← Chapters

ပြဿနာရှာခြင်း

Vol. 008 Ch. 358

ပြဿနာရှာခြင်း

Vol. 008 Ch. 358

ဝမ်လင်က သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်ခြင်းမပြုပေ။ ထိုသို့ပြုလုပ်ရန်လည်း မလိုအပ်ပေ။ သူက လေလွင့်ဝိညာဉ်များနှင့် အချိတ်အဆက် ရှိသောကြောင့် ဖြစ်၏။ သိပ်မကြာခင်မှာပင် ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့်‌ ပြောလိုက်သည်။ “ရှေ့တစ်ဆယ် ကီလိုမီတာမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခု ရှိနေတယ် …”

သူတို့ရှေ့ရှိ တစ်ဆယ်ကီလိုမီတာ အကွာတွင် ထူးဆန်းသော ရေဘဝဲလို အသွင်ရှိသည့် အကောင်တစ်ကောင် ရှိနေသည်။ သူက သူ့မရေမတွက်နိုင်သော လက်တံများကို ဝှေ့ယမ်းနေ၏။

လေလွင့်ဝိညာဉ် တစ်ကောင်က ၎င်းနှင့်နီးကပ်သွား၏။ လေလွင့်ဝိညာဉ်က ထိုလက်တံတစ်ခုနှင့် ထိမိလိုက်ရာ ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝမ်လင်းက အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူက သည်မြင်ကွင်းအား ချီဟူကို လှမ်း၍ ပြောလိုက်၏။

ချီဟူက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ချက်ချင်း သံလိုက်အိမ်မြှောင်၏ ဦးတည်ရာကို ပြောင်းလဲလိုက်သည်။ သူတို့ကွေ့ပတ်ဖြတ်ကျော် လိုက်စဉ်မှာပင် လက်တံတစ်ခုက သံလိုက်အိမ်မြှောင်၏ ဘေးဘက်ကို လာရောက် ရစ်ပတ်လာ၏။

ဘန်း …။

သံလိုက်အိမ်မြှောင်က ပြင်းထန်စွာ တုန်ခါသွားပြီး မြောက်ဘက်သို့ ချာချာ လည်ထွက်သွားသည်။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ပြင်းထန်သည့် အားတစ်ခုကို ခံစားလိုက်ရ၏။ သူက သူ့ခန္ဓာကိုယ် အစိတ်အပိုင်များသည် ကီလိုထောင်ချီအားဖြင့် ထုရိုက်ချင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူက ပါးစပ်ထဲမှ သွေးတစ်လုတ်ပါ အန်ထုတ်ရမတတ် ဖြစ်သွားသည်။ သို့သော် သူက ၎င်းသွေးများကို ပြန်မျိုချလိုက်၏။

သံလိုက်အိမ်မြှောင်ကာ ချာလပတ်လည်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသည်။

ချီဟူ၏ မျက်နှာက နီရဲနေသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးစက်များ ကျလာသည်။ သူက အချိန်အတန်ကြာမှ သံလိုက်အိမ်မြှောင်ကို ပြန်လည် တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့၏။ သူ့တစ်ကိုယ်လုံးပင် ပြိုကျတော့မတတ် ဖြစ်သွားရသည်။ သူက သိုလှောင်အိတ်ထဲက ဆေးလုံးအချို့ထုတ်၍ မျိုချလိုက်ရသည်။

အနီရောင်လိပ်ပြာ ကြည့်ရသည်မှာလည်း ဖရိုဖရဲဖြစ်သွားသည်။ သူမမျက်လုံးထဲ၌ ဖြစ်ခေါင့်ဖြစ်ခဲ တုန်လှုပ်မှုအချို့ ဖြစ်ပေါ်သွားသည်။

ချီဟူက ဝမ်လင်းထံသို့ မက်ဆေ့လှမ်းပို့သည်။ “ကျေးဇူးတင်ပါတယ် အစ်ကိုစန် … အစ်ကိုစန်ရဲ့ စောစောစီးစီး ကြိုသတိပေးမှုကြောင့် ငါတို့က ဒီနေ့ သေဘေးကလွတ်ခဲ့ရတာ …”

အနီရောင်လိပ်ပြာက လှမ်းမေး၏။ “ဒါက ဘယ်လိုသားရဲမျိုးလဲ …”

