အခန်း ၄၃၈
Vol. 44 Ch. 438
အခန်း (၄၃၈)
ရှောင်မိုက ချင်တိုင်းပြည်ရဲ့ဘုရင်ကို နှုတ်ဆက်ပြီးနောက် နန်းတော်ထဲမှ ထွက်ခွာရန် ပြင်လိုက်လေ၏။
သို့သော်လည်း လမ်းပြပေးနေသော အစေခံမလေးက ရှောင်မိုအား အမိန့်ပြားတစ်ခု ကမ်းပေးလာလေသည်။
"ဆီးနှင်းမင်းသား... မင်းသမီးက အခု မိဖုရားကြီးရဲ့ အိပ်ဆောင်ထဲမှာ ရှိနေပါတယ်။ ဧကရာဇ်မင်းမြတ်က ဆီးနှင်းမင်းသားအနေနဲ့ နန်းတော်ထဲကို အချိန်မရွေး ဝင်ထွက်သွားလာနိုင်တယ်၊ အတွင်းဆောင်ကိုတောင် သွားခွင့်ရှိတယ်လို့ အကြောင်းကြားပေးဖို့ ကျွန်မကို မိန့်မှာလိုက်ပါတယ်"
"နားလည်ပါပြီ" ရှောင်မိုက ကျောက်စိမ်းအမိန့်ပြားကို ယူလိုက်ပြီးနောက် ချင်တိုင်းပြည်ရဲ့ဘုရင် ပြောခဲ့သောစကားများကို ပြန်လည်တွေးတောမိကာ တစ်ခဏမျှ တွေဝေသွားပြီးနောက် "မိဖုရားကြီးရဲ့ အိပ်ဆောင်ဆီကို လိုက်ပို့ပေးလို့ ရမလား" ဟု မေးလိုက်ပေသည်။
"ရပါတယ် ဆီးနှင်းမင်းသား... ကျွန်မနောက်က လိုက်ခဲ့ပေးပါ"
မိဖုရားကြီး၏ အိပ်ဆောင်အတွင်း၌ မိဖုရားကြီးရှီမှာ ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏မျက်နှာမှာ ဖျားနာမှုကြောင့် ဖြူဖျော့နေချေပြီ။ ချင်စီယောင်က ဆေးခွက်ကိုကိုင်ကာ သူမ၏မယ်တော်ကို ဆေးတိုက်နေလေ၏။
ဆေးသောက်ပြီးသွားသောအခါ မိဖုရားကြီးရှီက သမီးဖြစ်သူ၏လက်ကို ပွတ်သပ်ပေးလိုက်သည်။ "စီယောင်... သမီး ဒီနေ့ မယ်တော့်နားမှာ နေပေးစရာ မလိုပါဘူး။ ရှောင်မိုက နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ သမီးလည်း သူ့ကိုမတွေ့ရတာ ကြာပြီမလား။ သွားပြီး သူနဲ့အတူ အချိန်လေးဘာလေး ဖြုန်းလိုက်ပါဦး"
ချင်စီယောင်က ခေါင်းယမ်းလိုက်လေ၏။ "ရပါတယ် မယ်တော်... မလောပါဘူး။ သမီး လောလောဆယ် မယ်တော့်နားမှာပဲ နေပေးပါ့မယ်"
"အရူးမလေးရယ်... သမီးက မယ်တော့်နားမှာ နေလာတာ ရက်တွေတောင် အများကြီးရှိနေပြီပဲ၊ နောက်ထပ် တစ်ရက်လောက်ကတော့ ဘာမှမထူးခြားသွားပါဘူး" မိဖုရားကြီးရှီက ပြုံးလျက် ဆိုလေသည်။ "နောင်ကျရင် မယ်တော် မရှိတော့တဲ့အခါ သမီးမှာ အခက်အခဲတစ်ခုခုရှိလာရင် ရှောင်မိုကိုပဲ ပြောပြလိုက်ပါ။ အဲဒီကောင်လေးရှောင်မိုက သမီးကို သိပ်ချစ်တယ်ဆိုတာ မယ်တော် သိသာပါတယ်။ မယ်တော်က သမီးတို့ရဲ့ ကလေးတွေကို မမြင်ရတော့မှာလေးပဲ နှမြောစရာကောင်းတာပါ"
"မယ်တော်... အဲဒီလိုစကားတွေ မပြောပါနဲ့။ မယ်တော် မကြာခင် ပြန်ကောင်းလာမှာပါ"
