အခန်း ၅၀၂
Vol. 34 Ch. 502
အခန်း (၅၀၂) - ကောင်းကင်သို့ ထိုးတက်သွားသော ထူးဆန်းလှသော ဖြစ်စဉ်ကြီးနှင့် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှု ၂
"မဟုတ်ဘူး ခွန်အားမြှင့်တင်မှုပဲ။"
ကျိချောင်းယန်သည် မိမိ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် မျက်လုံးအစုံမှာ အနည်းငယ် တောက်ပသွားခဲ့ကာ "မင်း ဒီနေ့ ရထားတဲ့ ကျပန်းစွမ်းရည်မြှင့်တင်မှုက စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှုမို့လို့ အဲ့တာရဲ့ သက်ရောက်မှုကို လုံးဝ မခံရတာလား" ဟု ဆိုလိုက်၏။
"အဲ့လိုပဲ ဖြစ်ရမယ်။"
ရွှီရှင်းသည် တြိဂံပုံစံ မှော်စာလုံးသင်္ကေတကို မျက်စိမှိတ်လျက် လှမ်းကြည့်လိုက်မိပေသည်။
ထိုမှော်စာလုံးသင်္ကေတသည် ဆက်လက်လင်းထိန်နေဆဲဖြစ်ပြီး ခရမ်းနက်ရောင် အစင်းကြောင်းရာများသည်လည်း အပြင်ဘက်သို့ အဆက်မပြတ် ဆက်လက်ပြန့်နှံ့နေခဲ့ချေပြီ။
လက်ရှိအချိန်တွင်မူ သူ၏ ဦးနှောက်အတွင်း၌ အဆက်မပြတ် လာရောက်ရိုက်ခတ်နေသော ဒဏ်ကို ရှင်းလင်းစွာ ခံစားနေရသော်လည်း ယခုအချိန်၌ သူ၏ စိတ်ဝိဉာဉ်ခွန်အားမှာ တကယ့်ကို သန်မာလွန်းလှသဖြင့် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို တိုက်ရိုက်ပင် အလွယ်တကူ ခုခံနိုင်ခြင်း ဖြစ်ပေသည်။
လုဖေးအာ၏ စောစောက ပုံသဏ္ဌာန်မှာလည်း သေချာပေါက် သူမ၏ စိတ်အာရုံမှာ ပြင်းထန်စွာ တိုက်ခိုက်ခြင်း ခံလိုက်ရသောကြောင့် ဖြစ်ရမည်။
ဗီဇပြောင်းသတ္တဝါများသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တကယ့်ကို သန်မာကြပြီး သာမန်သတ္တဝါများ မပိုင်ဆိုင်နိုင်သော အထူးစွမ်းရည်များ ရှိပြီး အအေးဒဏ်နှင့် အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြသည်မှာ မှန်သော်လည်း ၎င်းတို့၏ စိတ်ဝိဉာဉ်ခွန်အားမှာမူ မမျှော်လင့်ဘဲ အလွန် နုနယ်လှသဖြင့် ပတ်ဝန်းကျင်၏ သက်ရောက်မှုကို အလွယ်တကူ ခံရလေ့ ရှိပေသည်။
ယခုကြည့်ရသည်မှာ လုဖေးအာသည် ရွှီရှင်း ပေးထားသော ဆီးနှင်းကျားသစ်နှလုံးသားကို စားသုံးခဲ့ဖူးသည်ဆိုလျှင်ပင် သူမ၏ စိတ်ဝိဉာဉ်ခွန်အားမှာ "အလွန်ညံ့ဖျင်းသည်" အဆင့်မှ "ညံ့ဖျင်းသည်" အဆင့်သို့သာ အနည်းငယ် တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် မိမိ၏ စိတ်အာရုံကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်မှာ မှန်သော်လည်း ဤကဲ့သို့သော စိတ်ဝိဉာဉ်ခွန်အား တိုက်ခိုက်မှုမျိုးနှင့် တိုက်ရိုက် ကြုံတွေ့ရသည့်အခါတွင်မူ ချက်ချင်းပင် လဲပြိုသွားရရှာတော့သည်။
ယခုလည်း ထိုခရမ်းနက်ရောင် အလင်းတန်းကြောင့် အသက်အန္တရာယ်နီးသည်အထိ ဖြစ်သွားခဲ့ရသဖြင့် ပေါက်ကွဲစွမ်းရည်ကိုပင် အတင်းအဓမ္မ ထုတ်လွှတ်လိုက်ရခြင်း ဖြစ်၏။
သူ့အနေဖြင့် ဗီဇပြောင်းသတ္တဝါများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့တာလား မသိပါချေ။
ဤအတွေးစုံမှာ သူ၏ ဦးနှောက်အတွင်း၌ လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားခဲ့ပေသည်။
သူသည် ကျိချောင်းယန်အား လှမ်းကြည့်လိုက်ပြီး မိမိ၏ ညာဘက်လက်ကို မြှင့်လျက် "မင်းကိုပါ ငါ့ရဲ့ အာကာသလက်စွပ်ထဲ ထည့်ထားပေးဖို့ လိုမလား။ ဒီအာကာသလက်စွပ်ရဲ့ အတွင်းပိုင်းထဲမှာဆိုရင် ရှင်ကျန်သူတွေ ဝင်ရောက်နေနိုင်ပြီး အပြင်က အလင်းရောင်တွေရဲ့ သက်ရောက်မှုကိုလည်း လုံးဝ ခံရမှာ မဟုတ်ဘူး" ဟု ဆိုလိုက်ပေသည်။
ကျိချောင်းယန်၏ ခေါင်းမှာ ပြင်းထန်စွာ ကိုက်ခဲနေခဲ့သည်မှာ မှန်သော်လည်း ရွှီရှင်း၏ လက်စွပ်ကို မမျှော်လင့်ဘဲ လှမ်းကြည့်လိုက်မိပြီး "ရှင်ကျန်သူတွေကိုပါ သိမ်းဆည်းနိုင်တဲ့ ကိရိယာမျိုး တကယ် ရှိနေတာလား။ မလိုဘူး၊ ငါ ဒီနေ့အတွက် စွမ်းရည်မြှင့်တင်မှုကို မရွေးချယ်ရသေးဘူး။ ငါ အရင်က စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှုတစ်ခု ရခဲ့ဖူးတယ်" ဟု ဆိုရှာ၏။
ထိုသို့ပြောရင်း သူသည် မိမိ၏ လက်ပတ်နာရီကို ပွတ်သပ်လျက် ချက်ချင်း ဖွင့်လိုက်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်၌ ခရမ်းရောင် အလင်းတန်းများနှင့် ခရမ်းနက်ရောင် မှော်စာလုံးများ မြေပြင်အနှံ့ ပြန့်နှံ့နေခဲ့သည်မှာ မှန်သော်လည်း လက်ပတ်နာရီ၏ လုပ်ဆောင်ချက်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိဘဲ လိုင်းစနစ်မှာလည်း ကောင်းမွန်နေဆဲ ဖြစ်၏။
ကျိချောင်းယန်သည် ပုံရိပ်ယောင်စခရင်ကို ဖွင့်လိုက်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် ၎င်းပေါ်တွင် လျင်မြန်စွာ အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ကာ စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှုကို ချက်ချင်း ရွေးချယ်လိုက်တော့သည်။
တစ်ခဏအတွင်းမှာပင် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တင်းကြပ်စွာ တွန့်ထားသော မျက်မှောင်ကြီးမှာလည်း ပြန်လည်ပြေလျော့သွားခဲ့ချေပြီ။
"ဘယ်လိုလဲ၊ အများကြီး ပိုပြီးတော့ သက်တောင့်သက်သာ ရှိသွားပြီ မဟုတ်လား"
ရွှီရှင်းသည် သူ၏ နောက်၌ ခွေလျက် ဝတ်ပြုကိုးကွယ်နေကြဆဲဖြစ်သော ကျောက်ဆစ်ရုပ်တုကြီးများကို သေချာစွာ စူးစမ်းကြည့်ရှုရင်း တစ်ပြိုင်နက်တည်းမှာပင် လှမ်း၍ မေးမြန်းလိုက်၏။
"အခြေခံအားဖြင့်တော့ ပြန်သက်သာသွားပါပြီ။ ဒီခရမ်းနက်ရောင် အလင်းတန်းက စိတ်ဝိဉာဉ်ခွန်အားကို တိုက်ခိုက်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး"
ကျိချောင်းယန်သည် မိမိ၏ နားထင်ကို နှစ်ကြိမ်ခန့် ပြန်လည်ပွတ်သပ်လိုက်ပြီးနောက် လက်ရှိ ပတ်ဝန်းကျင်က အခြေအနေအားလုံးကို စတင်၍ အသေအချာ လိုက်လံကြည့်ရှု စစ်ဆေးပါတော့သည်။
ပတ်ဝန်းကျင်တွင်မူ ခရမ်းနက်ရောင် အစင်းကြောင်းရာများ ပြန့်နှံ့နေသည့် အခြေအနေမှာ ရပ်တန့်သွားခြင်းမရှိဘဲ အပြင်ဘက်သို့ ဆက်လက်၍ ပြန့်ကားနေဆဲ ဖြစ်၏။
မကြာမီမှာပင် ဆီးနှင်းတောင်ကြီး၏ တောင်ထိပ်နယ်ပယ်တစ်ခုလုံးသည် ထိုခရမ်းနက်ရောင် အစင်းကြောင်းရာများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားတော့မည် ဖြစ်ပေသည်။
ဒါတင်မကသေးဘဲ ဆီးနှင်းတောင်ကြီး၏ ငလျင်လှုပ်ခတ်သလို ပြင်းထန်လှသော တုန်ခါမှုကြီးမှာမူ ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားခဲ့ချေပြီ။
ဆီးနှင်းတောင်ကြီး၏ အလယ်ဗဟိုတွင် ရှိနေခဲ့ပြီး တောင်အောက်ခြေဆီသို့ တယ်လီပို့လုပ်ပြီး ဆင်းသက်နိုင်စွမ်းရှိသော ခရမ်းနက်ရောင် ဝဲဂယက်ကြီးမှာမူ လွန်ခဲ့သည့်အချိန်ကတည်းကပင် တြိဂံပုံစံ မှော်စာလုံးသင်္ကေတအတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။
ဆိုလိုသည်မှာ ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် တယ်လီပို့စနစ်ကို အသုံးပြုလျက် တောင်အောက်ခြေဆီသို့ ပြန်လည်ဆင်းသက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
အခြေအနေများ ပြောင်းလဲလာမည့် အချိန်ကိုသာ စိတ်ရှည်စွာဖြင့် ဆက်လက်စောင့်ဆိုင်းရုံပဲ ရှိတော့ပေသည်။
ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်က ကျောက်ဆစ်ရုပ်တုကြီးများမှာမူ မည်သည့်သက်ရောက်မှုမှ ရှိမနေကြပါပေ။
ကျောက်ဆစ်ရုပ်တုတစ်ခုတစ်လေတောင် လှုပ်ရှားခြင်းမရှိဘဲ ထိုရှူးပျံရုပ်တုကြီးသည်လည်း မနေ့ညကကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်မှော်စာလုံးများဖြင့် ဖုံးလွှမ်းလာခြင်းမျိုးမရှိကာ ဧရာမတောင်ကြီးနှင့်အတူ အသာအယာသာ လိုက်လံတုန်ခါနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ၎င်းတို့၏ ရှေ့မှောက်က မြင်ကွင်းမှာမူ တဖြည်းဖြည်းနှင့် ပို၍ ထူးဆန်းလှသော အနေအထားသို့ ပြောင်းလဲလာခဲ့ချေပြီ။
ဗီဇပြောင်းသတ္တဝါ အားလုံးသည် ခရမ်းနက်ရောင် အစင်းကြောင်းရာများဖြင့် ဖုံးလွှမ်းနေသော အေးစက်လှသော မြေပြင်ပေါ်၌ ခွေဝပ်နေကြပြီး အလယ်ဗဟိုက ခရမ်းနက်ရောင် အလင်းတန်းများကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေသော တြိဂံပုံစံ မှော်စာလုံးကြီးရှိရာဆီသို့ ဦးညွှတ်ကာ ဝတ်ပြုကိုးကွယ်နေကြခြင်း ဖြစ်ပေသည်။