“ငါမသိဘူး၊ ဒါပေမဲ့ ကောင်းကင်ဘုံ နယ်မြေထဲက ဟင်းလင်းပြင်မှာ အသက်ရှင်သန်နိုင်တဲ့ကောင် ဖြစ်တဲ့အတွက် ငါတို့ထိန်းချုပ်လို့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ငါတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ဖို့ လုံလောက်တယ်။ ကြောက်ဖို့ကောင်းချက်ပဲ…”

ချီဟူအသံက ကြောက်လန့်မှုများ ပါဝင်နေသည်။

ဝမ်လင်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “ဒီသားရဲက ရှူလို့ခေါ်တယ်…”

ချီဟူက အံ့အားသင့်သွားသည်။ “အစ်ကိုစန်က ဒီသားရဲကို သိနေတာလား…”

ဝမ်လင်းက ဆက်ပြောသည်။ “ဒီရှူသားရဲက အဖျက်အဆီး သားရဲတစ်ကောင်လို့ ပြောလို့ရတယ်။ ဒီကောင်က ကမ္ဘာမြေကြီးကို ဝါးမျိုခြင်းကနေ မွေးဖွားလာတာပဲ၊ သူက ယင်စွမ်းအင်တွေကို စားသောက်ပြီး အသက်ရှင်တယ်။ ရှေးဟောင်းအချိန်တွေ တုန်းကတောင် ရှေးဟောင်း ကျင့်ကြံသူတွေထဲက လူအနည်းငယ်ကပဲ ဒီကောင်တွေကို နင်းချေနိုင်စွမ်းရှိတယ် …”

သည်သားရဲကောင်၏ အသွင်အပြင်သည် ရှေးဟောင်း နတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲတွင် ဖော်ပြထားသဖြင့် ဝမ်လင်းက သိရှိနေခြင်း ဖြစ်သည်။ သည်သားရဲကောင်တွင် လက်နက်ရတနာ သုံးခုရှိ၏။ ပထမတစ်ခုက လက်တံတွေဖြစ်သည်။ သည်လက်တံတွေက ထိပ်တန်း သန့်စင်ရတနာတွေလို့ ပြောလို့ရ၏။ ဒုတိယတစ်ခုက ဦးနှောက်။ သည်အရာက တစ်စုံတစ်ယောက်၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်သည်။ တတိယတစ်ခုက အမြုတေ။ သည်အရာကကျတော့ လူတစ်ယောက် ခွန်အားကို ကီလိုဂရမ် ထောင်ပေါင်းများစွာ မြှင့်တင်ပေးနိုင်ပေ၏။

ဝမ်လင်းက သည်အချက်အလက်များ ကတော့ ပြောပြခဲ့ခြင်း မရှိပေ။

ချီဟူက မေးလိုက်သည်။ “အစ်ကိုစန်က တကယ့်ကို ဗဟုသုတကြွယ်တာပဲ။ ငါလေးစား အထင်ကြီးမားပါတယ် …”

အနီရောင်လိပ်ပြာက နှခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။ “ဒါက မှန်လား၊ မှားလား ဘယ်သူသိနိုင်မှာလဲ။ ကြုံရာနာမည်တွေ လျှောက်ပေးမနေနဲ့ …”

ဝမ်လင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။ “ဉာဏ်နည်းလိုက်တာ…”

“နင်…” အနီရောင်လိပ်ပြာ၏မျက်လုံးက လက်ခနဲဖြစ်သွားသည်။

ချီဟူက ခေါင်းကိုက်သလို ခံစားနေရသည်။ သူက စကားပြောမလို လုပ်လိုက်စဉ်မှာပင် ဝမ်လင်းက အရင်ပြောလိုက်သည်။ “ဒီကောင်က ပုံမှန်ဆိုရင် သူ့လက်တံတွေကို သိမ်းဆည်းထားတာ။ အခု သူက လက်တံတွေကို ဖြန့်ကြက်ထားတဲ့ အတွက် အစာရှာနေတာ ဖြစ်ရမယ်။ အစ်ကိုစန် … မြောက်အရပ်ကို မြန်မြန်သွားပါ။ ဒီကောင်က အမဲလိုက်ချိန်မှာဆိုရင် အနီရောင် အော်ရာတစ်ခုကို ဖြန့်ကြက်လေ့ရှိတယ်။ ဒါက ငါတို့ခုခံနိုင်တဲ့အရာ မဟုတ်ဘူး …”

