အခန်း ၅၀၃
Vol. 34 Ch. 503
အခန်း (၅၀၃) - ကောင်းကင်သို့ ထိုးတက်သွားသော ထူးဆန်းလှသော ဖြစ်စဉ်ကြီးနှင့် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှု (၃)
"သတိထားဦး"
ကျိချောင်းယန်သည် ဧရာမကျောက်တိုင်ကြီး၏ ချောက်ကမ်းပါးအစွန်း၌ မတ်တပ်ရပ်နေသော ရွှီရှင်းကို လှမ်း၍ ဆွဲလိုက်ပေသည်။
၎င်းတို့၏ မြင်ကွင်းအတွင်း၌ ဆီးနှင်းကန္တာရကြီးနှင့် ပိုမိုနီးကပ်လာသော အရှိန်အဟုန်မှာ သိသိသာသာ မြင့်တက်လာခဲ့ချေပြီ။
ဤဧရာမကျောက်တိုင်ကြီးတစ်ခုလုံးသည် ပို၍ပင် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် အောက်သို့ နစ်မြုပ်နေခဲ့ခြင်း ဖြစ်၏။
ဤဧရာမကျောက်တိုင်ကြီးတစ်ခုလုံးသည် မြေအောက်ထဲသို့ တစ်ကယ် ပြန်လည်နစ်မြုပ်ဝင်ရောက်တော့မည်လား မသိချေ။
"ငါတို့ ငြိမ်ငြိမ်လေး စောင့်ရုံပဲ ရှိတော့တယ်။"
ဧရာမကျောက်တိုင်ကြီး၏ ပြင်းထန်လှသော တုန်ခါမှုကြောင့် ၎င်းတို့နှစ်ဦးစလုံး မြေပြင်ပေါ်၌ တည်ငြိမ်စွာ မတ်တပ်ရပ်နိုင်ရန် ခက်ခဲလွန်းလှသဖြင့် ဘေးကင်းစေရန်အတွက် အလယ်ဗဟိုဘက်ဆီသို့ ခြေလှမ်းအနည်းငယ် ရောက်အောင်လှမ်းခဲ့ကြမိပေသည်။
ကွက်တိပင် ထိုခဏ၌ ၎င်းတို့နှစ်ဦးစလုံး၏ လက်ပတ်နာရီများမှာ ပြိုင်တူ တုန်ခါလာခဲ့ကြချေပြီ။
ရွှီရှင်းသည် လက်ကိုမြှင့်၍ ကြည့်ရှုလိုက်ရာ ၎င်းမှာ လီဝမ်ရှီးထံမှ ဖုန်းခေါ်ဆိုလာခြင်း ဖြစ်ပေသည်။
"ရွှီရှင်း... အပေါ်မှာ ရှိလားဟင်"
လီဝမ်ရှီး၏ လေယူလေသိမ်းမှာ တကယ့်ကို စိုးရိမ်ပူပန်မှုများဖြင့် တင်းကြပ်နေရှာ၏။
"ငါ ရှိပါတယ်။"
"အာ... နင် အဆင်ပြေနေတာပဲ။ ကောင်းလိုက်တာ"
ရွှီရှင်း၏ အသံကို ကြားလိုက်ရသည့် ခဏ၌ပင် လီဝမ်ရှီး၏ စိုးရိမ်နေသော စိတ်မှာ ချက်ချင်း ပြန်လည်ပြေလျော့သွားခဲ့ပြီး "ဆီးနှင်းတောင်ကြီးက အောက်ကို စပြီး နစ်မြုပ်နေပြီ။ နင်တို့ တောင်ပေါ်ကနေ မထွက်ရသေးဘူး မဟုတ်လား" ဟု လှမ်း၍ ဆိုရှာပေသည်။
ရွှီရှင်း၏ တည်နေရာမှနေ၍ အောက်ခြေက မြင်ကွင်းကို အသေအချာ ရှင်းလင်းစွာ မမြင်တွေ့နိုင်သည်မှာ မှန်သော်လည်း လီဝမ်ရှီး ရှိနေသော နေရာဖြစ်သည့် သူ၏ သစ်ပင်အိမ်မှနေ၍ ကြည့်မည်ဆိုပါက ထိုဧရာမကျောက်တိုင်ကြီးတစ်ခုလုံး၏ အမြင့်သည် နားကွဲမတတ် ပြင်းထန်လှသော မြည်ဟီးသံကြီးများနှင့်အတူ တဖြည်းဖြည်းနှင့် ကျဆင်းနေသည်ကို အထင်အရှား မြင်တွေ့နေရခြင်း ဖြစ်ပေသည်။
"ငါတို့ လက်ရှိ အပေါ်မှာပဲ ရှိနေဆဲပါ၊ ဒါပေမဲ့ စိုးရိမ်မနေပါနဲ့ဦး၊ ငါတို့ ဘာမှမဖြစ်ပါဘူး။အဲ့တာက တယ်လီပို့စနစ်ကြီး အသက်ဝင်ဖို့ လုပ်ဆောင်နေတဲ့ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ရမယ်"
