အခန်း ၄၃၂
Vol. 44 Ch. 432
အခန်း (၄၃၂)
သွေးကဲ့သို့နီရဲနေသော မှော်ဝင်္ကပါတစ်ခုက ရွှေဟော်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
ရွှေဟော်မြို့တော်အတွင်းရှိ အပူချိန်မှာ တစ်ဟုန်ထိုး မြင့်တက်လာချေပြီ။
"မရဏဝိညာဉ်ခွဲထွက်မီးတောက်များလား"
"ဒါ မရဏဝိညာဉ်ခွဲထွက်မီးတောက်တွေပဲ"
"ဘာတွေဖြစ်ကုန်တာလဲ။ ဒီလကြီးမှာ မရဏဝိညာဉ်ခွဲထွက်မီးတောက်တွေက ဘယ်လိုလုပ် ပေါ်လာရတာလဲ"
"မိုးရေတွေရော ဘယ်ရောက်နေလဲ။ ဝိညာဉ်နက်မိုးရေတွေရော ဘယ်မှာလဲ"
မြေအောက်မှ ထွက်ပေါ်လာသော မရဏဝိညာဉ်ခွဲထွက်မီးတောက်များက အထက်သို့ ဆက်လက်၍ ဟုန်းဟုန်းတောက်လောင် လွင့်ပျံလာလေ၏။
ရွှေအမြူတေအဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူမဆို ထိုမရဏဝိညာဉ်ခွဲထွက်မီးတောက်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး မီးတောက်များဖုံးလွှမ်းသွားကာ ခန္ဓာကိုယ်နှင့်ဝိညာဉ်ပါမကျန် ပြာကျပျောက်ကွယ်သွားရပေသည်။
ရွှေအမြူတေအဆင့်နှင့် အထက်ကျင့်ကြံသူများကမူ ယင်းကို ခုခံနိုင်စွမ်းရှိသော်ငြားလည်း ဝိညာဉ်စွမ်းအင်ပမာဏ အမြောက်အမြား လိုအပ်လေသည်။ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် သူတို့လည်း ဤနေရာ၌ပင် သေဆုံးရမည်ဖြစ်ပေ၏။
သူတို့က သန္ဓေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေလျှင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်ပေလိမ့်မည်။
ပြဿနာမှာ လီမုဦးဆောင်သော ကျောက်တိုင်းပြည်တပ်မတော်တွင် သန္ဓေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ မည်မျှပင် ရှိနိုင်ပါမည်နည်း။
စစ်သည်အချို့က မိမိတို့ကိုယ်ပေါ်မှ မီးတောက်များကို ငြိမ်းသတ်ရန် ရေကိုရှာဖွေခဲ့ကြသော်လည်း သာမန်ရေက မီးတောက်များကို လုံးဝငြိမ်းသတ်နိုင်စွမ်း မရှိခဲ့ချေ။ ဆီလောင်းချလိုက်သကဲ့သို့ပင် မီးတောက်များကို ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းသွားစေလေတော့သည်။
တစ်ချိန်တည်းမှာပင် ရွှေဟော်မြို့တော်၏ ကောင်းကင်ထက်၌ ဧရာမသွေးရောင် မှော်ဝင်္ကပါကြီးတစ်ခု ပေါ်ထွက်လာလေ၏။ ဝင်္ကပါအတွင်း၌ ချုပ်နှောင်ခံထားရသော သိန်းနှင့်ချီသည့် ဝိညာဉ်များက ငိုကြွေးအော်ဟစ်ရင်း လွင့်စင်ပျောက်ကွယ်သွားကာ နောက်ဆုံးတွင် ဝင်္ကပါ၏လောင်စာများအဖြစ်သို့ ပြောင်းလဲသွားကြချေပြီ။
"ပိုင်ချီ"
လီမု၏မျက်မှောင်များ ကျုံ့ဝင်သွားပြီး သူ၏လက်ထဲရှိ ဓားရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဆိုသည်ကို သူက မည်သို့လျှင် နားမလည်ဘဲ ရှိနိုင်ပါမည်နည်း။