ချီဟူက မှင်တက်သွားသည်။ သူတို့သာ မြောက်ဘက်အရပ်သို့ ဆက်သွားလျှင် လုံးဝ လမ်းချော်သွားမည် ဖြစ်သည်။ သူက တုံ့ဆိုင်းလို့နေ၏။ အမှန်တော့ သူက ဝမ်လင်း စောနက ပြောလိုက်သည်နှင့် ပတ်သက်၍ နဂိုကတည်းက သံသယရှိသည်။ သို့သော် သူက အနီရောင်လိပ်ပြာကဲ့သို့ ထုတ်ဖော်ခြင်း မပြုတာသာဖြစ်၏။

ဝမ်လင်းက ကျိတ်၍ သက်ပြင်းချမိသည်။ သူက မတ်တတ်ရပ်၍ သံလိုက်အိမ်မြှောင် အပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် သူ့ကိုယ်သူ အတားအဆီးအလံဖြင့် ဝန်းရံထားပြီး မြောက်အရပ်သို့ လျင်မြန်စွာ ပျံသန်းသွား၏။

“အစ်ကိုစန် …”ချီဟူက တုန်လှုပ်သွားသည်။

အနီရောင်လိပ်ပြာက အေးစက်စွာ ပြောလိုက်၏။ “သူထွက်သွားတာလည်း ကောင်းတာပဲ။ သူက ဒီသားရဲအသွင်ကို သိနေတယ်ဆိုတာ ငါတော့မယုံဘူး …”

ချီဟူက မျက်မှောင်ကြုတ်သွားသည်။ အသက်ရှင်သန်ခြင်းက ပို၍ အရေးကြီးသည်။ ထို့ကြောင့် သူက အံကြိတ်၍ နတ်ဘုရားအာရုံကို တောင်ဘက်သို့ ဖြန့်ကြက်ကြည့်လိုက်သည်။ သိပ်မကြခင်မှာပင် သူ့အသွင်က ပြောင်းလဲသွားသည်။ သူက အနီရောင်အော်ရာ တစ်ခုက သူတို့ထံသို့ လာနေသည်ကို တွေ့လိုက်ရသော ကြောင့်ပင်။

ချီဟူက တုန်လှုပ်သွား၏။ သူက သံလိုက်အိမ်မြှောင်ကို မြောက်အရပ်သို့ ဦးတည် ပျံသန်းတော့သည်။

အနီရောင် လိပ်ပြာလည်း တုန်လှုပ်မိသွားသည်သာ ဖြစ်၏။ သူမက နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်ပြီးနောက် သူမမျက်နှာကလည်း ရုပ်ဆိုးသွားသည်။

ဝမ်လင်းက သံလိုက်အိမ်မြှောင်ကို ထားခဲ့ပြီးနောက် မြောက်အရပ်သို့ တစ်ဟုန်ထိုး ထွက်သွားသည်။ သူက အနီရောင်အော်ရာ၏ တိကျသောစွမ်းအားကို မသိပေ။၎င်းက ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်ထဲ၌ ရှိနေခဲ့သည်။

ထို့ကြောင့်လည်း သူက တုံ့ဆိုင်းခြင်းမရှိဘဲ သံလိုက်အိမ်မြှောင်ပေါ်ကနေ ဆင်း၍ မြောက်အရပ်သို့ သူကိုယ်တိုင် ပျံသန်းထွက်လာခြင်း ဖြစ်သည်။

ချီဟူ၏မျက်နှာက ရှုံ့တွနေသည်။ သူက မြောက်အရပ်သို့ သံလိုက်အိမ်မြှောင်ကို ထိန်းကျောင်း၍ လျင်မြန်စွာ ပျံသန်းနေသည်။ သည်အနီရောင် အော်ရာသည် အလွန်အန္တရာယ်ရှိ၏။ ၎င်းက သူတို့ကို ဖမ်းမိသွားသည်နှင့် သူတို့က ချက်ချင်းပင် ပျောက်ကွယ်သွားနိုင်သည် မဟုတ်လော။

ထိုအခိုက်မှာပင် သံလိုက်အိမ်မြှောင်၏ ထောင့်တစ်ထောင့်သည် အနီရောင်အော်ရာဖြင့် ထိတွေ့မိသွားသည်။ ၎င်းနေရာက ဝါးမျိုခံလိုက်ရပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

