← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အပိုင်း ၆၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မြွေပွေးမျိုးနွယ်ဆိုသည်မှာ တောင်တစ်သောင်း တောင်တန်း၌ ကျန်ရစ်သည့် နောက်ဆုံးသော လူရိုင်းအနွယ်များထဲမှ တစ်ခု ဖြစ်၏။

သူတို့ ရှင်သန်နိုင်ခြင်းမှာ ခေါင်းဆောင်ဖြစ်သူ သေမင်းတမန်ဟွာကြောင့်ပင်။ သူမသည် ကြမ်းကြုတ်မှု ၊ အလွန်တရာ လှပမှုနှင့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကြောင့် နာမည်ကြီး၏။

ထိုတောင်တန်းရှိ လူရိုင်းစစ်သည်တော်များသည် အခြား လူရိုင်းအနွယ်များကို မကြာခဏ အမဲလိုက်လေ့ရှိသော်ငြား မြွေပွေးမျိုးနွယ်ကိုမူ လုံးဝ လုံးဝ မထိရဲကြချေ။

တစ်စုံတစ်ယောက်က မြွေပွေးမျိုးနွယ်ဝင် တစ်ဦးတစ်ယောက်ကို ထိခိုက်အောင် ပြုလုပ်ဝံ့ပါက ထိုသူ သေဆုံးရုံသာမက သူ၏ မိသားစုနှင့် မျိုးနွယ်စုတစ်ခုလုံးပါ သုတ်သင်ခံရပေလိမ့်မည်။

တစ်ကြိမ်၌ အစွမ်းထက်သည့် နဂါးစစ်သည်တော်တစ်ဦးက သူ၏ အဖွဲ့ကို ဦးဆောင်ကာ မြွေပွေးမျိုးနွယ်ဝင် အဖွဲ့ငယ်တစ်ခုကို တိုက်ခိုက်သတ်ဖြတ်ခဲ့ဖူး၏။ သို့သော် တစ်လပင် မပြည့်မီ ထိုနဂါးစစ်သည်တော်၏ မျိုးနွယ်စုတစ်ခုလုံး ရုတ်တရက် သေဆုံးသွားကြသည်။

သူတို့၏ ခန္ဓာကိုယ်များမှာ လုံးဝ ပုပ်ပွဆွေးမြည့်နေ၏။ မကြာမီ၌ပင် သူ၏ တိုက်ခိုက်ရေးအဖွဲ့မှ လူအားလုံး ဆိုးရွားစွာ သေဆုံးသွားပြီး သူတို့၏ မိသားစုများသည်လည်း အလားတူ ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

သေဆုံးသွားသည့် ရုပ်အလောင်းတိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော သတင်းစကားတစ်ခု ချန်ရစ်ထား၏။ ထိုအရာမှာ သေမင်းတမန်ဟွာဟူသည့် နာမည်ပင်။

ထိုအချိန်မှစ၍ တောင်တစ်သောင်း တောင်တန်း၌ မည်သည့် စစ်သည်တော်မှ မြွေပွေးမျိုးနွယ်ကို ထပ်မံ အမဲမလိုက်ရဲတော့ချေ။ ထို့အပြင် သေမင်းတမန်ဟွာသည်လည်း အဆိုပါ ဒေသ၌ အကြောက်ရဆုံး အမျိုးသမီးတစ်ဦး ဖြစ်လာ၏။

သူမ၏ အလှတရားက လူတစ်ယောက်၏ စိတ်ကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။ သူမ၌ ကွဲပြားခြားနားသည့် မျက်နှာသွင်ပြင်များစွာ ရှိ၏။

အချို့က ဆွဲဆောင်မှုရှိပြီး အချို့ကမူ ဖြူစင်ချိုသာသည်။ အကယ်၍ သူမက သင့်အရှေ့၌ တိုက်ရိုက် ရပ်နေလျှင်တောင် သူမသည် သေမင်းတမန်ဟွာ ဖြစ်နေလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်မိမည် မဟုတ်ပေ ဟူ၍ပင် ပြောစမှတ်ပြုကြ၏။

မြွေပွေးမျိုးနွယ်သည် မြင့်မားသည့် ချောက်ကမ်းပါးထက်ရှိ ဂူကြီးတစ်ဂူထဲ၌ နေထိုင်ကြ၏။

အထဲ၌ လှပသည့် အခန်းတစ်ခန်းကို တောက်ပသော မီးပုံးများ ၊ အရောင်အသွေး စုံလင်သည့် ဖဲကြိုးများဖြင့် အလှဆင်ထားသည်။ ပျော်ရွှင်ခြင်းဟူသော စာသားများကိုလည်း နံရံများအနှံ့ ကပ်ထားသေး၏။

