အခန်း ၄၃၅
Vol. 44 Ch. 435
အခန်း (၄၃၅)
ပထမမင်းသားသည် သူ၏တပ်မတော်ကြီးကို ဦးဆောင်ကာ တောရိုင်းလွင်ပြင်ကို ဖြတ်သန်းလာခဲ့လေ၏။
ရှေ့မလှမ်းမကမ်းတွင် စာအုပ်တောင်စွယ် တည်ရှိနေပေသည်။
စာအုပ်တောင်စွယ်ကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် အသက်ရှင်ရန် မျှော်လင့်ချက်ရောင်ခြည် သန်းလာနိုင်သော်ငြားလည်း။
ထိုကျင်းတိုင်းပြည်မှ မြေပိုင်ရှင်မင်းသားများက လူမိုက်များမဟုတ်ကြကြောင်းကို ပထမမင်းသားက ကောင်းစွာသိရှိထားပေသည်။ သူတို့က ဤအခွင့်အရေးမျိုးကို ပေးမည်မဟုတ်ချေ။
ထင်ထားသည့်အတိုင်းပင် မကြာမီမှာပင် အနောက်မှ လိုက်လံချေမှုန်းသူများက ထပ်မံမီလာခဲ့လေတော့သည်။
ရှေ့ရှိ စာအုပ်တောင်စွယ်၏ အောက်ခြေတွင်လည်း ကျင်းတိုင်းပြည်မှ စစ်သည်များစွာ ထွက်ပေါ်လာခဲ့ချေပြီ။
ပထမမင်းသားက မြင်းပေါ်တွင်ထိုင်လျက် ရှေ့ကိုတစ်လှည့် နောက်ကိုတစ်ခါ ကြည့်လိုက်လေ၏။
ထိုအခါမှသာ မိမိသည် နှစ်ဖက်ညှပ်ပိတ် တိုက်ခိုက်ခံလိုက်ရပြီဖြစ်ကြောင်းကို သူ သဘောပေါက်သွားတော့သည်။
သို့သော်လည်း ပထမမင်းသား၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်လေးမျှပင် မရှိနေခဲ့ပေ။ သူက သူ၏ကံကြမ္မာကို စောစောစီးစီးကတည်းက လက်ခံထားပြီးသည့်အလား ပင်။
"အိမ်ရှေ့မင်းသားသာ အခု လက်နက်ချအညံ့ခံမယ်ဆိုရင် မင်းသားရဲ့အသက်ကို ချမ်းသာပေးမယ်"
ကျင်းတိုင်းပြည် တပ်ရင်းမှူးက တပ်မတော်၏ ရှေ့ဆုံးမှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"အဓိပ္ပာယ်မရှိတာတွေ လာမပြောစမ်းပါနဲ့... အဟွတ်... အဟွတ်" ပထမမင်းသားက နှစ်ကြိမ်သုံးကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်ကာ ရှေ့သို့စိုက်ကြည့်လိုက်လေ၏။ "မဟာချင်တိုင်းပြည်က ယောကျ်ားကောင်းတွေက ဘယ်တုန်းကများ လက်နက်ချဖူးလို့လဲ"
"တကယ်ကို နှမြောစရာပဲ။ အိမ်ရှေ့မင်းသားအပေါ် ကျွန်တော်တို့ အထင်ကြီးလေးစားမိတာ အမှန်ပါပဲ" တပ်ရင်းမှူးက ခေါင်းယမ်းလိုက်လေသည်။ "သတ်ကြ"
အခြားသော မြေပိုင်ရှင်မင်းသားများကလည်း သူတို့၏တပ်မတော်များကို ဦးဆောင်ကာ ပထမမင်းသားဆီသို့ အပြင်းအထန် တိုးဝင်လာကြလေတော့သည်။
ပထမမင်းသားက ရှေ့သို့အကြည့်တို့ကို စူးစိုက်ထားလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ လေးလံသောအသံဖြင့် အော်ဟစ်လိုက်လေ၏။ "သတ်ကြ"
ပထမမင်းသား၏ စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏မြင်းက ရှေ့သို့ဒုန်းစိုင်းပြေးထွက်သွားပြီး တပ်မတော်ကြီးကလည်း တစ်ပြိုင်တည်း ရှေ့သို့ချီတက် တိုက်ခိုက်ကြလေတော့သည်။
မကြာမီမှာပင် တပ်မတော်နှစ်ရပ် ရင်ဆိုင်မိသွားကြပြီး တိုက်ခိုက်သတ်ဖြတ်သံများနှင့် လက်နက်များ ထိခိုက်သံများက တောရိုင်းလွင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားချေပြီ။
ချင်တပ်မတော်မှာ ယခင်ကကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်နေဆဲဖြစ်ပြီး သေသည်အထိ နောက်ဆုတ်မည်မဟုတ်ကြောင်း သစ္စာဆိုထားကြပေသည်။
သို့သော် မြို့သိမ်းတိုက်ပွဲ စတင်ကတည်းက စစ်သည်တိုင်းမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ကြလေပြီ။
ထို့အပြင် လိုက်လံချေမှုန်းခံရသည့် အချိန်ကာလတစ်လျှောက်လုံး ပထမမင်းသား၏ တပ်မတော်က တစ်ခဏလေးမျှ အနားမရခဲ့ကြဘဲ သူတို့၏အာရုံကြောများမှာ အမြဲတစေ တင်းမာနေခဲ့ရပေသည်။
ပို၍ဆိုးရွားသည်မှာ ရန်သူ့အင်အားက ပထမမင်းသား၏ အင်အားထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင် ဖြစ်လေ၏။
"မင်းသား... အခြေအနေက အရေးပေါ်နေပြီ။ အိမ်ရှေ့မင်းသား ဖောက်ထွက်နိုင်ဖို့ ကျွန်တော်တို့ ကူညီပေးပါ့မယ်"
ဟွာယန်အမည်ရှိ ဒုတိယစစ်သူကြီးတစ်ဦးက အိမ်ရှေ့မင်းသားအား လှမ်းအော်လိုက်ပြီးနောက် စစ်သည်များကို စုစည်းကာ ပထမမင်းသားကို ခြံရံလျက် ဘေးဘက်သို့ ဦးတည်၍ တိုက်ခိုက်လမ်းဖောက်လေတော့သည်။
သို့သော် ပထမမင်းသားက အကြိမ်ကြိမ် ကြိုးစားခဲ့သော်ငြား နောက်ဆုံးတွင်တော့ ကျင်းတပ်မတော်၏ ဝိုင်းရံပိတ်ဆို့မှုထဲမှ ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ချေ။
မဟာချင်တိုင်းပြည်မှ ယောကျ်ားကောင်းများက တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲသို့ လဲကျသွားခဲ့ကြလေသည်။
ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ်ပင် သေဆုံးရတော့မည်ကို ပထမမင်းသား သိရှိလိုက်ပေ၏။
သို့သော် သူသေချာပေါက် သေရမည်ကို သိနေသည့်တိုင် သူ၏ဓားကို တစ်ချက်ပြီးတစ်ချက် ဆက်လက်၍ ခုတ်ပိုင်းနေခဲ့လေသည်။
ရန်သူတစ်ယောက် ပိုသတ်နိုင်လျှင် တစ်ယောက်ပိုသေမည်သာတည်း။
"အစ်ကိုကြီး... မယ်တော့်ဗိုက်က ပိုပိုပြီး ကြီးလာနေပြီ။ မယ်တော် သားဖွားတော့မှာလားဟင်"
မဟာချင်တိုင်းပြည်၏ နန်းတော်အတွင်း၌ အသက်ငါးနှစ်အရွယ် ချင်ကျင်းယွမ်က မော့ကြည့်ရင်း သူ၏အစ်ကိုဖြစ်သူကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေ၏။
"အင်း... မယ်တော် မကြာခင် သားဖွားတော့မှာပါ" အသက်ရှစ်နှစ်အရွယ် ပထမမင်းသားက ပြုံးလိုက်ပြီး သူ၏ညီငယ်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။ "ကျင်းယွမ် ခန့်မှန်းကြည့်ပါဦး... ငါတို့ ညီလေးရလာမလား ဒါမှမဟုတ် ညီမလေးရလာမလား"
"ညီမလေးရမှာပေါ့" ချင်ကျင်းယွမ်က တစ်ခဏမျှ တွေဝေခြင်းမရှိဘဲ တိုက်ရိုက် ပြန်ဖြေလိုက်လေ၏။
"ကျင်းယွမ် ဘာလို့ အဲဒီလောက် သေချာနေရတာလဲ" ပထမမင်းသားက ပြုံးကာ မေးလိုက်ပေသည်။
"ကျွန်တော်က ညီမလေးပဲ လိုချင်လို့လေ" ချင်ကျင်းယွမ်က မျှော်လင့်တကြီးဖြင့် ပြောဆိုလိုက်လေသည်။
"ဟားဟားဟား... အစ်ကိုကြီးလည်း ညီမလေး လိုချင်တာပဲ" ပထမမင်းသားက ညီဖြစ်သူ၏ ပါးကို ဆွဲလိမ်လိုက်လေ၏။ "အဲဒီတော့ ညီမလေးမွေးလာတဲ့အခါကျရင် ငါတို့နှစ်ယောက် အတူတူ စောင့်ရှောက်ကြတာပေါ့"
"ကောင်းပါပြီ အစ်ကိုကြီး"
သူတို့၏ ညီမလေး မွေးဖွားပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်လေသည်။
ပထမမင်းသားနှင့် သူ၏ဒုတိယညီတော်တို့က နန်းတော်၏ အနောက်ဘက်ခြံဝင်းအတွင်း၌ သိုင်းလေ့ကျင့်နေကြလေ၏။
ပထမမင်းသားက သူ၏ကျင့်ကြံခြင်းအဆင့်ကို တမင်သက်သက် ဖိနှိပ်ထားပြီး ညီဖြစ်သူနှင့် အပြန်အလှန် တိုက်ခိုက်နေကာ အမှန်တကယ်တွင်မူ ညီဖြစ်သူကို သိုင်းကွက်များ သင်ကြားပေးနေခြင်းသာ ဖြစ်ပေသည်။
သူတို့၏ အသက်နှစ်နှစ်အရွယ် ညီမလေးက ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေပြီး သူမ၏နှုတ်ခမ်းထောင့်မှ သွားရည်များက အဆက်မပြတ် ကျဆင်းနေလေတော့သည်။
နံ့သာတိုင် နှစ်တိုင်စာအချိန် ကုန်လွန်ပြီးနောက်တွင် အရေးနိမ့်သွားသော ချင်ကျင်းယွမ်ကို ချင်စီယောင်က မြင်းတစ်ကောင်ကဲ့သို့ စီးနင်းနေလေ၏။
သူတို့သုံးယောက်သား အချိန်အတော်ကြာအောင် ကစားခဲ့ကြပြီးနောက် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ချင်ကျင်းယွမ်က မြက်ခင်းပြင်ပေါ်တွင် လှဲချလိုက်လေတော့သည်။
ချင်စီယောင်ကလည်း သူမ၏အစ်ကိုလုပ်ပုံကို အတုခိုးကာ မြေပြင်ပေါ်တွင် လှဲအိပ်လိုက်ပေသည်။
ပထမမင်းသားက သူ၏ညီမငယ်လေးဘေးတွင် ဝင်ထိုင်လိုက်လေ၏။
"အစ်ကိုကြီး... မကြာသေးခင်က တစ်ယောက်ယောက်က ကျွန်တော့်ကို အိမ်ရှေ့မင်းသားနေရာအကြောင်း ပြောပြတယ်။ အဲဒီနေရာက တကယ်ပဲ အဲဒီလောက် အရေးကြီးတာလား"
အသက်ကိုပြင်းပြင်းရှူရင်း ချင်ကျင်းယွမ်က သူ၏ဘေးရှိ အစ်ကိုကြီးကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
ညီငယ်၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ပထမမင်းသားမှာ အနည်းငယ် ကြက်သေရိုက်သွားလေ၏။ ထို့နောက် သူက ညီမငယ်လေးကို ကျော်၍ ချင်ကျင်းယွမ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။ သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသော်ငြားလည်း ပြုံးကာ မေးလိုက်ပေသည်။ "ကျင်းယွမ်... ဘယ်သူက မင်းကို အဲဒီလိုပြောတာလဲ"
"ကျွန်တော့်ရဲ့ အထိန်းတော်လေ" ချင်ကျင်းယွမ်က ပြန်ဖြေလိုက်လေ၏။ "မကြာသေးခင်က အထိန်းတော်က ကျွန်တော့်ကို ပါရမီသိပ်ကောင်းတယ်လို့ ပြောတယ်။ ကျွန်တော်က ငယ်သေးပေမဲ့ မဟာချင်တိုင်းပြည်မှာ အကြီးဆုံးကပဲ ထီးနန်းဆက်ခံရမယ်ဆိုတဲ့ စည်းမျဉ်းမရှိလို့ အနာဂတ်မှာ ကျွန်တော်က အိမ်ရှေ့မင်းသား ဖြစ်လာနိုင်တယ်တဲ့"
"အဲဒီလိုလား"
ပထမမင်းသားက သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ခေါင်းယမ်းလိုက်လေသည်။
"အိမ်ရှေ့မင်းသားနေရာဆိုတာ အရေးကြီးတယ်ဆိုရင်လည်း ဟုတ်သလို အရေးမကြီးဘူးဆိုရင်လည်း ဟုတ်တာပါပဲ"
"အိမ်ရှေ့မင်းသား ဖြစ်လာပြီဆိုတာနဲ့ ခမည်းတော်လိုမျိုး နေ့တိုင်း စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေရမယ်။ လွတ်လပ်ခွင့်ဆိုတာလည်း မရှိတော့ဘူး။ နိုင်ငံရေးအကြံအစည်တွေကို ကိုင်တွယ်ဖြေရှင်းရမယ်။ တစ်နေ့လုံး ဟိုကိစ္စ ဒီကိစ္စတွေနဲ့ ပူပန်နေရလိမ့်မယ်။ သိပ်ကို လေးလံလွန်းတဲ့ တာဝန်ကြီးပဲ"
"ဒါဆို အစ်ကိုကြီး... ဘယ်လောက်တောင် လေးလံတာလဲဟင်"
ချင်ကျင်းယွမ်က ထပ်မံမေးမြန်းလိုက်လေ၏။ ဘေးမှ အသက်နှစ်နှစ်အရွယ် ညီမငယ်လေးပင်လျှင် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် သူမ၏အစ်ကိုကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေလေသည်။ ချင်စီယောင်က စကားအများစုကို နားမလည်ခဲ့သော်ငြားလည်း ပင်။
"ဘယ်လောက်လေးလံလဲဆိုတာလား"
ပထမမင်းသားက မြက်ခင်းပေါ်တွင် လက်ထောက်ကာ မတ်ထိုင်လိုက်ပြီး အထက်မှ ပြာလဲ့နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်လေသည်။
"ဒီအလေးချိန်ဆိုတာက သန်းပေါင်းရာချီတဲ့ ပြည်သူတွေက မင်းကိုမော့ကြည့်ပြီး စူးစူးစိုက်စိုက်နဲ့ စောင့်ကြည့်နေတာမျိုးပဲ။ သူတို့က မင်းပြောမယ့် စကားတစ်ခွန်းချင်းစီကို ကြားချင်လို့ မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေကြတာလေ"
"ခမည်းတော်... သားတော့်ကို ခေါ်လိုက်တာလား"
စာကြည့်ဆောင်အတွင်း၌ ပထမမင်းသားက အရိုအသေပေးကာ လက်ယှက်ဂါရဝပြုလိုက်လေ၏။
"အင်း" ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲရှိ တော်ဝင်အစီရင်ခံစာကို ချထားကာ သားဖြစ်သူကို ကြည့်လိုက်လေသည်။ "မင်းက ချင်ကျင်းယွမ်ရဲ့ အထိန်းတော်ကို ငွေတစ်ထုပ်ပေးပြီး နန်းတော်ထဲကနေ နှင်ထုတ်လိုက်တယ်လို့ ငါကိုယ်တော် ကြားတယ်"
"မှန်ပါတယ် ခမည်းတော်" ပထမမင်းသားက ဝန်ခံလိုက်လေ၏။
"ဘာကြောင့်လဲ"
"အဲဒီလူက မသမာတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့ပါ။ သူရဲ့ကိုယ်ကျိုးအတွက်နဲ့ သူက ကျင်းယွမ်ကို အိမ်ရှေ့မင်းသားနေရာအကြောင်း ရဲရဲတင်းတင်း ပြောဆိုရဲခဲ့တယ်။ ဒါကြောင့် သားတော် သူ့ကို နှင်ထုတ်လိုက်တာပါ" ပထမမင်းသားက အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်ပေသည်။
"အဆင့်နိမ့် အထိန်းတော်တစ်ယောက်က ကျင်းယွမ်ကို ဒီလိုကိစ္စတွေ ပြောရဲတာ... သူမရဲ့ စိတ်နှလုံးက တကယ်ပဲ သေဒဏ်ပေးခံရဖို့ ထိုက်တန်တယ်"
ချင်တိုင်းပြည်ရဲ့ဘုရင်က ပထမမင်းသား၏ လုပ်ရပ်ကို သဘောတူလက်ခံလိုက်လေ၏။
"ဒါပေမဲ့ ကျင်းစု... ခမည်းတော် မင်းကိုမေးမယ်။ အိမ်ရှေ့မင်းသားနေရာနဲ့ ပတ်သက်ပြီး မင်းဘယ်လို တွေးထားလဲ"
"..."
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပထမမင်းသားက အရိုအသေပေးလိုက်လေသည်။
"အိမ်ရှေ့မင်းသားနေရာဆိုတာ ခမည်းတော်က ပေးသနားမှသာ ရနိုင်မယ့်အရာပါ။ သားတော်က ဘယ်လိုလုပ်ပြီး တခြားအတွေးတွေ တွေးရဲမှာလဲ"
"မင်းကတော့လေ... ဟူး" ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏သားဖြစ်သူကို လက်ညှိုးထိုးကာ သက်ပြင်းချရင်း ဆိုလေ၏။ "ကျင်းစု... မင်းက ဒီလောက်ငယ်ရွယ်တဲ့ အရွယ်မှာကို သိပ်ကိုထက်မြက်ပြီး စေ့စပ်သေချာလွန်းတယ်။ တစ်ခါတလေကျရင် ငါကိုယ်တော်တောင် ငိုရမလား ရယ်ရမလား မသိတော့ဘူး"
"ဒါပေမဲ့ မင်းက ငါ့ရဲ့သားပဲလေ။ မင်းရဲ့အတွေးတွေကို ငါကိုယ်တော်က ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ"
ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းယမ်းလိုက်လေသည်။
"မင်းမှာ စွမ်းရည်ရော ပါရမီရောရှိတယ်။ ဒါပေမဲ့ မင်းက သဘာဝအရကို လွတ်လပ်မှုကို မြတ်နိုးပြီး အာဏာကို သိပ်ပေါ့ပေါ့တန်တန် သဘောထားလွန်းတယ်။ မင်းက သာမန်တော်ဝင်ဆွေမျိုးတစ်ယောက်နဲ့ လုံးဝမတူဘူး။ မင်းအတွက်ကတော့ ဒီထီးနန်းရှိရှိ မရှိရှိ ဘာများကွာခြားသွားမှာမို့လို့လဲ"
"ဒါပေမဲ့ ကျင်းစု... မင်းမလိုချင်ရုံနဲ့တင် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားမှာမဟုတ်တဲ့ အရာတွေက အများကြီးရှိတယ်"
"ဒီလောကကြီးမှာ အခြေအနေအရ ဖိအားပေးခံရလို့ လုပ်ရတဲ့ အရာတွေက သိပ်ကိုများလွန်းတယ်"
"ငါကိုယ်တော် ပြောတာကို မင်းနားလည်နိုင်ရဲ့လား"
"သားတော်... နားလည်ပါတယ်" ပထမမင်းသားက ခေါင်းညိတ်လိုက်လေ၏။
"မဟုတ်ဘူး... မင်း တကယ်တော့ နားမလည်သေးပါဘူး" ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းယမ်းလိုက်လေသည်။ "ထားလိုက်ပါတော့လေ။ ဖြစ်ချင်ရာဖြစ်ပါစေ။ သွားပြီး သေချာစဉ်းစားကြည့်ဦး"
"မှန်လှပါ ခမည်းတော်"
ပထမမင်းသားက အရိုအသေပေးကာ လှည့်ထွက်ရန် ပြင်လိုက်လေ၏။
သို့သော် မကြာမီမှာပင် ချင်တိုင်းပြည်ရဲ့ဘုရင်က သားဖြစ်သူကို လှမ်းခေါ်လိုက်လေသည်။ "အော်... ဒါနဲ့ ကျင်းစု"
"ခမည်းတော် ဘာများ အမိန့်ရှိစရာ ရှိသေးလို့လဲ" ပထမမင်းသားက မေးလိုက်ပေသည်။
"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ မင်း တစ်ခုခုကိုလုပ်ရင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း လုပ်ရမယ်လို့ ပြောချင်တာပါ။ စိတ်နှလုံးမပျော့ညံ့စေနဲ့" ချင်တိုင်းပြည်ရဲ့ဘုရင်က တော်ဝင်အစီရင်ခံစာများကို စစ်ဆေးဖတ်ရှုနေရင်း ဆိုလေ၏။ "ကျင်းယွမ်ရဲ့ အထိန်းတော်ကို ငါကိုယ်တော် ရှင်းလင်းပြီးပြီ။ အနာဂတ်အတွက် ဒါကို မှတ်ထားပါ"
ပထမမင်းသား၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး သူ၏မျက်ဝန်းများမှာ တုန်လှုပ်သွားလေသည်။ အဆုံးတွင်တော့ သူက ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး အရိုအသေပေးလိုက်လေ၏။ "မှန်လှပါ ခမည်းတော်"
ချင်ကျင်းယွမ် အသက်ဆယ့်ခြောက်နှစ်နှင့် ပထမမင်းသား အသက်ဆယ့်ကိုးနှစ် အရွယ်သို့ ရောက်ရှိလာချိန်တွင် ဖြစ်လေသည်။
ချင်တိုင်းပြည်ရဲ့ဘုရင်က ညီအစ်ကိုနှစ်ဦးစလုံးကို စာကြည့်ဆောင်သို့ ခေါ်ယူလိုက်လေ၏။
စာကြည့်ဆောင်မှ ထွက်ခွာလာပြီးနောက် ချင်ကျင်းယွမ်က သူ၏အစ်ကိုကြီးကို ဝမ်းသာအားရဖြင့် ပြောဆိုလာလေသည်။ "အစ်ကိုကြီး... ခမည်းတော်က ကျွန်တော်တို့ကို ကိုယ်ပိုင်အိမ်တော်တွေ ထူထောင်ခွင့် ပြုလိုက်ပြီ။ ဒီနေ့ကစပြီး ကျွန်တော်တို့နှစ်ယောက် သေချာယှဉ်ပြိုင်ကြတာပေါ့။ ကျွန်တော်ကတော့ အစ်ကိုကြီးကို သေချာပေါက် အရှုံးပေးမှာမဟုတ်ဘူး။ အစ်ကိုကြီးသာ ရှုံးသွားခဲ့ရင် ညီလေးကို အပြစ်မတင်နဲ့နော်"
ညီဖြစ်သူ၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ရင်း ပထမမင်းသားက ပြုံးကာ ခေါင်းညိတ်လိုက်လေ၏။ "ကောင်းပြီလေ... အဲဒီတော့ အစ်ကိုကြီးလည်း... အကောင်းဆုံး ကြိုးစားရမှာပေါ့"
ရှောင်မိုက ဝေ့တိုင်းပြည်ကို အောင်နိုင်ပြီး အောင်ပွဲခံပြန်လာခဲ့သည့် နောက်တစ်နေ့တွင် ဖြစ်လေသည်။
ဧည့်အကြီးအကဲတစ်ဦးက ပထမမင်းသား၏ အိမ်တော်သို့ ရောက်ရှိလာပြီး ပထမမင်းသားအား အရိုအသေပေးလိုက်လေ၏။ "မင်းသား... ဒုတိယမင်းသားက ဆီးနှင်းမင်းသားအတွက် စားသောက်ပွဲတစ်ခု ကျင်းပပေးနေပါတယ်။ ဆီးနှင်းမင်းသားကလည်း တတိယမင်းသမီးကို ခေါ်ပြီး အဲဒီကို သွားရောက်နေပါပြီ"
"အင်း" ပထမမင်းသားက ခေါင်းညိတ်လိုက်လေသည်။ "ငါသိတယ်"
ဧည့်အကြီးအကဲက စကားမပြောမီ တစ်ခဏမျှ တွေဝေသွားလေ၏။ "မင်းသား... ဒုတိယမင်းသားရဲ့ လှုပ်ရှားမှုက ဆီးနှင်းမင်းသားကို သိမ်းသွင်းဖို့ ရည်ရွယ်တာပါ။ ပြီးတော့ ဆီးနှင်းမင်းသားက ဝေ့တိုင်းပြည်ကို အောင်နိုင်ခဲ့တဲ့ တိုက်ပွဲတစ်ခုတည်းနဲ့တင် ဧကရာဇ်မင်းမြတ်ရဲ့ ရာထူးတိုးမြှင့်ပေးခြင်းကို ခံရပြီး မင်းသားတစ်ပါးအနေနဲ့ ဘွဲ့ချီးမြှင့်ခံခဲ့ရတာပါ။ အမြော်အမြင်ရှိတဲ့ ဘယ်သူမဆို ဧကရာဇ်မင်းမြတ်က ဆီးနှင်းမင်းသားကို ယုံကြည်ရတဲ့ လူယုံတစ်ယောက်အဖြစ် သတ်မှတ်ချင်နေတယ်ဆိုတာကို သိကြပါတယ်"
"ဆီးနှင်းမင်းသားရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့လည်း ယန်မင်းသားကြီးကိုယ်တိုင်က အဆုံးအစမရှိ ချီးကျူးထောပနာပြုထားပါတယ်"
"ဆီးနှင်းမင်းသားသာ ဒုတိယမင်းသားရဲ့ သိမ်းသွင်းခြင်းကို အမှန်တကယ် ခံလိုက်ရမယ်ဆိုရင်..."
"ဒါက..."
"ငါသိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်။ မင်း အရင်ထွက်သွားလို့ရပြီ" ပထမမင်းသားက ဖြည်းညင်းစွာ ဆိုလေ၏။
ဧည့်အကြီးအကဲက တစ်ခုခု ထပ်ပြောချင်နေသေးသော်ငြားလည်း ပထမမင်းသား၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အဆုံးတွင်တော့ လက်လျှော့လိုက်ပြီး "အမိန့်အတိုင်းပါ မင်းသား" ဟုသာ ပြန်လည်ဖြေကြားလိုက်လေတော့သည်။
"ဒါနဲ့" ဧည့်အကြီးအကဲက စာကြည့်ဆောင်အတွင်းမှ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ပထမမင်းသားက ခေါင်းမော့လာလေ၏။ "သွားပြီး ရထားလုံးကို ပြင်ဆင်ထားလိုက်။ ပြီးတော့ အရည်အသွေးသိပ်ကောင်းတဲ့ အဲဒီနှင်းနင်းမြင်းကိုပါ တစ်ခါတည်း ယူခဲ့"
ဧည့်အကြီးအကဲက ပထမမင်းသား၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားပြီး ဝမ်းသာအားရဖြင့် "အမိန့်အတိုင်းပါ မင်းသား" ဟု ဖြေကြားလိုက်လေသည်။
ဧည့်အကြီးအကဲ ထွက်သွားပြီးနောက် ပထမမင်းသားက မတ်တတ်ရပ်ကာ တံခါးဝသို့ လျှောက်သွားလိုက်လေ၏။ သူက သက်ပြင်းချလိုက်ပြီး ညအမှောင်ထုဆီသို့ စကားဆိုလိုက်လေသည်။ "ဒုတိယညီတော်... အဲဒီနေရာအတွက်နဲ့ မင်းက ရှောင်မိုကို သိမ်းသွင်းဖို့ တတိယမင်းသမီးကိုတောင် အသုံးချခဲ့တယ်။ ဒါက တကယ်ပဲ မင်းရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်လား"
"တတိယမင်းသမီးက အပြစ်ကင်းစင်ပေမဲ့ သူမက အရူးမှ မဟုတ်တာ"
"မင်းက သူမရဲ့အစ်ကိုမို့လို့ သူမက မင်းကို သိပ်ယုံကြည်နေရတာလေ"
ဆယ်နှစ်ခန့် ကုန်လွန်ပြီးနောက်တွင် ဖြစ်လေသည်။
တစ်နေ့တွင် ပထမမင်းသားက စာကြည့်ဆောင်အတွင်းသို့ အလျင်စလို ဝင်ရောက်လာပြီး သူ၏ခမည်းတော်အား နက်ရှိုင်းစွာ အရိုအသေပေးလိုက်ကာ သူ၏လေသံထဲတွင် ဒေါသများကို ဖိနှိပ်ထားလျက် "သားတော် ကျင်းစု... ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်" ဟု ဆိုလိုက်လေ၏။
"ဘာကိစ္စရှိလို့လဲ။ မင်းက သိပ်ကို အလျင်လိုနေပြီး ဒေါသတွေ ပြည့်နှက်နေတဲ့ပုံပဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏လက်ထဲရှိ ကျမ်းလိပ်စာရွက်များကို လှန်လှောရင်း ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"သားတော်က ဧကရာဇ်မင်းမြတ်နဲ့ တိုင်ပင်ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ" ကျင်းစုက ရိုသေစွာဖြင့် ဆိုလေ၏။
ထိုအခါ ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းမော့ကာ သားဖြစ်သူကို ကြည့်လိုက်လေသည်။ "ပြောလေ"
"ဒုတိယညီတော်က ကျင်းတိုင်းပြည်နဲ့ လက်ဆက်မဟာမိတ်ဖွဲ့ဖို့ ရည်ရွယ်ထားတယ်လို့ သားတော် ကြားသိရပါတယ်။ ဒီကိစ္စက သိပ်ကို အရေးကြီးပါတယ်။ ဧကရာဇ်မင်းမြတ်အနေနဲ့ သုံးကြိမ်တိုင်တိုင် စဉ်းစားဆင်ခြင်ပေးပါလို့ သားတော်က တောင်းဆိုချင်ပါတယ်" ကျင်းစုက ပိုမိုနိမ့်ကျစွာ အရိုအသေပေးလိုက်ပေသည်။
ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းမော့လာပြီး သားဖြစ်သူကိုကြည့်ကာ မျက်မှောင်ကြုတ်သွားလေ၏။ "မင်းရဲ့အကြောင်းပြချက်တွေကို ပြောပြစမ်း"
"ပထမအချက်... မကြာသေးမီနှစ်တွေအတွင်း ကျင်းတိုင်းပြည်က အဝေးကနိုင်ငံတွေနဲ့ မိတ်ဖွဲ့ပြီး အနီးအနားက နိုင်ငံတွေကို တိုက်ခိုက်တဲ့ ဗျူဟာကို ကျင့်သုံးပြီး သူတို့ရဲ့ နယ်မြေတွေကို အဆက်မပြတ် ချဲ့ထွင်နေခဲ့ပါတယ်။ ကျင်းတိုင်းပြည်ဘုရင်ရဲ့ တောခွေးလို ရည်မှန်းချက်ကြီးမားမှုကို လူတိုင်း သိကြပါတယ်"
"ဒုတိယအချက်... ကျင်းတိုင်းပြည်ဘုရင်က သူ့ရဲ့အကြီးဆုံးသမီးကို ပုလဲလေးလို တန်ဖိုးထားတာပါ။ ဒီနှစ်တွေအတွင်း ကျင်းတိုင်းပြည်က ကျွန်တော်တို့ မဟာချင်တိုင်းပြည်နဲ့ အမြဲတစေ ပွတ်တိုက်မှုတွေ ရှိနေခဲ့တာကို ထည့်တွေးကြည့်ရင် အခုလိုမျိုး ရုတ်တရက် လက်ဆက်မဟာမိတ်ဖွဲ့ချင်နေတာက ပုံမှန်မဟုတ်သလို သေချာပေါက် ယုတ်မာတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေရပါမယ်"
"မင်းပြောတာက အဓိပ္ပာယ်ရှိပါတယ်" ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းညိတ်လိုက်လေ၏။ "ဒါပေမဲ့ ဒီလက်ဆက်ပွဲနဲ့ ပတ်သက်ပြီး ငါကိုယ်တော်က ချင်ကျင်းယွမ်ကိုလည်း မေးမြန်းခဲ့ပြီးပါပြီ။ ချင်ကျင်းယွမ်ကိုယ်တိုင်က ဒါကို သဘောတူလက်ခံခဲ့တာပါ"
"..." ကျင်းစုက မျက်မှောင်ကြုတ်သွားလေသည်။ "သားတော် သွားပြီး ဒုတိယညီတော်ကို ဖျောင်းဖျလိုက်ပါ့မယ်"
"မလိုပါဘူး"
ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းယမ်းလိုက်လေ၏။
"မင်းက စိုးရိမ်လွန်နေတာပါ။ ကျင်းတိုင်းပြည်မင်းသမီးကသာ ဒီကိုလာပြီး လက်ထပ်ရမှာလေ။ ငါကိုယ်တော့်ရဲ့သားက သူတို့မိသားစုထဲ သွားပြီး ဝင်ပါရမှာမှ မဟုတ်တာ"
"လက်ရှိအချိန်မှာ ကျင်းတိုင်းပြည်ရော မဟာချင်တိုင်းပြည်ရောက အချိန်လိုအပ်နေကြတယ်"
"လက်ဆက်မဟာမိတ်ဖွဲ့တာက အကောင်းဆုံး ဖြေရှင်းနည်းပဲ"
"အဆုံးမှာ သူတို့နဲ့ ပြတ်စဲသွားမယ်ဆိုရင်တောင် ချင်ကျင်းယွမ်က ဇနီးတစ်ယောက် ရလိုက်တာပဲလေ။ ဆုံးရှုံးသွားစရာ ဘာမှမရှိပါဘူး"
"တိုတိုပြောရရင် မင်းဒီကိစ္စကို စိတ်ပူနေစရာ မလိုသလို ဝင်ပါခွင့်လည်း မရှိဘူး"
"မင်းရဲ့ ကိုယ်ပိုင်တာဝန်တွေကိုသာ အာရုံစိုက်ထားလိုက်။ မင်း ထွက်သွားလို့ရပြီ"
"ဧကရာဇ်မင်းမြတ်"
"ထွက်သွားလို့"
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
"အိမ်ရှေ့မင်းသား... ကျင်းမင်းသားက နိုင်ငံတော်အပေါ် သစ္စာဖောက်သွားပါပြီ"
ပထမမင်းသားက တိုင်းရေးပြည်ရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေစဉ် ဧည့်အကြီးအကဲတစ်ဦးက ပထမမင်းသား၏ စာကြည့်ဆောင်အတွင်းသို့ ပြေးဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"မင်း ဘာပြောလိုက်တယ်။ ဘယ်သူက သစ္စာဖောက်သွားတာလဲ" ပထမမင်းသားမှာ ကြက်သေရိုက်သွားလျက် ရပ်နေမိတော့သည်။
"အိမ်ရှေ့မင်းသား... ဒုတိယမင်းသားက နိုင်ငံတော်အပေါ် သစ္စာဖောက်သွားပါပြီ။ အခု လုကျိုးနယ်မြေကလည်း ကျဆုံးသွားပါပြီ" ဧည့်အကြီးအကဲက ထပ်မံပြောဆိုလိုက်လေ၏။
ဟွိုင်ရှန်းတောင်ကြားတံခါး၏ အပြင်ဘက်တွင် မြို့ကို လေးလတိုင်တိုင် ကာကွယ်ပြီးနောက် ပထမမင်းသားမှာ အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရလေသည်။
သို့သော် အခြေအနေကတော့ ပိုမိုကောင်းမွန်သည့်ဘက်သို့ ဦးတည်တိုးတက်လာခဲ့ပေသည်။
သူသာ ဆက်လက်တောင့်ခံထားနိုင်မည်ဆိုလျှင် အများဆုံး နှစ်လအတွင်း မြို့ကိုမသိမ်းပိုက်နိုင်သော ကျင်းတပ်မတော်၏ စိတ်ဓာတ်ခွန်အားမှာ မလွဲမသွေ ကျဆင်းသွားတော့မည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူက အမှန်တကယ်ပင် တန်ပြန်တိုက်ခိုက်နိုင်ပြီ ဖြစ်ပေ၏။
သို့သော် ထိုအချိန်လေးမှာပင် မြို့တော်မှနေ၍ ပထမမင်းသားထံသို့ စာတစ်စောင်နှင့် ဆေးလုံးသန်းပေါင်းများစွာကို ပို့ဆောင်လာခဲ့လေသည်။
၎င်းစာပေါ်တွင် ရိုးရှင်းသော စာကြောင်းအနည်းငယ်ကိုသာ ရေးသားထားလေ၏။
"ဒီဆေးလုံးတွေက သားရဲနက်တောအုပ်ရဲ့ အဆိပ်ငွေ့တွေကို ငါးနာရီကြာအောင် ဖြေဖျက်ပေးနိုင်တယ်။ မင်းက သားရဲနက်တောအုပ် တောင်ကြားမှာ အမြန်ဆုံး ချုံခိုတပ်စွဲပြီး ကျင်းတပ်မတော် ရောက်လာမယ့်အချိန်ကို စောင့်နေရမယ်။ ချင်ကျင်းယွမ်က သူတို့ရဲ့ ဆုတ်ခွာရာလမ်းကြောင်းကို မင်းအတွက် ဖြတ်တောက်ပေးလိမ့်မယ်။ မှတ်ထား... ချင်ကျင်းယွမ်ရဲ့ ကြိုးပမ်းအားထုတ်ထားတဲ့ အစီအစဉ်တွေကို အလဟဿ မဖြစ်စေနဲ့"
ဤတိုတောင်းလှသော စာတိုလေးကိုကြည့်ရင်း ပထမမင်းသားမှာ အလွန်ဝမ်းသာပျော်ရွှင်သွားခဲ့လေ၏။ သူ၏ညီငယ်က သူတို့အပေါ် သစ္စာမဖောက်ခဲ့သည့်အတွက် ဝမ်းသာသွားခြင်းဖြစ်ပေသည်။
သို့သော်လည်း ချင်ကျင်းယွမ်က ဤကဲ့သို့ လုပ်ဆောင်လိုက်ခြင်းသည် သူ၏အသက်ကို စတေးလိုက်ခြင်းဖြစ်ကြောင်းကို ပထမမင်းသား သိရှိထားလေသည်။
ရှောင်မို၊ ပထမမင်းသားနှင့် အခြားသူများ အောင်ပွဲခံကာ မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ချင်တိုင်းပြည်ရဲ့ဘုရင်က ဆုလာဘ်များ ချီးမြှင့်ပြီးချိန်တွင် ပထမမင်းသားက နန်းတော်ထဲမှ ချက်ချင်း ထွက်ခွာမသွားခဲ့ချေ။
သူက ရင်ထဲမှ ဒေါသများကို ဖိနှိပ်ထားလျက် သူ၏ခမည်းတော်အား မေးခွန်းထုတ်လိုက်လေ၏။ "ဧကရာဇ်မင်းမြတ်... ချင်ကျင်းယွမ်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းကြီးက စောစောစီးစီးကတည်းက သိနေခဲ့တာလား"
"ဟုတ်တယ်" ချင်တိုင်းပြည်ရဲ့ဘုရင်က ပြတ်သားစွာ ဆိုလေသည်။
ပထမမင်းသားက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး "မင်းကြီးရဲ့ ရင်ထဲမှာ မဟာချင်တိုင်းပြည်ရဲ့ အာဏာစက်လွှမ်းမိုးရေးအတွက်ဆိုရင် ဘာမဆို စတေးခံလို့ရတယ်လို့များ ထင်နေတာလား။ ကိုယ့်ရဲ့ သားအရင်းကိုတောင်မှ စတေးပစ်လိုက်တာပဲ" ဟု ပြောဆိုလိုက်လေ၏။
"မှန်တယ်"
ချင်တိုင်းပြည်ရဲ့ဘုရင်က သားဖြစ်သူ၏ မျက်ဝန်းများထဲသို့ တည့်မတ်စွာ စိုက်ကြည့်လိုက်လေသည်။
"ငါကိုယ်တော့်ရဲ့ မဟာချင်တိုင်းပြည် အာဏာစက်လွှမ်းမိုးနိုင်ဖို့အတွက်ဆိုရင် အရာအားလုံးကို စတေးခံလို့ရတယ်"
"စစ်မြေပြင်က စစ်သည်တွေ သေနိုင်တယ်ဆိုရင် ချင်ကျင်းယွမ်ကကော ဘာလို့မသေနိုင်ရမှာလဲ"
"ငါကိုယ်တော်တိုင်ဆိုရင်တောင် ဘာလို့ သေလို့မရရမှာလဲ"
"သူက ငါကိုယ်တော့်ရဲ့ ကလေးဖြစ်နေလို့လား"
"မဟုတ်ဘူး"
"သူက ငါကိုယ်တော့်ရဲ့ သားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကို သူက ပိုပြီးတော့တောင် တန်ဖိုးရှိရှိ သေဆုံးပေးရလိမ့်မယ်"
ပထမမင်းသားက လက်သီးများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ သူ၏လက်သည်းများက အသားထဲသို့ပင် စိုက်ဝင်သွားလေတော့သည်။
ချင်တိုင်းပြည်ရဲ့ဘုရင်က မတ်တတ်ရပ်ကာ သားဖြစ်သူ၏ဘေးသို့ လျှောက်သွားလိုက်ပြီး သူ၏ပခုံးကို ပုတ်ပေးလိုက်လေ၏။ "ကျင်းစု... မင်းက သိပ်ကိုကြင်နာတတ်လွန်းတယ်။ ဒါပေမဲ့ ဘုရင်တစ်ပါးအနေနဲ့ ကြင်နာတတ်တဲ့ နှလုံးသားမျိုး ထားရှိခွင့်မရှိဘူး"
"မဆိုးပါဘူး... တတိယမင်းသမီးရဲ့ ဟင်းချက်လက်ရာက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ"
စစ်မထွက်မီ တစ်ရက်အလိုတွင် ပထမမင်းသားက ဆီးနှင်းမင်းသားအိမ်တော်သို့ လာရောက်ကာ အစာစားခဲ့လေသည်။
သို့သော် ရှောင်မိုက ကိစ္စတစ်ခုဖြင့် အပြင်ထွက်သွားသောကြောင့် မောင်နှမနှစ်ယောက်တည်းသာ စားသောက်နေရလေ၏။
"ဒီလောက်ကြာအောင် ဟင်းချက်လာတာတောင် လက်ရာမတိုးတက်လာဘူးဆိုရင်တော့ လက်ခံနိုင်စရာ မရှိတော့ဘူးပေါ့"
ချင်စီယောင်က အနည်းငယ် ပြုံးလိုက်လေသည်။
သို့သော် မကြာမီမှာပင် မိန်းမငယ်လေးက တစ်ခုခုကို တွေးမိသွားပုံရလေ၏။ သူမက ခေါင်းငုံ့လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် ဆုံးရှုံးရမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပေသည်။ "ဒုတိယအကိုက ကျွန်မချက်တဲ့ဟင်းတွေကို ဘယ်တော့မှ ထပ်စားခွင့်မရတော့တာကတော့ နှမြောစရာပါပဲ"
"..." ညီမငယ်၏စကားများကို ကြားလိုက်ရချိန်တွင် ပထမမင်းသားလည်း ခေါင်းငုံ့သွားလေတော့သည်။
"ကျွန်မ ဘာတွေပြောနေမိပါလိမ့်" သူမစကားမှားသွားကြောင်း သိရှိလိုက်ရသဖြင့် ချင်စီယောင်က အလျင်အမြန် ခေါင်းမော့ကာ သေရည်ခွက်ကို မြှောက်လိုက်ပြီး ပြုံးလျက် ဆိုလေ၏။ "အကိုကြီး ရန်သူ့စစ်ကြောင်းတွေကို အောင်မြင်စွာ ဖောက်ထွက်နိုင်ပြီး မကြာခင် အောင်ပွဲခံပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
"ဒါဆိုရင်လည်း ငါ့တို့တတိယမင်းသမီးလေးရဲ့ ကောင်းမြတ်တဲ့စကားတွေကို ငါလက်ခံလိုက်ပါ့မယ်" ပထမမင်းသားက သေရည်ခွက်ကို မြှောက်လိုက်ပြီး ညီမဖြစ်သူ၏ခွက်နှင့် တိုက်လိုက်လေသည်။
"ညီမလေး... အကယ်၍များ... ငါသာ ပြန်မလာနိုင်ခဲ့ဘူးဆိုရင်..."
"အကယ်၍ဆိုတာ မရှိပါဘူး" ချင်စီယောင်က သူမ၏လက်စွပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အစ်ကိုဖြစ်သူကို အလေးအနက်ထား၍ ကြည့်လိုက်လေ၏။ "အစ်ကိုကြီး သေချာပေါက် ပြန်လာရမယ်"
ပထမမင်းသား၏ မျက်နှာအမူအရာက အနည်းငယ် ရပ်တန့်သွားပြီးနောက် သူက ပြုံးလိုက်ပေသည်။
"ကောင်းပြီလေ"
"ဒါဆို ငါက"
"သေချာပေါက် ပြန်လာခဲ့မယ်"
လွင်ပြင်ငယ်လေးပေါ်တွင် သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေဆဲပင်။
သူ့ပတ်ဝန်းကျင်ရှိ စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်နှင့်အမျှ ပထမမင်းသား၏ဘေးရှိ စစ်သည်အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး နောက်ဆုံးတွင်တော့ ပထမမင်းသား တစ်ယောက်တည်းသာ ကျန်ရစ်တော့ချေပြီ။
ပထမမင်းသားကို ကာကွယ်ပေးနေခဲ့သော မသေမျိုးအဆင့် နန်းတွင်းအစေခံကြီးမှာ မသေမျိုးအဆင့် နှစ်ယောက်နှင့် ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်တို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့လေပြီ။
ဤကဲ့သို့သော နန်းတွင်းအစေခံမျိုးအတွက် ပထမမင်းသားက အစကတည်းက မျှော်လင့်ချက်များစွာ ထားရှိခဲ့ခြင်း မရှိပေ။
သူ၏ဓားကို မည်မျှအထိ လွှဲယမ်းခဲ့မိသနည်း၊ လူမည်မျှကို သတ်ဖြတ်ခဲ့မိသနည်း ဆိုသည်ကို ပထမမင်းသား ကိုယ်တိုင်ပင် မသိရှိတော့ချေ။
သူသိသည်မှာ သူ၏ဝိညာဉ်စွမ်းအင်များ နီးပါးကုန်ခမ်းနေပြီဖြစ်ကြောင်း၊ ဓားရှည်ကို ကိုင်ဆောင်ထားသော လက်မနှင့် လက်ညှိုးကြားရှိ အရေပြားများ ကွဲအက်နေပြီဖြစ်ကြောင်းနှင့် သူ၏လက်များမှာ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကြောင်းကိုသာ ဖြစ်လေ၏။
နောက်ဆုံးကျန်ရစ်သော ချင်စစ်သည်က ပထမမင်းသား၏ ရှေ့တွင် လဲကျသွားပြီးနောက် ကျင်းတပ်မတော်မှ စစ်သည်များက ဒီရေလှိုင်းများကဲ့သို့ သူတို့၏လက်နက်များကို ကိုင်ဆောင်ကာ ပထမမင်းသားကို တဖြည်းဖြည်း ဝိုင်းရံလာကြလေတော့သည်။
"ဟူး"
ပထမမင်းသားက ခေါင်းမော့ကာ ကောင်းကင်ယံ၌ အေးအေးလူလူ လွင့်မျောနေသော တိမ်ဖြူများကို ကြည့်လိုက်လေသည်။
သူ၏အမြင်အာရုံထဲတွင် ခမည်းတော်၊ မယ်တော်၊ ဒုတိယညီတော်နှင့် တတိယမင်းသမီးတို့၏ ပုံရိပ်များက အလိုအလျောက် ပေါ်လာတော့၏။
"ခမည်းတော်၊ မယ်တော်... သားတော်က မိုက်မဲလှပါတယ်။ သားတော့်ကြောင့် ကိုယ့်သားသမီးကို ကိုယ်တိုင် မြေမြှုပ်ရတော့မှာမို့လို့ပါ"
"ဒုတိယညီတော်... ငါမင်းဆီ မကြာခင် လာခဲ့တော့မယ်"
"ကိုယ့်ညီမလေး အကိုကြီး... တောင်းပန်ပါတယ်။ ငါမင်းကိုပေးခဲ့တဲ့ ကတိကို မတည်နိုင်တော့ဘူး။ ဒီကစပြီး ငါမင်းကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ မင်းက ကိစ္စများစွာနဲ့ ကြုံတွေ့ရပြီး အတင်းအကျပ် ကြီးပြင်းလာရလိမ့်မယ်။ အခုချိန်ကစပြီး မင်းအတွက် ခက်ခဲတော့မှာပဲ"
"ဒါပေမဲ့ စိတ်ချပါ... ရှောင်မိုက လူကောင်းတစ်ယောက်ပါ။ သူက မင်းရဲ့ဘေးမှာ ရှိနေပေးလိမ့်မယ်"
ပထမမင်းသားက အဝေးရောက် ချစ်ရသူများထံသို့ သူ၏နောက်ဆုံးသေတမ်းစာကို ပြောကြားနေသည့်အလား စကားလုံးများကို တစ်လုံးချင်း ပြောဆိုလိုက်လေသည်။
"ပထမမင်းသားက တကယ်ပဲ အညံ့မခံချင်တော့ဘူးလား"
ကျင်းတိုင်းပြည်မှ ချွီမြို့စားကြီးနှင့် အခြားသော မြေပိုင်ရှင်မင်းသားများက မြင်းစီး၍ ရှေ့သို့ထွက်လာကြပြီး မျက်မှောင်ကြုတ်လျက် ပထမမင်းသားကို မေးမြန်းလိုက်ကြလေ၏။
ပထမမင်းသားက ကောင်းကင်ယံမှ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရိုးရှင်းစွာ ပြုံးလိုက်လေသည်။ "ငါ့ရဲ့ ချင်တပ်မတော်သား နှစ်သိန်းက စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တယ်။ တစ်ယောက်မှ လက်နက်မချခဲ့ဘူး။ မင်းတို့က ဘာလို့ ငါလက်နက်ချမယ်လို့ ထင်နေရတာလဲ"
"ဟူး" ချွီမြို့စားကြီးက ခေါင်းယမ်းလိုက်ပြီး သူ၏ရှေ့ရှိ ယောကျ်ားကောင်းကို လေးစားစွာ ကြည့်လိုက်လေ၏။ "ပထမမင်းသားမှာ မှာစရာစကား ရှိသေးလား"
"ရှိတယ်" ပထမမင်းသား၏ နှုတ်ခမ်းများက ကွေးတက်သွားပြီး သူ၏ဓားဖြင့် သူတို့ကို ချိန်ရွယ်ကာ ရဲဝံ့စွာ ပြောဆိုလိုက်လေသည်။ "မင်းတို့ရဲ့ ကျင်းဘုရင်ကို ပြောလိုက်... ဒီအိမ်ရှေ့မင်းသားက... မရဏလောကမှာ... သူ့ကို စောင့်နေမယ်လို့"
ဤစကားကို ကြားလိုက်ရချိန်တွင် ကျင်းတိုင်းပြည်မှ မြေပိုင်ရှင်မင်းသားများမှာ မျက်မှောင်ကြုတ်သွားကြပြီး အချို့က ရှေ့သို့တက်ကာ သူ့ကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုကြသော်ငြား ချွီမြို့စားကြီးက တားဆီးထားလိုက်လေ၏။
"မင်းတို့အားလုံး အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ ဒီတိုက်ပွဲက ပြီးသွားပြီလား"
ပထမမင်းသားက လက်တစ်ဖက်ဖြင့် လှံတစ်လက်ကို ကိုင်ကာ ခန္ဓာကိုယ်ကို ထိန်းထားပြီး အခြားလက်တစ်ဖက်ဖြင့် ဓားရှည်ကို ကိုင်ဆောင်ကာ ရန်သူများကို ရင်ဆိုင်လိုက်လေသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ပိုမိုကျယ်လောင်သွားသော သူ၏အသံကြီးက တောရိုင်းလွင်ပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့၏။
"ကျင်းတိုင်းပြည်က ခွေးကောင်တွေ"
"ဒီအိမ်ရှေ့မင်းသားရဲ့ ခေါင်းကို လိုချင်တဲ့ကောင်"
"လာခဲ့စမ်း"