ဤသည်မှာ အခြေခံအားဖြင့် မိစ္ဆာဂိုဏ်းတစ်ခုခု၏ အခမ်းအနား မြင်ကွင်းတစ်ခုနှင့် အလားသဏ္ဌာန် တူလွန်းလှပေသည်။
ထိုအလင်းရောင်သည်ပင်လျှင် ခရမ်းနက်ရောင် ဖြစ်နေခြင်းဖြစ်ရာ ဧရာမဘီလူးကြီး သို့မဟုတ် မိစ္ဆာနတ်ဆိုးကြီးတစ်ကောင်ကို ကိုးကွယ်နေကြသည့်အလား ခံစားချက်မျိုး ပေးစွမ်းနေသောကြောင့် ဖြစ်၏။
"ငါတို့ ဒီအလယ်ဗဟိုနယ်ပယ်နဲ့ နည်းနည်း ဝေးတဲ့နေရာဆီကို ပြောင်းကြရအောင်။"
ရွှီရှင်းသည် မိမိ၏ မျက်လုံးများကို လက်ဖြင့် ကာကွယ်ထားရင်း အလင်းရောင်များ ပြင်းထန်စွာ တောက်ပနေဆဲဖြစ်သော ထိုမှော်စာလုံးကြီးကို လှမ်းကြည့်ကာ ကျိချောင်းယန်အား "မကြာခင် ဒီပစ္စည်းပေါ်မှာ တစ်ခုခုထူးခြားမှု ထပ်ပြီး ဖြစ်လာတော့မယ်လို့ ငါ ခံစားနေရလို့ပါ" ဟု ဆိုလိုက်ပေသည်။
"ကောင်းပါပြီ။"
၎င်းတို့နှစ်ဦးစလုံးသည် ဧရာမကျောက်တိုင်ကြီး၏ အပြင် ဘက်ဆီသို့ ခြေလှမ်းများကို လှမ်းလျက် ဖြည်းဖြည်းချင်း လျှောက်ခဲ့ကြတော့သည်။
ကွက်တိပင် ထိုခဏ၌ ဧရာမကျောက်တိုင်ကြီး၏ တောင်ထိပ်နယ်ပယ်တစ်ခုလုံးသည် ခရမ်းနက်ရောင် အစင်းကြောင်းရာများဖြင့် ရာနှုန်းပြည့် ဖုံးလွှမ်းသွားခဲ့ချေပြီ။
အစင်းကြောင်းရာ အားလုံးထံမှနေ၍ ရုတ်တရက် စူးရှတောက်ပလှသော အလင်းတန်းများ ပြင်းထန်စွာ ဖြာထွက်လာခဲ့ပြီး ၎င်းနောက်တွင်မူ ခြေဖဝါးအောက်ခြေက ဧရာမကျောက်တိုင်ကြီးတစ်ခုလုံးသည် ပြင်းထန်လှသော လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သဖြင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့မှာ မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားခဲ့ရပေသည်။
၎င်းနောက်တွင်မူ ဧရာမကျောက်တိုင်ကြီးတစ်ခုလုံးသည် ပုံမှန်ကြိမ်နှုန်းတစ်ခုဖြင့် တည်ငြိမ်စွာဖြင့် အောက်သို့ စတင်၍ လှုပ်ရှားတုန်ခါလာခဲ့ပါတော့သည်။
"မင်း အဲ့တာကို ခံစားမိလား"
ရွှီရှင်းသည် ထိုဧရာမကျောက်တိုင်ကြီးကို ကြည့်ရင်း မျက်လုံးအစုံ၌ တုန်လှုပ်ခြောက်လှန့်မှုများနှင့် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်လျက် မေးလိုက်မိ၏။
"ငါ ခံစားမိပါတယ်။"
ကျိချောင်းယန်၏ မျက်နှာအမူအရာမှာလည်း အလွန်ပင် ထိတ်လန့်အံ့သြသွားခဲ့ရပေသည်။
ခဏအတွင်းမှာတင် ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ ခြေဖဝါးအောက်ခြေ၌ ပေါ့ပါးသွားသော ခံစားချက်မျိုးကို ပြိုင်တူ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
၎င်းသည် အခြေခံအားဖြင့် ဓာတ်လှေကားတစ်ခု အောက်သို့ စတင်ဆင်းသက်လိုက်သည့် ခဏ၌ ဖြစ်ပေါ်လေ့ရှိသော ကမ္ဘာမြေဆွဲအားမဲ့သလို ခပ်ပေါ့ပေါ့ ခံစားချက်မျိုးနှင့် တစ်ထေရာတည်း တူညီလွန်းလှပေသည်။
ဒီအရာကြီးက...