သံလိုက်အိမ်မြှောင်က ပြင်းစွာတုန်ခါနေသည်။ ချီဟူက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ အနီရောင်လိပ်ပြာ၏ မျက်နှာပင် ပုံမှန်မဟုတ်ဘဲ နီရဲလာခဲ့၏။

ချီဟူက လှမ်းအော်သည်။ “အနီရောင်လိပ်ပြာ … တစ်ခုခုလုပ်စမ်းပါ။ ငါက သံလိုက်အိမ်မြှောင်ကိုပဲ ထိန်းချုပ်နေရာတာ ဖြစ်တဲ့အတွက် ဘာခုခံမှုမှ လုပ်လို့မရဘူး…”

သူက စန်နူး၏စကားကို နားမထောင်မိခဲ့သည့် အတွက် နောင်တရနေသည်။

အနီရောင် လိပ်ပြာက သူမ၏ နှင်းဆီပန်းကို ထပ်မံဆင့်ခေါ်လိုက်သည်။ သူမက ပွင့်ချပ်နှစ်ခုကို လျင်မြန်စွာ ခူးဆွတ်၍ အနီရောင် အော်ရာထံသို့ ပစ်လွှတ်လိုက်သည်။

ဘန်း …ဘန်း …။

မြေကြီးပင် နှစ်ခြမ်းကွဲသွားသည်ဟု ထင်ရ၏။ အနီရောင်လိပ်ပြာက သူမလည်ချောင်းဝတွင် ချိုမြမြအရသာ တစ်ခုကို ခံစားလိုက်ရပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

သည်ပေါက်ကွဲ စွမ်းအားကို ကျားကန်၍ ချီဟူက သံလိုက်အိမ်မြှောင်ကို အနီရောင် အော်ရာထဲမှ လွတ်မြောက်အောင် မောင်းနှင်နိုင်ခဲ့သည်။ သို့သော် သူတို့က ခုထိ အန္တရာယ်ထဲမှ လုံးဝမလွတ်ကင်းသေးပေ။

နှင်းဆီပွင့်ချပ်က အနီရောင်အော်ရာကို အပေါက်တစ်ခု ဖြစ်ပေါ်စေခဲ့၏။ သို့သော် သည်အပေါက်က သံလိုက်အိမ်မြှောင်ကို ဝါးမျိုတော့မည် ပါးစပ်ကြီးတစ်ခုလိုပင် ဖြစ်သွားသေးသည်။

ဘန်း …။

သည်အနီရောင်အော်ရာ၏ အပေါက်က ပြန်စေ့သွားပြီး သံလိုက်အိမ်မြှောင်ကလည်း ပြင်းထန်စွာ တုန်ခါလာသည်။ များပြားသော အက်ကွဲကြောင်းများက ၎င်းပေါ်တွင် ပေါ်လာခဲ့သည်။ ချီဟူက သူ့အားအင်များအားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ အနီရောင်လိပ်ပြာ၏ မျက်နှာကလည်း ဖြူဖပ်နေခဲ့သည်။

ဘန်း …။

သည်အော်ရာက သံလိုက်အိမ်မြှောင်ကို ထပ်မံ ဝါးမျိုသွားပြန်သည်။ သည်အကြိမ်တွင် သံလိုက်အိမ်မြှောင်က တစ်ဝက်ခန့် ပါသွားပြီဖြစ်၏။

အနီရောင်လိပ်ပြာက အံကြိတ်လိုက်သည်။ သူက နှင်းဆီဝတ်ဆံကို ယူ၍ အနီရောင် အော်ရာထံသို့ ထပ်မံ ပစ်လွှတ်လိုက်သည်။

ဘန်း …၊ဘန်း …၊ဘန်း…။

ပေါက်ကွဲသံများက ကျယ်လောင်လွန်းသဖြင့် အကွာအဝေးတစ်ခုသို့ ရောက်နေသော ဝမ်လင်းပင် ကြားရသည်။ သူက အေးစက်စွာ ပြုံး၍ ပိုမြန်အောင် ပျံသန်းလိုက်သည်။

အနီရောင်အော်ရာက အပေါက်တစ်ခု ထပ်မံဖြစ်သွားပြီး သံလိုက်အိမ်မြှောင်က ချိုးဖျက်သွားနိုင်ခဲ့၏။ သည်လွတ်မြောက်သွားသည့် အခိုက်တွင် ၎င်းက မြောက်အရပ်သို့ ကြယ်ကြွေသလို အလွန်လျင်မြန်စွာ ထိုးထွက်သွားတော့သည်။

