← Chapters

အခန်း ၅၀၁

Vol. 34 Ch. 501

အခန်း ၅၀၁

Vol. 34 Ch. 501

အခန်း (၅၀၁) - ကောင်းကင်သို့ ထိုးတက်သွားသော ထူးဆန်းလှသော ဖြစ်စဉ်ကြီးနှင့် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှု

"စနေပြီ"

ရွှီရှင်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရသော်လည်း သူသည် မှော်စာလုံးပုံစံပေါ်မှ သူ၏ လက်ကိုတော့ ပြန်လည်ရုပ်သိမ်းခြင်းမျိုး မပြုလုပ်ခဲ့ပါပေ။

ထိုအချိန်တွင်ပင် တယ်လီပို့မှော်စာလုံးပုံစံကြီးသည် ရုတ်တရက် အလွန်ပြင်းထန်လှသော အပူချိန်များကို ထုတ်လွှတ်လာခဲ့ပြီး ထိုပြင်းထန်လှသော အပူဒဏ်နှင့် နာကျင်မှုသည် သူ၏ လက်ဖဝါးဆီသို့ ချက်ချင်းပင် လာရောက်ရိုက်ခတ်ပါတော့သည်။

"ပူလိုက်တာ"

လုဖေးအာသည် ချက်ချင်းပင် အလန့်တကြား အော်ဟစ်လိုက်ပြီး မိမိ၏ လက်ကို အမြန်ဆုံး နောက်သို့ ပြန်လည်ရုပ်သိမ်းလိုက်၏။

သူမသည် မျက်လုံးများကို ပြူးလျက် "ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်အထိ ပူသွားရတာလဲ" ဟု ဆိုလိုက်ပေသည်။

ဗီဇပြောင်းလဲထားသော ခန္ဓာကိုယ်ရှိသည့် လုဖေးအာကိုယ်တိုင်ပင်လျှင် မအောင့်ခံနိုင်လောက်အောင် ပြင်းထန်လှသော အပူဒဏ်ဖြစ်သဖြင့် ၎င်းသည် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ ခံနိုင်ရည်ရှိမည့် ပမာဏထက် များစွာ ပိုမိုလွန်ကဲလှပေသည်။

ထိုအပူချိန် ပေါ်ထွက်လာသည်နှင့်အမျှ ၎င်းတို့နှစ်ဦးစလုံးမှာလည်း မိမိတို့၏ လက်များကို လျင်မြန်စွာပင် နောက်သို့ ရုပ်သိမ်းလိုက်ကြရတော့၏။

ရွှီရှင်းသည် မိမိ၏ လက်ကိုမြှင့်၍ စစ်ဆေးကြည့်လိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် အပူလောင်ဖုများ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရပြီး အနှုတ် ၂၀ ဒီဂရီဝန်းကျင်ရှိသော ဤပတ်ဝန်းကျင် အခြေအနေမျိုး၌ပင် သူ၏ လက်ဖဝါးမှနေ၍ ရေနွေးငွေ့အချို့ တဖွဲဖွဲ ထွက်ပေါ်နေခဲ့ချေပြီ။

ဒီဆီးနှင်းတောင်ကြီးက တကယ်ပဲ ဘာတွေဖြစ်ပျက်နေတာလဲ...။

ထိုသံတံခါးကြီးကတော့ တကယ့်ကို အလွန်အေးစက်လွန်းလှပြီး ယခု ဤမှော်စာလုံးပုံစံကတော့ မအောင့်ခံနိုင်လောက်အောင် ပူပြင်းလှပေသည်။

ကံကောင်းထောက်မစွာဖြင့် ရွှီရှင်းနှင့် အခြားသောသူများ လက်ကို လွှတ်လိုက်ကြသည်မှာ မှန်သော်လည်း ထိုမှော်စာလုံးပုံစံသည် မှေးမှိန်သွားခြင်းမရှိဘဲ ၎င်းအစား ပို၍ပင် လင်းထိန်တောက်ပလာခဲ့ချေပြီ။

ဒါတင်မကသေးဘဲ ဧရာမကျောက်တိုင်ကြီး၏ အောက်ခြေမှနေ၍ တုန်ခါမှု အရှိန်အဟုန်မှာလည်း တဖြည်းဖြည်းနှင့် ပို၍ ပြင်းထန်လာနေခဲ့ပြီ ဖြစ်၏။