ပိုင်ချီ မည်သည့်မှော်ဝင်္ကပါကို အသုံးပြုနေသည်ဆိုသည်ကို သူ မသိရှိသော်ငြားလည်း ပိုင်ချီက ဤဝင်္ကပါကို တည်ဆောက်ရန်အတွက် တစ်မြို့လုံးရှိ ပြည်သူများကို ပူဇော်သက္ကာယအဖြစ် အသုံးချခဲ့ပြီး မရဏဝိညာဉ်ခွဲထွက်မီးတောက်များကို အချိန်မတိုင်မီ ထွက်ပေါ်လာအောင် ဆွဲထုတ်ခဲ့ခြင်းဖြစ်ပေသည်။
"စစ်သူကြီး... ဒီမှော်ဝင်္ကပါက သိပ်ကိုထူးဆန်းလွန်းတယ်။ ဝင်္ကပါက ရွှေဟော်မြို့တော်တစ်ခုလုံးနဲ့ ပေါင်းစပ်သွားတာပဲ။ ဝင်္ကပါမပွင့်လာခင်အချိန်အထိ အဲဒါကို ရှာဖွေတွေ့ရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ဘူး"
ဤကဲ့သို့ အရေးကြီးသောအချိန်တွင် တပ်မတော်နှင့်အတူ လိုက်ပါလာသော ကျောက်စိမ်းသန့်စင်ခြင်းအဆင့် မှော်ဝင်္ကပါဆရာတစ်ဦးက တာဝန်ယူမှုကို ရှောင်လွှဲလိုဟန်ဖြင့် လီမုကို ရှင်းပြလာလေ၏။
"အခုမှ ဒါတွေပြောနေလို့ ဘာထူးမှာလဲ" လီမုက သူ၏ရင်ထဲမှ ဒေါသများကို ဖိနှိပ်ထားရင်း "ဖြေရှင်းဖို့ နည်းလမ်းရှိလား" ဟု မေးလိုက်လေသည်။
"လောကကြီးမှာ အရိုးရှင်းဆုံး ယုတ္တိဗေဒက ဝင်လျှင်သေမည်၊ ထွက်လျှင်ရှင်မည် ဆိုတာပါပဲ။ ကျွန်တော်တို့က မြောက်ဘက်တံခါးကနေ ဝင်လာခဲ့တာဆိုတော့ မြောက်ဘက်တံခါးက သေမင်းတံခါးဖြစ်သွားပြီး အဲဒီကနေ ထွက်လို့မရတော့ဘူး။ ဒါကြောင့် ရွှေဟော်မြို့တော်ရဲ့ တောင်ဘက်တံခါးက သက်စောင့်တံခါးဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့ အဲဒီကနေ ထွက်သွားလို့ရပါတယ်"
"တပ်မတော်တစ်ခုလုံးကို အမိန့်ပေးလိုက်။ တောင်ဘက်တံခါးဆီကို ချီတက်ကြ။ တောင်ဘက်တံခါးကနေ ဖောက်ထွက်နိုင်ရင် မင်းတို့အသက်ရှင်လိမ့်မယ်"
လီမုက ပြတ်သားစွာဖြင့် အမိန့်ပေးလိုက်လေတော့သည်။
မကြာမီမှာပင် လီမု၏ စစ်ဘက်ဆိုင်ရာအမိန့်က တပ်မတော်တစ်ခုလုံးထံသို့ ပျံ့နှံ့သွားလေ၏။
လီမု၏ လက်အောက်ငယ်သားများမှာ မည်သို့ပင်ဆိုစေ ကျောက်တိုင်းပြည်၏ အထက်တန်းလွှာတပ်ဖွဲ့ဝင်များ ဖြစ်ကြပေသည်။
အမိန့်ကို လက်ခံရရှိပြီးနောက် သူတို့က အလျင်အမြန် တည်ငြိမ်သွားကြပြီး စစ်သူကြီးအသီးသီး၏ ဦးဆောင်မှုအောက်တွင် တောင်ဘက်တံခါးဆီသို့ ချီတက်သွားကြလေသည်။
သို့သော် တောင်ဘက်တံခါးတွင် သေချာပေါက် ချုံခိုတိုက်ခိုက်မှုများ ရှိနေမည်ကို လီမု သိရှိထားပေသည်။ ပိုင်ချီက သူတို့ကို ထွက်ခွာခွင့်ပြုလောက်အောင်အထိ လူမိုက်တစ်ယောက် မဖြစ်နိုင်ချေ။
ထင်ထားသည့်အတိုင်းပင် လီမု၏ တပ်မတော်က မြို့တံခါးမှ ထွက်ခွာလာသည်နှင့်တစ်ပြိုင်နက် ပိုင်ချီ၏ တပ်မတော်က ဝိုင်းရံတိုက်ခိုက်လာကြလေတော့သည်။