ချင်စီယောင်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ရစ်သိုင်းလာပြီး အချိန်မရွေး ပေါက်ကွဲငိုကြွေးချတော့မည့်အလား ဖြစ်နေချေပြီ။
မိဖုရားကြီးရှီက လက်လှမ်းကာ ချင်စီယောင်၏ မျက်ဝန်းမှ မျက်ရည်များကို သုတ်ဖယ်ပေးလိုက်လေ၏။
"အရူးမလေး... ဘာလို့ ငိုနေရတာလဲ။ မယ်တော့်အချိန်က အရင်ကတည်းက ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့တာပါ။ အခုက နည်းနည်းလေး ပိုစောသွားရုံပါပဲ"
"ပြီးတော့ မယ်တော်က သမီးရဲ့ အစ်ကိုနှစ်ယောက်ဆီကို နည်းနည်းစောပြီး သွားလည်ရုံလေးပါ"
"မယ်တော် မရှိတော့တဲ့အခါ သမီးကိုယ်သမီး ဂရုစိုက်ရမယ်နော်"
"မှတ်ထား... သမီးက အရင်လို ကလေးဆန်ဆန် ဆက်ပြီးပြုမူနေလို့ မရတော့ဘူး"
"မယ်တော်က ကောင်းကင်ဘုံကနေ သမီးကို သေချာပေါက် ကောင်းချီးပေးနေမှာပါ"
"မယ်တော်ရယ်... ဆက်မပြောပါနဲ့တော့။ မယ်တော် တကယ်ကို ပြန်ကောင်းလာမှာပါ" ချင်စီယောင်က နှာခေါင်းရှုံ့ကာ ငိုရှိုက်လိုက်လေသည်။
"မိဖုရားကြီး၊ မင်းသမီး... ဆီးနှင်းမင်းသား လာရောက်နှုတ်ဆက်ပါတယ်"
သားအမိနှစ်ယောက် စကားပြောနေကြစဉ်မှာပင် တံခါးအပြင်ဘက်မှ အစေခံမလေးတစ်ဦး၏ အသံထွက်ပေါ်လာလေ၏။
"ငါတို့အားလုံးက မိသားစုတွေချည်းပါပဲ။ ဆီးနှင်းမင်းသားကို ဝင်ခွင့်ပြုလိုက်ပါ" ဟု မိဖုရားကြီးရှီက ပြုံးကာ ဆိုလိုက်လေသည်။
"အမိန့်အတိုင်းပါ" တံခါးအပြင်ဘက်မှ အစေခံမလေးက ပြန်လည်ဖြေကြားလိုက်ပြီးနောက် သူမဘေးရှိ ရှောင်မိုအား "ဆီးနှင်းမင်းသား... ဝင်သွားလို့ရပါပြီ" ဟု ပြောလိုက်ပေသည်။
ရှောင်မိုက အိပ်ဆောင်အတွင်းသို့ ဝင်ရောက်သွားပြီး ကုတင်ပေါ်တွင် လှဲလျောင်းနေသော မိဖုရားကြီးရှီအား လေးစားစွာဖြင့် အရိုအသေပေးလိုက်လေ၏။ "ကျွန်တော်မျိုးရှောင်မို... မိဖုရားကြီးကို အရိုအသေပေးပါတယ်"
"ဆီးနှင်းမင်းသား... ဒီလောက်ထိ တရားဝင်ဖြစ်နေစရာ မလိုပါဘူး" မိဖုရားကြီးရှီက သူမဘေးရှိ သမီးဖြစ်သူကို ကြည့်လိုက်လေသည်။ "စီယောင်... သမီး အပြင်ထွက်ပြီး ခဏလောက် သွားစောင့်နေပေးပါ။ မယ်တော်က ရှောင်မိုကို ပြောစရာစကားလေးတွေ ရှိလို့ပါ"
ချင်စီယောင်က သူမ၏ပါးလွှာသော နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီးနောက် ရှောင်မိုကို နူးညံ့စွာ ကြည့်လိုက်လေ၏။
ရှောင်မိုက ခေါင်းညိတ်ပြလိုက်ရာ ထိုအခါမှသာ ချင်စီယောင်က မတ်တတ်ရပ်ကာ သူမ၏မယ်တော်ကို အရိုအသေပေးပြီး အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။
"လာ... ဒီမှာထိုင်"
မိဖုရားကြီးရှီက သူမဘေးရှိ ခုံလေးကို ပွတ်သပ်ပြလိုက်လေ၏။
"ကျေးဇူးတင်ပါတယ် မိဖုရားကြီး"
ရှောင်မိုက ငြင်းဆန်မနေဘဲ မိဖုရားကြီးရှီ၏ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
မိဖုရားကြီးရှီ၏ သက်စောင့်မီးတောက်ကို ခံစားလိုက်ရချိန်တွင် ရှောင်မို၏ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားချေပြီ။
မိဖုရားကြီးရှီ၏ သက်စောင့်မီးတောက်မှာ ချင်တိုင်းပြည်ရဲ့ဘုရင်ထက်ပင် ပို၍အားနည်းနေခဲ့လေ၏။ သူမအတွက် အချိန်များစွာ မကျန်တော့ပေ။
"အခု ပြန်တွေးကြည့်တော့ ဒါက ငါကိုယ်တော် မင်းကို သေသေချာချာ အကဲခတ်ကြည့်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ" မိဖုရားကြီးရှီက သူမဘေးတွင် ထိုင်နေသော ရှောင်မိုကို ကြည့်လိုက်ပြီး တစ်ခဏမျှ အကဲခတ်ပြီးနောက် ပြုံးလျက် ဆိုလေ၏။ "အဲဒီတုန်းက ကလေးငယ်လေးက အခုဒီလောက်တောင် ကြီးပြင်းလာလိမ့်မယ်လို့ ငါကိုယ်တော် ထင်မထားခဲ့ဘူး"
"မိဖုရားကြီးကတော့ ကျွန်တော်မျိုး မှတ်မိနေတဲ့ အရင်တုန်းကအတိုင်းပါပဲ" ဟု ရှောင်မိုက ပြောလိုက်လေသည်။
"အရင်တုန်းက ဟုတ်လား" မိဖုရားကြီးရှီက ပြုံးလျက် ခေါင်းယမ်းလိုက်လေ၏။ "ငါကိုယ်တော်က သိပ်ကို အိုမင်းနေပါပြီ။ အသက်ရှင်ဖို့ နှစ်အများကြီး မကျန်တော့ပါဘူး"
"မိဖုရားကြီး... သခင်မကြီးရဲ့ ဘုန်းကံတွေက ကြီးမားလှပါတယ်။ သက်တမ်းကလည်း သဘာဝအလျောက် ရှည်ကြာလာမှာပါ"
"မင်းလေးကတော့လေ... ငါကိုယ်တော့်ကို မြှောက်ပင့်ဖို့ ဒီလိုလှပတဲ့စကားတွေ ပြောနေစရာ မလိုပါဘူး"
မိဖုရားကြီးရှီက တည်ငြိမ်စွာ ဆိုလေ၏။
"ငါကိုယ်တော့်ရဲ့ သက်တမ်းက အစကတည်းက သိပ်မရှည်တော့တာပါ။ အခု ကျင်းစုနဲ့ ကျင်းယွမ်တို့ သေဆုံးသွားတော့ ငါကိုယ်တော့်ရဲ့ စိတ်ဝိညာဉ်ပါ ထိခိုက်သွားရပြီး အသက်ရှင်ဖို့ လအနည်းငယ်လောက်ပဲ ကျန်တော့တာ ဖြစ်နိုင်တယ်"
"ဒါတွေအားလုံးကို ငါကိုယ်တော် သိပါတယ်"
"အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ငါကိုယ်တော်က စောစောစီးစီးကတည်းက လက်ခံထားပြီးသားပါ"
"ဒါပေမဲ့ အခု ငါကိုယ်တော် အစိုးရိမ်ဆုံးက ငါကိုယ်တော့်ရဲ့ စီယောင်လေးပဲ"
"ရှောင်မို... ငါကိုယ်တော့်ကို ကတိတစ်ခုလောက် ပေးနိုင်မလား"
ရှောင်မိုက မတ်တတ်ရပ်ကာ လေးစားစွာ အရိုအသေပေးလိုက်လေသည်။ "မိဖုရားကြီး... အမိန့်ရှိပါခင်ဗျာ။ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"
"ဒီလောက်ထိ အလေးအနက်ဖြစ်နေစရာ မလိုပါဘူး"
မိဖုရားကြီးရှီက ပြုံးလိုက်ပြီး ရှောင်မိုကို အနီးသို့ ဆွဲခေါ်လိုက်ကာ အခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
"စီယောင်က ငါတို့ရဲ့ အလိုလိုက်ခံထားရပြီး နည်းနည်းဆိုးသွမ်းတဲ့ အကျင့်လေးရှိပေမဲ့ တကယ့်ကို သဘောကောင်းတဲ့ ကလေးမလေးပါ။ ဒါပေမဲ့ သူမက နည်းနည်းတော့ ခေါင်းမာတတ်တယ်"
"တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီဆိုရင် သူမက ဘယ်တော့မှ စိတ်ပြောင်းမှာမဟုတ်ဘူး။ သူမချစ်တဲ့သူဆိုရင်လည်း ဒီအတိုင်းပဲ"
"စီယောင်က မင်းကို တကယ်သဘောကျနေတယ်ဆိုတာ ငါကိုယ်တော် ခံစားမိပါတယ်။ ငါကိုယ်တော့်ရှေ့မှာ သူမ အမြဲတမ်း ပြောလေ့ရှိတဲ့သူက မင်းပဲလေ"
"ပြီးတော့ ယောကျ်ားတစ်ယောက်မှာ မယားသုံးယောက်၊ ကိုယ်လုပ်တော်လေးယောက် မရှိဘဲ ဘယ်နေပါ့မလဲဆိုတာကိုလည်း ငါကိုယ်တော် သိပါတယ်"
"အနာဂတ်မှာ မင်းသဘောကျတဲ့ တခြားမိန်းကလေးတွေနဲ့ တွေ့လာရင်လည်း သူတို့ကို လက်ထပ်တာက လုံးဝပြဿနာမရှိပါဘူး"
"ဒါပေမဲ့ ရှောင်မို... မင်းက စီယောင်ကို တစ်သက်လုံး ချစ်မြတ်နိုးသွားပါ့မယ်၊ ဘယ်တော့မှ သူမကို မရွံရှာပါဘူးလို့ ငါကိုယ်တော့်ကို ကတိပေးနိုင်မလား"
စကားအဆုံးတွင် မိဖုရားကြီးရှီ၏ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့လေ၏။ "စီယောင်မှာ... တကယ်ကို မင်းတစ်ယောက်ပဲ ကျန်တော့တာပါ"
နံ့သာတိုင်တစ်တိုင်စာအချိန် ကုန်လွန်ပြီးနောက် ရှောင်မိုက အခန်းထဲမှ ထွက်လာခဲ့လေသည်။
မလှမ်းမကမ်းတွင် စောင့်နေခဲ့သော ချင်စီယောင်က ချက်ချင်းပင် လျှောက်လာပြီး စိုးရိမ်တကြီးဖြင့် "ခင်ပွန်း... မယ်တော်က..." ဟု မေးလိုက်လေ၏။
"မိဖုရားကြီးက နည်းနည်းပင်ပန်းလို့ အနားယူချင်တယ်လို့ ပြောပါတယ်" ဟု ရှောင်မိုက ပြောလိုက်ပေသည်။
ချင်စီယောင်က အခန်းထဲသို့ လှမ်းကြည့်လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။ "ခင်ပွန်း... ကျွန်မ ဒီရက်ပိုင်း ဆီးနှင်းမင်းသားအိမ်တော်ကို ပြန်လာနိုင်မယ် မထင်ဘူး။ မယ်တော့်ဘေးမှာပဲ နေပေးချင်တယ်"
"ဒီလိုပဲ ဖြစ်သင့်ပါတယ်" ရှောင်မိုက သဘောတူလိုက်လေ၏။ "ကိုယ်လည်း ကိစ္စတချို့ကို ရှင်းလင်းပြီးရင် မင်းနဲ့ မိဖုရားကြီးကို လာကြည့်ပါ့မယ်"
"အင်း" ချင်စီယောင်က ပြန်ဖြေလိုက်ပြီး ရှောင်မိုကို မခွဲခွာလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ "ဒါဆို ကျွန်မ ခင်ပွန်းကို နန်းတော်ပြင်အထိ လိုက်ပို့ပေးပါ့မယ်"
"ကောင်းပြီလေ" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။