ရွှီရှင်းသည် ပတ်ဝန်းကျင်က ကျောက်ဆစ်ရုပ်တုကြီးများ ပြဿနာရှာလာမည်ကို အစိုးရိမ်ဆုံးဖြစ်သော်လည်း ၎င်းတို့မှာမူ မည်သည့်သက်ရောက်မှုမျှ ရှိပုံမပေါ်ပါပေ။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
"နင် အခုချက်ချင်း ဒီဖက်ကို လုံးဝ လာမကြည့်နဲ့ဦးနော်၊ ပတ်ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်လို့ပါ။ အားလုံး ပြီးသွားတဲ့ အခါကျမှ ငါ နင့်ကို ပြန်ပြီး ဆက်သွယ်လိုက်ပါ့မယ်"
"ကောင်းပါပြီ၊ သေချာ သတိထားဦးနော်"
အခြားတစ်ဖက်တွင် ရှိနေသော ကျိချောင်းယန်သည်လည်း စကားအနည်းငယ် ပြောလိုက်ပြီးနောက် ဖုန်းကို ချက်ချင်း ချလိုက်ပေသည်။
၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြမိပြီး နှစ်ဖက်စလုံး၏ မျက်လုံးများအတွင်းက လေးနက်တည်ကြည်မှုများကို အသေအချာ မြင်တွေ့လိုက်ရ၏။
ဤကဲ့သို့သော အခြေအနေမျိုးသည် လူကို တကယ့်ကို စိုးရိမ်ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။
သို့သော်လည်း အခြားနည်းလမ်း မရှိတော့ပါပေ။
လက်ရှိအချိန်၌ ဤဆီးနှင်းတောင်ကြီး လုံးဝ ပြီးဆုံးအောင် နစ်မြုပ်သွားမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းရုံမှတစ်ပါး အခြားတတ်နိုင်တာ မရှိသောကြောင့် ဖြစ်၏။
၎င်းတို့နှစ်ဦးသည် တိတ်ဆိတ်စွာဖြင့်သာ ဆက်လက်စောင့်ဆိုင်းနေခဲ့ကြမိပေသည်။
ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက်ပိုင်းတွင်မူ အခြေအနေများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ။
ယခုအချိန်၌ ဆီးနှင်းတောင်ထိပ်မှနေ၍ မြေပြင်အထိ အကွာအဝေးမှာ နောက်ဆုံး မီတာတစ်ရာခန့်သာ ကျန်ရှိတော့ခြင်းဖြစ်ပြီး တုန်ခါမှု အရှိန်အဟုန်မှာလည်း ဖြည်းဖြည်းချင်း လျော့နည်းသွားခဲ့ကာ အောက်သို့ သက်ဆင်းသည့် အရှိန်မှာလည်း နှေးကွေးသွားခဲ့ချေပြီ။
စုစုပေါင်း နစ်မြုပ်သွားသည့် အချိန်ကာလဖြင့် တွက်ချက်ကြည့်မည်ဆိုပါက ဤဆီးနှင်းတောင်ကြီးသည် မမျှော်လင့်ဘဲ တစ်စက္ကန့်လျှင် ငါးမီတာနီးပါးခန့် အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးဆင်းသွားခဲ့ခြင်း ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် မြေပြင်နှင့် နီးကပ်လာသည်နှင့်အမျှ အရှိန်မှာ ဖြည်းဖြည်းချင်း နှေးကွေးသွားခဲ့ခြင်း ဖြစ်၏။