အနီရောင်လိပ်ပြာ၏ မျက်နှာက ရုပ်ဆိုးနေခဲ့သည်။ သူမနှင်းဆီပွင့်ချပ်များက ပြန်လည် ပွင့်နိုင်သော်လည်း ပန်းဝတ်ဆံ သုံးခုသာ ရှိသည်။ ၎င်းက ပြန်၍ အကိုင်းတိုင်း ပြန်ဖြစ်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။

ဝမ်လင်းက ပျံသန်းနေရင်းဖြင့် ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူက သံလိုက်အိမ်မြှောင်သည် သူနှင့် နီးကပ်လာနေသည်ကို လှမ်းတွေ့နေရ၏။ ချီဟူက ဝမ်လင်းကို မြင်သည့်အခါ မပြုံးချင်ပြုံးချင် ပြုံးပြလိုက်သည်။

ထိုအခိုက်တွင် ဝမ်လင်း၏ အသုံးဝင်မှုက ပို၍ တိုးလာခဲ့ပြီမှာ သေချာနေပေပြီ။ သူက အနီရောင် လိပ်ပြာကိုပါ ဖိနှပ်ထားနိုင်ခဲ့သည်။

သူက အသက်ဝဝ ရှူလိုက်သည်။ ဝမ်လင်းရပ်နေသော နေရာဘေး၌ သံလိုက်အိမ်မြှောင်ကို ရပ်၍ လှမ်းပြောလိုက်သည်။ “အစ်ကိုစန်။ လာပါ … ငါတို့ စကားပြောကြတာပေါ့ …”

ဝမ်လင်းက သံလိုက်အိမ်မြှောင်၏ အရှေ့ဘက်ခြမ်းတွင် ချက်ချင်း ဝင်ထိုင်လိုက်သည်။

သည်သံလိုက်အိမ်မြှောင်က ခုချိန်တွင် ထောင့်တစ်တောင့် မရှိတော့ပေ။ အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်ထောင့် တစ်ခုသာ ကျန်တော့သည်။

ချီဟူက ခွတီးခွတဖြစ်မှုကို ခံစားနေရ၏။သူက ပြောလိုက်သည်။ “အစ်ကိုစန် … စောနက ငါမှားသွားတာ သိပါတယ် …”

အနီရောင်လိပ်ပြာ၏မျက်နှာက ရုပ်ဆိုးလို့နေသည်။ သူမက စကားတစ်ခွန်းမှ မပြောဘဲ ရှိနေ၏။

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ငါတို့က ဒီအနီရောင် အော်ရာကနေ လွတ်မြောက်အောင် လုပ်ပြီးမှတော့ အခု ဘာမှ ပြဿနာမရှိတော့ဘူး။ အစ်ကိုချီဟူက မြေပုံအတိုင်း လမ်းကြောင်းအမှန်ကို ပြန်သွားဖို့ ကြိုးစားပါ…”

ချီဟူက ခေါင်းညိတ်ပြသည်။ သူက မြန်မြန်သွားရန် လိုသည်ဟု စိတ်ထဲ၌ တွေးမိသည်။ သည်အခြေအနေနှင့် ဆိုလျှင် သည်သံလိုက်အိမ်မြှောင်က ကြာကြာခံနိုင်တော့မည်ပုံ မပေါ်ချေ။

ရက်အနည်းငယ် ကြာပြီးနောက် ချီဟူက မြေပုံပေါ်ရှိ တည်နေရာတစ်ခုကို တွေ့လိုက်သည်။ သည်သံလိုက်အိမ်မြှောင်က မြေပုံတွင် ပြထားသည့်အတိုင်း သူတို့၏ဦးတည်ရာသို့ ပျံသန်းသွားတော့သည်။

ထိုသို့သွားသည့် လမ်းတစ်လျှောက်တွင် အနီရောင်လိပ်ပြသည် စကားတစ်ခွန်းမှ မပြောဘဲ ဝမ်လင်းကသာ ဦးဆောင်၍သွား၏။ ချီဟူက ဝမ်လင်းကို ထပ်မံ၍ မေးခွန်းများ မမေးတော့ဘဲ ဝမ်လင်းပြောသည့် အတိုင်းသာ နားထောင်တော့သည်။

