်ခုလုံး မီးလောင်ကျွမ်းနေသကဲ့သို့ ပူလောင်နေပြီး ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။
တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ…။
အချိန် ခုနစ်နာရီ ကုန်ဆုံးသွားလေပြီ။
“အသူရာမိစ္ဆာကြယ်… ဒီတစ်ကြိမ် ငါ့လက်မောင်းခွန်အား ဘယ်လောက်တောင် တိုးလာလဲ။”
အသူရာမိစ္ဆာကြယ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ “ကျင်းသုံးဆယ်ပါ သခင်… အရင်တစ်ခေါက်ကထက် သုံးဆ များတယ်။ ပြီးတော့ အရေးပေါ်အတွက် နဂါးစွမ်းအား အချို့ ချန်ထားသေးတယ်။”
လန်လင်းက ပြုံးလိုက်သည်။ “ဒါဆို ငါ့လက်တစ်ဖက်တည်း ခွန်အားက တစ်ရာ့နှစ်ဆယ်ကျင်း ရောက်သွားပြီပေါ့။ နဂါးစွမ်းအား မသုံးဘဲနဲ့တောင် ကျင်းတစ်ရာလေးကို ဆွဲနိုင်ပြီလား။”
အသူရာမိစ္ဆာကြယ်က အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ် သခင်။”
ရေထဲမှ ထွက်လာပြီးနောက် လန်လင်းက ကျင်းတစ်ရာအားရှိသည့် လေးကို ကောက်ကိုင်လိုက်၏။ နဂါးစွမ်းအား အနည်းငယ်မျှ မသုံးဘဲ ရုတ်တရက် ခွန်အားများကို သုံးကာ လေးကြိုးကို ဆွဲဆန့်လိုက်သည်။
မည်သည့် ပြဿနာမရှိဘဲ သူ ဆွဲဆန့်နိုင်၏။ လေးကို ဆွဲထားပြီးသည်နှင့် တည်ငြိမ်စွာ ထိန်းထားနိုင်ပြီး ပစ်မှတ်ကို အသေအချာ အာရုံစိုက်ကာ စိတ်ဝိညာဉ်စွမ်းအားကို သုံး၍ ချိန်ရွယ်ရန် သူ့အတွက် အချိန်များစွာ ရရှိသည်။
ဤခွန်အား တိုးတက်လာတာက အလွန်တရာ အံ့မခန်း ဖြစ်၏။ ပြောင်ချိုင့်ဝှမ်းရှိ လေ့ကျင့်ရေး ကာလတစ်လျှောက်လုံး သူ၏ ခွန်အားက ကျင်းခြောက်ဆယ်အထိ တိုးလာသည်။
လက်ရှိအချိန်၌ လက်မောင်းခွန်အား သုံးရာကျင်း ဆိုသည့် နောက်ဆုံး ပန်းတိုင်ဆီသို့ ရောက်ရန် တစ်ရာ့ရှစ်ဆယ်ကျင်းသာ လိုအပ်တော့သည်။
**--**--**--**--**--**--**--**
ရဲ့ကျင်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ “သခင်လေး… အခု သခင်လေး လက်မောင်းခွန်အား ဘယ်လောက်ရှိနေပြီလဲ။”
“တစ်ရာ့နှစ်ဆယ်ကျင်းရှိပြီ။”
ရဲ့ကျင်းယွီ မျက်လုံးပြူးသွားသည်။ “ဟင်…”
သူတို့ တောင်ပိုင်းလူရိုင်း နယ်စပ်၌ လေ့ကျင့်နေသည်မှာ တစ်လပင် မပြည့်သေးသော်ငြား လန်လင်း၏ လက်မောင်းခွန်အားက ကျင်းခြောက်ဆယ်အထိ တိုးလာပြီဖြစ်သည်။
နောက်ဆုံးစာမေးပွဲ ရောက်ရန် နောက်ထပ် နှစ်လကျော် အချိန်ကျန်သေး၏။ အကယ်၍ သူသာ ဤအရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်နေမည်ဆိုလျှင် ဘွဲ့နှင်းသဘင် အခမ်းအနား၌ လူတိုင်းကို အံ့အားသင့်သွားစေမည်မှာ သေချာလှသည်။
သခင်လေး၏ လေ့ကျင့်မှု အရှိန်အဟုန်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ယခင်က မီးလျံနီနွားကြီးကို ကျင်းတစ်ရာလေးဖြင့် ပစ်ခတ်ခဲ့သည်ကို ရဲ့ကျင်းယွီ မြင်သော်ငြား နဂါးစွမ်းအားဖြင့် အပြင်းအထန် ပစ်ခတ်တာ ဖြစ်သည်ဟုသာ သူမ ထင်မှတ်ထားသည်။ မည်သို့ပင်ဆိုစေ သူ၏ မူလ လက်မောင်းခွန်အားက ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ကျင်းခန့်သာ ရှိသေးသည်ဟု သူမ တွေးထား၏။