မျိုးနွယ်စုထဲရှိ အလှပဆုံး အမျိုးသမီးက လက်ထပ်တော့မည် ဖြစ်သည်။ သတို့သားမှာ သူမနှင့် အတူနေနိုင်ရန် အရာအားလုံးကို စွန့်လွှတ်ထားသည့် လူသားတိုင်းပြည်တစ်ခုမှ အဆင့်မြင့် စစ်သည်တော်တစ်ဦး ဖြစ်၏။

သတို့သမီးသည် တောက်ပပြီး ကိုယ်ကျပ်နေသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသည်။ သူမက ကုတင်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေ၏။

သူမ၏ ခန္ဓာကိုယ်က မြွေတစ်ကောင်အလား လှပစွာ လှုပ်ရှားနေသည်။ ရဲ့ကျင်းယွီ၌ အလွန် အချိုးအစားကျသည့် ခန္ဓာကိုယ် ရှိပြီးဖြစ်သော်ငြား ဤအမျိုးသမီး၏ ခန္ဓာကိုယ်က ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေသေး၏။ သူမ၏ အကောက်အကွေ့များက ရုပ်ပိုင်းဆိုင်ရာသက်သက်သာ မဟုတ်ဘဲ မှော်ဆန်ပြီး သွေးဆောင်နိုင်သည့် ဆွဲဆောင်မှုမျိုး ရှိနေသည်။

သတို့သားမှာ အသက် သုံးဆယ်ခန့်အရွယ် ချောမောသည့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက ကုတင်ပေါ်ရှိ သတို့သမီးကို စိုက်ကြည့်နေသည်။ သူက အိပ်မက်မက်နေဆဲဟု ခံစားနေရပြီး ဤမျှလှပသည့် အမျိုးသမီးက နောက်ဆုံး၌ သူ၏ ဇနီးသည် ဖြစ်လာပြီဆိုသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေရ၏။

သတို့သမီးက ချိုသာစွာ မေးလိုက်သည်။

“သခင်လေး… ကျွန်မအတွက် ဒီမှာနေဖို့ တကယ်ပဲ ဆန္ဒရှိတာလား။”

သူမ၏ အသံက အလွန်တရာ သာယာနာပျော်ဖွယ် ကောင်းလှ၏။

သတို့သားမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။

“ဆန္ဒရှိတာပေါ့။”

ရင်သပ်ရှုမောဖွယ် သတို့သမီးက မျက်လွှာချလိုက်၏။

“သခင်လေးက လူသားတိုင်းပြည်မှာ တောက်ပတဲ့ အနာဂတ်ရှိတဲ့ အဆင့်မြင့် စစ်သည်တော်တစ်ဦးလေ။ ကိုယ်ပိုင် နယ်မြေ ၊ စစ်တပ်နဲ့ မိသားစုလည်း ရှိတယ်။ ကျွန်မကို လက်ထပ်မယ်ဆိုရင် အဲဒါတွေ အားလုံးကို စွန့်လွှတ်ရလိမ့်မယ်။ သခင်လေးရဲ့ အနာဂတ်နဲ့ နယ်မြေကို ဆုံးရှုံးရမှာ။ လူသားတိုင်းပြည် တစ်ခုလုံးကလည်း သခင်လေးကို ရန်သူလို သတ်မှတ်ကြလိမ့်မယ်။”

ချောမောသည့် သတို့သားက လေးနက်စွာ ပြန်ပြောသည်။

“ကလေး… မင်းအတွက်ဆိုရင် ကိုယ် ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်။”

ထို့နောက် သူက သူမအရှေ့၌ ဒူးထောက်ချလိုက်၏။

“ဒီနေ့ကစပြီး ကိုယ်က မြွေပွေးမျိုးနွယ်ရဲ့ စစ်သည်တော်တစ်ဦးပဲ။ မင်းနဲ့ မျိုးနွယ်စုကို ကာကွယ်ဖို့ ကိုယ့်အသက်ကို ပေးဆပ်သွားမယ်။”

သတို့သမီးက ပြုံးလိုက်သည်။

“သခင်လေးရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ပွန်း… ကျွန်မရဲ့ ဇာပဝါကို ဖယ်ပေးပါဦး။”

သတို့သား ရှေ့သို့ တိုးသွားကာ အနီရောင် ဇာပဝါကို ဖယ်ရှားလိုက်၏။ ပြီးပြည့်စုံသည့် အလှတရားနှင့် မျက်နှာတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ အသက်ရှူမှားလောက်အောင် လှပလွန်းပြီး ကြီးမားသော မျက်လုံးများက သလင်းကျောက်များအလား တောက်ပနေ၏။

သတို့သမီးက ရှက်သွေးဖြာလျက် ပြောလိုက်သည်။

“သခင်လေး… အချိန်လင့်နေပြီ။ အနားယူကြရအောင်။”

