← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း ၆၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သို့သော် ရေစက်များက အလွန်တရာ မြန်ဆန်စွာ လှုပ်ရှားနေသည့်အတွက် လန်လင်းအတွက် ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။ ရေစက်များ ပေါ်လာချိန်မှ ရေပြင်နှင့် ရိုက်ခတ်သွားသည့်အချိန်အထိ ဖြစ်စဉ်တစ်ခုလုံးက သုံးလေးစက္ကန့်ခန့်သာ ကြာမြင့်၏။

သူ အာရုံစိုက်ရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် ရေစက်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ပို၍အရေးကြီးသည်မှာ သူ၏ စိတ်ဝိညာဉ်အမြင်အာရုံက ရေတစ်စက်တည်းကို မဟုတ်ဘဲ ရေတံခွန်တစ်ခုလုံးကို ကြည့်နေခြင်း ဖြစ်နေ၏။

ရဲ့ကျင်းယွီက မေးသည်။ “ဘယ်လိုနေလဲ။”

လန်လင်းက ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း… ဒါ လုံးဝကို မဖြစ်နိုင်ဘူး။”

“ဘာလို့လဲ။”

လန်လင်းက သက်ပြင်းချလိုက်သည်။ “ဟူး… ရေစက်တွေက လှုပ်ရှားနေပေမဲ့ ကျွန်တော့်ရဲ့ အမြင်အာရုံနယ်ပယ်က လုံးဝ ငြိမ်သက်နေလို့လေ။ ဒါကြောင့် ရေစက်တွေကို သော့ခတ်ပြီး လှုပ်ရှားမှုကို ခြေရာခံဖို့ မဖြစ်နိုင်တာ။”

ရဲ့ကျင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… မှန်တယ်။ အရင်က သခင်လေး သင်ခဲ့တဲ့ စိတ်ဝိညာဉ်နဲ့ သော့ခတ်တာက မလှုပ်ရှားတဲ့ ပစ်မှတ်တွေအတွက်ပဲ။ အခု လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ဘယ်လို သော့ခတ်ရမလဲဆိုတာ စတင်သင်ယူရမယ်။”

လန်လင်းက တိတ်တဆိတ် အသေအချာ နားထောင်နေလိုက်၏။

ရဲ့ကျင်းယွီက လေးနက်စွာ ပြောလာသည်။ “သခင်လေးရဲ့ စိတ်ဝိညာဉ်ကို နဂါးစွမ်းအားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုခံစားရလဲ။”

လန်လင်း မျက်မှောင်အနည်းငယ်ကျုံ့ကာ ပြန်တွေးလိုက်သည်။ “ကျွန်တော့် ခန္ဓာကိုယ် အရမ်း ပေါ့ပါးသွားသလို ခံစားရတယ်။ စိတ်ဝိညာဉ်ကလည်း တကယ်ရှိနေသလိုမျိုး… အဝေးကို လွင့်မျောသွားတော့မယ့်အတိုင်းပဲ။”

ရဲ့ကျင်းယွီက ပြုံးလိုက်၏။ “မှန်တယ်။ သခင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အပြင်ဘက်ကို လွင့်မျောခွင့်ပြုပြီး ပစ်မှတ်နဲ့အတူ ရွေ့လျားသွားဖို့ လိုအပ်တယ်။ ဒီနည်းနဲ့ လှုပ်ရှားနေတဲ့ အရာတစ်ခုကို အမြဲတမ်း သော့ခတ်ထားနိုင်လိမ့်မယ်။ မှတ်ထားပါ… သခင်လေးရဲ့ မျက်လုံးတွေ မဟုတ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်က ရွေ့လျားရမှာ။”

“လောလောဆယ် နဂါးစွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို သိမ်းထားလိုက်ပါ။ ကျွန်မတို့ ရေထဲပြန်ဆင်းပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကို စတင်သင်ယူကြမယ်။”

