← Chapters

ကြယ်သံလိုက်အိမ်မြှောင်

Vol. 008 Ch. 357

ကြယ်သံလိုက်အိမ်မြှောင်

Vol. 008 Ch. 357

မြေပြင် အဆုံးသတ်သွားသည့် ပေတစ်ရာလောက်၌ မြေပြင်ပေါ်ရှိ ရေခဲတိုင်လုံးအချို့နှင့် ဆက်သွယ်ထားသည့် အပြာရောင် ရေခဲမြစ်တစ်ခု တည်ရှိနေသည်။

သည်ရေခဲမြစ်က မြေပြင်နှင့် ဆက်သွယ်ထားသည်။ သို့သော် ၎င်းက မြေပြင်အထက် ဟင်းလင်းပြင်ထဲ၌ မြောလွင့်နေခြင်းသာ ဖြစ်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက ပြောလိုက်၏။ “အစ်ကိုချီဟူ… ဒီအစိတ်အပိုင်းရဲ့ ပထမအလွှာနဲ့ ပတ်သက်လို့ တစ်ခုခု ထူးခြားတာရှိလား။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်တွေက ဒီနေကိုလာပြီး စုစည်း နေကြတာလား..”

ချီဟူက မှင်တက်သွားသည်။ “ဒီအစိတ်အပိုင်းက အလွန်ပျက်စီးနေခဲ့ပြီ။ ဒါကြောင့်လည်း ဒီနေရာမှာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တွေ မကျန်နိုင်တော့ဘူး။ ငါ့ဘိုးဘေး ရှီဇူးကတော့ ဒါနဲ့ပတ်သက်လို့ ထူးထူးထွေထွေ မဖော်ပြထားခဲ့ဘူး။ အန္တရာယ်ရှိတယ်လို့ပဲ ပြောခဲ့တယ် …”

ဝမ်လင်းက တည်ငြိမ်စွာဖြင့် သူ့ရှေ့ရှိ အကွာအဝေးတစ်ခုကို လှမ်းကြည့်၍ မေးလိုက်ပြန်သည်။ “ဒီလိုဆိုတော့လည်း ငါမေးစရာ မရှိတော့ပါဘူး …”

အနီရောင်လိပ်ပြာက ဝမ်လင်းကို သိမ်းကျုံးကြည့်သည်။ သို့သော် စကားတစ်ခွန်းမှတော့ ဆိုခြင်းမပြုပေ။ သူမက တစ်ချက် လှုပ်ရှားလိုက်ရာ ပေတစ်ရာအကွာကို လွယ်ကူစွာ ဖြတ်သန်းသွားပြီး ရေခဲမြစ်ပေါ်၌ ခြေချလိုက်သည်။ ချီဟူက အသက်ဝဝရှူ၍ သူလည်းပဲ ထိုသို့လုပ်ဆောင်၏။ သူက လေထဲသို့ ရောက်နေစဉ်မှာပင် ဝမ်လင်းကလည်း ခုန်တက်လာပြီး သူတို့နှစ်ယောက်က ဘေးချင်းတိုက် ခြေချမိသွားကြသည်။

သူက ရေခဲမြစ်ပေါ်သို့ ဆင်းသက်လိုက်သည့် အခါတွင် အေးစက်သည့် လှိုင်းများက သူ့ခန္ဓာကိုယ်ထဲ၌ ဖြတ်သန်းသွားသည်။ သူက စိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်၍ အအေးစွမ်းအင်များကို ဖယ်ရှား ပစ်လိုက်ရသည်။

ချီဟူက ပြုံးလိုက်သည်။ “ငါတို့က အနီရောင်လိပ်ပြာရဲ့ နည်းစနစ်ကို ဒီနေရာမှာ လိုအပ်နေပြီ…”

အနီရောင် လိပ်ပြာက စကားတစ်ခွန်းမှ မဆိုပေ။ သူမက ရှေ့သို့ တိုးသွားစဉ် ချီဟူက ဝမ်လင်းအား ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။

