← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အပိုင်း ၇၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နောက်တစ်နေ့မနက်၌ အားအင်များ အပြည့်ဖြင့် လန်လင်း နိုးထလာ၏။ မျက်နှာသစ် ၊ မနက်စာစားပြီးနောက် လေ့ကျင့်မှု အသစ်တစ်နေ့ကို စတင်လိုက်သည်။

မနေ့က အရေးကြီးသည့် စိတ်ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကို သူ နောက်ဆုံး၌ ကျွမ်းကျင်သွားလေပြီ။ ယနေ့အတွက် ရည်မှန်းချက်မှာ ပြုတ်ကျနေသည့် ရေပေါက်ကလေးတစ်ပေါက်အပေါ် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို သော့ခတ်ရန် ဖြစ်၏။

အကယ်၍ ရွေ့လျားနေသည့် ရေပေါက်ကလေးကဲ့သို့ သေးငယ်ပြီး မြန်ဆန်သော အရာတစ်ခုကို သူ ခြေရာခံနိုင်ပါက အခြားပစ်မှတ်များကို ချိန်ရွယ်ရန်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။

လန်လင်းတစ်ယောက် ရေတံခွန်နှင့် ပေတစ်ရာ့သုံးဆယ်အကွာ၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး စီးဆင်းနေသည့် ရေများကို တည့်မတ်စွာ စိုက်ကြည့်နေ၏။ အစပိုင်း၌ ရေပေါက်ကလေး တစ်ပေါက်ချင်းစီကို သူ လုံးဝ မမြင်ရချေ။ သို့သော် သူ၏ နဂါးစွမ်းအားကို စိတ်ဝိညာဉ်စွမ်းအင်နှင့် ရောနှောကာ မျက်လုံးများကို အာရုံစိုက်လိုက်ချိန်၌ အရာအားလုံး ပြောင်းလဲသွားသည်။

ရုတ်တရက် ပေတစ်ရာ့သုံးဆယ်အကွာရှိ ရေတံခွန်က သူ၏ မျက်နှာရှေ့၌ တိုက်ရိုက် ရောက်နေသကဲ့သို့ ဖြစ်သွား၏။ ရေပေါက်ကလေး တစ်ပေါက်ချင်းစီကို ပြီးပြည့်စုံစွာ သူ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်းရှိလာသည်။

ထို့နောက် လန်လင်း စိတ်ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ အသူရာမိစ္ဆာကြယ် နဂါးစွမ်းအားက တိကျသည့် ရေပေါက်ကလေး တစ်ပေါက်ကို အာရုံစိုက်နိုင်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲမှ တွန်းထုတ်ပေးလိုက်၏။

အံ့ဖွယ်တစ်ရပ် ဖြစ်ပေါ်လာသည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်က မြန်ဆန်စွာ ရွေ့လျားနေသည့် ရေပေါက်ကလေးအပေါ် သော့ခတ်သွား၏။ ဤသည်က ယခင်က သူ တစ်ခါမှ မလုပ်နိုင်သော အရာဖြစ်၏။

(target lock ကို သော့ခတ်တယ်ပဲ ရေးထားတယ်ဗျ။ အခြားဘယ်လိုမျိုးပြန်ရင် ပိုကောင်းမလဲ ကောမန့်ထဲဖြစ်ဖြစ် အကြံပေးကြပါဦး။ ကျွန်တော် ယနေ့ ဦးနှောက်ကုန်နေပြီမလို့ 😅)

သို့သော် ဆွဲငင်အားကြောင့် ရေများက ပို၍ပို၍ မြန်ဆန်စွာ ကျဆင်းလာသည်။ ပေအနည်းငယ်ခန့် ခြေရာခံပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်က ဆက်မလိုက်နိုင်တော့ချေ။ ချက်ချင်းပင် ပစ်မှတ်အပေါ် သော့ခတ်ထားမှု ဆုံးရှုံးသွား၏။