ပိုင်ချီ၏ တပ်မတော်က မြို့တံခါးကို ပိတ်ဆို့ထားရန် ရည်ရွယ်ထားလေ၏။ ကျောက်တိုင်းပြည်စစ်သည်များ ရွှေဟော်မြို့တော်အတွင်း၌ အချိန်ကြာကြာ နေရလေလေ လူများများ မီးလောင်သေဆုံးရလေလေ ဖြစ်ပေမည်။
"ပိုင်ချီ... မင်းက အပြစ်ကင်းတဲ့ ပြည်သူခုနစ်သိန်းကို သွေးနဲ့ပူဇော်ခဲ့ပြီးတာတောင် မင်းရဲ့ရင်ထဲမှာ လူသားဆန်မှု နည်းနည်းလေးမှ မရှိတော့ဘူးလား။ မင်းက ကောင်းကင်ဘုံရဲ့ အပြစ်ပေးခံရမှာကို တကယ်ပဲ မကြောက်ဘူးလား"
လီမုမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ်ဖြစ်နေချေပြီ။ ချုံခိုတိုက်ခိုက်ခံရပြီး ပိတ်မိနေသောကြောင့်သာမကဘဲ ကျောက်တိုင်းပြည်၏ ပြည်သူခုနစ်သိန်းလုံး ထိုသို့ပူဇော်ခံလိုက်ရသောကြောင့်ပါ ဖြစ်ပေသည်။
"ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာလား" ပိုင်ချီက မြင်းပေါ်တွင် မတ်မတ်ရပ်ကာ အေးစက်စက် ဆိုလေ၏။ "အနိုင်ရတဲ့သူက အရာအားလုံးကို ပိုင်ဆိုင်တာပဲ။ ငါလုပ်သမျှ အရာအားလုံးက ချင်တိုင်းပြည်ရဲ့ အာဏာစက်လွှမ်းမိုးနိုင်ရေးအတွက်ပဲ"
"သတ်ကြ... မြို့တံခါးကို ပိတ်ဆို့ထား" ပိုင်ချီ၏အသံက တပ်မတော်တစ်ခုလုံးထံသို့ ပဲ့တင်ထပ်သွားလေသည်။
ရွှေဟော်မြို့တော်၏ တောင်ဘက်တံခါးရှိ တိုက်ပွဲမှာ တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာလေ၏။
လီမုက တပ်ဖွဲ့များကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ လမ်းဖောက်ထွက်ခဲ့သော်ငြားလည်း တစ်နာရီကြာပြီးနောက်တွင် စစ်သည်တစ်ဝက်ပင်မပြည့်သော အရေအတွက်သာ ရွှေဟော်မြို့တော်ထဲမှ ထွက်ခွာနိုင်ခဲ့ပေသည်။ အများစုမှာ လုံးဝထွက်မလာနိုင်ခဲ့ကြချေ။
မြို့တွင်းရှိ ကျောက်တိုင်းပြည်စစ်သည်များထံမှ တစ်ဆက်တည်း ထွက်ပေါ်လာနေသော ငိုကြွေးအော်ဟစ်သံများကို နားဆင်ရင်း။
လီမုမှာ အတိုင်းမသိ စိုးရိမ်ပူပန်နေချေပြီ။
ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ရှုံးနိမ့်သွားနိုင်ကြောင်းကို သူသိရှိထားလေသည်။
သူသာရှုံးနိမ့်သွားပါက ပိုင်ချီသည် တည့်မတ်စွာဖြင့် ဆက်လက်ချီတက်နိုင်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် စစ်သူကြီးဖန်မှာ နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရမည်ဖြစ်ပြီး ကျောက်တိုင်းပြည်မှာလည်း အန္တရာယ်နှင့် ရင်ဆိုင်ရပေတော့မည်။
လီမုတပ်မတော်အတွင်းရှိ အထက်သုံးဆင့် နန်းတွင်းပူဇော်ခံပညာရှင်များက အခြေအနေမဟန်တော့သည်ကို မြင်တွေ့လိုက်ရပြီး မည်သို့မျှ တတ်နိုင်မည်မဟုတ်ကြောင်းကို သိရှိသွားကြလေသည်။ သူတို့က ပိုင်ချီတပ်မတော်အတွင်းရှိ အထက်သုံးဆင့် ကျင့်ကြံသူများနှင့် ဆက်လက်၍ မတိုက်ခိုက်လိုကြတော့ချေ။