အနီရောင်လိပ်ပြာက ရေခဲမြစ်ကို လျင်မြန်စွာ ဖြတ်သန်း၍ ပျံသန်းနေသည်။ သူတို့က ပိုဝေးဝေး ရောက်လေလေ အေးစက်မှုက ပို၍ ပြင်းထန်သည်ထက် ပြင်းထန်လာသည်။

အေးစက်စက် လေများက သူတို့အရိုးများထဲသို့ပင် ထိုးဖောက်လာခဲ့၏။

သူတို့သုံးယောက် ထွက်ခွာသွားပြီးနောက် သက်လတ်ပိုင်း လူကြီးတစ်ယောက်လည်း မြေပြင်နှင့် ရေခဲမြစ် ဆက်သွယ်ထားသည့် နေရာသို့ ရောက်လာခဲ့၏။ သူက ဘူးသီးခြောက်ထဲမှ အရက်တစ်ငုံသောက်၍ ခပ်တိုးတိုပြောသည်။ “ထန်အာ … ငါက ကောင်းကင်ဘုံ ကျောက်စိမ်းပြားတစ်ခု ရပြီးရင် ငါတို့ထွက်သွားနိုင်မယ်။ ငါ့လိုပဲ ဟင်္သာပြဒါးဂြိုဟ်က သုံးယောက်က ဒီနေရာကို ရောက်နေကြတယ်။ သူတို့က ငါနဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ယှဉ်လုရဲရင် ငါက သူတို့ကို သတ်ရလိမ့်မယ်…”

သူက ထိုသို့ ပြောလိုက်ပြီးနောက် ရှေ့သို့ တဖြည်းဖြည်း ဆက်ရွှေ့သွားသည်။

သူတို့သုံးယောက်က ရေခဲမြစ်ကို လျင်မြန်စွာ ဖြတ်ကျော် ပျံသန်းလာကြသည်။ တတိယမြောက်နေ့တွင် ဝမ်လင်းက အပြာရောင် မြူနံရံတစ်ခုကို တွေ့ရှိလိုက်၏။ သည်နံရံက ကောင်းကင်နှင့် မြေကြီးရှိ ဝါးမျိုခြင်းတစ်ခုလို တည်ရှိနေသည်။ သူတို့က ထိုနံရံနှင့် နီးကပ်လာကြသည်။

ချီဟမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ရှင်းပြလိုက်သည်။ “ရေခဲမြစ်ရဲ့ မြူအေးတွေ၊ ဒီမြူတွေက အဆုံးစွန် အအေးစွမ်းအင်တွေ ပါဝင်နေတယ်။ အနီရောင်လိပ်ပြာ နင့်အပေါ်မူတည်သွား ပြီ…”

အနီရောင်လိပ်ပြာက သိုလှောင်အိတ်ထဲမှ ရေခဲရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။ သည်ရုပ်တုက တဖြည်းဖြည်းဖြင့် နှင်းနတ်သမီးတစ်ပါး အလား ကြီးမားလာခဲ့သည်။

သည်နှင်းနတ်သမီးက ရှေ့ရှိ မြူထဲသို့ လျင်မြန်စွာ တိုးဝင် ပျံသန်းသွားသည်။ သည်မြူက နှင်းနတ်သမီးရေခဲရုပ် တိုးဝင်လာသည်နှင့် နှစ်ခြမ်းကွဲသွား၏။

ချီဟူက ရယ်မောကာ ပြောလိုက်သည်။ “အနီရောင်လိပ်ပြာရဲ့ နှင်းရေခဲရုပ်တုက တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ။ ငါတော့ အထင်ကြီးမိပြီ…”

ဝမ်လင်းက နှင်းနတ်သမီးရေခဲရုပ်ကို သေချာ ကြည့်ရှူလိုက်သည်။ ၎င်းရုပ်တုထဲ၌ အသက်မသွင်းရ သေးသည့် သွေးကြောပေါင်း တစ်ရာကျော် မှိန်ဖျော့ဖျော့ ရှိနေသည်ကို သူက တွေ့လိုက်သည်။

