အခန်း ၆၆
Vol. 7 Ch. 66
အပိုင်း ၆၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
လန်လင်းက အမြန်ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ သူ မြားငါးစင်း ဆက်တိုက် ပစ်ခတ်လိုက်သော်ငြား တစ်စင်းကမှ သွေးတိမ်တိုက်ကျားသစ်ကို မထိမိချေ။ အနီးစပ်ဆုံး ပစ်ခတ်နိုင်သည့် မြားပင်လျှင် ပေသုံးဆယ်ကျော်ခန့် လွဲချော်သွား၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် ကျားသစ်က ထွက်ပြေးသွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။
ရဲ့ကျင်းယွီက မေးလိုက်သည်။ “သခင်လေးကို ဘာလို့ မီးလျံနီနွားတွေ အရင် အမဲလိုက်ခိုင်းတာလဲ သိလား။”
လန်လင်းက အောက်သို့ ငုံ့ကြည့်လိုက်သည်။ “အင်း… ကျွန်တော် သိပါတယ် အစ်မ။”
ရဲ့ကျင်းယွီက ရှင်းပြသည်။ “အဲဒါက ပထမအဆင့်လေ။ မီးလျံနီနွားတွေက မျက်လုံးကြီးပြီး တုံ့ပြန်မှု နှေးတယ်။ ပြီးတော့ ငြိမ်ငြိမ်လေး နေတတ်ကြတယ်။ သူတို့ကို ပစ်ရတာ မလှုပ်ရှားတဲ့ ပစ်မှတ်ကို ပစ်ရသလိုပဲ အရမ်းလွယ်တယ်။”
လန်လင်း ခေါင်းညိတ်လိုက်၏။ မီးလျံနီနွားများကို အမဲလိုက်ရသည်မှာ တကယ်ကို လွယ်ကူလွန်းလှသည်။
ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ “ဒါပေမဲ့ နွားတွေက တုံးအကြတယ်။ သခင်လေးရဲ့ တကယ့် ရန်သူတွေနဲ့ တော်ဝင်အကယ်ဒမီ စာမေးပွဲကြီးက ပစ်မှတ်တွေက လှုပ်ရှားနေမှာပဲ။ အခု သခင်လေးရဲ့ အာရုံစူးစိုက်မှုနဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ထိအောင် ပစ်နိုင်မယ် ထင်လို့လား။”
လန်လင်း ခေါင်းရမ်းလိုက်သည်။ ထိုသည်က လုံးဝ မဖြစ်နိုင်ချေ။ သူ ယခုလေးတင် ကြိုးစားသော်ငြား အကောင်းဆုံး ပစ်ခတ်မှုကပင် သွေးတိမ်တိုက်ကျားသစ်နှင့် ပေအတော်အလှမ်းဝေးကာ လွဲချော်သွား၏။
ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ “ဟူး… နောက်တစ်ဆင့်အနေနဲ့ သခင်လေး လေ့ကျင့်မှုရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ မြန်မြန် လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ပစ်ခတ်ရမယ်။ တော်ဝင်အကယ်ဒမီ စာမေးပွဲကြီး ရောက်ဖို့ ကျွန်မတို့မှာ နှစ်လပဲ အချိန်ကျန်တော့တယ်။ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ထိအောင် ပစ်ရတာက အခက်ခဲဆုံး အပိုင်းပဲ။ ကျွန်မတို့ အကောင်းဆုံး ကြိုးစားပြီး ကျန်တာကိုတော့ ကံအပေါ်ပဲ ပုံချရတော့မယ်။”
စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခြင်းက လန်လင်း ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုအပေါ်၌ အဓိက မူတည်နေကြောင်း အသူရာမိစ္ဆာကြယ်ကလည်း သူ့အား ပြောဖူးသည်။ ဤစိန်ခေါ်မှုက အလွန်အမင်း ခက်ခဲပေလိမ့်မည်။
ရဲ့ကျင်းယွီက လေးနက်စွာ ဆက်ပြောသည်။ “ဒုတိယအဆင့်ရဲ့ ပထမဆုံး ခြေလှမ်းက ပေတစ်ရာ့နှစ်ဆယ် အကွာက လှုပ်ရှားနေတဲ့ ပစ်မှတ်ကို သခင်လေးရဲ့ စိတ်နဲ့ ပစ်တတ်ဖို့ပဲ။ လာ… ကျွန်မ သခင်လေးကို လေ့ကျင့်ဖို့ နေရာသစ်တစ်ခု ခေါ်သွားမယ်။”
