တိုက်ခိုက်ကြခြင်း
Vol. 008 Ch. 355
ချီဟူက ပြောလိုက်သည်။ “စန်နူး … သူက နင်နဲ့ငါလိုပဲ ဟင်္သာပြဒါးဂြိုဟ်က လာခဲ့တာ …”
“ဟင်္သာပြဒါး ဂြိုဟ်ကလား …” အနီရောင်လိပ်ပြာက မှင်တက်သွားပြီး သူနှင့်အတူလာခဲ့သည့် လူလေးယောက် အကြောင်း ပြန်စဉ်းစားကြည့်သည်။
ထိုအခိုက်တွင် အစီအရင်က လင်းလက်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
“သူပဲ …” အနီရောင်လိပ်ပြာ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက စကားတစ်လုံးမှ မပြောဘဲ လျှပ်စီးတစ်ခုအလား လက်ကို လှုပ်ရှားလိုက်ရာ အဖြူရောင် လက်ဝါးတစ်ခုက အစီအရင်ထံသို့ တိုးဝင်သွားသည်။
“ဘန်း…၊ ဘန်း…၊ ဘန်း …”
သည်လက်ဝါးက လေထုကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။
အစီအရင်ထဲမှ ထွက်လာသည့်လူက ဝမ်လင်းပင် ဖြစ်သည်။ သူထွက်လာသည့် အခိုက်မှာပင် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူက အောက်သို့လျင်မြန်စွာ ဆင်းသက်လိုက်ပြီးနောက် နောက်သို့ဆုတ်လိုက်၏။ အစီအရင်ကလည်း ပြန့်ကျဲသွားခဲ့တော့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရ သားရဲချုပ်နှောင်ခြင်း လက်ကောက်က ထွက်ပေါ်လာ၏။ အော်သံတစ်ချက်နှင့်အတူ အလင်းလုံးတစ်လုံးက သူ့ထံသို့ ဆက်လက်တိုးဝင်လာသော လက်ဝါးထံသို့ တန်းမတ်စွာ ဝင်သွား၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အတားအဆီးအလံက ထွက်ပေါ်လာ၏။ ထို့နောက် အတားအဆီး အခိုးအငွေ့များက သည်ဆယ်မီတာ ပတ်လည်တွင် ဝန်းရံသွားပြီး သူ့အကြည့်က အနီရောင် လိပ်ပြာပေါ်သို့ ကျရောက်သွားသည်။
“သွား …”
ဝမ်လင်းအမိန့်အောက်၌ အတားအဆီး အခိုးအငွေ့များက နဂါးအသွင်သို့ ပြောင်း၍ ကြမ်းကြုတ်စွာ ပါးစပ်ကြီးများ ဟလာ၏။
အနီရောင်လိပ်ပြာ၏ မျက်နှာက ပို၍အေးစက်သွားပြီး သူက မြေပြင်ကို ခြေဖြင့်စောင့်လိုက်ပြီး နောက်သို့ ဆုတ်သည်။ တစ်ပြိုင်နက်တည်းမှာ သူမက လက်ဝှေ့ယမ်းလိုက်ရာ ရေခဲရုပ်တုတစ်ခု ထွက်ပေါ်လာ၏။ သည်ရုပ်တုက အစတုန်းကလို မြွေအသွင်၊ လူအသွင် တစ်ဝက်စီ ပုံစံရှိနေကာ ၎င်းက မျက်လုံးမှိတ်ထားလျက် ရှိသည်။ သည်ရုပ်တုက ထွက်ပေါ်လာပြီးသည်နှင့် အပြာရောင် အလင်းတန်းက သည်မှိတ်ထားသော မျက်လုံးထံမှ ထွက်ပေါ်လာသည်။
ဘန်း …။
လက်ဝါးရာနှင့် အလင်းလုံးတို့၏ ထိတွေ့မှုကြောင့် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်သွားသည်။ သည်အပြာရောင် အလင်းတန်းက အလင်းလုံးဖြင့် ထပ်မံ ထိတွေ့မိသည့်အခါ အလင်းလုံးပေါ်တွင် အက်ကွဲသံများနှင့်အတူ ရေခဲများ ဖြစ်ပေါ်လာ၏။ သည်ရေခဲများက အံ့သြလောက်ဖွယ် အမြန်နှုန်းဖြင့် ပျံ့နှံ့လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းလုံးက ခဲသွားတော့သည်။ သည်ခဲသွားသော အလင်းလုံး၏ အပြင်ဘက်ခြမ်းက အပြာရောင်၊ အတွင်းဘက်ခြမ်းက ခရမ်းရင့်ရောင် ဖြစ်ပေါ်နေသဖြင့် ၎င်းက အလွန်ပင် လှနေသေးသည်။