တကယ်ကြီးတော့ မဟုတ်လောက်ဘူး မဟုတ်လား။
၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြမိပြီးနောက် ဧရာမကျောက်တိုင်ကြီး၏ အစွန်းဆီသို့ အရှိန်ဖြင့် ပြေးသွားခဲ့ကြမိပေသည်။
၎င်းတို့သည် ကျောက်ဆစ်ရုပ်တုအုပ်စုကြီးကြားထဲမှနေ၍ လျင်မြန်စွာ ဖြတ်သန်းပြေးလွှားခဲ့ကြပြီး ဧရာမကျောက်တိုင်ကြီး၏ အစွန်းမှချောက်ကမ်းပါးနေရာသို့ ရောက်ရှိသွားခဲ့ကြ၏။
ရွှီရှင်းသည် အောက်ခြေက မြင်ကွင်းဆီသို့ ချက်ချင်းပင် ငုံ့ကြည့်လိုက်မိတော့သည်။
တောင်ကုန်း၏ လမ်းခုလတ်၌ ဖုံးလွှမ်းနေခဲ့သော မီတာရာဂဏန်းခန့် ထူထဲလှသည့် တိမ်တိုက်လွှာကြီးမှာမူ ယခုအခါ၌ လုံးဝ အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ မျက်စိဖြင့် အောက်ခြေက မြေပြင်မြင်ကွင်းကို တိုက်ရိုက်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ချေပြီ။
၎င်းတို့အနေဖြင့် မီတာ ၁၈၀၀ ခန့် မြင့်မားလှသော အပေါ်မှနေ၍ အောက်ခြေမြေပြင်က အသေးစိတ် အခြေအနေများကို အသေအချာ မမြင်တွေ့နိုင်ကြသည်မှာ မှန်သော်လည်း ၎င်းတို့နှစ်ဦးစလုံး သေသေချာချာ မြင်တွေ့လိုက်ရသည်မှာ အောက်ခြေက မြေပြင်ကြီးသည် မိမိတို့နှင့် တဖြည်းဖြည်းနှင့် ပို၍ နီးကပ်လာနေခဲ့ခြင်း ဖြစ်ပေသည်။
ဧရာမကျောက်တိုင်ကြီး၏ အောက်ခြေတွင် ရှိနေသော ထူထဲလှသည့် ဆီးနှင်းထုကြီးများသည်လည်း ယခုအခါ ပြင်းထန်စွာ လိမ်ကျိုးသွားခဲ့ကြပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက် အောက်ခြေဆီသို့ အုပ်စုလိုက်ကြီး ပြိုကျပျက်စီးနေခဲ့ကြချေပြီ။
ဤဧရာမကျောက်တိုင်ကြီးတစ်ခုလုံးသည် အောက်သို့ နစ်မြုပ်နေခဲ့ခြင်း ဖြစ်ပေသည်။
၎င်းသည် အမှန်တကယ်ပင် မြေအောက်ကမ္ဘာအတွင်းသို့ ပြန်၍ ဝင်ရောက်တော့မည် ဖြစ်ရမည်။
"ဒုန်း..."
ဧရာမကျောက်တိုင်ကြီး၏ အောက်ခြေကိုယ်ထည်ပိုင်းမှနေ၍ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တောင်ကြီးတစ်ခုလုံးသည် နောက်ထပ်တစ်ကြိမ် ထပ်၍ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြန်၏။
၎င်းတို့နှစ်ဦးစလုံးမှာမူ ဟန်ချက်ပျက်လျက် ယိုင်နဲ့သွားခဲ့ကြပြီး ထို့နောက်တွင်တော့ ခြေဖဝါးအောက်ခြေ၌ ပေါ့ပါးသွားသော ခံစားချက်မျိုး နောက်ထပ်တစ်ကြိမ် ထပ်၍ ပြင်းထန်စွာ ပေါ်ထွက်လာခဲ့ပါတော့သည်။
အခန်း ၅၀၂ ပြီး။