သူ ထပ်ကြိုးစားကြည့်သော်ငြား ရလဒ်က အတူတူပင် ဖြစ်နေသည်။

လန်လင်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်၏။ “ဟူး… ပေတစ်ရာ့သုံးဆယ်အကွာက ရေပေါက်ကလေးကို သော့ခတ်နိုင်တယ်။ ဒါပေမဲ့ ပေအနည်းငယ်ပဲ ရတယ်။ ပြီးတာနဲ့ အရမ်းမြန်မြန် ပြုတ်ကျသွားလို့ ဆက်မလိုက်နိုင်တော့ဘူး။”

ရဲ့ကျင်းယွီက ပြုံးလိုက်သည်။ “ပုံမှန်ပါပဲ။ သခင်လေးရဲ့ ပါရမီနဲ့ဆို မကြာခင် အချိန်အကြာကြီး ခြေရာခံနိုင်လာမှာပါ။ ဒါက ပေတစ်ရာ့သုံးဆယ် အကွာအဝေးလေးပဲလေ။ အခက်ခဲဆုံး အပိုင်းကို ကျော်ဖြတ်ပြီးသွားပြီ။”

အခက်ခဲဆုံး အပိုင်းမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကိုယ်တိုင်ပင်။ ရွေ့လျားနေသည့် ပစ်မှတ်တစ်ခုကို နောက်ယောင်ခံလိုက်ရန် ခန္ဓာကိုယ်အပြင်ဘက်သို့ စိတ်ကို စေလွှတ်ရခြင်း ဖြစ်သည်။

သူမ၏ စကားများကြောင့် အားတက်သွားပြီး လန်လင်းက နောက်ထပ် လေ့ကျင့်မှု တစ်ကြိမ်ကို စတင်လိုက်၏။

သူမ ပြောသည့်အတိုင်းပင် တစ်ကြိမ် ကြိုးစားပြီးတိုင်း သူ၏ ခြေရာခံနိုင်သော အချိန်က ပိုမို ရှည်လျားလာသည်။ ရေပေါက်ကလေးကို သူ နောက်ယောင်ခံလိုက်နိုင်သည့် အကွာအဝေးမှာ ဆယ့်ခြောက်ပေ ၊ နှစ်ဆယ့်ခြောက်ပေ ၊ လေးဆယ့်နှစ်ပေမှ ပေငါးဆယ်နီးပါးအထိ တိုးလာ၏။

နောက်ဆုံး၌ ပေငါးဆယ် အပြည့် ခြေရာခံပြီးနောက် လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအင်မှာ လုံးဝ ကုန်ခမ်းသွားလေပြီ။ သူ၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ပေတစ်ရာ့ရှစ်ဆယ် ဖြစ်ပြီး ထိုအရာက ရေတံခွန်၏ အမြင့်တစ်ခုလုံး ဖြစ်၏။ အလွန်ပင်ပန်းသွားသဖြင့် လေ့ကျင့်မှုကို ရပ်တန့်ကာ သူ၏ အမြင်အာရုံကို ပုံမှန်အတိုင်း ပြန်ဖြစ်စေရန် လုပ်လိုက်ရသည်။

အမြင်အာရုံ ပုံမှန် ပြန်ဖြစ်သွားသည့်အခါ သူ လုံးဝ အံ့အားသင့်သွား၏။ မြစ်ထဲ၌ လှပသော ရေသူမလေး ရေကူးနေသည်။

ရဲ့ကျင်းယွီပင် ဖြစ်၏။ သူမက ကိုယ်လုံးတီးဖြင့် ပက်လက်လှန်ကာ အေးချမ်းစွာ ရေကူးနေသည်။

ကောင်းကင်၌ နေမင်းကြီးက မြင့်တက်နေပြီး တစ်နေ့တာ၏ အပူအပြင်းဆုံး အချိန် ဖြစ်၏။ အစောက လန်လင်းက သူ၏ လေ့ကျင့်မှုအပေါ် အလွန်အာရုံစိုက်နေသဖြင့် ရေကူးနေသူကို မဆိုထားနှင့် သူ့ကို သတ်ရန် လုပ်ကြံသူတစ်ယောက် ရောက်လာလျှင်ပင် သတိပြုမိမည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ရဲ့ကျင်းယွီက အေးမြသည့် မြစ်ရေကို မခံစားဘဲ မနေနိုင်တော့သဖြင့် ခုန်ချလိုက်ခြင်းဖြစ်၏။