လုဖေးအာသည် အလိုအလျောက်ပင် ရွှီရှင်း၏ ဘေးနားဆီသို့ ကပ်သွားခဲ့မိပေသည်။

မိမိ၏ ခြေဖဝါးအောက်ခြေမှနေ၍ ပို၍ ထင်ရှားပြင်းထန်လာသော တုန်ခါမှုကြီးကို ခံစားလိုက်ရသဖြင့် သူမက သတိကြီးစွာဖြင့် "ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ တောင်တစ်ခုလုံး ဒီလောက်အထိ တုန်ခါနေရတာလဲ။ ဒီတောင်ထိပ်ကြီးက ပြိုကျတော့မှာလား မသိဘူး" ဟု ဆိုလိုက်ပေသည်။

ကျိချောင်းယန်သည်လည်း မျက်နှာတွင် လေးနက်တည်ကြည်လှသော အမူအရာဖြင့် အနားသို့ တိုးကပ်လာခဲ့ပြီး "ဒီတုန်ခါမှုကြီးက ကျောက်ဆစ်ရုပ်တုကြီးတွေကို သွားပြီး မနှိုးမိပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ" ဟု ဆိုလိုက်၏။

တုန်ခါမှု အရှိန်မှာ အဆမတန် ပြင်းထန်လာခဲ့ပြီဖြစ်ရာ ၎င်းတို့သုံးဦးစလုံးမှာ မြေပြင်ပေါ်၌ တည်ငြိမ်စွာ မတ်တပ်ရပ်နိုင်ရန်ပင် ခက်ခဲလာခဲ့ကြရပေသည်။

၎င်းတို့သုံးဦးစလုံး သတိပြုမိလိုက်သည်မှာ စက်ဝိုင်းပုံစံ မှော်စာလုံးပုံစံသုံးခုပေါ်က ခရမ်းနက်ရောင် အလင်းတန်းများသည် မြေပြင်အလိုက် စီးဆင်းသွားခဲ့ကြပြီး ၎င်းတို့ဝန်းရံထားသော အလယ်ဗဟိုက တြိဂံပုံစံ မှော်စာလုံးပုံစံရှိရာဆီသို့ ဦးတည်စီးဆင်းသွားကြခြင်း ဖြစ်၏။

ထိုတြိဂံပုံစံ မှော်စာလုံးပုံစံသည် မူလကတည်းကပင် ခရမ်းနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေခဲ့ခြင်းဖြစ်ရာ ထိုစွမ်းအင်သုံးကြောင်း ထပ်မံ၍ စီးဝင်သွားခဲ့သည့် ခဏ၌ပင် ၎င်း၏ အလင်းရောင်မှာ အဆပေါင်းများစွာ ပြင်းထန်တောက်ပလာခဲ့ပါတော့သည်။

အပေါ်၌ ဖြည်းညှင်းစွာ လည်နေခဲ့သော ခရမ်းနက်ရောင် ဝဲဂယက်ကြီးသည်လည်း ရုတ်တရက် ရေကန်ကြီးတစ်ခုကဲ့သို့ အောက်သို့ ထိုးဆင်းလာခဲ့ပြီး အောက်ခြေက တြိဂံပုံစံ မှော်စာလုံးကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ချေပြီ။

တစ်ခဏအတွင်းမှာပင် မှော်စာလုံးကြီး၏ အလင်းရောင်မှာ တကယ့်ကို လင်းထိန်တောက်ပသွားခဲ့ပါတော့သည်။

၎င်းမှာ မှောင်မည်းလှသော ခရမ်းနက်ရောင် အလင်းတန်းတစ်ခု ဖြစ်သည်မှာ မှန်သော်လည်း အလွန် စူးရှတောက်ပလွန်းလှသဖြင့် ရွှီရှင်းနှင့် အခြားသောသူများအနေဖြင့် ၎င်းကို တိုက်ရိုက်ကြည့်ရှုရန် လုံးဝ မဖြစ်နိုင်တော့ပါပေ။

ထိုခဏအတွင်းမှာတင် ရွှီရှင်း၏ မျက်လုံးအစုံမှာ အလွန် ကိုက်ခဲနာကျင်သွားခဲ့ရ၏။

သူသည် မိမိ၏ လက်တစ်ဖက်ဖြင့် မျက်လုံးများကို အမြန်ဆုံး ဖုံးကွယ်လိုက်ရပြီး ၎င်းတို့ကို တင်းကြပ်စွာ မှိတ်ထားလိုက်မိကာ ပြီးနောက် လက်ချောင်းကြားက ကွက်လပ်ကလေးများမှတစ်ဆင့် မှော်စာလုံးကြီး၏ ပြောင်းလဲမှုများကို အားယူ၍ ဆက်လက်စောင့်ကြည့်နေခဲ့ရပေသည်။

