အခန်း ၄၉၉
Vol. 34 Ch. 499
အခန်း (၄၉၉) - ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးအား အသက်သွင်းခြင်း
ရွှီရှင်းသည် သစ်ပင်အိမ်၏ အမြစ်များကို ထိန်းချုပ်လျက် လုဖေးအာအား အပေါ်သို့ ဆွဲတင်လိုက်ပေသည်။
"ဒီလောက်အထိ မြန်ဆန်လိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား ငါ့ရဲ့ သခင်"
လုဖေးအာသည် သစ်ပင်အိမ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ လည်ပင်းက ဆီးနှင်းမြေခွေးလည်စည်းကို ပေါ့ပေါ့ပါးပါး ဆွဲချွတ်ပစ်လိုက်ပြီး မျက်နှာတွင် အနည်းငယ် ဝင့်ကြွားလှသော အမူအရာဖြင့် ဆိုဖာပေါ်သို့ ပစ်ချထိုင်လိုက်ကာ "ခုနစ်နာရီကျော်ပဲ အချိန်ယူခဲ့ရတာ၊ ကျိချောင်းယန်ထက်တောင် ပိုပြီး မြန်သေးတယ်" ဟု ဆိုလိုက်၏။
"မထင်ထားမိတာတော့ အမှန်ပဲ။"
ရွှီရှင်းက ပြုံးလျက် "တကယ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာပဲ" ဟု ဆိုလိုက်ပေသည်။
သူမ၏ လုပ်ဆောင်မှု အရှိန်အဟုန် ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မည်သူမျှ ကြိုတင်မခန့်မှန်းမိနိုင်ခဲ့ကြပါပေ။
"ဟိဟိ..."
လုဖေးအာသည် ချီးကျူးစကား အပြောခံလိုက်ရသဖြင့် စိတ်ထဲ၌ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရပြီး စကားလမ်းကြောင်းကို ချက်ချင်းပင် လွှဲလိုက်ကာ "ဩော်... ဒါနဲ့ ငါ တောင်ထိပ်ပေါ်က ကျောက်ဆစ်ရုပ်တုကြီးတွေကိုလည်း တွေ့ခဲ့သေးတယ်။ သူတို့အားလုံးက အလယ်ဗဟိုဆီကို မျက်နှာမူပြီး ဝတ်ပြုနေတာမို့ တကယ်ကို အံ့ဩစရာ ကောင်းတယ်။ ဒါပေမဲ့ နင့်ရဲ့ စကားကို နားထောင်ပြီးတော့ ငါ သူတို့ကြားထဲကနေ တိုက်ရိုက်ဖြတ်သန်းပြီး အောက်ကို ချက်ချင်း တယ်လီပို့လုပ်ပြီး ဆင်းလာခဲ့တာပေါ့" ဟု ဆို၏။
လုဖေးအာ တောင်ထိပ်သို့ ရောက်ရှိချိန်၌မူ ကောင်းကင်ကြီးမှာ မှောင်မည်းနေခဲ့ပြီဖြစ်ရာ ထိုကျောက်ဆစ်ရုပ်တုကြီးများသည်လည်း သဘာဝအတိုင်း ညဖက် အခြေအနေမျိုးသို့ ပြန်လည်ပြောင်းလဲနေခဲ့ကြပြီ ဖြစ်၏။
"နင် တောင်တက်နေတဲ့ လမ်းခရီးမှာ ဘေးအန္တရာယ်တွေနဲ့ ကြုံခဲ့ရသေးလား"
ရွှီရှင်းက မိမိ၏ လက်ပတ်နာရီကို ပွတ်သပ်ရင်း လှမ်း၍ မေးမြန်းလိုက်ပေသည်။