ရဲ့ကျင်းယွီက ဆေးလုံးတစ်လုံးကို ထုတ်ကာ လန်လင်းအား ကမ်းပေးလိုက်သည်။ “သောက်လိုက်။”

လန်လင်း အမြန်သောက်လိုက်၏။ ခဏအကြာ၌ သူ၏ စိတ်က လှုပ်ရှားတက်ကြွလာပြီး လေထဲ၌ လွင့်မျောနေသကဲ့သို့ အလွန်တရာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

လန်လင်း မျက်လုံးပြူးသွား၏။ “ဒါ ဘာလဲ အစ်မ။”

ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ “စိတ်ကို တက်ကြွစေတဲ့ ဆေးတစ်မျိုးပဲ။ စိတ်ဝိညာဉ်ခွဲထွက်တာကို သင်ယူဖို့ ဒီဆေးကို သောက်ရမယ်။”

လက်ရှိအချိန်၌ လန်လင်း၏ စိတ်ဝိညာဉ်က တစ်စထက်တစ်စ တက်ကြွလာ၏။ တဖြည်းဖြည်းနှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား ခံစားနိုင်စွမ်း ဆုံးရှုံးလာသည်။

ထို့နောက် လန်လင်းနှင့် ရဲ့ကျင်းယွီတို့ ရေထဲသို့ ပြန်ဆင်းလိုက်ကြကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ကြသည်။ အသက်ရှူပိုက်များကို ပါးစပ်၌ ကိုက်ထားပြီး ရေများ အပြည့်အဝ ဖုံးလွှမ်းသွားသည်အထိ နေလိုက်ကြ၏။

ရဲ့ကျင်းယွီက လန်လင်း၏ အနောက်၌ ထိုင်ကာ လေးနက်စွာ ပြောလိုက်သည်။ “နောက်တစ်ဆင့်အနေနဲ့ မျောလွင့်ခြင်း ကျင့်စဉ်ကို သခင်လေးရဲ့ နားတွေနဲ့ စိတ်ထဲကို ပို့လွှတ်ပေးမယ်။ သခင်လေး ဘာမှ လုပ်စရာ မလိုဘူး။ ကျွန်မရဲ့ ကျင့်စဉ်နောက်ကို လိုက်ပြီး စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ အတင်းတွန်းထုတ်လိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်ကို ပြန်မြင်ရတဲ့အခါ သခင်လေး အောင်မြင်သွားပြီဆိုတာ သိလိမ့်မယ်။”

မှန်ထဲ မကြည့်ဘဲနှင့် ကိုယ့်ခန္ဓာကိုယ်ကို ပြန်မြင်ရမည်လား။ ထိုသည်က ယုံကြည်ရန် အလွန်ခက်ခဲလှပေ။

စကားပြောရန် လန်လင်း ပါးစပ်ဟလိုက်သော်ငြား ရေအောက်၌ မည်သည့်အသံမှ မထွက်လာချေ။

“သခင်လေး ဘာမေးချင်လဲဆိုတာ ကျွန်မသိတယ်။ ဒီစိတ်ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကို တတ်မြောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ သိချင်နေတာမလား။ ကျွန်မ ပြောပြမယ်… ပါရမီမြင့်တဲ့သူတွေက ဆယ်ရက်လောက်နဲ့ လုပ်နိုင်တယ်။ ဒါပေမဲ့ ပါရမီနိမ့်တဲ့သူတွေကတော့ တစ်သက်လုံး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။”

ရိုးရိုးသားသား ဆိုရလျှင် ဤကျင့်စဉ်ကို လန်လင်း အောင်မြင်ရန် အချိန် မည်မျှ ကြာမည်နည်းဆိုသည်ကို မြင်တွေ့ရရန် ရဲ့ကျင်းယွီ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