အပြာရောင် အလင်းတန်းက ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်တိုးဝင်လာသည်။ မိုးကြိုးဖားပြုတ်က ကြောက်မက်ဖွယ် အော်ညည်းသံပြု၍ နောက်ထပ် အလင်းလုံးတစ်ခုအား ထပ်မံ ပစ်လွှတ်လိုက်သည်။ သို့သော် သည်၎င်းအလင်းလုံးက အပြာရောင်အလင်းနှင့် ထိတွေ့မိသည်နှင့် အေးခဲသွားပြန်သည်။ မိုးကြိုးဖားပြုတ်၏ ဝမ်းဗိုက် ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည်။
ကြမ်းကြုတ်သည့် နဂါးအသွင် အခိုးအငွေ့များပင် အပြာရောင် အလင်းတန်းကြောင့် အေးခဲတော့မည့် အသွင် ဖြစ်လာသည်။
သည်အချိန်၌ အနီရောင်လိပ်ပြာက သူမ၏ စွမ်းအားအကောင်းဆုံး ရတနာများထဲက တစ်ခုအား အသုံးပြု၍ တစ်ချက်တည်းဖြင့် ဝမ်းလင်းအား သတ်ဖြတ်ရန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဝမ်လင်းက သူ့တိုက်ခိုက်မှုက ရပ်တန့်သွားသည်ကို မြင်သည်နှင့် နောက်သို့ ချက်ချင်းဆုတ်လိုက်ပြီး မျက်ခုံးနှစ်ခုကြား လက်ဖြင့်ထိလိုက်သည်။ ထိုအခါ လေလွင့်ဝိညာဉ်များက တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကြပြီး ဝမ်လင်းပတ်လည်တွင် လှည့်ပတ်နေကြသည်။
ဝမ်လင်းက လေထဲသို့ ခုန်တက်လိုက်သည်။ ထိုအခိုက်တွင် သူက နတ်ဆိုး နတ်ဘုရားအလား တည်ရှိမှုကို ပေးစွမ်းနေ၏။ သူ့မျက်လုံးများက ထူးဆန်းသည့် အလင်းများနှင့် ပြည့်နေခဲ့သည်။
“ဝါးမျိုစမ်း …”
ထိုသို့ပြောလိုက်သည်နှင့် လေလွင့်ဝိညာဉ်များက ကြမ်းကြုတ်လာပြီး အကြောက်အလန့် ကင်းစွာ အနီရောင် လိပ်ပြာထံသို့ တိုးဝင်လာသည်။ အပြာရောင် အလင်းတန်းက လေလွင့်ဝိညာဉ်များ အပေါ် သက်ရောက်ဟန် မရချေ။ တကယ်တော့ လေလွင့်ဝိညာဉ်များက နဂိုထဲက သေဆုံးခဲ့ပြီးဖြစ်သည်။ သူတို့က သဘာဝအားဖြင့် ခုခံနိင်မှုစွမ်းရည်များ ရှိနေပြီးဖြစ်၏။
ချီဟူက နောက်ဆုံးတွင် ရပ်ကြည့်မနေနိုင်တော့ဘဲ တုံ့ပြန်လာသည်။ သူက မျက်မှောင်ကြုတ်၍ အော်ဟစ်လိုက်၏။ “ရပ်ကြစမ်း…”
အနီရောင် လိပ်ပြာအသွင်က ပြောင်းလဲသွားသည်။ သူက နှခေါင်းရှုံ့၍ နောက်သို့ အလျင်အမြန်ဆုတ်သည်။ လေလွင့်ဝိညာဉ်များက ဒီရေအလား သူမထံသို့တိုးဝင်လာပြီး နီးကပ်လာကြသည်။
ဝမ်လင်းက သူ့သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ထုတ်ဖော်၍ အတားအဆီးအလံကို ဝှေ့ယမ်းလိုက်သည်။ ဒါဇင်ကျော် နဂါးဆယ့်နှစ်ကောင် ဖြစ်ပေါ်လာ၏။ သူတို့က လှံရှည်တစ်ခုအလား စုစည်းသွားကြပြီး အနီရောင်လိပ်ပြာထံသို့ တိုးဝင်ထိုးစိုက်သည်။