ဝမ်လင်းက စိတ်ထဲက တွေးနေသည်။ “ဒါက ရွှမ်ယွဲ့နိုင်ငံရဲ့ အရေးကြီးတဲ့ ရတနာတစ်ခု ဖြစ်ရမယ်…”

နှင်းနတ်သမီး ရေခဲရုပ်တု အကွာအကွယ်နှင့် ဆိုလျှင် သူတို့၏ အမြန်နှုန်းသည် လျော့နည်းသွားတော့မည် မဟုတ်ချေ။ သည်အပြာရောင်မြူက ထူသည်ထက် ထူလာခဲ့ပြီး အက်ကွဲသံများပင် ရေခဲရုပ်တုပေါ်၌ ကြားလာရသည်။

အနီရောင် လိပ်ပြာက မျက်မှောင်ကြုတ်သွားသည်။ သူမက ချိတ်တံဆိပ်များ ဖန်တီးလိုက်ပြီး ရေခဲရုပ်ထံသို့ ညွှန်လိုက်သည်။ သိပ်မကြာခင်မှာပင် အသက်မသွင်းရသေးသည် သွေးကြောများက အသက်သွင်းပြီးသား သွေးကြောများဖြင့် သွားရောက် ဆက်နွှယ်ကြသည်။

သည်သွေးကြောများက ပို၍ လှုပ်ရှားလာလေလေ ရေခဲရုပ်ပေါ်ရှိ အက်ကွဲကြောင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်မှု အော်ရာလည်း ထုတ်လွှတ်လာ၏။

သူတို့သုံးယောက် နောက်ရှိ အလွန်ဝေးသော နေရာတွင်တော့ သက်လတ်ပိုင်း လူကြီးက ဘူးသီးခြောက်ထဲက အရက်ကို မော့သောက်ရင်း ရှေ့သို့ ဆက်တိုးလာနေသည်။ သူက အပြာရောင်မြူများ အနားသို့ ရောက်လာခဲ့တော့သည်။

မြူများက အမှန်ပင် သိပ်သည်းလှသည်။ သက်လတ်ပိုင်းလူကြီးက အရက်တစ်ငုံငုံပြီး မြူများပေါ်သို့ ထွေးထုတ်လိုက်၏။ ထိုအခါ တစီစီအသံများ ဖြစ်ပေါ်သွားသည်။ သည့်နောက် မြူများကလည်း ပျောက်ကွယ်သွားရ၏။

“ထန်အာ … နင့်ခန္ဓာကိုယ်က ဒီမြူတွေထက် အဆတစ်ထောင်လောက် ပိုအေးပါတယ်။ နင့်ခန္ဓာကိုယ်က ခုထိ ပိုကောင်းနေဆဲပဲ။ ငါမင်းကို ထွေးပွေ့ထားတဲ့ အချိန်မှာ ပူပင်မှု ကင်းဝေးရတယ်…”

ရက်အနည်းငယ် ကြာပြီးနောက် အပြာရောင်မြူများက မှိန်ဖျော့လာသည်။ သည်ရက်များတွင် အနီရောင်လိပ်ပြာက ရေခဲရုပ်သုံးရုပ်ကို အသုံးပြုခဲ့ရ၏။ အဆုံးသတ် နီးလာသည်နှင့် မြူများက ပို၍သိပ်သည်းလာသည်။ မြူခရမ်းရောင်အလွှာက ရေခဲရုပ်ကို ချက်ချင်း အက်ကွဲသွားစေ၏။ အနီရောင်လိပ်ပြာက သူမ အသက်ကယ် ရတနာကို ထုတ်ယူလိုက်ရသည်။ ၎င်းကသာ ထိုအရာကို တောင့်ခံနိုင်စွမ်း ရှိ၏။

သူမ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များစွာက ကုန်ဆုံးနေရသဖြင့် မျက်နှာက ဖြူရော်နေခဲ့သည်။ သူမမျက်လုံးများကတော့ ဝမ်လင်းကို စောင့်ကြည့်လို့နေ၏။