ဤပူဇော်ခံပညာရှင်များက လီမုကိုစွန့်ပစ်ကာ ထွက်ခွာသွားရန် စီစဉ်နေစဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံ၌ မိုးကြိုးလျှပ်စီးများ လက်လာလေတော့သည်။
ပိုင်ချီက စိတ်ကိုစုစည်းလိုက်ပြီး ရွှေဟော်မြို့တော်၏ ကောင်းကင်ယံကို မော့ကြည့်လိုက်လေ၏။
တိမ်မည်းကြီးများက အဆက်မပြတ် စုရုံးလာကြပြီး နောက်ဆုံးမိုးကြိုးလျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းလက်ကနဲ ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သဲကြီးမဲကြီး မိုးရွာသွန်းချလာလေတော့သည်။
ဤမိုးရေများအားလုံးမှာ ဝိညာဉ်နက်ရေများပင် ဖြစ်ပေသည်။
မိုးရေများက ကျောက်တိုင်းပြည်စစ်သည်များအပေါ်သို့ ကျဆင်းလာလေ၏။
ရွှေဟော်မြို့တော်အတွင်းရှိ အပူချိန်မှာ အလျင်အမြန် ကျဆင်းသွားပြီး တစ်မြို့လုံးရှိ မီးတောက်များမှာလည်း တဖြည်းဖြည်းနှင့် ငြိမ်းသတ်ခြင်းခံလိုက်ရချေပြီ။
"ဝုန်း"
မြို့တွင်းမှ ဧရာမပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ရွှေဟော်မြို့တော်ကို ဗဟိုပြု၍ မိုင်ငါးဆယ်ပတ်လည်အတွင်း၌ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားလေတော့သည်။
ရွှေဟော်မြို့တော်၏ ကောင်းကင်ယံကို လွှမ်းခြုံထားသော မှော်ဝင်္ကပါကြီးမှာ လွင့်စင်ပျောက်ကွယ်သွားလေ၏။
ရွှေဟော်မြို့တော်၏ အရပ်လေးမျက်နှာတွင် မှော်ဝင်္ကပါကို စွမ်းအင်ထောက်ပံ့ပေးရန် တာဝန်ယူထားသော မိစ္ဆာဖြူဂိုဏ်းကျင့်ကြံသူများအားလုံး ဝိညာဉ်လွင့်စင်ပျက်စီးသွားကြရချေပြီ။
မိစ္ဆာဖြူဂိုဏ်း၏ ဂိုဏ်းချုပ်မှာလည်း သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေသည်။
မှော်ဝင်္ကပါမှာ လုံးဝထိန်းချုပ်၍မရတော့သည်ကို မြင်လိုက်ရသောအခါ သူက ပိုင်ချီ၏ဘေးသို့ အလျင်အမြန် ပျံသန်းသွားလေ၏။
တစ်ချိန်တည်းမှာပင် ရွှေဟော်မြို့တော်မှလွဲ၍ ရွှေဟော်မြို့တော်ပတ်ဝန်းကျင်ရှိ အပူချိန်က တစ်ဟုန်ထိုး မြင့်တက်လာလေတော့သည်။
ရွှေဟော်မြို့တော်၏ အပြင်ဘက်မှပင်လျှင် မရဏဝိညာဉ်ခွဲထွက်မီးတောက်များ ထွက်ပေါ်လာကာ မြို့ပြင်ရှိ အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး ချင်တိုင်းပြည်တပ်မတော်လည်း အပါအဝင်ဖြစ်သွားချေပြီ။
"ဘာတွေဖြစ်နေတာလဲ"
ပိုင်ချီက သူ့ဘေးရှိ မိစ္ဆာဖြူဂိုဏ်းချုပ်ကို အေးစက်စွာ ကြည့်လိုက်လေ၏။ သူ၏ခေါင်းကို ဓားဖြင့်ခုတ်ပိုင်းချလိုက်တော့မည့်အလား ပင်။
"စစ်သူကြီး... ကျွန်တော်လည်း မသိဘူးဗျ"
မိစ္ဆာဖြူဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေပေသည်။