သည်ဟင်းလင်ပြင်ထဲ၌ သက်ရှိများစွာ ရှိနေသည်။ လမ်းတစ်လျှောက်တွင် ဝမ်လင်းက ထူစီ၏မှတ်ဉာဏ်ထဲမှ ထူးဆန်းသည့် အသွင်အပြင် အကောင်များကို မြင်တွေ့ခဲ့ရသည်။

ဝမ်လင်း၏ ဦးဆောင်မှုအောက်တွင် သံလိုက်အိမ်မြှောင်က အန္တရာယ်ကင်းစွာဖြင့် အချို့သောနေရာများကို ရှောင်ကွင်း သွားနိုင်ခဲ့သည်။

သူတို့က ပန်းတိုင်နှင့် တဖြည်းဖြည်းချင်း နီးကပ်သည်ထက် နီးကပ်လာကြ၏။

သည်ဟင်းလင်းပြင်ထဲ၌ သွားလာခြင်းက အချိန်အလွန်ကြာ၏။ သည်အခိုက်တွင် သူတို့က ဆယ်ရက်ကျော်လောက် သွားလာပြီးမှ အန္တရာယ်တစ်ခုကို တွေ့ရတော့သည်။

ဝမ်လင်းက သံလိုက်အိမ်မြှောင်ထိပ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်ကာ ချီဟူနှင့် တာအိုအကြောင်း ပြောနေကြသည်။ သူတို့နှစ်ယောက်လုံးက အသိဉာဏ်များစွာတိုးခဲ့ရသည်။

ချီဟူက ပြုံးလိုက်သည်။ “ငါတို့ ဘီလူးနတ်ဆိုးကလန်က ဟင်္သာပြဒါးဂြိုဟ် နယ်ခံကလန်တစ်ခု မဟုတ်ခဲ့ဘူး။ ငါ့ဘိုးဘေးတွေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီနေရာကို ရွှေ့ပြောင်းလာခဲ့ကြတာ။ ဒါကြောင့်ပဲ တူညီတဲ့ကျင့်ကြံမှု အဆင့်တစ်ခုမှာတောင့် ငါတို့နည်းစနစ်တွေက အစ်ကိုစန်တို့နဲ့ မတူရတာ …”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ထိုအခိုက်တွင် ဝမ်လင်းက ကျင့်ကြံနေရာမှ လေလွင့်ဝိညာဉ်များနှင့် ချိတ်ဆက်မှုတစ်ခု ရခဲ့ပြီးနောက် သူက မျက်လုံးပွင့်လာခဲ့သည်။ လေလွင့်ဝိညာဉ်များကို ဖြတ်၍ သူက အကွာအဝေးတစ်ခုတွင် မီတာအချို့ ကျယ်ဝန်းသော အရာဝတ္ထုတစ်ခုကို လှမ်းတွေ့လိုက်သည်။

သည်မြောလွင့်နေသည့် အရာဝတ္ထုသည် ခရမ်းရောင် တောက်ပနေသည့် ကျောက်တုံးကြီး တစ်တုံးဖြစ်နေ၏။

ဝမ်လင်းက စိတ်ထဲ၌ တုန်ခါသွား၏။ “ခရမ်းရွှေရောင် ကျောက်တုံး …”

ထူစီ၏မှတ်ဉာဏ်ထဲ၌ ကြယ်သံလိုက်အိမ်မြှောင် လုပ်ရာတွင် လိုအပ်သည့် အရာတစ်ခုကို ဖော်ပြထားသည်။ ထိုအရာက ခရမ်းရွှေရောင် ကျောက်တုံးပင်။ သူ ကြယ်သံလိုက်အိမ်မြှောင်ကို မမြင်ဖူးခင်ကဆိုရင် အခုလိုမျိုး သည်ကျောက်တုံးကို စိတ်ဝင်စားမိမည် မဟုတ်ချေ။

သို့သော် ခုချိန်တွင်တော့ ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက မတ်တတ်ထရပ်၍ ပြောလိုက်သည်။ “အစ်ကိုချီဟူ … ကျေးဇူးပြု၍ ခဏစောင့်ပေးပါ။ ငါက အရာဝတ္ထုကို သန့်စင်မွမ်းမံနိုင်မှုနဲ့ ရတနာတစ်ခုကို တွေ့လိုက်လို့ပါ။ ငါ့ကို ဒီဟာကို သွားယူခွင့်ပေး။ ပြီးမှ ငါတို့ဆက်သွားကြမယ် …”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက ချီဟူ၏အဖြေကိုပင် မစောင့်တော့ဘဲ ခရမ်းရွှေရောင် ကျောက်တုံးထံသို့ ပျံသန်းသွားသည်။