**--**--**--**--**--**--**--**

စိတ်ဝိညာဉ်ခွဲထွက်ခြင်းက လေးသမားများအတွက်သာမက ဓားသမားများ အပါအဝင် သိုင်းပညာရှင် အားလုံးအတွက် အရေးကြီးသည့် စမ်းသပ်မှုတစ်ခု ဖြစ်သည်။

လှုပ်ရှားနေသည့် ပစ်မှတ်တစ်ခုကို စိတ်ဖြင့် သော့ခတ်နိုင်ရန် လူတစ်ယောက်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို မဖြစ်မနေ သင်ယူရပေလိမ့်မည်။ ထိုသို့လုပ်နိုင်မှသာ ပြီးပြည့်စုံသည့် ချိန်ရွယ်မှုဖြင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။

သိုင်းပညာရှင် များစွာက သူတို့၏ တစ်သက်တာလုံး၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို ဘယ်သောအခါမှ မသင်ယူနိုင်ကြချေ။ ထို့ကြောင့်ပင် သူတို့၏ သိုင်းပညာစွမ်းရည်များက တိုးတက်မလာခြင်း ဖြစ်၏။

ဤကျင့်စဉ်က စိတ်ပိုင်းဆိုင်ရာ ပါရမီကို အပြည့်အဝ စမ်းသပ်ခြင်းပင်။ အကယ်၍ တစ်စုံတစ်ယောက်က အလွန်မြင့်မားသည့် ပါရမီနှင့် ကံကောင်းမှုများ ရှိနေလျှင် လဝက်ခန့်ဖြင့် သင်ယူနိုင်ပေလိမ့်မည်။ သို့သော် ပါရမီမြင့်သော်ငြား ကံမကောင်းပါက လပေါင်းများစွာ သို့မဟုတ် နှစ်ဝက်ခန့်ပင် ကြာမြင့်နိုင်၏။

အသူရာမိစ္ဆာကြယ် ပြောခဲ့ဖူးသကဲ့သို့ လန်လင်း၏ စိတ်ပိုင်းဆိုင်ရာ ပါရမီက ၇.၅ ခန့် ရှိ၏။ ဤသည်က တော်တော်လေး မြင့်မားသော်ငြား အကောင်းဆုံးတော့ မဟုတ်ပေ။

ထို့နောက် ရဲ့ကျင်းယွီက လန်လင်း၏ အနောက်၌ နေကာ မျောလွင့်ခြင်း ကျင့်စဉ်ကို ရွတ်ဆိုလိုက်သည်။

စိတ်တည်ငြိမ်ခြင်း ကျင့်စဉ်ကဲ့သို့ပင် မျောလွင့်ခြင်း ကျင့်စဉ်၌ အစစ်အမှန် စကားလုံးများ မရှိချေ။ ထိုအရာက မှော်ဆန်သည့် တေးသီချင်းတစ်ပုဒ်အလား အသံထွက်နေ၏။ ထို့အပြင် နားများနှင့် ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည့် အထူး စွမ်းအင်တစ်ခုလည်း ပါဝင်နေသည်။

လန်လင်းက အထူးဆေးကို သောက်ထားပြီး မျောလွင့်ခြင်း ကျင့်စဉ်ကို နားထောင်နေ၏။ သူ၏ ခန္ဓာကိုယ်က တစ်စထက်တစ်စ ပေါ့ပါးလာသည်ကို ခံစားလိုက်ရသည်။ မကြာမီ၌ပင် သူ၏ ခန္ဓာကိုယ်ကို လုံးဝ မခံစားနိုင်တော့ချေ။ သူ၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့က ခန္ဓာကိုယ်ထဲမှ ထွက်ခွာတော့မည့်အလား ခံစားနေရသည်။

သို့သော် သူ၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန် ကြိုးစားတိုင်း ကြိုးတစ်ချောင်းက အနောက်သို့ ဆွဲငင်ထားသကဲ့သို့ ခံစားနေရ၏။ သူ အပြည့်အဝ လွင့်မျော မသွားနိုင်ပေ။