"ကျွန်တော်တို့ ဝင်္ကပါနဲ့ မရဏဝိညာဉ်ခွဲထွက်မီးတောက်တွေကို သေချာထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် မရဏဝိညာဉ်ခွဲထွက်မီးတောက်တွေက မြစ်ကမ်းပါးပြိုကျသလိုမျိုး ပိုပြီးပြင်းထန်လာပြီး ဝင်္ကပါကို ဖျက်ဆီးပစ်လိုက်တာပဲ။ အခုတော့ မရဏဝိညာဉ်ခွဲထွက်မီးတောက်တွေကို ထိန်းချုပ်လို့မရတော့ဘူး"
"အခုတော့ ရွှေဟော်မြို့တော်က ဝိညာဉ်နက်ရေကန်ရဲ့ အပေါ်တည့်တည့်မှာ တည်ရှိနေလို့သာ ဒီဘေးအန္တရာယ်ကနေ ကင်းလွတ်နိုင်တာဖြစ်မယ်"
"စစ်သူကြီး... ကျေးဇူးပြုပြီး တပ်တွေကို အမြန်ဆုံး ဆုတ်ခွာလိုက်ပါ။ ဒီမရဏဝိညာဉ်ခွဲထွက်မီးတောက်တွေက လောင်ကျွမ်းတာ သိပ်မြန်လွန်းတယ်"
"ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့တပ်မတော် တစ်ခုလုံး ပြုတ်ဖြုတ်ချေမှုန်းခံရနိုင်တယ်"
မိစ္ဆာဖြူဂိုဏ်းချုပ်၏ စကားများကို နားထောင်ရင်း ပိုင်ချီက ရွှေဟော်မြို့တော်အထက်ရှိ သည်းထန်စွာရွာသွန်းနေသော မိုးရေများကို အေးစက်စက် ကြည့်လိုက်ပြီးနောက် မြို့ပြင်တွင် ပျံ့နှံ့နေသော မရဏဝိညာဉ်ခွဲထွက်မီးတောက်များကို လှမ်းကြည့်လိုက်လေ၏။
ယခုအချိန်တွင်မူ ကျောက်တိုင်းပြည်စစ်သည်များက ရွှေဟော်မြို့တော်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြပြီး မြို့တံခါးများကို တင်းကြပ်စွာ ပိတ်ထားလိုက်ကြချေပြီ။ ချင်တိုင်းပြည်စစ်သည်များမှာမူ တစ်ယောက်ပြီးတစ်ယောက် ပြာအဖြစ်သို့ ပြောင်းလဲသွားနေကြလေတော့သည်။
အသက်သုံးကြိမ်ရှူသွင်းပြီးနောက် ပိုင်ချီက သက်ပြင်းကြီးတစ်ချက်ချကာ သူ၏ဘေးရှိ ဒုတိယစစ်သူကြီးကို ပြောလိုက်လေသည်။ "ယွီရှန်း... တပ်မတော်ကို မင်းကွပ်ကဲလိုက်တော့။ ကျန်ရစ်သူတွေကိုခေါ်ပြီး ကျန်းပေမင်းသားနဲ့ သွားရောက်ပူးပေါင်းလိုက်"
"စစ်သူကြီး... သခင်ကရော" ယွီရှန်းက မေးလိုက်၏။
"ဒီနေ့ရဲ့ရှုံးနိမ့်မှုက ငါ့အပေါ်မှာပဲ အပြည့်အဝ တာဝန်ရှိတယ်။ ငါမထွက်လာခင်တုန်းက ရွှေဟော်မြို့တော်ကို သေချာပေါက် ကာကွယ်မယ်လို့ ကျန်းပေမင်းသားကို ကတိပေးပြီး စစ်ဘက်ဆိုင်ရာ ကတိကဝတ်စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ ငါတို့ ချင်တိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာအမိန့်တွေက တောင်တန်းတစ်ခုလို ခိုင်မာမြဲမြံတယ်။ ဒီနေ့တော့ မြို့လည်းဆုံးရှုံးခဲ့ပြီ။ ဘယ်မျက်နှာနဲ့ ပြန်သွားရမှာလဲ" ပိုင်ချီက ဖြည်းညင်းစွာ ဆိုလေသည်။
"စစ်သူကြီး" ဒုတိယစစ်သူကြီး ယွီရှန်းက သူ့ကို ဆက်လက်ဖျောင်းဖျလိုနေသေးသည်။
"သွားတော့" ပိုင်ချီက ယွီရှန်းကို အေးစက်စက် ကြည့်လိုက်လေ၏။ "ဒါ စစ်ဘက်ဆိုင်ရာ အမိန့်ပဲ"