သူမအတွက် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအချိန်၌ပင် လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခြင်း ဖြစ်သည်။

ရေထဲရှိ သူမကို သူက ငေးကြောင်စွာ ကြည့်နေမိရင်း လန်လင်း တံတွေးမျိုခိလိုက်မိ၏။

တစ်စက္ကန့်အကြာ၌ ရဲ့ကျင်းယွီက သူ့ကို အေးစက်ပြီး စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လာသည်။ သူမက ရေအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးသွား၏။

လန်လင်းသည်လည်း မျက်လုံးတို့ကို တင်းကျပ်စွာ မှိတ်ထားလိုက်ပြီး သူမ ကမ်းစပ်သို့ တက်လာကာ သူ့အပေါ် ဒေါသပေါက်ကွဲလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

မျက်လုံးများ မှိတ်ထားဆဲဖြစ်သော်ငြား ရဲ့ကျင်းယွီ ကမ်းစပ်သို့ တက်လာပြီး အဝတ်အစားများ ဝတ်ဆင်နေသော အသံကို လန်လင်း နားထောင်နေ၏။

သူမက အေးစက်စွာ ပြောလာသည်။ “ဒီတစ်ကြိမ် မတော်တဆမလို့ ခွင့်လွှတ်ပေးမယ်။ ဒါပေမဲ့ သိသွားပြီးမှ မျက်လုံးကြီးပြူးပြီး ဆက်ကြည့်မနေသင့်ဘူး။ နောက်တစ်ခါဆို ရိုက်ပစ်မယ်။”

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီ ပြောသည့်အတိုင်းပင် ရွေ့လျားနေသော ပစ်မှတ်ကို ခြေရာခံရာ၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းက အခက်ခဲဆုံး အပိုင်း ဖြစ်၏။ ထိုအရာကို ကျွမ်းကျင်သွားသည်နှင့် ကျန်သည့်အပိုင်းများက လွယ်ကူသွားသည်။

နောက်တစ်နေ့၌ လန်လင်းက ရေပေါက်ကလေးတစ်ပေါက်ကို ပေရှစ်ဆယ်ကျော် အပြည့် ခြေရာခံနိုင်၏။

တတိယမြောက်နေ့၌ ပေတစ်ရာနီးပါးအထိ ရောက်ရှိလာသည်။

စတုတ္ထနေ့၌ ပေတစ်ရာ့နှစ်ဆယ့်ရှစ်နှင့် ပဉ္စမမြောက်နေ့၌ သူ ပေတစ်ရာ့ရှစ်ဆယ်အထိ ခြေရာခံလာနိုင်သည်။

နောက်ဆုံး၌ ရေတံခွန်၏ ထိပ်မှ စတင်ထွက်ပေါ်လာသော အချိန်မှစ၍ အောက်ခြေသို့ ကျဆင်းသွားသည့် အချိန်အထိ ရေပေါက်ကလေးအပေါ် သူ သော့ခတ်နိုင်သွား၏။

လန်လင်းက ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။ “လုပ်နိုင်သွားပြီ။ အောင်မြင်ပြီ။”

ရဲ့ကျင်းယွီက အံ့အားသင့်သွား၏။ “စိတ်ဝိညာဉ်ခွဲထွက်တာနဲ့ အကွာအဝေးကို သော့ခတ်နိုင်သွားရင် လွယ်မယ်လို့ ပြောသားပဲ။ ဒါပေမဲ့ ငါးရက်တည်းနဲ့ လုပ်နိုင်တာတော့ မယုံနိုင်စရာပဲ။ ဒီည ကောင်းကောင်း နားလိုက်။ မနက်ဖြန် ပိုသန်မာတဲ့ သားရဲတွေနဲ့ လေ့ကျင့်ခန်း အသစ်စမယ်။”

ပို၍ သန်မာသော သားရဲများဆိုသည်မှာ ပိုမို အားကောင်းသည့် နဂါးသွေးကြောများ ရှိသည်ဟု အဓိပ္ပာယ်ရ၏။ ဆိုလိုသည်မှာ လန်လင်းအနေဖြင့် စွမ်းအင်များစွာကို ပို၍ စုပ်ယူနိုင်တော့မည်ဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ခါလာ၏။