၎င်းတို့နှစ်ဦးစလုံးအနေဖြင့် မိမိတို့၏ ခေါင်းကို ငုံ့ကြည့်ရန်မလိုအပ်ဘဲ ရှေ့မျက်နှာစာတည့်တည့်၌ ဖြူလွလွ ဆီးနှင်းပြင်ကြီးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ကြချေပြီ။
မြေပြင်နှင့် ခုနစ်မီတာ ရှစ်မီတာခန့်သာ ကွာဝေးတော့သည့် အချိန်သို့ ရောက်ရှိသည့်အခါ ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြကာ ပြီးနောက် မြေပြင်ပေါ်သို့ ချက်ချင်းပင် ပြိုင်တူ ခုန်ချလိုက်ကြတော့သည်။
၎င်းတို့ ထပ်၍ စောင့်ဆိုင်းမနေနိုင်ကြတော့ပါပေ။
နောက်ပိုင်းတွင် မည်သို့သော ကိစ္စရပ်မျိုး ထပ်မံဖြစ်ပေါ်လာဦးမလဲဆိုသည်ကို မည်သူမှ မသိရှိနိုင်သောကြောင့် ဖြစ်၏။
၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ ဆီးနှင်းလျှောစီးဘုတ်များကို အမြန်ဆုံး ဆွဲထုတ်လိုက်ကြပြီး ခြေဖဝါးဖြင့် နင်းလိုက်ကြရာ ဖုန်းခနဲ မြည်ဟီးသံနှင့်အတူ ဆီးနှင်းပြင်ပေါ်သို့ တည်ငြိမ်စွာဖြင့် အောင်မြင်စွာရောက်သွားခဲ့ကြ၏။
ထို့နောက် အပြင်ဘက်သို့ မီတာအနည်းငယ်ခန့် ဆက်လက်လျှောစီးသွားခဲ့ကြပြီးမှ ကိုယ်ကိုပြန်လှည့်လျက် ဆီးနှင်းတောင်ကြီးရှိရာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်ကြတော့သည်။
ဤဆီးနှင်းတောင်ကြီးတစ်ခုလုံးသည် အခြေခံအားဖြင့် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ချေပြီ။
ဆီးနှင်းတောင်ကြီးသည် လုံးဝ အကြွင်းမဲ့ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။
သို့သော်လည်း အောက်သို့ သက်ဆင်းသည့် အရှိန်မှာမူ ရပ်တန့်သွားခြင်း မရှိသေးပါပေ။
မူလက ဆီးနှင်းတောင်၏ ထိပ်ဆုံးတွင် ရှိနေခဲ့သော နယ်မြေပမာဏသည် မြေပြင်အောက်ခြေဆီသို့ ဆက်လက်၍ နစ်မြုပ်ဝင်ရောက်နေခဲ့ခြင်း ဖြစ်ပေသည်။
၎င်းသည် အောက်သို့ ဆက်လက်နစ်မြုပ်နေဆဲ ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်၌ နစ်မြုပ်သည့် အရှိန်အဟုန်မှာ သိပ်ပြီး မမြန်ဆန်လှတော့ပဲ လေးမီတာ ငါးမီတာခန့် ထပ်မံနစ်မြုပ်သွားပြီးနောက်ပိုင်းတွင်မူ တုန်ခါမှုကြီးမှာ လုံးဝ ရပ်တန့်သွားခဲ့ချေပြီ။
ခရမ်းနက်ရောင် အစင်းကြောင်းရာများနှင့် ကျောက်ဆစ်ရုပ်တုကြီးများဖြင့် ဖုံးလွှမ်းနေခဲ့သော ဆီးနှင်းတောင်ထိပ်က နေရာတစ်ခုလုံးသည် နောက်ဆုံး၌ ငါးမီတာခန့် နက်ရှိုင်းလှသော ဧရာမမြေကျင်းကြီးတစ်ခုအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့တော့သည်။
ထိုအတွင်း၌မူ မရေမတွက်နိုင်သော ကျောက်ဆစ်ရုပ်တုကြီးများမှာ အလယ်ဗဟိုဆီသို့ ဦးညွှတ်လျက် ဝတ်ပြုကိုးကွယ်နေကြသည့် ပုံစံမျိုးအတိုင်း ဖရိုဖရဲ ရှိနေကြပေသည်။
အင်း...