ဝမ်လင်းက တုန်လှုပ်သွားသည်။ သူက သူ့ကိုယ်တိုင်ဆိုလျှင် သည်လောက်အဝေးကြီး လာနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် သူက သည်ခရမ်းရောင်မြူများကို တွေ့မြင်သည့်အခါ သည်မြူအကြွင်းအကျန် အချို့ကို ထိမိသည်နှင့် အရိုးထဲထိ အအေးဒဏ်ကို ခံစားရ၍ ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားမလား မှတ်ရသည်။

သာမန်စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်ဆိုလျှင်ပင် သည်နေရာကို ဖြတ်သန်းသွားနိုင်ရန်က ခက်ခဲလှသည်။ အနီရောင်လိပ်ပြာလို ရေခဲအခြေခံသည့် ကျင့်ကြံမှုနည်းစနစ် အသုံးပြုသည့်လူမှသာ သည်နေရာကို အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်မည် ဖြစ်၏။

ချီဟူက ထို့ကြောင့်လည်း အနီရောင်လိပ်ပြာကို ဖိတ်ခေါ်ခဲ့သည်ဟု ယူဆရ၏။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလျက်ရှိ၏။ သူတို့က နောက်ဆုံးတွင် အပြာရောင်မြူ၏ အခြားတစ်ဖက်သို့ ရောက်လာခဲ့သည်။ သူတို့က ရေခဲမြစ်၏အစွန်းသို့ ရောက်ရှိလာချိန်၌ အနီရောင်လိပ်ပြာက အေးစက်စွာ ပြော၏။ “ငါ တာဝန်တော့ ငါကျေပြီ။ အခုကစပြီး ငါက ထပ်ပြီး လုပ်ဆောင်ပေးတော့မှာ မဟုတ်ဘူး …”

ချီဟူက ရယ်ကာမောကာဖြင့် လက်နှစ်ဖက်ယှက် ပြောသည်။ “အနီရောင်လိပ်ပြာ … နင်က ငါတို့ကို အားကိုးနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက နင်က စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီး သုံးစွဲခဲ့ရတယ်။ ဒါကြောင့် နင် အနားယူသင့်တယ် …” ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို ရည်ရွယ်ချက်ရှိသလို၊ မရှိသလိုလိုဖြင့် လှမ်းကြည့်၍ ဝမ်လင်းနှင့် အနီရောင်လိပ်ပြာကြားသို့ ဝင်ရောက်လိုက်၏။

ဝမ်လင်းက ပြုံးလိုက်သည်။ ချီဟူသာ ဒီမှာမရှိဘူးဆိုရင် သူက အနီရောင်လိပ်ပြာကို တိုက်ခိုက်ရန် ကြိုးစားနေပြီ ဖြစ်သည်။ သို့ရာတွင် ချီဟူ၏လုပ်ဆောင်ချက်က သူသာ ထိုသို့လုပ်ဆောင်လျှင် သူ့ကို တားဆီးမည် ဖြစ်၏။

ထပ်ပြောရလျှင် ဝမ်လင်းက သူမသည် အားနည်းသည့် အခြေအနေသို့ ရောက်နေသည်ကို မယုံကြည်ပေ။ သူမက ရည်ရွယ်ချက်ရှိရှိ ထိုသို့ လုပ်ဆောင်နေသည်လည်း ဖြစ်နိုင်သည် မဟုတ်လော။ သူမ၏ စိတ်ဝိညာဉ် စွမ်းအင်များစွာ အသုံးပြုခဲ့ပြီးဆိုလျှင်ပင် သူမက ပြန်ကောင်းရန် ဆေးလုံးအချို့ကို သောက်၍ ချက်ချင်း ပြန်ကောင်းနိုင်ပေ၏။

ဝမ်လင်း အတွေ့အကြုံများနှင့် ဆိုလျှင် သူက သည်လို ကလေးကလား ထောင်ချောက်ထဲကို ကျဆင်းပါ့မည်နည်း။

ချီဟူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အစိမ်းရောင်အလင်းများ ထွက်လာ၏။ သည်အလင်းများက သံလိုက်အိမ်မြှောင် အဖြစ်သို့ ပြောင်းသွားပြီး သူတို့ရှေ့ရှိ ဟင်းလင်းပြင်ထဲ၌ မြောလွင့်လာခဲ့သည်။