**--**--**--**--**--**--**--**

နောက်တစ်နေ့နံနက်၌ ရဲ့ကျင်းယွီနှင့် လန်လင်းတို့က ရေတံခွန်မှ ထွက်ခွာလာကြသည်။ သူတို့က ယခင် သွေးတိမ်တိုက်ကျားသစ်ကို မြင်တွေ့ရသော နေရာဆီသို့ ဦးတည်သွားကြ၏။

ဤနေရာက ပြောင်ချိုင့်ဝှမ်းထက် အလွန် ပို၍ အန္တရာယ်များလှသည်။ သွေးခြင်္သေ့များ ၊ သွေးတိမ်တိုက်ကျားသစ်များနှင့် ပုတ်သင်ညိုမိစ္ဆာများကဲ့သို့ ကြမ်းကြုတ်သော သားရဲများဖြင့် ပြည့်နှက်နေလျက် ရှိသည်။

ရဲ့ကျင်းယွီက တီးတိုး ပြောလာ၏။ “ရှေ့ကို ကြည့်။ သွေးတိမ်တိုက်ကျားသစ် နောက်တစ်ကောင်ပဲ။”

လန်လင်း အနီးကပ် ကြည့်လိုက်ရာ မြက်ခင်းထဲ၌ ပုန်းကွယ်နေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအကောင်က အနက်ရောင်ဖြစ်ပြီး တောက်ပသော အနီရောင် အစက်အပြောက်များဖြင့် အတော်လှသည်ဟု ဆိုရမည်။

ရဲ့ကျင်းယွီက လေးနက်စွာ ပြော၏။ “အနက်ရောင်တွေက အများကြီး ပိုမြန်သလို ပိုလည်း သတိကြီးတယ်။”

လန်လင်းက စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်သည်။ “သူ့နဂါးသွေးကြောကရော။”

ရဲ့ကျင်းယွီက ခေတ္တရပ်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ “သေချာပေါက် ပိုသန့်စင်တာပေါ့။ ဒါကြောင့်လည်း ပိုသန်မာနေတာ။”

လန်လင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ “ရှယ်ပဲ။”

ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးပေါ်သို့ မြားတစ်စင်း တင်ကာ လေးကြိုးကို အနောက်သို့ ဆွဲလိုက်၏။ ထို့နောက် သူ၏ စိတ်ကို အာရုံစိုက်လိုက်ပြီး ပေတစ်ရာ့သုံးဆယ်ကျော် အကွာရှိ အနက်ရောင် ကျားသစ်အပေါ် သော့ခတ်လိုက်သည်။

တစ်စက္ကန့်… နှစ်စက္ကန့်… သုံးစက္ကန့်… သူက ကျားသစ်၏ မျက်လုံးကို ပြီးပြည့်စုံစွာ ပစ်ခတ်ရန် မလိုအပ်သောကြောင့် စိတ်ဖြင့် သော့ခတ်ထားနိုင်သည်နှင့် ချိန်ရွယ်ရန်က လွယ်ကူနေ၏။

“ရွှီးးး”

လေးကြိုး လွတ်ထွက်သွားပြီး မြားက ကြယ်ပျံကြီးတစ်ခုအလား ပျံသန်းသွားသည်။

သို့သော် သူ ပစ်ခတ်လိုက်သော အချိန်၌ ကျားသစ်က လေးကြိုးအသံကို ကြားသွား၏။ ချက်ချင်းပင် လျှပ်စီးတစ်ခုအလား ထွက်ပြေးသွားတော့သည်။

လန်လင်းသည်လည်း အံ့အားသင့်သွား၏။ ကျားသစ်သားရဲက ရူးသွပ်လောက်အောင် မြန်ဆန်လွန်းလှပြီး တစ်စက္ကန့်လျှင် ပေခြောက်ဆယ်ကျော် ပြေးနိုင်မည်ဟု သူ ခန့်မှန်းမိသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေရာချီအကွာသို့ ရောက်ရှိသွား၏။ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