"မကြုံခဲ့ရပါဘူး။"
လုဖေးအာက ခေါင်းကို ခါယမ်းပြလိုက်ရင်း လည်ပင်းကို ဆန့်လိုက်ကာ "အလွန် အေးစက်လှတဲ့ အပိုင်းဖြစ်ဖြစ်၊ မြူထုတွေကို ဖြတ်သန်းရတဲ့ အပိုင်းဖြစ်ဖြစ် ငါ့အတွက်တော့ ဘာမှ ထူးခြားမှု မရှိပါဘူး။ ငါ့ရဲ့ ဗီဇပြောင်းလဲထားတဲ့ ခန္ဓာကိုယ်က ဒီနယ်ပယ်မှာ တကယ်ကို သန်မာလွန်းတယ်" ဟု ဆို၏။
"ဒါဆို လမ်းခုလတ်က အလယ်ဗဟို မှာကော ပြောင်းလဲမှုတွေ ရှိနေသေးလား"
"အဲ့နေရာ လား။ ငါကတော့ ငှက်အုပ်ကြီးတွေရဲ့ တိုက်ခိုက်မှုမျိုးနဲ့ လုံးဝ မကြုံခဲ့ရပါဘူး။ ငါ အဲ့ဒီနေရာကို အသာ လှမ်းကြည့်လိုက်တော့ ဘာမှမရှိတာနဲ့ ဆက်ပြီး စူးစမ်းမနေတော့ဘဲ တွန်းကန်ချိတ်ကို သုံးပြီးတော့ပဲ အပေါ်ကို တိုက်ရိုက် ဆက်တိုက် တက်ခဲ့တာ"
ထိုသို့ဆိုကာ လုဖေးအာသည် သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြလျက် တွန်းကန်ချိတ် ပစ်လွှတ်သည့် ပုံစံကို တုပပြလာခဲ့၏။
သူမ၏ အရှိန် ဤမျှအထိ မြန်ဆန်နေရခြင်းမှာ အံ့ဩစရာ မရှိတော့ပါပေ၊ မည်သို့ပင်ဆိုစေ သူမသည် လမ်းခုလတ်၌ မည်သည့်စမ်းသပ်ချက်မျိုးနှင့်မျှ မကြုံတွေ့ခဲ့ရဘဲ တကယ့်ကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်၏။
ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်း၌မူ -
"ဝါး... နယ်မြေ ၁၈၇ က ဆရာကြီးတစ်ယောက် တောင်ထိပ်ကို ရောက်သွားပြန်ပြီဟေ့။ အဲ့ဒီနယ်မြေနံပါတ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်..."
"ဟားဟားဟား... ငါတို့ နယ်မြေ ၁၈၇ က ဆရာကြီးတစ်ယောက် အမှတ်စာရင်းပေါ် တကယ်ကြီး ရောက်သွားတာပါလား။ ငါတော့ တကယ်ကို အံ့သြသွားရပြီ။ အခု ငါတို့နယ်မြေမှာ လူငါးရာတောင် မပြည့်တော့ဘူးဆိုတော့၊ ဒီဆရာကြီးက တကယ့်ကို အစွမ်းထက်လွန်းလှတယ်"
"လုဖေးအာက ငါတို့ နယ်မြေ ၁၈၇ ရဲ့ ထိပ်ဆုံး ငါးယောက်စာရင်းဝင် ဆရာကြီးတစ်ယောက် အမြဲတမ်း ဖြစ်ခဲ့တာလေ။ နောက်ဆုံးတော့ ငါတို့တွေ အိမ်နီးနားချင်း နယ်မြေရဲ့ အရိပ်မည်းကြီးအောက်မှာ ဆက်ပြီး ရှင်သန်မနေကြရတော့ဘူးပေါ့"
"နယ်မြေ ၁၈၇ က တကယ်ပဲ ဒီလောက်အထိ သန်မာလို့လား။ ငါ အမှတ်စာရင်းကို ကြည့်လိုက်တော့ သူတို့ရဲ့ အဆင့်က သိပ်ပြီး မမြင့်လှပါဘူး..."
"ဒီလိုဆိုရင်တော့ အဆင့်ပိုပြီး မြင့်မားတဲ့ အခြားနယ်မြေတွေအတွက် တကယ့်ကို အနေခက်စရာကြီးပဲဗျာ၊ နောက်တစ်ကြိမ်ကျရင် နယ်မြေ ၁၈၇ က အပေါ်ကို ထပ်ပြီး တက်လာတော့မယ့် ခံစားချက်မျိုး ပေးနေတယ်"
"ဟားဟား... အဲ့ဒီအဆင့်မြင့် နယ်မြေတွေက ဆရာကြီးတွေတော့ အခုအချိန်မှာ သေချာပေါက် စိုးရိမ်နေပြီ ဖြစ်ရမယ်"
"နေဦး... နယ်မြေ ၁၈၇ နဲ့ နယ်မြေ ၁၈၈ က အချင်းချင်း ချိတ်ဆက်နေကြတာ မဟုတ်ဘူးလား။ ဖြစ်နိုင်တာကတော့ ဒီကိစ္စက နယ်မြေ ၁၈၈ နဲ့ နယ်မြေ ၁၈၇ က ဆရာကြီးတွေကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်နိုင်မလား"
"မင်း ပြောတာ တကယ်ပဲ ဖြစ်နိုင်ချေ ရှိတယ်"
"ဒါပေမဲ့ နယ်မြေအချင်းချင်းကြား ပြိုင်ဆိုင်မှုတွေ ရှိနေတာဖြစ်လို့ ဆရာကြီးတွေက အလွယ်တကူ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့တော့ မထင်ဘူး"
"အာ... ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ မင်းပြောပြတဲ့ အချက်ကလည်း မှန်ပါတယ်"
"ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်တော့ ဒီနေ့ နယ်မြေ ၁၈၈ က လူတွေက အားနည်းနေသလိုပဲ၊ ဘာဖြစ်လို့ နောက်ထပ် တစ်ယောက်မှ အမှတ်စာရင်းပေါ် ထပ်ပြီး မရောက်လာကြသေးတာလဲ"
"နယ်မြေ ၁၈၈ မှာ ထိပ်ဆုံးက ဆရာကြီး လေးယောက်တောင် ရှိနေပြီပဲဥစ္စာ မင်းက ဘာတွေကို ထပ်ပြီး လိုချင်နေသေးတာလဲ။ လက်ရှိ ထိပ်ဆုံး ရှစ်ယောက်စာရင်းထဲမှာတင် နယ်မြေ ၁၈၈ က ထက်ဝက်ခန့်အထိ နေရာယူထားတာလေ"
"ဒါပေမဲ့ လူတိုင်းကတော့ နယ်မြေ ၁၈၈ အနေနဲ့ အခြားနယ်မြေတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြတာကိုပဲ ဆက်ပြီး မြင်တွေ့ချင်ကြတာဥစ္စာ"
"အဲ့တာက မင်းမြင်ချင်တာပါဟ။ စောင့်ကြည့်လိုက်ပါဦး၊ ထိပ်ဆုံး ဆယ်ယောက်စာရင်းရဲ့ နောက်ဆုံး နေရာနှစ်ခုကတော့ ငါတို့ နယ်မြေ ၂၃ အတွက်ပဲ ဖြစ်ရမယ်"
"ရယ်စရာကောင်းလိုက်တာ၊ နယ်မြေ ၁၈၈ က သေချာပေါက် ထိပ်ဆုံး ဆယ်ယောက်စာရင်းရဲ့ ထက်ဝက်ကို သိမ်းပိုက်ပြမှာပါ"
"မင်းက နယ်မြေ ၄၄ က ဖြစ်ပြီးတော့ ဘာဖြစ်လို့ နယ်မြေ ၁၈၈ ကို ဒီလောက်အထိဘောမနေတရတာလဲ"
"ငါက နယ်မြေ ၁၈၈ ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီးတော့ အချိန်မရွေး သစ္စာခံဖို့အတွက် အသင့်ရှိနေတဲ့သူပဲလေ"
မျှော်လင့်ထားသည့်အတိုင်းပင် လုဖေးအာ၏ နယ်မြေ ၁၈၇ သည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး နယ်မြေ ၁၈၇ ဟူသော အမည်နာမမှာလည်း ယခုတစ်ကြိမ်တွင် ကမ္ဘာကျော်သွားခဲ့ချေပြီ။
သို့သော်လည်း အိမ်နီးနားချင်း နယ်မြေတစ်ခု ဖြစ်သည့်အတွက် လူအများစုမှာ ဤကိစ္စသည် နယ်မြေ ၁၈၈ နှင့် သေချာပေါက် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေရမည်ဟု ထည့်သွင်းစဉ်းစားနေကြပေသည်။
အင်း...