ထို့နောက် သူမက နူးညံ့သည့် လက်များကို ဆန့်ထုတ်ကာ သူ၏ လည်ပင်းကို ရစ်သိုင်းဖက်တွယ်လိုက်၏။

လူသားစစ်သည်တော်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားသည်။ သူ၏ အိပ်မက်ထဲမှ လှပသည့် အမျိုးသမီးက နောက်ဆုံး၌ သူ၏လူ ဖြစ်လာလေပြီ။ သတို့သမီးက အနားသို့ တိုးကပ်လာကာ သူ၏ အရေပြားပေါ်သို့ ချိုမြိန်စွာ အသက်ရှူထုတ်ရင်း လည်ပင်းကို နမ်းရှိုက်လိုက်၏။

သူမက သူ၏ နားထဲသို့ ချိုသာစွာ တီးတိုးပြောလိုက်သည်။

“သခင်လေး… ဒီအရာကို ဘယ်တော့မှ မမေ့စေရဘူးလို့ ကျွန်မ ကတိပေးပါတယ်။”

ထို့နောက် သူမ၏ ပါးစပ်ကို အနည်းငယ် ဟလိုက်၏။

သို့သော် နူးညံ့သည့် အနမ်းတစ်ခုအစား သူမ၏ ထက်မြက်ပြီး ဖြူဖွေးနေသော သွားများကို ဖော်ပြလိုက်သည်။ ထို့နောက် စစ်သည်တော်၏ လည်ပင်းကို အားကုန် ကိုက်ချလိုက်၏။ သွေးများက ရေပန်းတစ်ခုအလား ပန်းထွက်လာသည်။

“အားးးး”

စစ်သည်တော်က ရုန်းထွက်ရန် ကြိုးစားလိုက်သော်ငြား ကြောက်မက်ဖွယ်ကောင်းသည့် အဆိပ်တစ်မျိုးက သူ၏ သွေးကြောထဲသို့ ဝင်ရောက်သွားလေပြီ။ သူ လုံးဝ လှုပ်ရှား၍ မရတော့ချေ။ အမျိုးသမီးက သူ၏ သွေးများ အားလုံးကို သောက်သုံးနေသည်အား သူ ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့၏။

“ဂလု… ဂလု…”

ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်က သူ၏ သွေးများကို လောဘတကြီး သောက်သုံးနေသည်။

တစ်ချိန်က သန်စွမ်းပြီး ဂုဏ်ယူဝင့်ကြွားခဲ့သည့် စစ်သည်တော်သည် ခြောက်ကပ်နေသော ရုပ်အလောင်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွား၏။ သူ၏ မျက်နှာက ပြင်းထန်သည့် နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ သူ၏ နောက်ဆုံးအချိန်၌ မျက်လုံးများက နားလည်နိုင်စွမ်းကင်းမဲ့မှုများဖြင့် ပြည့်နှက်နေ၏။

‘ငါ့ရဲ့ အစစ်အမှန် ချစ်ခြင်းမေတ္တာက ဘာလို့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ။ အဲဒီ ချိုသာတဲ့ စကားတွေနဲ့ ကတိတွေ အားလုံးက လိမ်ညာမှုတွေပဲလား။’

သွေးဝသွားပြီးနောက် လှပသည့် အမျိုးသမီး၏ မျက်လုံးများက အနောက်သို့ လန်တက်သွား၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရိုင်းစိုင်းစွာ တုန်ရီနေသည်။ အမြင့်ဆုံးသော ပျော်ရွှင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားသကဲ့သို့ နက်ရှိုင်းပြီး ပြင်းထန်သည့် သာယာမှုကို သူမ ခံစားလိုက်ရသည်။

“အား…”

သူမက ညင်သာစွာ ညည်းတွားလိုက်ပြီး ကိုယ်ပေါ်ရှိ ကြပ်ထုပ်နေသည့် ဝတ်စုံကို ရုတ်တရက် ဆွဲဖြဲလိုက်၏။

ဗြိ…

စုတ်ပြဲသံများနှင့်အတူ သူမ၏ ထက်မြက်သည့် လက်သည်းများကို အသုံးပြုကာ စစ်သည်တော်၏ ရုပ်အလောင်းအား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်သည်။

သွေးများက နေရာအနှံ့ ပန်းထွက်ကာ ဖိတ်စင်ကုန်၏။ ထိုအရာများ၏ အလယ်၌ ကိုယ်လုံးတီး ရပ်နေရင်း သူမက သွေးရေချိုးခြင်းကို ပျော်ရွှင်စွာ ခံစားနေသည်။

သူမမှာတော့ အခြားသူမဟုတ် ၊ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိကာ ကြောက်မက်ဖွယ်ကောင်းလွန်းသည့် သေမင်းတမန်ဟွာပင်။

အပိုင်း ၆၉ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters