← Chapters

အခန်း ၄၉၈

Vol. 34 Ch. 498

အခန်း ၄၉၈

Vol. 34 Ch. 498

အခန်း (၄၉၈) - အလွန် အေးစက်လှသော သံတံခါးကြီးနှင့် လုဖေးအာ တောင်ထိပ်သို့ ရောက်ရှိလာခြင်း ၃

"သူ မသေသွားသရွေ့တော့ အဆင်ပြေပါတယ်။ ငါတို့ သူ့ကို ရှာတွေ့တာနဲ့ နင့်ဆီကို ချက်ချင်း ခေါ်လာခဲ့ပါ့မယ်"

ရွှီရှင်းသည် အခြားပြောစရာ စကားလုံး သိပ်မရှိသဖြင့် သာမန်ကာလျှံကာသာ စကားဆိုလိုက်ပေသည်။

"အင်း... အကယ်လို့ သူ့ကို တကယ်ပဲ ရှာတွေ့နိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့ရှင်"

ချီရွှယ်ဖေးအား နှုတ်ဆက်ပြီးနောက် ရွှီရှင်းသည် တယ်လီပို့ဂိတ်ကို အသက်သွင်းလျက် သူ၏ ကိုယ်ပိုင်သစ်ပင်အိမ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။

ယခုအခါ မွန်းတည့်ချိန်ဖြစ်ပြီး နေ့လယ်စာစားရမည့် အချိန်သို့ ရောက်ရှိနေခဲ့ချေပြီ။

လုဖေးအာ၏ လက်ရာများကို မြည်းစမ်းဖူးပြီးနောက်ပိုင်းတွင်မူ သူသည် မိမိ၏ ကိုယ်ပိုင်ချက်ပြုတ်မှု စွမ်းရည်အပေါ် လုံးဝ စိတ်တိုင်းမကျဖြစ်မိသဖြင့် အစားအစာအချို့ကို ဖြစ်သလိုသာ အနည်းငယ် စားသုံးလိုက်ပြီးနောက် အနုပညာအခန်းအတွင်းသို့ ဝင်ရောက်ကာ ဖန်တီးမှုများကို ချက်ချင်း စတင်ပါတော့သည်။

ယနေ့ရရှိထားသော စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှုသည် အနုပညာဖန်တီးမှုများ ပြုလုပ်ရန်အတွက် အလွန်ပင် ကောင်းမွန်လှပေသည်။

ယနေ့မနက်ပိုင်းတုန်းက သူသည် ကျောက်ဆစ်ရုပ်တုအသေးလေး ၁၈ ခုကို တစ်ခါတည်း ထုဆစ်ခဲ့သော်လည်း ပန်းနွမ်းနယ်မှု သို့မဟုတ် စိတ်စွမ်းအင်လွန်ကဲစွာ ကုန်ဆုံးသွားခြင်းမျိုး လုံးဝ မခံစားခဲ့ရချေ။

သူသည် ပန်းချီစုတ်တံကို ကောက်ယူလိုက်ရာ မကြာမီမှာပင် သူ၏ လက်အောက်မှနေ၍ ပန်းချီကားတစ်ချပ်ပြီးတစ်ချပ် တဖွဲဖွဲ ထွက်ပေါ်လာခဲ့ကြတော့သည်။

ခဲခဲလေးသည်လည်း ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိဘဲ သူ၏ ပေါင်ပေါ်သို့ ထပ်မံတွားတက်လာခဲ့ပြီး သူ ပန်းချီဆွဲနေသည်ကို ငြိမ်သက်စွာဖြင့် ထိုင်၍ စောင့်ကြည့်နေရှာ၏။

အနုပညာဖန်တီးမှု ပြုလုပ်ချိန်များသည် အမြဲတမ်းလိုလို အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားတတ်ပေသည်။

သူသည် မိမိ၏ ရှေ့၌ ရှိနေသော အစိမ်းရောင်အဆင့်ရှိသော ပန်းချီကားချပ် ၆၀ ကို ကြည့်ရင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိ၏။