၎င်းမှာ အမှန်တကယ်ပင် အနည်းငယ် ပတ်သက်မှု ရှိနေခဲ့ခြင်း ဖြစ်၏။
လုဖေးအာကိုယ်တိုင်မှာမူ ယခုအခါ သူမ၏ လက်ပတ်နာရီကို ပွတ်သပ်လျက် ကမ္ဘာလုံးဆိုင်ရာ ချန်နယ်နှင့် နယ်မြေ ၁၈၇ ချန်နယ်အတွင်းက လူများက မိမိအား ရူးသွပ်မတတ် ချီးမွမ်းထောပနာပြုနေကြသည်ကို ကြည့်ရှုရင်း မျက်နှာတွင် အလွန်ပင် ဂုဏ်ယူဝင့်ကြွားလှသော အပြုံးတစ်ခု ပေါ်ထွက်နေခဲ့ချေပြီ။
သူမသည် မိမိ၏ လက်ပတ်နာရီကို ရွှီရှင်းထံသို့ မြှင့်ပြလိုက်ပြီး
"ကျန်းသောက်ကွမ် က အခုတင်ပဲ ကျွန်မကို လှမ်းပြီး ဆက်သွယ်လာတယ်။ ကျွန်မ သူ့ကို ဘာမှ ပြန်မပြောရသေးဘူး။ သူ့ကို ဆီးနှင်းတောင်ကြီးရဲ့ အကြောင်းတွေ ပြောပြလိုက်ရမလား" ဟု မေးမြန်းလိုက်ပေသည်။
လက်ရှိအချိန်တွင်မူ လုဖေးအာသည် နယ်မြေ ၁၈၇ အတွင်း၌ တကယ့်ကို အလွန်ပင် ရေပန်းစားလှသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ချေပြီ။
အကယ်၍ သူမသာ ယခုအချိန်တွင် စကားပြောလိုက်မည်ဆိုပါက နယ်မြေ ၁၈၇ အတွင်းက ထိပ်တန်း ဆရာကြီးအားလုံးကို အလွယ်တကူပင် မိမိတို့ဖက်သို့ ဆွဲဆောင်စည်းရုံးနိုင်လိမ့်မည် ဖြစ်၏။
ထိုနယ်မြေကြီးသည် မိမိတို့နှင့် အလွန်ပင် နီးကပ်စွာ တည်ရှိနေခြင်းဖြစ်ပြီး မာဟုန်ဝေ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုနယ်မြေအတွင်း၌လည်း မိမိတို့အဖွဲ့၏ အင်အားကို ဖြည့်တင်းပေးနိုင်မည့် အထူးစွမ်းရည်ရှိသူ အချို့ သေချာပေါက် ရှိနေနိုင်ပေသည်။
သို့သော်လည်း လက်ရှိ အဓိက ဦးစားပေးရမည့် ကိစ္စမှာမူ ဆီးနှင်းတောင်တယ်လီပို့စနစ်ကြီးအား အသက်သွင်းရန် ဖြစ်ပေသည်။
"သူ့ကို လောလောဆယ် ဘေးဖယ်ထားလိုက် အားလုံးကို ဆီးနှင်းတောင်တယ်လီပို့စနစ်ကြီး အသက်ဝင်သွားပြီးမှပဲ ဆက်ပြီး စီမံကြတာပေါ့။ နင် တယ်လီပို့စနစ်ရဲ့ မှော်စာလုံး ပုံစံတွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ် မဟုတ်လား"
"အင်း... ငါ သေသေချာချာ မြင်ခဲ့ရပါတယ်"
လုဖေးအာက ခေါင်းညိတ်လိုက်ပြီးနောက် ဆိုဖာပေါ်မှ မတ်တပ်ရပ်လိုက်ကာ "ဒါဆို ငါ အခုပဲ သွားပြီး အသက်သွင်းလိုက်ရမလား" ဟု မေးလိုက်၏။
အခုလား...