၎င်းမြင်ကွင်းမှာ မြေအောက်က စစ်သည်တော်ရုပ်တုကျင်းကြီးများ နှင့် အနည်းငယ် အလားသဏ္ဌာန် တူလှပေသည်။
၎င်းတို့နှစ်ဦးစလုံး စိတ်ထဲကနေ တုံ့ပြန်ရန် အချိန်မရသေးခင်မှာပင် ရုတ်တရက် ထိုနေရာတစ်ခုလုံး၌ ရှိနေသော ခရမ်းရောင် မှော်စာလုံးမျဉ်းကြောင်းအားလုံးသည် အလယ်ဗဟိုက တြိဂံပုံစံ မှော်စာလုံးသင်္ကေတ ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပြန်လည်၍ စုစည်းသွားခဲ့ကြပါတော့သည်။
၎င်းမှာ အခြေခံအားဖြင့် ရေလှိုင်းကြီးများသည် ဝဲဂယက်အတွင်းသို့ တစ်ရှိန်ထိုး စီးဝင်သွားသည့်အလား တကယ့်ကို လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်ပေသည်။
ခရမ်းနက်ရောင် အစင်းကြောင်းရာအားလုံး လုံးဝ အကြွင်းမဲ့
ပျောက်သွားခဲ့ပြီးနောက်ပိုင်းတွင်မူ တြိဂံပုံစံ မှော်စာလုံးကြီး၏ အတွင်းမှနေ၍ ခရမ်းနက်ရောင် အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံထက်သို့ ရုတ်တရက် ဒုန်းခနဲ ထိုးတက်သွားခဲ့ပါတော့၏။
၎င်းမှာ တကယ့်ကို ထူထဲလှသော လေဆာတန်းကြီးတစ်ခုနှင့် အလားသဏ္ဌာန် တူလှပြီး အပေါ်သို့ တည့်တည့်ထိုးတက်သွားခဲ့ကာ လေထုအလွှာကြီးကို ဖြတ်သန်းလျက် မီတာသောင်းဂဏန်းခန့် မြင့်မားလှသော ကောင်းကင်ယံထက်ဆီသို့ ပြင်းထန်စွာ ချဉ်းကပ်သွားခဲ့ချေပြီ။
ထိုခဏအတွင်းမှာတင် တစ်ကမ္ဘာလုံး၌ ရှိနေကြသော ရှင်ကျန်သူအားလုံးသည် ကောင်းကင်ယံထက်သို့ ထိုးတက်သွားခဲ့သော ထိုခရမ်းနက်ရောင် အလင်းတန်းကြီးကို ပြိုင်တူ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရပါတော့သည်။
ကမ္ဘာတစ်ခုလုံးသည်လည်း ထိုခရမ်းနက်ရောင် အလင်းတန်းကြီးကြောင့်လင်းထိန်တောက်ပသွားခဲ့ရတော့၏။
အခန်း ၅၀၃ ပြီး။