အနီရောင်လိပ်ပြာ၏ လှပသောမျက်လုံးများက သည်သံလိုက်အိမ်မြှောင်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။ “ဘီလူးနတ်ဆိုးကလန်ရဲ့ ရတနာ … ကြယ်သံလိုက်အိမ်မြှောင် …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သံလိုက်အိမ်မြှောင်ကို ကြည့်သည်။ ၎င်းပေါ်တွင် နက်နဲသောပုံစံများ ရှိနေသည်ကို သူက တွေ့လိုက်သည်။ ဝမ်လင်းက ၎င်းကို ကြည့်မိရုံဖြင့် သူ့နတ်ဘုရားအာရုံက နစ်မြုပ်သွားပြီး လျင်မြန်စွာ ပြန်ဆွဲခေါ်ယူရသည်။

ရှေးဟောင်းနတ်ဘုရား ထူစီ၏ မှတ်ဉာဏ်များတွင် ကြယ်သံလိုက်အိမ်မြှောင် အကြောင်း ဖော်ပြထား၏။ သို့သော် ၎င်းကို ပြုလုပ်ရသည့် အရာဝတ္ထုများက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ချီဟူက ရယ်မောလိုက်သည်။ “ဒါက တကယ့် ကြယ်သံလိုက်အိမ်မြှောင် ဆိုရင် ငါက ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါက ပုံတူလုပ်ထားရုံပါ။ ဒါကြောင့် အစစ်အမှန် ကြယ်သံလိုက် အိမ်မြှောင်နဲ့ လုံးဝခြားနားပါတယ် …”

အနီရောင်လိပ်ပြာက သည်သံလိုက်အိမ်မြှောင်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။

“အနီရောင်လိပ်ပြာ … ကျေးဇူးပြု၍ သံလိုက်အိမ်မြှောင်ရဲ့ အနောက်ဘက်ကို သွားပေးပါ။ ဒီသံလိုက်အိမ်မြှောင်က ဒီနေရာမှာ အကာအကွယ် အတားအဆီးတစ်ခုပဲ။ ဒါကြောင့် နင်က အနားယူပြီး ပြန်ကောင်းအောင် လုပ်ပါ။ ဒီဟင်းလင်ပြင်ကို ဖြတ်နေစဉ်မှာ နင့်ကို ဘာမှ လာမနှောင့်ယှက်ဖူးလို့ ငါကတိပေးပါတယ် …” ချီဟူက ထိုသို့ပြောပြီးနောက် ဝမ်လင်းထံသို့ လှည့်၍ ပြုံးပြလိုက်သည်။

အနီရောင်လိပ်ပြာက စကာတစ်ခွန်းမှ မဆိုဘဲ သံလိုက်အိမ်မြှောင်ပေါ်သို့ ခုန်တက်ကာ အနောက်ဘက်ခြမ်း၌ ထိုင်လိုက်သည်။ သူမ ထိုင်ချပြီး သိပ်မကြာခင်မှာပင် အစိမ်းရောင် အလင်းမျက်နှာပြင် တစ်ခုက သူမအား ဝန်းရံသွား၏။

“အစ်ကိုစန် … ငါက အစ်ကို့ကို အရှေ့ဘက်ခြမ်းကို ထိန်းချုပ်စေချင်တယ်။ အစ်ကိုရဲ့ လေလွင့်ဝိညာဉ်တွေကို အသုံးပြုပြီးပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်း ပေးစေချင်တယ်။ အစ်ကိုက ပုံမှန်မဟုတ်တဲ့အရာ တစ်ခုခုတွေ့တာနဲ့ ငါ့ကိုပြောပါ။ ဒါဆို ငါက ဒီအရာတွေကို ရှောင်သွားနိုင်လိမ့်မယ်။ အစ်ကိုက နတ်ဘုရားအာရုံကို ဒီဟင်းလင်းပြင်မှာ မဖြန့်ကြက်ပါနဲ့။ မဟုတ်ရင် ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက ငါ့ကို ဘိုးဘေးရှီဇူး ပြောခဲ့တာပဲ …” ချီဟူက စကားပြောဆိုပြီးနောက် သံလိုက်အိမ်မြှောင်၏ အလယ်ဗဟိုတွင် နေရာယူလိုက်ပြီးနောက် ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်၏။