သူတို့ မြင်းပေါ်တက်လိုက်ကြပြီး ရဲ့ကျင်းယွီက လန်လင်းအား တောင်ဘက်သို့ ဦးဆောင် ခေါ်သွားလိုက်သည်။
မိုင်တစ်ရာကျော်ခန့် မြင်းစီးပြီးနောက် သစ်တောက ပိုမို ထူထပ်လာ၏။
သူတို့ နောက်ထပ် မိုင်နှစ်ဆယ်ခန့် ထပ်မံ စီးနှင်သွားကြသည်။ အဝေးမှပင် အဟုန်ပြင်းပြင်း စီးဆင်းနေသည့် ရေစီးသံကြီးကို လန်လင်း ကြားလိုက်ရ၏။
ချိုင့်ဝှမ်းတစ်ခုရှိ ထောင့်ချိုးတစ်ခုကို ကွေ့လိုက်သည်နှင့် ဧရာမ ရေတံခွန်ကြီး တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ထိုရေတံခွန်မှာ ပေရာဂဏန်းခန့် မြင့်မားပြီး ပေထောင်ချီ၍ ကျယ်ဝန်းလှ၏။ ရိုက်ခတ်နေသော ရေများက လေထဲသို့ ရေမှုန်များအဖြစ် လွင့်စင်သွားကာ နေရောင်ခြည်အောက်၌ လှပသည့် သက်တံတစ်ခုကို ဖြစ်တည်လာစေသည်။
ရေများက အလွန်တရာ အေးမြကာ ကြည်လင်နေပုံရ၏။ ရဲ့ကျင်းယွီက နှုတ်ခမ်းသပ်လိုက်ပြီး ရေကူးရန် အလွန်ကောင်းမွန်သည့် နေရာတစ်ခုဟု တွေးလိုက်သော်ငြား လက်ရှိအချိန်က ထိုသို့လုပ်ရန် အချိန်မဟုတ်ပေ။
ရဲ့ကျင်းယွီက လေးနက်စွာ သတိပေးသည်။ “အရင်က ပြောသလိုပဲ မီးလျံနီနွားက တုံးအပြီး မလှုပ်ရှားတဲ့ ပစ်မှတ်တစ်ခုပဲ။ ဒါပေမဲ့ လက်တွေ့ကမ္ဘာနဲ့ သခင်လေးရဲ့ စာမေးပွဲမှာ ပစ်မှတ်တွေက အရမ်းမြန်မြန် လှုပ်ရှားနေမှာဖြစ်ပြီး အရမ်းလည်း သေးငယ်နေလိမ့်မယ်။ အခု မြန်မြန် လှုပ်ရှားနေတဲ့ ပစ်မှတ်တစ်ခုကို သော့ခတ်နိုင်ဖို့ သခင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ သင်ယူရမယ်။”
လန်လင်းက ခေါင်းညိတ်လိုက်သည်။ “အင်း… ကောင်းပါပြီ အစ်မ။ ကျွန်တော်တို့ ဘယ်လို လေ့ကျင့်ကြမလဲ။”
ရဲ့ကျင်းယွီက ရေတံခွန်ဘက်သို့ ညွှန်ပြလိုက်သည်။ “ဒီရေတံခွန်က ပေတစ်ရာ့ငါးဆယ်နီးပါး မြင့်တယ်။ ရေတံခွန်ကို သခင်လေး အသေအချာ စိုက်ကြည့်စေချင်တယ်။ ရေတစ်စက်ကို ရွေးလိုက်ပါ။ အပေါ်ဆုံးကနေ ကျလာတဲ့ အချိန်ကစပြီး အောက်ဘက် မြစ်ထဲကို ရိုက်ခတ်သွားတဲ့အထိ ကြည့်နေရမယ်။ အဲဒီအချိန် တစ်လျှောက်လုံး အဲဒီရေတစ်စက်ကို သော့ခတ်ထားနိုင်ဖို့ သခင်လေးရဲ့စိတ်ကို အသုံးပြုရမယ်။”
လန်လင်းက မျက်မှောင်ကျုံ့လိုက်သည်။ “ဆိုလိုတာက ရေတစ်စက်ကို အပေါ်ဆုံးကနေ အောက်ခြေအထိ ကျွန်တော် ခြေရာခံနိုင်ရင် အောင်မြင်ပြီပေါ့။”
ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ စကားပြောနေတာက လက်တွေ့လုပ်တာလောက် အထောက်အကူ မဖြစ်ဘူး။ စမ်းကြည့်လိုက်ပါ သခင်လေး။”
လန်လင်းက မြစ်တစ်ဖက်ကမ်းရှိ ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်လိုက်၏။ ရေတံခွန်နှင့် ပေတစ်ရာ့နှစ်ဆယ် အတိအကျ ကွာဝေးသည်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စွမ်းအင်များကို အာရုံစိုက်ကာ ကျဆင်းနေသော ရေများကို စိုက်ကြည့်နေလိုက်၏။
သို့သော် ဤသည်က မဖြစ်နိုင်သည့် အလုပ်တစ်ခုဖြစ်ကြောင်း သူ ချက်ချင်းပင် နားလည်သွားသည်။