သည်နဂါးများစုပေါင်းပြီး ဖြစ်ပေါ်လာသည့် လှံရှည်က လေလွင့်ဝိညာဉ်များ၏ နောက်မှ ကပ်ကာ လျင်မြန်စွာ လိုက်ပါလာသည်။
အနီရောင်လိပ်ပြာက နောက်သို့ ထပ်မံဆုတ်လိုက်ရသည်။
သူမက ရေခဲရုပ်ကို လက်ဖြင့်ပွတ်လိုက်ရာ ၎င်းက သူမရှေ့တွင် လူတစ်ရပ်စာလောက် ဖြစ်လာခဲ့သည်။ သူမက အော်သံတစ်ချက် ပြုလိုက်ရာ ရေခဲရုပ်၏မျက်လုံးများက ပွင့်လာခဲ့သည်။
ရေခဲရုပ်က အပြာရောင်အလင်းတန်းများ ထုတ်လွှတ်လာသည်။ အပြာရောင် အလင်းတန်းအောက်၌ လေလွင့်ဝိညာဉ်များက စူးရှစွာ အော်ဟစ်လိုက်ရသည်။ အချို့ဆိုလျှင် လုံးဝပျောက်ကွယ်သွား၏။ အကြောက်အလန့်မဲ့သည့် လေလွင့်ဝိညာဉ်များပင် ကြောက်ရွံ့မှုကို ခံစားမိသွားဟန် ရပြီး ရှေ့သို့ ဆက်မတိုးရဲတော့ချေ။
သို့ရာတွင် လှံရှည်ကတော့ အပြာရောင် အလင်းတန်းကို ချိုးဖောက်၍ ရှေ့သို့ ဆက်တိုးသွားသည်။
ဝမ်လင်းကလည်း ရှေ့သို့ဆက်တိုးလာသည်။ သူက လှံရှည်နောက်သို့ နီးကပ်စွာ ကပ်လာ၍ အော်ဟစ်လိုက်သည်။ “အနီရောင်လိပ်ပြာ … မင်းမိဘတွေမှာ မင်းကလွဲလို့ တခြားလူမရှိဘူး။ မင်းက တာဝန်မကျေတဲ့ သမီးမိုက်ပဲ …”
လေလွင့်ဝိညာဉ်များက ဝမ်လင်းပါ တိုးဝင်လာသည်ကို တွေ့လိုက်သည်နှင့် သူတို့က နောက်တွင် ကျန်မနေဝံ့တော့ချေ။ သူတို့ကလည်း ဝမ်လင်းနောက်မှ တသီတတန်း လိုက်ပါလာ၏။
“အတ္တဆန်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ နင်က မဟာမိတ်ကလန်က လူအားလုံးကို သတ်ဖြတ်ပစ်ခဲ့တယ်။ နင်က တကယ့်ကို နှလုံးသားကင်းမဲ့တဲ့လူပဲ…”
လှံရှည်က အပြာရောင် အလင်းတန်းများကို ဖြတ်၍ မရပ်တန့်ဘဲ ရှေ့သို့ ဆက်တိုးဝင်လာမှုက ပတ်ဝန်းကျင်လေထုပင် တုန်ခါရသည်။ သည်လေထဲထဲ၌ ပေါက်ကွဲ၊ အက်ကွဲသံများပင် ထွက်ပေါ်လာ၏။ သည်အက်ကွဲမှုလှိုင်းများက ပြန့်နှံ့သွားပြီး အနီးအနားရှိ တောင်များကို အပိုင်းပိုင်း ဖြစ်သွားစေခဲ့သည်။
“နင်က ငါ့ကို အကြောင်းပြချက် မရှိဘဲ တန်းသတ်ချင်နေတယ်ပေါ့…”
အေးခဲသွားသော အတားအဆီး အခိုးငွေ့များကလည်း အေးခဲရာမှ လွတ်ထွက်လာပြီး လှံရှည်နှင့် ပေါင်းစည်းသည်။ လှံရှည်က ပို၍ စွမ်းအားကောင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ ထိန်းချုပ်မှုအောက်၌ အတားအဆီး အလံထဲမှ အတားအဆီး အခိုးအငွေ့များစွာ ထွက်ပေါ်လာခဲ့ပြီး သည်လှံရှည်နှင့် ပေါင်းစည်းပြီး အပြာရောင် အလင်းတန်းကို ချိုးဖျက်သည်။ ဝမ်လင်း၏ အသွင်ကလည်း ပို၍ နက်မှောင် ကြမ်းကြုတ်လာ၏။
“နင့်ဆရာက အခုထိ အသက်ရှင်နေတုန်းပဲ။ ဒါကို နင်က နင့်ကိုယ်နင် ဟင်္သာပြဒါးနိုင်ငံကို ရောင်းစားပစ်တယ်…။ နင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့လူပဲ..”