ထိုခရမ်းနက်ရောင် အလင်းတန်းသည် တကယ့်ကို ထူးထူးဆန်းဆန်း ပြောင်းလဲလာခဲ့ချေပြီ။

တြိဂံပုံစံ မှော်စာလုံးကြီးအတွင်း၌ ထူးဆန်းလှသော မှော်စာလုံးသင်္ကေတများ ပေါ်ထွက်လာခဲ့ပြီး ခရမ်းနက်ရောင် အလင်းတန်းများနှင့်အတူ တဖျတ်ဖျတ် လက်လာခဲ့ကြကာ အပြင်ဘက်သို့ အဆက်မပြတ် ပြန့်နှံ့လာခဲ့ကြ၏။

ခဏအတွင်းမှာပင် ရွှီရှင်းနှင့် အခြားသောသူများ၏ ခြေဖဝါးအောက်ခြေဆီသို့ ရောက်ရှိလာခဲ့ကြ၏။

ဤဧရာမကျောက်တိုင်ကြီး၏ အလယ်ဗဟိုနယ်ပယ် တစ်ခုလုံးသည် ထိုထူးဆန်းလှသော မှော်စာလုံးသင်္ကေတများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ရပြီး ၎င်းတို့ ရောက်ရှိသွားသည့် နေရာတိုင်းတွင် ခရမ်းနက်ရောင် အလင်းတန်းများ လင်းထိန်သွားခဲ့ကာ အပြင်ဘက်သို့ အဆက်မပြတ် ဆက်လက်၍ ပြန့်နှံ့သွားခဲ့ကြချေပြီ။

ကံကောင်းထောက်မစွာဖြင့် ဤကဲ့သို့ ပြန့်နှံ့သွားသော မှော်စာလုံးသင်္ကေတများ၏ အလင်းရောင်မှာ အလယ်ဗဟိုက တြိဂံပုံစံကြီးကဲ့သို့ ပြင်းထန်လွန်းခြင်းမရှိဘဲ သာမန်အလင်းရောင် အနေအထားမျှသာ ဖြစ်သည်။

ထိုသို့မဟုတ်ပါက ၎င်းတို့အနေဖြင့် မျက်လုံးကို လုံးဝ ဖွင့်နိုင်ကြတော့မည် မဟုတ်ပါချေ။

ရွှီရှင်း၏ စိတ်မှာ တင်းကြပ်သွားခဲ့ရ၏။

ဤမြင်ကွင်းသည် သူ့အတွက် တော်တော်လေး ရင်းနှီးကျွမ်းဝင်နေခဲ့ခြင်း ဖြစ်ပေသည်။

၎င်းသည် ကုန်းမြင့်အရင်းအမြစ်နယ်မြေတုန်းက ယဇ်ပလ္လင်ကြီးသည် ယဇ်ကောင်များကို စားသုံးပြီးနောက် ဧရာမကျောက်တိုင်ကြီးက တဖြည်းဖြည်းနှင့် နီမြန်းလာခဲ့သည့် အခြေအနေမျိုးနှင့် အနည်းငယ် ဆင်တူနေပေသည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဤမှော်စာလုံးသင်္ကေတများ၏ ပုံစံသည် ထိုသွေးရောင်မျဉ်းများ၏ ပုံစံမျိုး မဟုတ်ပါပေ။

"ဟိုတြိဂံပုံစံ မှော်စာလုံးသင်္ကေတတွေကို လုံးဝ လှမ်းမကြည့်နဲ့ဦး"

ကျိချောင်းယန်သည် ကိုယ်ကို ဘေးသို့ လှည့်လိုက်ရင်း "သူတို့တွေက မင်းရဲ့ စိတ်ဝိဉာဉ် အသိစိတ်တွေကို ဝါးမြိုပစ်လိမ့်မယ်" ဟု လှမ်း၍ အော်ဟစ်သတိပေးလိုက်ပေသည်။

သူသည် လက်တစ်ဖက်ဖြင့် မိမိ၏ မျက်လုံးများကို ဖုံးကွယ်ထားရင်း တစ်ပြိုင်နက်တည်းမှာပင် ခြေဖဝါးအောက်ခြေ၌ ပြန့်နှံ့နေသော မှော်စာလုံးသင်္ကေတများကို အသေအချာ စောင့်ကြည့်နေခဲ့မိ၏။