ဤပန်းချီကားအများစုမှာ သဘာဝရှုခင်းပုံများ ဖြစ်ကြပေသည်။

ဤကဲ့သို့ အရေအတွက် အမြောက်အမြား ထုတ်လုပ်လိုက်သော အနုပညာလက်ရာများသည် တန်ဖိုးပိုင်းဆိုင်ရာ အနည်းငယ် နိမ့်ပါးနိုင်သည်မှာ မှန်သော်လည်း ၎င်းတို့အားလုံး၏ လုပ်ဆောင်ချက်မှာမူ တူညီကြပေသည်။

တစ်ခုချင်းစီက အလှဆင်မှုအမှတ် ၁၀ မှတ်စီကို တိုးမြင့်ပေးနိုင်သောကြောင့် ဖြစ်၏။

သူသည် မာဟုန်ဝေ ထံသို့ အသံခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်ရာ အခြားတစ်ဖက်က လျင်မြန်စွာပင် ပြန်လည်ချိတ်ဆက်လာခဲ့ချေပြီ။

"အစ်ကိုကြီးရှင်း... ဘာကိစ္စရှိလို့လဲ"

"မင်း ဘာတွေလုပ်နေလဲ"

ရွှီရှင်းသည် သူ့အား ဆက်သွယ်ရန် အမြဲလိုလို မေ့လျော့နေခဲ့သလို စူးစမ်းရှာဖွေသူများအဖွဲ့အတွင်းသို့ ခေါ်ဆောင်ရန်ပါ မေ့လျော့နေခဲ့သဖြင့် စိတ်ထဲ၌ အနည်းငယ် အားနာမိနေပေသည်။

"ကျွန်တော် အဝိုင်းပတ် ဒုံးကျည်တင်စင်းအသစ်တစ်ခုကို လေ့လာနေတာ၊ ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ အလှဆင်မှုအမှတ်က နိမ့်နေလို့ လေ့လာရေးအခန်းရဲ့ စွမ်းဆောင်ရည်က တကယ့်ကို သနားစရာကောင်းလောက်အောင် နှေးကွေးနေတယ်" ဟု မာဟုန်ဝေက မတတ်သာသည့်လေသံဖြင့် လှမ်း၍ ဆို၏။

ရွှီရှင်းသည် ပန်းချီကား ဆယ်ချပ်ကို အရောင်းအဝယ်စနစ်မှတစ်ဆင့် သူ့ထံသို့ တိုက်ရိုက် ပေးပို့လိုက်ပေသည်။

"ဝါး"

အခြားတစ်ဖက်က လူမှာ လုံးဝ ကြောင်အမ်းသွားခဲ့ရပြီး "ဒီ... ဒီ... ပန်းချီကား ဆယ်ချပ်က အလှဆင်မှုအမှတ် ၁၀၀ တောင် တိုးသွားတာ ဟုတ်လား" ဟု အံ့သြတကြီး အော်ဟစ်တော့သည်။

"နောက်ပိုင်းကျရင် ထပ်ပြီး ရှိလာဦးမှာပါ။ မင်းရဲ့ လေ့လာမှုကိုပဲ ဆက်တိုက် အာရုံစိုက်လုပ်ဆောင်ပါ" ဟု ရွှီရှင်းက ပြန်လည်ဖြေကြားလိုက်၏။

"ကောင်းပါပြီဗျာ"

၎င်းနောက်တွင်မူ သူသည် ကျိချောင်းယန်၊ လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့ထံသို့လည်း အရောင်းအဝယ်စနစ်များကို တစ်ပြိုင်နက်တည်း ပေးပို့လိုက်ပြီး တစ်ဦးချင်းစီအလိုက် ပန်းချီကား ဆယ်ချပ်စီကို အသီးသီး ပေးလိုက်ပေသည်။

ချီရွှယ်ဖေးသည် ၎င်းတို့ကို ချက်ချင်းပင် လက်ခံလိုက်ပြီး သူ့အား ကျေးဇူးတင်စကား ဆိုလာခဲ့၏။

ကျိချောင်းယန်နှင့် လီဝမ်ရှီးတို့မှာမူ လက်ရှိအချိန်၌ အပြင်ဘက်သို့ ရောက်ရှိနေကြပေသည်။

ကျိချောင်းယန်သည် နေရာတစ်ခုဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ စူးစမ်းရှာဖွေရန် ထွက်ခွာသွားခြင်းဖြစ်သဖြင့် "ကျေးဇူးပဲ" ဟူသော စာလုံးတစ်လုံးတည်းသာ ပြန်လည်စာပြန်လာခဲ့၏။

လီဝမ်ရှီးကတော့ တောင်ကုန်းတစ်ခု၏ လမ်းခုလတ်၌ ဆီးနှင်းများ ဖုံးလွှမ်းခြင်းမရှိသေးသော သတ္တုတွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် လူတိုင်းကို ခေါ်ဆောင်လျက် သတ္တုတွင်းတူးဖော်ရန် ထွက်ခွာသွားခြင်း ဖြစ်ပေသည်။

ယခုတစ်ကြိမ်တွင်မူ သူမသည် ဗီဒီယိုခေါ်ဆိုမှုကို ပေးပို့ခြင်းမရှိပါပေ။

မည်သို့ပင်ဆိုစေ သတ္တုတွင်းတူးနေစဉ်အတွင်း ဗီဒီယိုရိုက်ကူးရခြင်းကို သူမ လုံးဝ သဘောမကျသောကြောင့် ဖြစ်၏။

သူမသည် အသံစာတစ်ခုသာ ပေးပို့လာခဲ့ပြီး သစ်ပင်အိမ်ဆီသို့ ပြန်လည်ရောက်မှသာ ၎င်းပစ္စည်းများကို လက်ခံလိုက်မည်ဖြစ်ကြောင်း ပြောလာခဲ့၏။

"ဖေးအာ အခု တောင်တက်ခရီးစဉ်ရဲ့ ဘယ်နေရာအထိ ရောက်နေပြီလဲ မသိဘူး"

"သူမရဲ့ အခြေအနေတွေက ငါ့ထက်စာရင် အများကြီး ပိုပြီး ကောင်းတာဖြစ်လို့ စိုးရိမ်နေဖို့တော့ မလိုပါဘူး"

ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်ပြီးနောက် ရွှီရှင်းသည် အပြင်ဘက်က ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်မိပေသည်။

လက်ရှိတွင် ညနေ သုံးနာရီဝန်းကျင်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူ၏ တွက်ချက်မှုအရဆိုလျှင်မူ လုဖေးအာသည် အလွန် အေးစက်လှသော အပိုင်းနှင့် နီးကပ်နေပြီဖြစ်ရမည် သို့မဟုတ် ၎င်းအပိုင်းကို ကျော်ဖြတ်လျက် အလယ်ဗဟိုက ဆီးနှင်းတောင်ထိပ်ဆီသို့ ချဉ်းကပ်နေပြီ ဖြစ်ရမည်။

သူမအနေဖြင့် ထူးခြားလှသော ဘေးအန္တရာယ်မျိုးနှင့် မကြုံတွေ့ပါစေနှင့်ဟုသာ ဆုတောင်းရုံပဲ ရှိတော့ပေသည်။

ရွှီရှင်းသည် အနုပညာအခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ကျောက်ဆစ်ထုဆစ်ခြင်းနှင့် ပန်းချီဆွဲခြင်းများကို ဆက်လက်လုပ်ဆောင်နေခဲ့ချေပြီ။

သူသည် ယနေ့ရရှိထားသော စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှု ရှိနေဆဲအချိန်အတွင်းမှာတင် စူးစမ်းရှာဖွေသူများအဖွဲ့ဝင် အားလုံး၏ သစ်ပင်အိမ် အလှဆင်မှုမှတ်များကို အပြည့်အဝ မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

သူ၏ လက်ထဲမှနေ၍ ကျောက်ဆစ်ရုပ်တုအသေးလေးများနှင့် ပန်းချီကားများမှာ လျင်မြန်စွာပင် တဖွဲဖွဲ ပေါ်ထွက်လာခဲ့ကြတော့သည်။

အချိန်များ တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားခဲ့ပြီး အပြင်ဘက်က ကောင်းကင်ကြီးသည်လည်း ဖြည်းဖြည်းချင်း မှောင်မည်းလာခဲ့ချေပြီ။

ရွှီရှင်းသည် လက်ထဲက ကျောက်ဆစ်ဓားကို ချလိုက်ပြီး မိမိဖန်တီးထားသော မရေမတွက်နိုင်သည့် ကျောက်ဆစ်ရုပ်တုများကို ကြည့်ရှုရင်း ပျင်းရိစွာဖြင့် အကြောဆန့်လိုက်မိပေသည်။