ရဲ့ကျင်းယွီက လေးနက်စွာ ပြောလိုက်သည်။ “အခု သခင်လေးက ကျင်းတစ်ရာ မှတ်တိုင်ကို ကျော်ဖြတ်နိုင်ပြီဆိုတော့ ပထမအဆင့် လေ့ကျင့်တာ ပြီးသွားပြီ။ နောက်ထပ် ဒုတိယအဆင့်ကို ကျွန်မတို့ စတင်ရမယ်။ ပြောင်ချိုင့်ဝှမ်းကထွက်ပြီး တခြားတစ်နေရာ သွားကြမယ်။”
လန်လင်း မျက်ခုံးပင့်လိုက်သည်။ “အစ်မ… ကျွန်တော်တို့ ပိုပြီး စွမ်းအားကြီးသည့် သားရဲတွေကို အမဲသွားလိုက်မလို့လား။”
ရဲ့ကျင်းယွီက သူ့အား ခဏတာ စိုက်ကြည့်လိုက်သည်။ “လေးနဲ့မြားတွေ ယူပြီး ကျွန်မနောက် လိုက်ခဲ့ပါ။”
ရဲ့ကျင်းယွီက သူမ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် သူတို့နှစ်ဦး မြင်းပေါ်တက်ကာ အနောက်ဘက်သို့ စီးနှင်သွားလိုက်သည်။
မိုင်တစ်ရာကျော်ခန့် မြင်းစီးပြီးနောက် လုံးဝ အသစ်ဖြစ်နေသည့် တောရိုင်းနယ်မြေ တစ်ခုထဲသို့ ဝင်ရောက်လာကြ၏။ ရုတ်တရက် ရဲ့ကျင်းယွီ ရပ်တန့်လိုက်သည်။ သူမက မြင်းပေါ်မှ အမြန်ဆင်းကာ မြင့်မားသော မြက်ခင်းများကြား၌ ပုန်းအောင်းလိုက်သည်။ ထို့နောက် ပေအနည်းငယ် အကွာရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ဟိုက သွေးတိမ်တိုက်ကျားသစ်ကို သခင်လေး မြင်လား။”
လန်လင်း ခေါင်းညိတ်လိုက်၏။ ပေအနည်းငယ် အကွာ၌ လှပလှသည့် ကျားသစ်တစ်ကောင်က မြက်ခင်းများကြား၌ အနားယူနေသည်။
ခန္ဓာကိုယ် တစ်ခုလုံးက မီးခိုးရောင် ဖြစ်သော်ငြား အကွက်များက သွေးကဲ့သို့ နီရဲနေ၏။ ထို့ကြောင့်ပင် သွေးတိမ်တိုက်ကျားသစ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
လန်လင်း တစ်ခုခုကို နားလည်သွား၏။ မီးလျံနီနွားကြီးနှင့် သွေးတိမ်တိုက်ကျားသစ်တို့ကဲ့သို့သော သားရဲများ၌ ဤမျှ တောက်ပသည့် အနီရောင်များ ရှိနေတာက အားကောင်းသော နဂါးသွေးကြောများ ရှိနေသောကြောင့်ပင်။
ရဲ့ကျင်းယွီက တီးတိုး ပြောလိုက်သည်။ “အဲဒီအကောင်ကို ပစ်ကြည့်ပါ သခင်လေး။”
လန်လင်းက ချက်ချင်းပင် ကျင်းတစ်ရာအားရှိသည့် လေးကို ကောက်ကိုင်လိုက်၏။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရွှေနက်မြားတစ်စင်းကို တင်ကာ လေးကြိုးကို ဆွဲလိုက်ပြီး ပစ်မှတ်ဆီသို့ အပြည့်အဝ အာရုံစိုက်လိုက်သည်။
လန်လင်း အံကြိတ်လိုက်၏။ “ပစ်…”
မြားက ဥက္ကာပျံတစ်ခုအလား လေထဲသို့ ပျံသန်းထွက်သွား၏။
သို့သော် လေးကြိုးကို လွှတ်ချလိုက်သည့် အခိုက်အတန့်၌ပင် သွေးတိမ်တိုက်ကျားသစ်က အန္တရာယ်ကို အာရုံခံမိသွားသည်။ မြား မရောက်လာမီ၌ပင် ကျားသစ်က လျှပ်စီးတစ်ခုအလား ဘေးသို့ ရှောင်ထွက်သွား၏။
ကျားသစ်၏ မျက်လုံးများက လန်လင်းကို ချက်ချင်း စိုက်ကြည့်လာ၏။ တစ်စက္ကန့်အကြာ၌ ရဲ့ကျင်းယွီထံမှ ထွက်ပေါ်လာသည့် အားကောင်းလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထိုအခါ အလွန်အမင်း ထိတ်လန့်သွားပြီး အနောက်သို့ လှည့်ကာ အစွမ်းကုန် ပြေးထွက်သွားတော့သည်။
ရဲ့ကျင်းယွီက အလောတကြီး အော်ပြောလိုက်၏။ “မြန်မြန်… သခင်လေး စိတ်ဝိညာဉ်စွမ်းအား အားလုံးသုံးပြီးပစ်။ ပစ်လို့ရသလောက် မြားတွေအကုန်ပစ်။”
အပိုင်း ၆၅ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team