သည်လှံရှည်က အတားအဆီးအလံက ပထမအဆင့် ပြီးပြည့်စုံမှု ဖြစ်သွားသည့်အခါ၌ သုံးစွဲလို့ရနိုင်သည့် စွမ်းအားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ဝမ်လင်းက လေလွင့်ဝိညာဉ်များနှင့် အတူ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သည်မြင်ကွင်းက ကောင်းကင်ကြီး ပြိုကျလာသလား မှတ်ရ၏။
မြေပြင်၌လည်း ပြန့်ထွက်လာသော အက်ကွဲလှိုင်းများကြောင့် တဖြည်းဖြည်း အက်ကွဲလာခဲ့သည်။
ကောင်းကင်ပြိုကျခြင်းနှင့် မြေပြင်အက်ကွဲခြင်း စွမ်းအား ပေါင်းစပ်ထားသည့် သည်လှံရှည် တိုက်ခိုက်မှုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ပြင်းထန်စွာ ဒဏ်ရာရသွား စေနိုင်ပေသည်။
“နင်က တာဝန်မကျေတဲ့ သမီးမိုက်၊ မမျှတတဲ့လူ၊ ယုံကြည်မှု မရှိတဲ့လူ။ နင်က ဘယ်လိုတာအိုကိုများ လေ့ကျင့်နေတာလဲ၊ နင်ကျင့်ကြံတဲ့ တာအိုကလည်း ခိုင်မြဲမှာမဟုတ်ဘူး။ နင့်ကျင့်ကြံမှုအဆင့်က အနာဂတ်မှာ ဘယ်လောက် မြင့်လာနိုင်သေးလဲကို ငါတွေ့ချင်မိသေးတယ်…”
ချီဟူ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုများ ပြည့်နေသည်။ သူက စန်နူးသည် အခုလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်မှတ်ထားမိချေ။
“လူတစ်ယောက်နဲ့ သူ့ရတနာတွေ ပေါင်းစပ်စည်းလုံးမှု …” ချီဟူက ခေါင်းယမ်း၍ သူ့တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒကို ပြန်ဖိနှိပ်ထားလိုက်သည်။ “ဒီလူက စန်မိသားစုရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ငါက မိသားစုရဲ့ ရတနာကို အသုံးမပြုဘူးဆိုရင် ဒီတိုက်ခိုက်မှုကနေ လွတ်မြောက်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ အနီရောင်လိပ်ပြာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ပဲ။ ဒီစန်နူးက တစ်ခုခုပဲ။ သူက အနီရောင်လိပ်ပြာရဲ့ တာအိုနှလုံးသားကို အရင်ဦးဆုံး တိုက်ခိုက် ဖျက်ဆီးပစ်ရမယ်ကို သိနေတယ်။ ဒီစန်နူးက တကယ့်ကို သာမန်မဟုတ်ဘူးပဲ …”
တကယ်တော့ အနီရောင်လိပ်ပြာက ငယ်ရွယ်နေသေးသည်။ သူမက နှစ်လေးရာကျောက် အသက်ရှင်သန်ခဲ့ပြီး လူ့သဘာဝများကို မြင်တွေ့ဖူးသည့် ဝမ်လင်းကဲ့သို့ မွန်းစတားအိုကြီးနှင့် ယှဉ်လျှင် သူမ၏ စိတ်သည် ဝမ်လင်းထက် အလွန်အားနည်း လွန်းနေသေးသည် မဟုတ်လော။ ဝမ်လင်းစကားလုံးများက အနီရောင်လိပ်ပြာ နှလုံးသားထဲသို့ စိမ့်ဝင်လာ၏။ သူမက နောက်သို့ ဆုတ်နေရင်းဖြင့် အလွန်ပင် ဒေါသထွက်လာဟန် ရသည်။