ရွှီရှင်းသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်း၍ တစ်ချက်ကြည့်လိုက်မိပေသည်။
ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ကောင်းကင်ယံထက်တွင်မူ တောက်ပလှသော လပြည့်ဝန်းကြီးတစ်ခု သာယာစွာ ထွက်ပေါ်နေခဲ့သဖြင့် ပတ်ဝန်းကျင်က ကြယ်များ၏ အလင်းရောင်ကိုပင် သိသိသာသာ မှေးမှိန်သွားစေခဲ့၏။
မနေ့ကတုန်းက လမသာသော ညတစ်ညဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ တောက်ပလှသော လပြည့်ညတစ်ည ဖြစ်နေခဲ့ချေပြီ။
သို့သော်လည်း ဤမျှအထိ လင်းထိန်တောက်ပလှသော လပြည့်ဝန်းကြီး ရှိနေခြင်းကြောင့်သာ လရောင်များသည် ရေပြင်ကဲ့သို့ ဆီးနှင်းထုကြီးများပေါ်သို့ ဖြာကျနေခဲ့သဖြင့် ညဖက်အချိန်ဖြစ်သည့်တိုင်အောင် အဆင့်မြင့်အနီရောင်အသီးများကို စားသုံးရန် မလိုအပ်ဘဲ အပြင်ဘက်က မြင်ကွင်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း ဖြစ်ပေသည်။
သစ်ပင်အိမ်၏ အပြင်ဘက်က ကျယ်ပြန့်လှသော ဆီးနှင်းကန္တာရကြီးမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေခဲ့ပြီး နေ့ဖက်ကဲ့သို့ စူးရှလှသော အလင်းရောင်မျိုး မဟုတ်ပဲ နူးညံ့လှသော ဖြူလွလွ အလင်းပြန်မှုများကိုသာ ပေးစွမ်းနေသဖြင့် ညဖက်ဆီးနှင်းမြင်ကွင်းမှာ နေ့ဖက်ထက်ပင် များစွာ ပိုမိုလှပနေခဲ့ချေပြီ။
အတိုချုပ်ပြောရလျှင်မူ ယနေ့ညသည် လကွယ်ညတစ်ည မဟုတ်ပါချေ။
လက်ရှိမှာ ညဖက်အချိန်ဖြစ်သဖြင့် အပြင်သို့ ထွက်ခွာလှုပ်ရှားရန်အတွက် တကယ့်ကို အကောင်းဆုံး အချိန်ကောင်းတစ်ခု ဖြစ်နိုင်ပေသည်။
ဒါတင်မကသေးဘဲ တောင်ထိပ်ပေါ်က ကျောက်ဆစ်ရုပ်တုကြီးများသည်လည်း ညဖက်အချိန်တွင် ခွေဝပ်လျက် အိပ်စက်နေကြခြင်းဖြစ်သဖြင့် နေ့ဖက်က တိုက်ခိုက်တော့မည့် ကြောက်မက်ဖွယ် အမူအရာမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ အန္တရာယ်အဆင့်မှာတော်တော်လေး နည်းပါးလှပေသည်။
စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်း၌မူ ယခုအခါ လူတိုင်းမှာ ဆူညံစွာဖြင့် စကားပြောနေကြပြီ ဖြစ်၏။
ကျောက်ရှောင်ချွမ်း - "အစ်မဖေးအာ... တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူပါတယ်ဗျာ။ တစ်ကမ္ဘာလုံးရဲ့ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲမှာ နေရာတစ်ခုကို အပြတ်အသတ် သိမ်းပိုက်နိုင်ခဲ့တာပဲ"
အခန်း ၄၉၉ ပြီး။