သူတို့နှစ်ဦးက နန်းတော်၏ အစိမ်းရောင် ကျောက်ပြားလမ်းလေးပေါ်တွင် အနီရောင် မြို့ရိုးမြင့်ကြီးများတစ်လျှောက် အေးချမ်းတိတ်ဆိတ်သော မြို့ငယ်လေးတစ်မြို့ကို ဖြတ်သန်းသွားသကဲ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ကြလေသည်။
"ခင်ပွန်း... မယ်တော်က ခင်ပွန်းကို ဘာတွေများ ပြောလိုက်သေးလဲဟင်" ချင်စီယောင်က အမျိုးသား၏ မျက်နှာဘေးဘက်ကို မော့ကြည့်ကာ မေးလိုက်လေ၏။
ရှောင်မိုက လက်လှမ်းကာ ချင်စီယောင်၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ "မိဖုရားကြီးက မင်းကို သေချာဂရုစိုက်ပေးဖို့ ကိုယ့်ကိုမှာလိုက်တာပါ"
ချင်စီယောင်က ခေါင်းငုံ့သွားပြီး သူမ၏လက်ငယ်လေးများက စကတ်စွန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် မျက်မှောင်အနည်းငယ် ကြုတ်ထားလေ၏။
"ဘာဖြစ်လို့လဲ" ရှောင်မိုက မေးလိုက်ပေသည်။
"ခင်ပွန်း" ချင်စီယောင်က မော့ကြည့်လာပြီး ရှောင်မိုကို အလေးအနက်ထား၍ ကြည့်လိုက်လေသည်။ "ကျွန်မက ခင်ပွန်းရဲ့ ဂရုစိုက်မှုကို မလိုချင်တော့ဘူး"
ရှောင်မိုမှာ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ပြုံးလိုက်လေ၏။ "ဘာလို့လဲ"
"ငယ်ငယ်လေးကတည်းက ကျွန်မက ခမည်းတော်၊ မယ်တော်၊ အစ်ကိုကြီးနဲ့ ဒုတိယအကိုတော်တို့ရဲ့ အနောက်မှာ အမြဲတမ်း ပုန်းကွယ်နေခဲ့တာ။ ကြီးလာတော့လည်း ခင်ပွန်းကပဲ ကျွန်မကို အမြဲတမ်း ကာကွယ်ပေးနေပြန်တယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုမျိုး ဆက်မနေချင်တော့ဘူး"
ချင်စီယောင်က ရှောင်မို၏ မျက်ဝန်းများထဲသို့ စူးစိုက်ကြည့်လိုက်လေ၏။ နောက်လာမည့် တိုက်ပွဲကြီးတွင် ရှောင်မိုကလည်း သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအကိုတို့ကဲ့သို့ ထွက်ခွာသွားမည်ကို ကြောက်ရွံ့နေသည့်အလား ပင်။
"ကျွန်မက ခင်ပွန်းရဲ့ အနောက်မှာ ဆက်ပြီး မပုန်းနေချင်တော့ဘူး။ ကျွန်မ သေချာ ကျင့်ကြံချင်တယ်။ ခင်ပွန်းနဲ့အတူ ယှဉ်တွဲရပ်တည်ချင်တယ်။ အရာအားလုံးကို ခင်ပွန်းနဲ့အတူတူ ခံစားချင်တယ်။ ကျွန်မလည်း ခင်ပွန်းကို ကာကွယ်ပေးချင်တယ်"
"အရူးမလေး" ရှောင်မိုက ချင်စီယောင်၏ နှာခေါင်းလေးကို ညင်သာစွာ ပွတ်ဆွဲလိုက်လေ၏။ "ဇနီးက ခင်ပွန်းကို ကာကွယ်ပေးရတယ်ဆိုတာ ဘယ်မှာ ယုတ္တိရှိလို့လဲ"
"ဘာလို့ မရှိရမှာလဲ"
ချင်စီယောင်က ရှောင်မို၏ မျက်ဝန်းများထဲသို့ တည့်မတ်စွာ စိုက်ကြည့်လိုက်လေသည်။
"ခင်ပွန်းက ကျွန်မရဲ့ အကြောင်းပြချက်ပဲလေ"