အနီရောင်လိပ်ပြာက နောက်သို့ ထပ်မံဆုတ်နေစဉ်တွင် ဝမ်လင်းက ရှေ့သို့ ထပ်မံတိုးဝင်နေဆဲပင်။ ဝမ်လင်းက အနီရောင်လိပ်ပြာ၏ တိုက်ပွဲအတွေ့အကြုံသည် သူ့လောက် မကောင်းမွန်သည်ကို သိသည်။ ထို့ကြောင့်လည်း သူက သူမထံသို့ ဆက်လက် တိုးဝင်နေပြီး ရပ်တန့်ခွင့်မပေးခြင်း ဖြစ်၏။
အနီရောင်လိပ်ပြာ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုမှုများ ပြည့်နှက်လာ၏။ ရွှမ်ယွဲ့မှ ပါရမီရှင်တစ်ယောက် အနေဖြင့် သူမက မွေးကတည်းက သည်လို နှိမ်ချခံရသည့် အဖြစ်မျိုးကို မကြုံတွေ့ခဲ့ဖူးပေ။ အတိတ်တုန်းက သူမက ရေခဲရုပ်ကို အသုံးပြုလိုက်သည်နှင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ပင် ထိန့်လန့်တကြား ထွက်ပြေးခဲ့ရသည်သာ ဖြစ်သည်။
ဝမ်လင်း၏လှံရှည်က သူမအား တုန်လှုပ်မိစေခဲ့သည်။ သည်လှံက စွမ်းအားကောင်းရုံတင် မဟုတ်ဘဲ ထူးဆန်းအံ့ဖွယ် စွမ်းအင်တချို့ ပါနေသည့်ပုံပင်။ သည်စွမ်းအင်က နတ်ဘုရားပြစ်ဒဏ် အလင်းတန်း အမျှင်တန်းကဲ့သို့ စွမ်းအင်ဖြစ်နေသည်။
သိုသော် သူမက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်တစ်ယောက် ဖြစ်နေဆဲပင်။ သည်အခိုက်တွင် သူက မျက်လုံးမျာက လက်ခနဲဖြစ်သွား၍ ချိတ်တံဆိပ်များ ဖန်တီးလိုက်သည်။ သူမက ရုတ်တရက် မျက်ခုံနှစ်ခုကြားကို လက်ဖြင့်ထိလိုက်ရာ သွေးတစ်လုတ် အန်လိုက်၏။ အနီရောင် အလင်းတန်းက ထိုသွေးထဲ၌ ထွက်ပေါ်လာခဲ့သည်။ သည်အနီရောင်အလင်းက ထွက်ပေါ်လာပြီးသည်နှင့် လှပသော နှင်းဆီပန်းတစ်ပွင့် အသွင်ပြောင်းသွားသည်။
နှင်းဆီပန်း ပေါ်လာသည်နှင့် ရေခဲရုပ်တုက အရည်ပျော်သွားပြီး ရေကန်တစ်ခုလို ဖြစ်သွားပြီး နှင်းဆီပန်း အောက်ခြေသို့ ရွေ့လျားလာ၏။ ၎င်းအဖြစ်က နှင်းဆီပန်းကို ပနံတင့်စေပြီး ပို၍ လှပစေသည်။
လှံရှည်က ရှေ့သို့တိုးဝင်လာပြီး သည်နှင်းဆီပန်းနှင့် ထိတိုက်ကြတော့သည်။ နှင်းဆီပန်း၏ ပွင့်ချပ်များက ပျက်စီးသွား၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်းအသွင်ကလည်း ပြောင်းလဲသွားသည်။ အကြောင်းမှာ သူ့လှံရှည်ကလည်း ပျက်စီးသွားသော ကြောင့်ပင်။
ဝမ်လင်းက သက်ပြင်းချမိသည်။ သည်အားကောင်းလွန်းသော တိုက်ခိုက်မှု တစ်ခုက သည်အမျိုးသမီးကို မသေဆုံးစေခဲ့ပေ။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတွေက တကယ့်ကို အားကောင်းလွန်းလှ၏။
သူ့ခန္ဓာကိုယ်က နောက်သို့ ပြန်ဆုတ်လိုက်ပြီး သူ့နယ်ပယ်က သူ့အား ဝန်းရံထားစေလိုက်၏။