ပေတစ်ရာ့နှစ်ဆယ် အကွာမှနေ၍ ရေတစ်စက်တည်းကိုပင် သူ မမြင်နိုင်ချေ။ ထိုအရာက သေးငယ်လွန်းလှ၏။ သာမန်လူတစ်ယောက်အတွက်မူ ပေသုံးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် အကွာမှနေ၍ ရေစီးကြောင်းတစ်ခုကို ရှင်းလင်းစွာ မြင်နိုင်ရန်ပင် အလွန်တရာ ခက်ခဲပေလိမ့်မည်။
လန်လင်း အကြိမ်ကြိမ် ကြိုးစားကြည့်သော်ငြား ရေတစ်စက်ကိုမှ မမြင်နိုင်ပေ။
ရဲ့ကျင်းယွီက မေးလိုက်သည်။ “ဘယ်လိုနေလဲ သခင်လေး။”
လန်လင်းက ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း… လုံးဝကို ဝါးနေတာပဲ အစ်မ။ ဘာကိုမှ သော့ခတ်လို့ မရဘူး။”
ရဲ့ကျင်းယွီက လေးနက်စွာ ညွှန်ကြားလိုက်သည်။ “ဒါဆို ဒီလိုစမ်းကြည့်။ သခင်လေးရဲ့ နဂါးစွမ်းအားတွေကို ဦးနှောက်နဲ့ စိတ်ဝိညာဉ်ထဲ ထည့်သွင်းလိုက်ပြီး မျက်လုံးကနေတစ်ဆင့် အပြင်ကို ထုတ်လွှတ်လိုက်ပါ။”
သူမ၏ အကြံပြုချက်အတိုင်း လန်လင်းက အသူရာမိစ္ဆာကြယ်ထံမှ နဂါးစွမ်းအားများကို ဆွဲယူလိုက်ပြီး ဦးနှောက်ထဲရှိ စိတ်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်သည်။
ချက်ချင်းပင် သူ၏ စိတ်က ကြည်လင်သွားပြီး ခန္ဓာကိုယ်မှာလည်း ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ စိတ်စွမ်းအင် အားလုံးကို အာရုံစိုက်လိုက်ပြီး မျက်လုံးများမှတစ်ဆင့် တိုက်ရိုက် တွန်းထုတ်လိုက်သည်။
ရုတ်တရက် အံ့ဖွယ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ အမြင်အာရုံက မှန်ဘီလူးတစ်ခုအလား ချဲ့ထွင်သွား၏။ ပေတစ်ရာ့နှစ်ဆယ် အကွာ၌ရှိသော ရေတံခွန်ကြီးက ယခုအခါ သူ၏ မျက်နှာရှေ့တည့်တည့်၌ ရောက်နေသကဲ့သို့ မြင်နေရလေပြီ။
နဂါးစွမ်းအားက တကယ်ကို အံ့မခန်းပင်။ ခန္ဓာကိုယ် ခွန်အားနှင့် ပေါင်းစပ်လိုက်သည့်အခါ အားကောင်းလှသော တိုက်ခိုက်မှုများကို ဖန်တီးပေး၏။ စိတ်စွမ်းအင်နှင့် ပေါင်းစပ်လိုက်သော အခါ၌မူ မျက်လုံးများအတွက် အဝေးကြည့်မှန်ပြောင်းတစ်ခုအလား လုပ်ဆောင်ပေးပြန်သည်။
ရဲ့ကျင်းယွီက ပြုံးလျက် မေးလိုက်သည်။ “အခု ရှင်းရှင်းလင်းလင်း မြင်ရပြီလား သခင်လေး။”
လန်လင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ “အင်း… မြင်ရပြီ အစ်မ… အရမ်းကို ရှင်းနေတာပဲ။”
ကြည်လင်ပြတ်သားနေသည်။ ရေတံခွန်မှ ကျဆင်းလာသော ရေစက်တိုင်းလိုလိုကို သူ မြင်တွေ့နိုင်လေပြီ။ သေချာသည်က သူ၏ အမြင်အာရုံနယ်ပယ်မှာ အလွန်တရာ ကျဉ်းမြောင်းသွားခြင်း ဖြစ်၏။ သတ်မှတ်ထားသော ရေစက်များရှိသည့် နေရာကိုသာ သူ မြင်နိုင်ပြီး အခြားမည်သည့်အရာကိုမျှ မမြင်နိုင်တော့ချေ။
ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ “အခု ရေတစ်စက်ကို သေချာ သော့ခတ်ဖို့ ကြိုးစားကြည့်ပါ သခင်လေး။ အပေါ်ဆုံးကနေ အောက်ခြေအထိ အဲဒီရေစက်ရဲ့ လမ်းကြောင်းကို လိုက်ကြည့်ပါ။”
လန်လင်းက သူ၏ စိတ်ဝိညာဉ်အမြင်အာရုံကို အသုံးပြု၍ ရေတစ်စက်ကို ရွေးချယ်လိုက်ပြီး ကျဆင်းသွားစဉ် ခြေရာခံနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
အပိုင်း ၆၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team