သိသာလှစွာပင် လန်လင်း၏ ပထမဆုံးမြားက လုံးဝ လွဲချော်သွားပြီး ပစ်မှတ်၏ ပေခြောက်ဆယ်ကျော်အကွာသို့ ကျဆင်းသွား၏။

သို့သော် သူ လက်မလျှော့ချေ။ ကျားသစ်က မြန်ဆန်သော်ငြား ပြုတ်ကျနေသည့် ရေပေါက်ကလေးလောက်တော့ မမြန်ဆန်သေးပေ။

လန်လင်းက ထပ်မံ သော့ခတ်နိုင်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို တွန်းထုတ်လိုက်သည်။ ရုတ်တရက် ပတ်ဝန်းကျင်ရှိ အခြားအရာအားလုံး မှေးမှိန်သွား၏။ ရိုင်းစိုင်းစွာ ပြေးလွှားနေသည့် ကျားသစ်၏ မြန်ဆန်သော ပုံရိပ်ကိုသာ သူ မြင်တွေ့နိုင်တော့သည်။

လန်လင်း ကျးသစ်အပေါ် တင်းကျပ်စွာ သော့ခတ်ထား၏။ ကံမကောင်းစွာဖြင့် ကျားသစ်က သူ၏ ပေတစ်ရာ့ခြောက်ဆယ်ကျော် အကွာအဝေးမှ လျင်မြန်စွာ ပြေးထွက်သွားသဖြင့် စိတ်ပိုင်းဆိုင်ရာ သော့ခတ်ထားမှု ပျက်ပြယ်သွားတော့သည်။

ရဲ့ကျင်းယွီကမူ စကားတစ်ခွန်းမှ မဆိုဘဲ လန်လင်းကို ဖမ်းဆွဲကာ သူမ၏ ကျောပေါ်သို့ တင်လိုက်ပြီး သားရဲနောက်သို့ လိုက်၏။ သူမက လျင်မြန်မှုအမျိုးအစား စစ်သည်တော်တစ်ဦး မဟုတ်သော်ငြား အဆင့်မြင့် စစ်သည်တော်တစ်ဦး ဖြစ်နေဆဲပင်။ သူမ၏ ပေါက်ကွဲထွက်လာသော အမြန်နှုန်းက သွေးတိမ်တိုက်ကျားသစ်နီးပါး မြန်ဆန်လှ၏။

ရဲ့ကျင်းယွီ၏ ကျောပေါ်၌ တတ်စီးရင်း လိုက်ပါလာရင်း လန်လင်းက ကျားသစ်အပေါ် ထပ်မံ သော့ခတ်လိုက်ပြန်သည်။ သူ၏ စိတ်က အရိပ်တစ်ခုအလား အနီးကပ် လိုက်ပါသွား၏။

လန်လင်း အသက်ပြင်းပြင်းရှူကာ လေးကို လျင်မြန်စွာ ဆွဲလိုက်ပြီး နောက်ထပ် မြားတစ်စင်းကို အသင့်ပြင်လိုက်သည်။ ကျားသစ် မည်သည့်နေရာသို့ သွားနေသည်ကို ဦးနှောက်ထဲ၌ တွက်ချက်ကာ အရှေ့မှ ကြိုတင် ချိန်ရွယ်လိုက်၏။

“ရွှီးးး” ဒုတိယမြောက်မြားကို ပစ်ခတ်လိုက်သည်။ ထပ်မံ လွဲချော်သွားပြန်ပြီး သားရဲနှင့် ဆယ့်ခြောက်ပေအကွာရှိ မြေပြင်ပေါ်သို့ ထိမှန်သွား၏။

လန်လင်း ရပ်တန့်မသွားချေ။ တတ်နိုင်သမျှ မြန်မြန် တတိယမြောက်မြားကို တင်ကာ ပစ်ခတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်၌ ခြောက်ပေခန့်သာ လွဲချော်သွား၏။

ကျယ်လောင်သော အသံနှင့်အတူ သူ၏ စတုတ္ထမြောက်မြားကို ပစ်ခတ်လိုက်သည်။

ရွှီးးး

အပိုင်း ၇၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ညကြ Book 8 ထပ်လာမယ်နော်။

All Chapters