ယွီရှန်း၏ နှုတ်ခမ်းများ တုန်ယင်သွားလေသည်။ အဆုံးတွင်တော့ သူက နက်ရှိုင်းစွာ လက်ယှက်ဂါရဝပြုလိုက်ပြီးနောက် မြင်းကိုလှည့်ကာ တပ်မတော်တစ်ခုလုံးကို ဦးဆောင်၍ ဆုတ်ခွာသွားခဲ့ရလေတော့သည်။
ပိုင်ချီက မြင်းပေါ်မှဆင်းလိုက်ပြီး တိုက်ပွဲပေါင်းများစွာတွင် သူနှင့်အတူ လိုက်ပါလာခဲ့သော ရွှမ်နက်မြင်းကြီးကို ကြည့်လိုက်လေ၏။ "မင်းလည်း သွားတော့။ ငါနဲ့အတူ ဒီမှာသေစရာအကြောင်း မရှိပါဘူး"
ထိုသို့ပြောပြီးသည်နှင့် ပိုင်ချီက ရွှမ်နက်မြင်း၏ တင်ပါးကို အားကုန်ရိုက်ချလိုက်ရာ မြင်းကြီးမှာလည်း အဝေးသို့ ဒုန်းစိုင်းပြေးထွက်သွားလေတော့သည်။
တောင်ကုန်းလေးပေါ်တွင် ရပ်နေရင်း ပိုင်ချီက သူ့ဆီသို့ တဖြည်းဖြည်း လောင်ကျွမ်းလာနေသော မီးတောက်များကို စိုက်ကြည့်နေခဲ့လေသည်။
သူ၏မျက်နှာအမူအရာက အံ့မခန်းဖွယ်ရာ တည်ငြိမ်နေသော်ငြားလည်း သူ၏ရင်ထဲတွင်မူ အလွန်တရာ မလိုလားမှုများ ပြည့်နှက်နေပေသည်။
"ဒီလိုအခြေအနေမျိုးရောက်အောင် ကောင်းကင်ဘုံအပေါ် ငါဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့လဲ"
ပိုင်ချီက ကောင်းကင်ယံသို့ မော့ကြည့်ကာ ကောင်းကင်ဘုံကို မေးခွန်းထုတ်လိုက်လေတော့သည်။
သူက သိသာထင်ရှားစွာပင် ခြေတစ်လှမ်းသာ လိုတော့သည် မဟုတ်ပါလော။
လီမုကို ခြေမှုန်းရန်၊ ကျောက်တိုင်းပြည်ကို ဖျက်ဆီးပစ်ရန်နှင့် အမြင့်ဆုံးသော အာဏာစက်လွှမ်းမိုးမှုကို ရယူနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ပင်။
သို့သော် ခဏအကြာတွင် ပိုင်ချီက ခေါင်းကိုပြန်လည်ငုံ့လိုက်ပြီး သူ၏လက်ထဲရှိ ဓားရှည်ကိုကြည့်ကာ သူ့ကိုယ်သူ စကားပြောနေသည့်အလား...
"ငါက တကယ်ကို သေသင့်တဲ့လူပါ"
"အရင်တုန်းက နန်ရှန်းတိုင်းပြည် တိုက်ပွဲမှာ ခုံးချွမ်က လက်နက်ချတဲ့ သိန်းနဲ့ချီတဲ့လူတွေကို ဦးဆောင်လာခဲ့တာတောင် ငါက သူတို့ကို လှည့်စားပြီး အားလုံးကို အရှင်လတ်လတ် မြေမြှုပ်ပစ်ခဲ့တယ်"
"ဒီနေ့လည်း ကြီးမြတ်တဲ့ ရည်မှန်းချက်ကို အောင်မြင်ဖို့အတွက် အပြစ်ကင်းတဲ့ ပြည်သူခုနစ်သိန်းကို သွေးနဲ့ပူဇော်ခဲ့ပြန်တယ်"
"ဒါတွေက သေဒဏ်ပေးခံရဖို့ လုံလောက်နေပါပြီ"
"ဆီးနှင်းမင်းသား... ကျွန်တော့်တန်ဖိုးကို အသိအမှတ်ပြုပေးခဲ့တဲ့ မင်းသားရဲ့ ကျေးဇူးတရားအတွက် ကျွန်တော်က နောက်ဘဝကျမှပဲ ပြန်ဆပ်ပါတော့မယ်"
ထိုစကားများနှင့်အတူ ပိုင်ချီက သူ၏လည်ပင်းပေါ်သို့ ဓားကို တင်လိုက်လေသည်။
သွေးများ ပန်းထွက်သွားလေ၏။
သူက သူ့ကိုယ်သူ အဆုံးစီရင်သွားပြီး ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။