စိတ်ဝိဉာဉ် အသိစိတ်တွေကို ဝါးမြိုပစ်တယ် ဟုတ်လား။

သူကတော့ ဤကဲ့သို့သော ခံစားချက်မျိုးကို လုံးဝ မခံစားရပါပေ။

ရွှီရှင်းသည် လက်ချောင်းကြားမှတစ်ဆင့် ထိုတြိဂံပုံစံ မှော်စာလုံးကြီးရှိရာဆီသို့ နောက်ထပ်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ ထိုအလင်းရောင်သည် သူ၏ မျက်လုံးများကို အနည်းငယ် ကိုက်ခဲစေသည်မှာ မှန်သော်လည်း မိမိ၏ စိတ်အာရုံကို ဝါးမြိုသွားမည့် ခံစားချက်မျိုးတော့ လုံးဝ ရှိမနေပါချေ။

ထိုစဉ် သူ၏ လက်မောင်းကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ လာရောက်ဆွဲကိုင်ခြင်း ခံလိုက်ရသည်။

၎င်းမှာ လုဖေးအာ ဖြစ်ပေသည်။

သူမသည် မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားခဲ့ပြီး မျက်နှာမှာ ဖြူလျော့နေခဲ့ကာ နဖူးပြင်ပေါ်တွင်လည်း ချွေးစေးများ စတင်ထွက်ပေါ်နေခဲ့ပြီး နှုတ်ခမ်းလွှာများမှာလည်း အနည်းငယ် တုန်ရီနေခဲ့၏။

သူမ၏ ခန္ဓာကိုယ်မှာလည်း တည်ငြိမ်စွာ မတ်တပ်ရပ်နိုင်စွမ်းမရှိတော့ဘဲ ယိုင်နဲ့နေခဲ့ပြီး ခက်ခဲလှသော လေယူလေသိမ်းဖြင့် "ငါ... ငါ တော်တော်လေး မူးနေတယ်၊ ဒီခံစားချက်က...တယ်လီပို့ဂိတ်ကို ဖြတ်သန်းရတဲ့ ဘေးထွက်ဆိုးကျိုး ခံစားချက်မျိုးအတိုင်းပဲ" ဟု ဆိုရှာသည်။

သူမသည် မျက်လုံးများကို မှိတ်ထားလျက်ပင် မိမိ၏ ကျောပိုးအိတ်အတွင်းမှ ချီရွှယ်ဖေး ပေးထားသော ဆေးပုလင်းအသေးလေးကို ထုတ်ယူလိုက်ပြီး ဆေးလုံးတစ်လုံးကို သောက်လိုက်တော့သည်။

သို့သော်လည်း မည်သည့်သက်သာမှုမျိုးမျှ ရှိမလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူမသည် ဆေးလုံးအမြောက်အများကို တိုက်ရိုက်သွန်ထုတ်လိုက်ပြီး အကုန်လုံးကို အတူတူ သောက်ပစ်လိုက်ရာ ၎င်းက သူမ၏ မျက်နှာကို ပို၍ပင် ဖြူလျော့သွားစေခဲ့ချေပြီ။

ဘာအာနိသင်မှ ရှိမနေချေ။

ချီရွှယ်ဖေး ဖော်စပ်ထားသော မူးဝေမှုကို သက်သာစေနိုင်သည့် ဆေးလုံးသည် ဤခဏ၌ ၎င်း၏ အစွမ်းသတ္တိများကို အပြည့်အဝ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။

"မင်း ဘယ်လိုနေသေးလဲ"

ရွှီရှင်းသည် ဆီးနှင်းတောင်ကြီး၏ ပြင်းထန်လှသော တုန်ခါမှုကြောင့် လဲကျတော့မည့် လုဖေးအာအား ဘေးမှနေ၍ အမြန်ဆုံး တွဲထူပေးလိုက်ရင်း စိုးရိမ်ပူပန်စိတ်များဖြင့် မေးမြန်းလိုက်ပေသည်။

ဘာဖြစ်လို့ ဤကဲ့သို့ ဖြစ်ရသနည်း၊ ဤအလင်းရောင်ကြောင့်များလား မသိပါချေ။

"ငါ... ငါ တော်တော်လေးကို နေလို့မကောင်းဘူး၊ ငါ့စိတ်ထဲမှာ... တစ်စုံတစ်ခုကို လုပ်ချင်သလိုမျိုး..."