ဝမ်လင်းကလည်း အရှေ့ဘက်ခြမ်းသို့ သွားရောက်၍ ထိုင်ချလိုက်သည်။

ဝမ်လင်းက မြောက်ဘက်နှင့် တောင်ဘက်ကို ကြည့်၍ ပြောလိုက်သည်။ “အစ်ကို ချီဟူ … ဒီသံလိုက်အိမ်မြှောင်က လူငါးယောက် လိုတာမလား …”

“မှန်ပါတယ်။ ငါတို့က လူနှစ်ယောက် ထပ်ခေါ်မယ်ဆိုရင် ဒီခရီးစဉ်အတွင်းမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ … လူငါးယောက်အတွက် အလုံအလောက်ခွဲဝေဖို့ ရတနာတွေမရှိဘူးလေ …” ချီဟူက ရယ်မော၍ ပြောဆိုလိုက်ပြီးနောက် အသက်ဝဝရှူလိုက်သည်။ သူက ချိတ်တံဆိပ်များ ပြုလုပ်၍ သံလိုက်အိမ်မြှောင်ပေါ်သို့ နေရာချလိုက်သည်။ ထို့နောက် သူက အော်၍ပြောသည်။ အစ်ကိုစန် ငါတို့က ဒီသံလိုက်အိမ်မြှောင်ပျက်စီးသွားရင် ဒီဟင်းလင်းပြင်မှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ အစ်ကိုစန်က ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါက ဒီသံလိုက်အိမ်မြှောင်ကို အာရုံ အပြည့်အဝစိုက်ပြီး ထိန်းချုပ်တော့မယ်။ ငါက အစ်ကိုစန်ကို ကူညီနိုင်မှာ မဟုတ်ဘူး။ အခု အစ်ကိုစန်အပေါ် မူတည်သွားပြီ…”

ဝမ်လင်းက ခေါင်းညိတ်ပြသည်။ အတားအဆီးအလံက ပေါ်ထွက်လာပြီး သူ့အား အမည်းရောင် အခိုးငွေ့များဖြင့် ဝန်းရံထားစေလိုက်၏။ ချီဟူ သို့မဟုတ် အနီရောင်လိပ်ပြာ ဖြစ်ဖြစ် တစ်ယောက်ယောက်က သူ့ကို တိုက်လိုက်လျှင် အခိုက်အတန့်အားဖြင့် အတားအဆီးအလံက သူ့ကို ကာကွယ်ပေးပြီး ပြန်လည် တိုက်ခိုင်နိုင်သည့် အခွင့်ရမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ အခုလို ကြိုပြင်ဆင်ထားရန် လို၏။

ချီဟူမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက မည်သို့မျှ မခံစားရချေ။ သည်အရာက ပုံမှန်သာဖြစ်၏။ တကယ်တော့ သူဆိုလျှင်လည်း ထိုသို့လုပ်ဆောင်မည် ဖြစ်၏။ သူက မျက်လုံးမှိတ်၍ စိတ်ဝိညာဉ် စွမ်းအင်များကို အသက်ဝင်စေလိုက်၏။ သည်သံလိုက်အိမ်မြှောင်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သူတို့က မီတာတစ်ထောင် အကွာသို့ ချက်ချင်း ရောက်နှင့်သွားခဲ့တော့၏။

သည်အဖြစ်က တည်နေရာ ရွှေ့ပြောင်းမဟုတ်ပေ။ သူတို့က အဆုံးစွန် လျင်မြန်သည့်နှုန်းဖြင့် ရွှေ့လျားသွားခြင်း မည်၏။

ချီဟူက ကြယ်သံလိုက် အိမ်မြှောင်ကို အသက်သွင်းပြီးသည့် အခိုက်တွင် ထူးဆန်းသော အားတစ်ခုက သံလိုက်အိမ်မြှောင်၏ ထိပ်တွင် ဝန်းရံလာ၏။ သည်ထူးဆန်းသော ဖိအားအောက်တွင် ဝမ်လင်းက သူ့နတ်ဘုရား အာရုံသည် ဖိနှပ်ခြင်း ခံထားရသည်ကို ခံစားမိ၏။ သူသာမဟုတ် ချီဟူနှင့် အနီရောင်လိပ်ပြာလို့လည်း ထို့အတူသာ ဖြစ်သည်။

သူတို့သုံးယောက်၏ နတ်ဘုရားအာရုံက ထူးဆန်းသော အားအတွင်းသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေခဲ့၏။

ချီဟူက နတ်ဘုရားအာရုံဖြင့် မက်ဆေ့တစ်ခု ပို့လွှတ်လိုက်သည်။ “အနီရောင်လိပ်ပြာ၊ အစ်ကိုစန် … မအံ့ဩပါနဲ့။ ဒါက ကြယ်သံလိုက် အိမ်မြှောင်အတွက် သာမန် လုပ်ဆောင်ချက်တစ်ခုပဲ။ ငါတို့က သံလိုက်အိမ်မြှောင်ကို အသုံးပြုတဲ့အချိန်မှာ ငါတို့က စကားပြောလို့ မရတော့ဘူး။ ငါတို့က နတ်ဘုရားအာရုံနဲ့ပဲ ဆက်သွယ်လို့ ရလိမ့်မယ် …”

“အစ်ကိုစန် … ဒါက ကြယ်မြေပုံ။ အကို ဒါကို မှတ်သားပြီးသွားရင် အစ်ကိုရဲ့ လေလွင့်ဝိညာဉ်တွေဆီ ပို့လွှတ်လိုက်ပါ။ အစ်ကိုက တစ်ခုခု ပုံမှန်မဟုတ်တာ တွေ့ရင် ငါ့ကို ပြောပါ…”

မြေပုံက မရေမတွက်နိုင်သော အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေပြီး ထူးဆန်းသည့် အားတစ်ခု ရှိနေကြောင်း ဝမ်လင်းက ချက်ချင်းသိလိုက်သည်။ သူက သူ့မျက်ခုံးကြားကို လက်ဖြင့် ထိလိုက်ပြီးနောက် တစ်ချက်ကြည့်သည်။ ရုတ်တရက် လေလွင့်ဝိညာဉ်များ၏ သုံးပုံတစ်ပုံခန့်က ထွက်ပေါ်လာကြပြီး ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွား၏။

“ဒီကြယ်မြေပုံက အရမ်းအံ့အားသင့်ဖို့ ကောင်းတာပဲ။ ငါက ကြယ်တွေကြားမှ ခရီးသွားနိုင်ဖို့ ဆန္ဒရှိရင် ဒီလိုမြေပုံတစ်ချပ်ရှိမှ ရမယ်။ နောင်တစ်ချိန်မှာ အခွင့်ရခဲ့ရင် ငါက ဒီလိုတစ်ခုကို ရှာတွေ့အောင် လုပ်ရမယ်…” ဝမ်လင်းက သည်ကြေမြေပုံနှင့် ပတ်သက်၍ အလွန် စိတ်ဝင်စားမိနေ၏။

သည်ကြယ်သံလိုက် အိမ်မြှောင်၏ အမြန်နှုန်းသည် မယုံကြည်နိုင်ဖွယ် ကောင်းလှ၏။ မျက်စိတစ်မှိတ် အတွင်း ၎င်းက သဲလွန်စမကျန်အောင် ပျောက်ပျောက်သွားသည်။ လေလွင့်ဝိညာဉ် ထောင်ပေါင်းများစွာက ၎င်းနားတွင် ဝန်းရံလိုက်ပါလျက်ရှိသည်။ သူတို့က ပတ်ဝန်းကျင်ကို စစ်ဆေးနေကြ၏။

***

All Chapters