အနီရောင်လိပ်ပြာက နေက်သို့ပြန်ဆုတ်သွားသည့် ဝမ်လင်းကို စူးရဲစွာ ကြည်နေသည်။ သူမက သွားကြားထဲက ထွက်လာသောလေသံဖြင့် ပြောလိုက်သည်။ “နင်က ငါ့အသက်ကယ် ရတနာကို အတင်းအကျပ် အသုံးပြုစေခဲ့တဲ့ ပထမဆုံးလူပဲ။ အခု နင်အေးချမ်းစွာ သေလို့ရပြီ …”
သူမက ထိုသို့ပြောပြီးနောက် လက်ဆန့်တန်းလိုက်ရာ နှင်းဆီပွင့်ချပ် တစ်ခုကို လှမ်းခူးဆွတ်လိုက်သည်။
ချီဟူက အော်ဟစ်၍ လေထဲသို့ ခုန်တက်လိုက်သည်။ “ရပ်လိုက်ကြ …။ ရောင်းရောင်း အနီရောင်လိပ်ပြာနဲ့ အစ်ကိုစုန် … နင်တို့နှစ်ယောက်စလုံးက ဒီနေရာကို ငါဖိတ်ခေါ်ထားတာပဲ။ နင်တို့နှစ်ယောက် မရပ်တန့်သေးဘူး ဆိုရင် ငါ့ကြမ်းတမ်းမှုကို အပြစ်မတင်ကြနဲ့ …”
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ အေးစက်စွာ ပြောလိုက်သည်။ “ရောင်းရင်းချီဟူ … ဒီတိုက်ပွဲက ငါစတိုက်တာ မဟုတ်ဘူး …”
အနီရောင်လိပ်ပြာ၏ မျက်နှာက အေးစက်သွားပြီး ချီဟူကို ကြည့်၍ ပြောလိုက်သည်။ “ဒါက နင်နဲ့ဘာမှ မဆိုင်ဘူး။ ကိုယ့်ဟာကိုယ် ရပ်နေပါ …”
ချီဟူအသွင်က ပြောင်းလဲသွားသည်။ သူက အနီရောင်လိပ်ပြာကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ရောင်းရင်း အနီရောင်လိပ်ပြာ … ငါက ပါဝင်ချင်တယ် ဆိုရင်ကော …”
အနီရောင်လိပ်ပြာက တိတ်ဆိတ်နေပြီးနောက် သူမက ပွင့်ချပ်ကို ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်၏။ ထိုအခိုက်တွင် မြေပြင်က တုန်ခါသွားပြီး ကောင်းကင်ကလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ သည်ပန်းပွင့်ချပ်၏ စွမ်းအားက ကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်း၏ အကန့်အသတ်ကို ရောက်သွားသည်မှာ ရှင်းလင်းနေ၏။
ချီဟူက အော်ငေါက်လိုက်၏။ “အနီရောင်လိပ်ပြာ …”
ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက သိုလှောင်အိတ်ထဲမှ နောက်ထပ် အတားအဆီး အလံတစ်ခုကို ထုတ်လိုက်သည်။ သည်အတားအဆီး အလံက လေထဲသို့ မြောက်တက်သွား၏။
“နတ်ဘုရားပြစ်ဒဏ် …” လုံးဝမလိုအပ်လျှင် ဝမ်လင်းက သည်နတ်ဘုရား ပြစ်ဒဏ်အလင်းတန်းကို မဆင့်ခေါ်ချင်ပေ။ သည့်နောက် သည်အစိတ်အပိုင်းက လုံးဝ ပြိုကျပျက်စီးသွားမည် ဖြစ်၏။ ဝမ်လင်းက သည်တစ်ကြိမ် သူကံကောင်းပြီး ထပ်မံ လွတ်မြောက်နိုင်မလား မသိတော့ပေ။ အတားအဆီး အလံက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်နှင့် ၎င်းက အမည်းရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်း၍ သည်တစ်ဆယ်ကီလိုမီတာ ပတ်လည်ရှိ အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။
***