ဤမျှအထိ များပြားလှသောအရာများကို ဖန်တီးခဲ့သည်မှာ မှန်သော်လည်း သူ၏ အနုပညာရှင် စွမ်းရည်စနစ်မှာမူ အဆင့်တက်လာခြင်း မရှိသေးပါပေ။

သူသည် မိမိ၏ အရည်အချင်း စွမ်းရည်စနစ်သာ အဆင့်တက်လာခဲ့မည်ဆိုပါက အပြာရောင်အဆင့်ရှိသော အလှဆင်ပစ္စည်းများကို စတင်ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်ပေသည်။

"အီး"

ဘယ်အချိန်ကတည်းက ပြတင်းပေါက်နားသို့ ရောက်ရှိနေမှန်းမသိသော ခဲခဲလေးသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်သို့ လှမ်း၍ အော်ဟစ်လိုက်တော့သည်။

"ဘာဖြစ်လို့လဲ ခဲခဲလေး။ အပြင်မှာ လူတစ်ယောက်ယောက် ရှိနေလို့လား"

ရွှီရှင်းသည် ကုတင်မှထကာ ၎င်းရှိရာဆီသို့ လျှောက်သွားခဲ့၏။

ထိုစဉ် သစ်ပင်အိမ်၏ အောက်ခြေမှနေ၍ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။

"ရွှီရှင်း... အပေါ်မှာ ရှိလား။ ငါ ပြန်ရောက်လာခဲ့ပြီ"

ဟင်...

၎င်းမှာ လုဖေးအာ၏ အသံ မဟုတ်ပါလား။

ရွှီရှင်းသည် ပြတင်းပေါက်မှနေ၍ အောက်သို့ ချက်ချင်းပင် ငုံ့ကြည့်လိုက်ရာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လုဖေးအာသည် သစ်ပင်အိမ်အောက်ခြေ၌ မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရပေသည်။

သူမသည် ရွှီရှင်း ခေါင်းပြူးကြည့်လာသည်ကို မြင်တွေ့လိုက်ရသောအခါ လက်လှမ်းပြလျက် "ငါ အောင်မြင်သွားပြီ။ ငါ တောင်ထိပ်ပေါ်ကို အောင်မြင်အောင် တက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ နင်တို့ ရှိမနေတာနဲ့ ငါ တယ်လီပို့စနစ်ကို သုံးပြီး နင့်ကိုရှာဖို့ အောက်ကို ချက်ချင်း ပြန်ဆင်းလာခဲ့တာ" ဟု အော်ဟစ်လိုက်၏။

ယခုအခါ ညနေ ငါးနာရီပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ဤမျှအထိ မြန်ဆန်လှပေသည်။

ခုနစ်နာရီမျှသာ အချိန်ယူခဲ့ရတာပင်။

သူသည် အမှတ်စာရင်းကို လှမ်း၍ တစ်ချက်ကြည့်လိုက်မိရာမျှော်လင့်ထားသည့်အတိုင်းပင် မီးခိုးရောင်စာရင်းပေါ်၌ အဋ္ဌမမြောက်လူသစ်တစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့ချေပြီ။

[လုဖေးအာ - နယ်မြေ ၁၈၇]

အမှတ်စာရင်းပေါ်တွင်မူ နယ်မြေ ၁၈၈ ဟူ၍ ပြသခြင်းမရှိဘဲ သူမ၏ ပင်မသစ်ပင်အိမ် တည်ရှိရာ နယ်မြေဖြစ်သော နယ်မြေ ၁၈၇ ဟူ၍သာ စနစ်တကျ ပြသနေခဲ့ပေသည်။

ယခုအခါတွင်တော့ နယ်မြေ ၁၈၇ က လူတွေလည်း သေချာပေါက် ရူးသွပ်မတတ် ဆူညံပွက်လောရိုက်သွားကြရတော့မည် ဖြစ်ပေသည်။

ဤသည်မှာ နယ်မြေ ၁၈၈၊ နယ်မြေ ၁ နှင့် နယ်မြေ ၃ တို့၏ အနောက်တွင် တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိနိုင်သော ရှင်ကျန်သူ ရှိသွားခဲ့သည့် စတုတ္ထမြောက် နယ်မြေကြီးအဖြစ် သမိုင်းတွင်သွားခဲ့ခြင်းပင်။

အခန်း ၄၉၈ ပြီး။

All Chapters