ဝမ်လင်းက စိတ်ထဲ၌ တွေးနေသည်။ “ငါက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်သွားတဲ့အချိန်မှာ သဘာဝတရားကြီးကို နားလည်အောင်လုပ်နေတဲ့ အချိန်မှာ ငါက စီနီယာထျန်ယွမ်ဇီနဲ့ တွေ့ခဲ့တယ်။ ဒီလူက ငါ့ကို ဟင်္သာပြဒါးနိုင်ငံကနေ ထွက်ခွာလာနိုင်ရင် သူကို ထျန်ယွမ်ဂြိုဟ်မှာ လာရှာဖို့ ပြောခဲ့တယ်။ အဲဒီကျရင် သူက ငါ့ကို နှစ်တစ်ရာအတွင်း ဂုဏ်ယူထိုက်တဲ့ တပည့်အဖြစ် သတ်မှတ်ပေးမယ်လည်း ပြောခဲ့တယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နတ်ဘုရားတစ်ပါးလိုပဲ။ ငါက ဒီအခွင့်ရေးကို ရအောင်ယူရမယ်။ ဒီတော့ ငါက ကိုယ်တိုင် ကြယ်သံလိုက် အိမ်မြှောင်ကို လုပ်ကိုလုပ်ရလိမ့်မယ် …”

ဝမ်လင်းက အလွန်မြန်၏။ ထို့ကြောင့် သူက ခရမ်းရွှေရောင် ကျောက်တုံးရှေ့သို့ ရောက်လာခဲ့သည်။ သူက သည်ကျောက်တုံးကြီးကို ကြည့်၍ အသက်ဝဝရှူသွားပြီး သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက ပြန်လှည့်လာခဲ့သည်။

သူက သံလိုက်အိမ်မြှောင်ပေါ်သို့ ပြန်ရောက်လာသည့် အချိန်တွင် ချီဟူက မည်သည့် အရာဝတ္ထုဖြစ်ကြောင်း သူ့ကိုမေးလေ၏။ သို့သော် သူကပြုံးပြ၍ ထိုမေးခွန်းကို ဖြေဆိုခြင်း မပြုပေ။

တစ်လကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ပတ်ဝန်းကျင်ကို ဆက်လက် ကြည့်ရှူနေသည်။ သို့သော် သူက မည်သည့် အရာဝထ္ထုကိုမျှ မတွေ့ရတော့ချေ။ သည်နေ့တွင် သံလိုက်အိမ်မြှောင်က ပြင်းထန်စွာ တုန်ခါလာပြီး ၎င်းမျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများကလည်း ပို၍ပျံ့နှံ့လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သောအားတစ်ခု ပေါ်လာခဲ့ပြီး သူတို့သုံးယောက်အား သံလိုက်အိမ်မြှောင်ပေါ်မှ ပစ်ချသွားသည်။

“ဒီသံလိုက်အိမ်မြှောင်က အတော်လေး ပျက်စီးသွားခဲ့ပြီ။ ၎င်းက ဆက်လက် ပျံသန်းနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့သုံးယောက်က ကိုယ့်အား ကိုယ်ကိုးရတော့မယ်။ ကံကောင်းစွာနဲ့ ငါတို့ပန်းတိုင်က သိပ်မဝေးတော့ဘူး။ အမြန်ဆုံးနှုန်းနဲ့ သွားမယ်ဆိုရင် သုံးရက်လောက်နဲ့ ရောက်သင့်တယ် …”

ချီဟူက မချိပြုံးပြုံး၍ လက်ဝှေ့ယမ်း၍ သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းလိုက်သည်။

သုံးရက်တာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဝမ်လင်းက အကွာအဝေးတစ်ခုတွင် ကုန်းမြေတစ်ခု ရှိနေသည်ကို လှမ်းတွေ့နေရ၏။ ထိုကုန်းမြေသည် ကောင်းကင်ဘုံနယ်မြေ၏ ပထမအလွှာပင် ဖြစ်ချေတော့သည်။

***

All Chapters