လုဖေးအာ၏ မျက်နှာတွင် အလွန်ပင် နာကျင်လှသော အမူအရာများ ပေါ်ထွက်နေခဲ့ပြီး ရွှီရှင်း၏ လက်မောင်းကို ဆွဲကိုင်ထားသော ခွန်အားများမှာလည်း တဖြည်းဖြည်းနှင့် လျော့နည်းလာခဲ့ကာ မျက်လုံးအစုံမှာလည်း စူးစိုက်မှုများ ဆုံးရှုံးစပြုလာခဲ့ချေပြီ။

သူမ၏ စကားလုံးများ မဆုံးခင်မှာပင် သူမ၏ လည်ပင်းပေါ်၌ သွေးရောင်မျဉ်းများမှာ အရှိန်အဟုန်ဖြင့် စတင်တက်လာခဲ့ကြတော့၏။

သူမသည် ဤအခရမ်းရောင် အလင်းတန်းအောက်တွင် တကယ့်ကို ပြင်းထန်လှသော ထိခိုက်မှုများကို ခံစားလိုက်ရခြင်း ဖြစ်ရမည်ဖြစ်ပြီး ၎င်းက သူမအား မိမိ၏ ပေါက်ကွဲ စွမ်းရည်ကိုပင် အတင်းအဓမ္မ ထုတ်လွှတ်စေမည့် အနေအထားသို့ ရောက်ရှိသွားစေခြင်း ဖြစ်၏။

ရွှီရှင်းသည် လုံးဝ တွေဝေမနေတော့ဘဲ သူမအား သူ၏ အာကာသလက်စွပ်အတွင်းသို့ ချက်ချင်းပင် ထည့်သွင်းသိမ်းဆည်းလိုက်တော့သည်။

လက်စွပ်၏ အတွင်းပိုင်းတွင်မူ သူမသည် ဤအလင်းရောင်များနှင့် ထိတွေ့ရတော့မည်မဟုတ်သဖြင့် သဘာဝအတိုင်း ၎င်း၏ သက်ရောက်မှုဘေးမှ လွတ်မြောက်သွားနိုင်လိမ့်မည် ဖြစ်၏။

သူမအနေဖြင့် ဤကိစ္စကြောင့် ပေါက်ကွဲစွမ်းရည် အတွင်းသို့ ဝင်ရောက်သွားခြင်းမျိုး မရှိပါစေနှင့်ဟုသာ မျှော်လင့်ရပေသည်။

သူနှင့် ကျိချောင်းယန်တို့သည်လည်း တစ်ဦးနှင့်တစ်ဦး ပို၍ နီးကပ်စွာ တိုးကပ်လိုက်ကြမိပေသည်။

"ရွှီရှင်း... မင်းကို ကြည့်ရတာတော့ အဲ့တာရဲ့ သက်ရောက်မှုကို လုံးဝ ခံရပုံမပေါ်ဘူးပဲ။"

ကျိချောင်းယန်၏ လေယူလေသိမ်းမှာ တော်တော်လေးကို ခက်ခဲပင်ပန်းနေခဲ့ချေပြီ။

သူ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာပင် ဖြူလျော့လာခဲ့ရပြီး မျက်မှောင်ကို တင်းကြပ်စွာ တွန့်ချိုးထားလျက် နားထင်ကို လက်ဖြင့် ဖိထားမိရာ ၎င်းပုံစံမှာ ခေါင်းကိုက်ခဲမှု ဝေဒနာကို သက်သာအောင် ပြုလုပ်နေသည့်အလား ဖြစ်ပြီး "ငါလည်း အခု တော်တော်လေးကို မူးဝေလာသလို ခံစားနေရပြီ" ဟု ဆိုရှာ၏။

သူလည်းပဲ သက်ရောက်မှုကို ခံလိုက်ရတာလား...။

ဖြစ်နိုင်သည်မှာ ယနေ့ သူရရှိထားသော စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှုသည် သူ့အား ကူညီပေးနေခြင်းကြောင့်လား မသိပါချေ။

"မင်း ဒီနေ့ ရထားတဲ့ ကျပန်းစွမ်းရည်မြှင့်တင်မှုက စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှု ဟုတ်ရဲ့လား"

ရွှီရှင်းသည် အခြေအနေကို ချက်ချင်းပင် လှမ်း၍ မေးမြန်းလိုက်၏။

အခန်း ၅၀၁ ပြီး။

All Chapters