ရေထဲ၌ လန်လင်းက သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်ခွာခွင့်ပြုရန် အမြဲတမ်း ခြေတစ်လှမ်းမျှသာ လိုအပ်သည်။

သူ၏ စိတ်က ရုန်းထွက်ရန် ကြိုးစားသည့် အကြိမ်တိုင်း ကြိုးတစ်ချောင်းက သူ့ကို အနောက်သို့ အမြန် ဆွဲငင်သွား၏။ သူ အကြိမ်ကြိမ် ကြိုးစားသော်ငြား ပို၍ မလွယ်ကူလာချေ။ ထိုအစား ပို၍ပင် ခက်ခဲလာ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြန်လည် ခံစားလာရသောကြောင့်ပင်။ လွင့်မျောနေသော အိပ်မက်ဆန်သည့် ခံစားချက်များကို သူ ဆုံးရှုံးလာ၏။

ဤအခြေအနေ၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်း အောင်မြင်ရန် ပို၍ပင် ခက်ခဲလှသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက ကျင့်စဉ်ကို သင်ယူရန် အချိန်အလွန်ကြာမြင့်ပေလိမ့်မည်။ သုံးလ သို့မဟုတ် နှစ်ဝက်ခန့်ပင် ကြာမြင့်နိုင်၏။

အောင်မြင်မှုက တစ်စထက်တစ်စ ဝေးကွာသွားသကဲ့သို့ လန်လင်း ခံစားလိုက်ရသည်။ သူ စိတ်ထဲရှိ အသူရာမိစ္ဆာကြယ်ကို အမြန်ခေါ်လိုက်သည်။ “အခုချက်ချင်း စိတ်ဝိညာဉ်ခွဲထွက်တာ အောင်မြင်အောင် ကူညီပေးနိုင်မယ့် နည်းလမ်း ရှိလား။”

အသူရာမိစ္ဆာကြယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ “ရှိတာပေါ့။”

ထိုအဖြေက အလွန်တရာ မြန်ဆန်ပြီး ယုံကြည်မှု ရှိလွန်းလှသည့်အတွက် လန်လင်း အံ့ဩသင့်သွား၏။

အသူရာမိစ္ဆာကြယ်က သေချာရှင်းပြလိုက်သည်။ “ကျွန်တော်က သခင့်ခန္ဓာကိုယ်ထဲမှာ နေတာပါ။ သခင်နဲ့ သီးခြားစီ ဖြစ်ပေမဲ့ နေရာတစ်ခုတည်းကို အတူတူ မျှဝေသုံးစွဲနေကြတယ်။ ဒါကြောင့် ကျွန်တော့်စွမ်းအင်က သခင့်စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ပေးနိုင်တယ်။”

လန်လင်းက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ “အင်း… ဒါဆို ကောင်းပြီ။ အခုချက်ချင်း ငါ့စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်တော့။”

အသူရာမိစ္ဆာကြယ်က လေးနက်စွာ ပြောလိုက်သည်။ “ဒါဆိုရင် သခင့်ရဲ့ ကာကွယ်မှုတွေ အားလုံးကို ချထားလိုက်ပါ။ ဖန်သော်တာ သိုင်းပညာကို သုံးပြီး ရေထဲမှာ ဖန်သော်တာ ပုံပေါ်လာဖို့ သခင့်ရဲ့ အာရုံစူးစိုက်မှု အားလုံးကို စုစည်းလိုက်ပါ။”

အသူရာမိစ္ဆာကြယ်၏ ညွှန်ကြားချက်အတိုင်း လန်လင်း အတိအကျ လိုက်လုပ်လိုက်၏။ မည်သည့် ကာကွယ်မှုမှ မလုပ်တော့ဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို နေရာတစ်ခုတည်း၌ စုစည်းထားလိုက်သည်။

အပိုင်း ၆၇ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters