စန်နူး … နင်ငါ့ကို သတ်ရဲလား
Vol. 008 Ch. 362
အဖြူရောင်ဝတ်စုံက နှင်းထက်ဖြူ၏။ ဆံပင်လှိုင်းတွန့်များက လိုက်ကာစအလား။ မွှေးရနံ့က နှလုံးသားသို့ စိမ့်ဝင်နိုင်သည်။
အမျိုးသမီးအလောင်း ပေါ်ထွက်လာသည်နှင့် အလောင်းကောင် ကလန်၏ အကြီးအကဲက မကြည့်မိဘဲမနေနိုင်ချေ။ သူ့လှောင်ပြောင်သည့် အသံက ထပ်မံ ထွက်ပေါ်မလာတော့ပေ။ သူက တုန်လှုပ်မိနေသည်။
အနီရောင်လိပ်ပြာက အလွန်လှ၏။ သို့သော် သူမက သည်အမျိုးသမီး အလောင်းနှင့် နှိုင်းယှဉ်လျှင် ကွာဟလှသည်။
ဝမ်လင်းက အကွာအဝေးတစ်ခုက မြင်ကွင်းကို ကြည့်ရင်း မတုန်ယင်ပဲ မနေနိုင်ဖြစ်ရ၏။ သည်အလောင်းက အလွန်ဆွဲဆောင်မှု ရှိလွန်းသည်။ သူ့အတွေးများပင် ခိုးယူသွားခံရသလို ဖြစ်စေ၏။
သို့သော် သူ့စိတ်သည် ခိုင်မာလှ၏။ ထိုအတွေး ထွက်ပေါ်လာသည်နှင့် သူက သူ့အတွေးကို ဖယ်ရှားပစ်သည်။ သို့ရာတွင် သူက ချွေးများဖြင့် အေးစက်၏။
“ဘယ်လိုတောင် အန္တရာယ်ရှိနေတာလဲ …”
သူက အသက်ဝဝ ရှူသွင်းမိသည်။ ထို့နောက် သူက ပတ်ပတ်လည်ကို ကြည့်၍ ချီဟူက ဆက်လတ် ကျင့်ကြံနိုင်ခြင်းမရှိဘဲ အမျိုးသမီးအလောင်းကို ကြည့်၍ ကြောင်ငေးမှင်တက်မိ၍ ရှေ့သို့ အလိုလို လျှောက်လှမ်းနေသည်။ သို့ရာတွင် သူက မီတာအနည်းငယ်ကွာသို့ ရောက်သည့်အခါ အသိပြန်လည်လာပြီး ထိတ်လန့်ဖွယ်အသွင် ဖြစ်ပေါ်သည်။
အနီရောင်လိပ်ပြာပင် စိတ်ရှူပ်ထွေးဟန် ဖြစ်သွား၏။ တကယ်တော့ သူမသည်လည်း အမျိုးသမီးတစ်ယောက် ဖြစ်သည့်အတွက် ချက်ချင်း သူ့မျက်လုံးက ကြည်လင်သွားသည်။
ဝမ်လင်းက အနီရောင်လိပ်ပြာကို လှမ်းကြည့်လိုက်ရင်း သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်သွားသည်။
အလောင်းကောင်ကလန်မှ အဘိုးအိုက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၏။ “ဒီမိန်းကလေးက အသက်ရှင်တုန်းက ဆိုရင် ကောင်းကင်ဘုံ နယ်မြေမှာတောင် အရေးပါတဲ့လူ ဖြစ်ရမယ်။ အခု သူတောင်မှ ညှို့ငင်ခြင်း ခံလိုက်ရသည် မဟုတ်လား …”
“ထန်အာ …” ကျောက်ရီက အလွန်စွဲလမ်းသည့် အမူအရာဖြင့် ရှေ့သို့တိုးလာ၏။ အဘိုးအိုက နှာခေါင်းရှုံ့၍ ချိတ်တံဆိပ်များ ဖန်တီးသည်။ ထို့နောက် သူက သူ့ရင်ဘတ်ကို ရိုက်လိုက်ရာ ခရမ်းရောင် အခိုးငွေ့များ ထွက်လာ၏။
သည်ခရမ်းရောင် အခိုးငွေ့က ကျောက်ရီကို အတန်းလိုက် ဝန်းရံသွားသည်။
“ကျောက်ရီ … ငါက အလောင်းကောင် ရတနာကို အသုံးပြုပြီး မူလစိတ်ဝိညာဉ်များကို ခိုးယူနိုင်တယ်။ ငါက ဒီအမျိုးသမီးအလောင်းကို ယူသွားရမယ်။ မင်းအတွက် လွတ်လမ်းမရှိတော့ဘူး …” အဘိုးအိုက နောက်သို့ဆုတ်၏။ အဘိုးအိုနှင့်တူသည့် လူငယ်ကလည်း အမျိုးသမီးအလောင်းကို လေထဲသို့ မြှင့်တင်လိုက်သည်။ သည်အလောင်းကို အဘိုးအိုက ဖမ်းယူသည်။ ထို့နောက် လူငယ်က အခိုးအငွေ့အဖြစ်သို့ ပြောင်း၍ အဘိုးအိုနဖူးထဲသို့ ဝင်ရောက်သွားသည်။
အဘိုးအိုက နောက်သို့ ဆက်လက်ဆုတ်နေပြီး မျက်စိတစ်မှိတ်အတွင်း ခေါင်းတလားနားသို့ ရောက်သွားသည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာ၏။
ကျောက်ရီမျက်လုံးများက နီရဲနေခဲ့ပြီး သူက အကြောက်အကန် အော်ဟစ်သည်။ “မလုပ်နဲ့ …”
ဘန်း …။ဘန်း …။
သူက သူ့စွမ်အား အကုန်အသုံးပြု၍ သူ့ကို ဝန်းရံထားသည့် ချိန်းကြိုးအသွင် အခိုးအငွေ့များကို ရိုက်ချသည်။ ကျောက်ရီက သည်အခိုးအငွေ့များ အပေါ်သို့ ရိုက်ချတိုင်း ၎င်းက ခရမ်းရောင် အလင်းတစ်ချက် တောက်ပသည်။ သို့ရာတွင် သူက ဆက်လက်၍ ထုရိုက်နေဆဲပင်။ သူက သူ့ချစ်သူကို ဆုံးရှုံးသွားရသည့် ရူးသွပ်နေသော သားရဲတစ်ကောင်နှင့်ပင် ဆင်တူနေသည်။
ဘန်း …။ဘန်း …။
သူက သည်ချိန်းကြိုးအသွင် အခိုးငွေ့ထဲသို့ ဆောင့်နင်းလိုက်သည်။ ပတ်ဝန်းကျင်က ပြိုကျသွားမည့် အရိပ်လက္ခာဏာများ ပြသလာသည်။ မြေပြင်က အက်ကွဲလာ၏။
ကျောက်ရီအကြည့်က နီရဲနေ၏။ သူ့အကြည့်က ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သည်အကြည့်တွင် အမုန်းတရားများ ပြည့်နေ၏။ ကျောက်ရီထံ၌ စွဲလမ်းရူးသွပ်မှုတစ်ခု ရှိနေပြီး သည်အရာက သူ့ကို ရူးသွပ်သွားစေသည်။
“ငါ့အတွက် ထန်အာကို ပြန်ပေးပါ …”
“မင်းက ရူးနေပြီ။ ကျောက်ရီ ... မင်း … မင်းမူလစိတ်ဝိညာဉ်က မင်းခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်ဆိုရင် အသက်ရှင်နိုင်ဦးမယ်။ မင်းမှာ ခန္ဓာကိုယ်မရှိတော့ရင် ကောင်းကင်ဘုံနယ်မြေမှာ သေရလိမ့်မယ် …” အဘိုးအိုက ကျောက်ရီ၏ မျက်လုံးထဲရှိ ရူးသွပ်မှုကို လှမ်းမြင်ရ၍ သူ့စိတ်ထဲ၌ တုန်လှုပ်မိသည်။ ထို့ကြောင့် သူက လိုဏ်ဂူအထက်သို့ မြန်နိုင်သမျှမြန်အောင် ပျံသန်းနေ၏။
အဘိုးအိုက ဥမင်လိုဏ်ဂူထဲမှ ထွက်ခွာမလိုလုပ်စဉ် ကျောက်ရီအကြည့်က သူ့ထံသို့ လှီးဖြတ်တော့မည်ဖြင့် ရောက်လာခဲ့သည်။ သူက သူ့စိတ်ထဲ၌ အရာအားလုံးကို မေ့သွားခဲ့ပြီ ဖြစ်သည်။ သည်ကမ္ဘာတွင် သည်အလောင်းကောင်က လွဲ၍ သူ့တွင် မည်သည့်အရာမျှ မရှိတော့ပေ။
သူက သူ့နှလုံးသား၊ သူ့မူလစိတ်ဝိညာဉ်ထဲမှ ထွက်ပေါ်လာသည့် နာကျင်မှုကို ခံစားရသည်။
သည်နာကျင်မှုက အလွန့်အလွန် ပြင်းထန်အားကောင်းလှ၏။
“မဟုတ်ဘူး … ထန်အာ …” ကျောက်ရီခန္ဓာကိုယ်က စတင် လောင်ကျွမ်းလာသည်။ ထို့နောက် ၎င်းခန္ဓာကိုယ်က မရေမတွက်နိုင်သော အလင်းအစက် အပေါက်များအဖြစ်သို့ ကွဲထွက်သွားပြီး ချိန်းကြိုးအသွင် အခိုးအငွေ့များထံသို့ တိုးဝင်သွားသည်။
“မူလစိတ်ဝိညာဉ် လောင်ကျွမ်းခြင်း။ မင်း … မင်း … ရူးနေပြီ …” အဘိုးအို၏မျက်နှာက ပြောင်းလဲသွားသည်။ လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းခြင်းက သေခြင်းမည်သည်။ ကျောက်ရီက အလောင်းကောင် တစ်ကောင်အတွက် သေဆုံးရန် ဆန္ဒရှိနေ၏။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် သူ့မူလ စိတ်ဝိညာဉ်ကို လောင်ကျွမ်းလျှင် သူက နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားများကို ရရှိလာမည် ဖြစ်သည်။
သူက ဥမင်အပေါက်ဝသို့ ရောက်လုနီး ဖြစ်နေသော အဘိုးအိုကို လိုက်ဖမ်း၏။
“ငါ့ကို ထန်အာပြန်ပေးပါ …” သူ့စကား တစ်လုံးချင်းစီက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသည်။ ကျောက်ရီက မည်သည့် နည်းစနစ်ကိုမျှ အသုံးပြုခြင်းမရှိပေ။ သူက အဘိုးအို၏ မူလစိတ်ဝိညာဉ်ထံသို့ ရိုးရှင်းစွာ ရိုက်ချလိုက်သည်။
သည်လုပ်ဆောင်ချက်က ကြောက်မက်ဖွယ် ကောင်းသည်ထက်ပင် ပိုဆိုးနေသေးသည်။ ၎င်းက နည်းစနစ်တစ်ခု ဆိုလျှင်ပင် ချိုးဖျက်ရန် နည်းလမ်းတစ်ခု ရှိပေလိမ့်မည်။ သို့ရာတွင် သည်အရာက အဘိုးအိုကို အလွန် ကြောက်လန့်စေ၏။
ကက် … ကက် …။
ကောင်းကင်ထက်၌ အက်ကွဲကြောင်းကြီးများ ပေါ်ထွက်လာသည်။ မြေပြင်က ပြိုကျလာသည်။ သည်အစိတ်အပိုင်းက စတင်ပြိုကျလာ၏။
ချီဟူက ဝင်ပေါက်သို့ ခုန်ထွက်၏။ အနီရောင်လိပ်ပြာက သူ့နောက်တွင် ကပ်ပါလာသည်။
အဘိုးအိုအသွင်က ကြီးစွာ ပြောင်းလဲသည်။ သည်အခိုက်တွင် သူက မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ သူ့တတိယ စိတ်ဝိညာဉ် ထွက်ပေါ်လာ၏။ သူ့ရှေ့တွင် လူငယ်တစ်ယောက် ထွက်ပေါ်လာပြီး သူ့ထံသို့ တိုးဝင်လာသော ကျောက်ရီကို တားဆီးသည်။
သို့ရာတွင် တတိယဝိညာဉ်သည် ထွက်ပေါ်လာသည်နှင့် ကျောက်ရီ၏ ခန္ဓာကိုယ်နှင့် တိုက်ခိုက်မိပြီး ချက်ချင်း ပျက်စီးသည်။
“ငါ့ကို ထန်အာ ပြန်ပေးပါ …” ကျောက်ရီ၏ မူလစိတ်ဝိညာဉ် ခန္ဓာကိုယ် လောင်ကျွမ်းမှုသည် ပို၍ အားကောင်းလာသည်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက သိပ်သည်းလာ၏။ သူက ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှင့်ပင် ဆင်တူနေသည်။
“အရူး …” အလောင်းကောင် ကလန်က အဘိုးအိုသည် သူ့ဦးခေါင်းသည် မှိန်ဖျောသွားသလို ခံစားရပြီး အမျိုးသမီး အလောင်းကို လွှတ်ချလိုက်သည်။ သူက အမျိုးသမီးအလောင်း အတွက် သူ့အသက်ကို မဆုံးရှုံးလိုပေ။
ကျောက်ရီက အမျိုးသမီးအလောင်းကို ဖမ်းဆုပ်လိုက်၏။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး ကျေနပ်လို့သွား၏။
“ထန်အာ … ဘယ်သူမှ နင့်ကို ငါ့ဆီက ယူသွားလို့မရဘူး …”
ပတ်ဝန်းကျင်ရှိ ပြိုကျမှုက ပို၍ကြီးမားလာသည်။ ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းများ ကလည်း ပိုတိုးလာခဲ့သည်။
ဝမ်လင်းက အနီရောင်လိပ်ပြာကို အချိန်အတန်ကြာ ကတည်းက စောင့်ကြည့်နေခြင်း ဖြစ်သည်။ ထိုအခိုက်တွင် သူ့မျက်လုံးများက လက်ခနဲဖြစ်သွားသည်။ “အချိန်တန်ပြီ …”
ဝမ်လင်း ခန္ဓာကိုယ်က အနီရောင် လိပ်ပြာထံသို့ လျှပ်စီးလျှပ်သည့်အလား တိုးဝင်သွားသည်။ ချီဟူက ထိုမြင်ကွင်းကို တွေ့လိုက်သဖြင့် ပါးစပ်ဟလိုက်၏။ သို့သော် သူက မည်သည့်စကားမှ ထွက်မလာခဲ့ပေ။ အခုချိန်တွင် သူ့အသက် လွတ်မြောက်ရန်က ပို၍ အရေးကြီးနေသည် မဟုတ်လော။
ဝမ်လင်းက အလွန်လျင်မြန်၏။ ချက်ချင်းပင် သူက အနီရောင်လိပ်ပြာနှင့် ပေ ၃၀၀သာ ကွာတော့သည်။
အနီရောင်လိပ်ပြာက မျက်နှာပျက်သွားသည်။ သူ့ကျင့်ကြံမှုအဆင့်က အနည်းငယ် ပြန်ကောင်းနေပြီ ဖြစ်သော်လည်း သူမက ရတနာများစွာကို ဆုံးရှုံးထားခဲ့ပြီ ဖြစ်သည်။ သူမခန္ဓာကိုယ်ပေါ်တွင် ဖုံးကွယ်ထားသည့် ဒဏ်ရာများလည်း ရှိနေသေး၏။ သူမက အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေ၏။ သူမက လှမ်းအော်ရုံကလွဲ၍ ကျန်သည့်အရာများ မလုပ်နိုင်တော့ချေ။ “စန်နူး … နင်ငါ့ကိုသတ်ရင် ဟင်္သာပြဒါးနိုင်ငံက နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး…”
“ဟားဟား … အနီရောင်လိပ်ပြာ … နင့်လို ပါရမီရှင်တစ်ယောက်က ငါ့ကို အဲဒီလောက်ထိ မကြောက်သင့်ပါဘူး …” ဝမ်လင်းက ရယ်မော၍ သိုလှောင်အိတ်ထဲမှ အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ သူက အတားအဆီးအလံကို လှုပ်ခါလိုက်ရာ အတားအဆီးအခိုးအငွေ့များ ထွက်လာခဲ့၏။ ၎င်းအခိုးငွေ့များက ဝမ်လင်းကို ကြမ်းကြုတ်သည့် နဂါးများအလား ခွေပတ်ထားသည်။
“သိပ်သည်းစမ်း …”
ဝမ်လင်းက အော်ဟောက်လိုက်ပြီးနောက် သူ့လက်ထဲ၌ အတားအဆီး အခိုးအငွေ့များ အားလုံးက စုဝေးပြီး လှံရှည်တစ်ချောင်း ဖြစ်ပေါ်လာသည်။ သူက အနီရောင်လိပ်ပြာထံသို့ လှမ်းလျှောက်သွား၏။
“အနီရောင်လိပ်ပြာ … နင်ငါ့နဲ့ နောက်တစ်ကြိမ် မတိုက်ခိုက်ချင်ဘူးလား …” ဝမ်လင်းက ထိုသို့ပြောပြီး လှံရှည်ဖြင့် ဆတ်ခနဲ ပိတ်ထိုးလိုက်သည်။
လှံစွမ်းအင်ကြောင့် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားသည်။
ဝမ်လင်းက ပေသုံးရာ အကွာသို့ ခေါ်လိုက်ပြီး အနီရောင်လိပ်ပြာ၏ ခေါင်းကို လှံဖြင့် ရွယ်ထား၏။
“စန်နူး … နင်ရူးနေပြီလား …။ ဒီနေရာက ပြိုကျနေပြီ။ နင်က အခုချိန် လွတ်မြောက်အောင် မလုပ်နိုင်ရင် အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး …” အနီရောင်လိပ်ပြာ၏ အသွင်အပြင်က ကြီးစွာပြောင်းလဲနေ၏။ သူမက အဖြူရောင် ဓားတစ်ချောင်ကို လျင်မြန်စွာ ထုတ်ယူ၍ တိုက်ခိုက်မှုကို ပိတ်ဆို့သည်။
သူမက မရှောင်နိုင်သလို တည်နေရာလည်း မရွှေ့ပြောင်းနိုင်ပေ။ ထို့ကြောင့် တိုက်ခိုက်မှုကို ထိပ်တိုက် တားဆီးပိတ်ဆို့ရန်သာ ရှိသည်။ သူမနောက်တွင် အက်ကွဲကြောင်းတစ်ခု၊ ဘေးတွင် တစ်ခုရှိနေ၏။ သူမက အက်ကွဲကြောင်းများဖြင့် ဝန်းရံထားသည်။ သူမသာ သည်အက်ကွဲကြောင်းထဲ၌ ကြယ်သံလိုက် အိမ်မြှောင် သို့မဟုတ် မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းခြင်း ထိုနှစ်ခုထဲက တစ်ခုမလုပ်ရင် သေရန်တစ်လမ်းသာ ရှိ၏။
ဘန်း …။
အဖြူရောင်ဓားက အပိုင်းပိုင်း အစစဖြစ်၍ ပျံ့နှံ့သွား၏။ ဓားအပိုင်းအများစုက အက်ကွဲကြောင်းထဲ၌ ပျောက်ကွယ်သွားသည်။ ဝမ်လင်းလှံရှည်ကလည်း အနည်းငယ် ကျုံ့သွား၏။ သို့သော် ၎င်းက ပို၍ပင် ကြမ်းကြုတ်သည့် အသွင် ဖြစ်လာခဲ့သည်။
“ငါ့ရဲ့ သေခြင်းရှင်ခြင်းက နင့်စိတ်ပူစရာမလိုဘူး။ ငါမင်းကိုသတ်ပြီးမှ ထွက်သွားမယ် ဆိုရင်လည်း နောက်မကျသေးပါဘူး…” ဝမ်လင်းက ရယ်မောလေ၏။ သို့သော် သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး အနီရောင်လိပ်ပြာ၏ ခံစားချက်မဲ့နယ်ပယ်က ရုတ်တရက် သူ့ထံသို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
သည်နယ်ပယ်က အားကောင်းလှ၏။ ဝမ်လင်းက ၎င်းကိုမရပ်တန့်နိုင်ပေ။ သို့သော် သူက အသက်ရှူချိန် အနည်းငယ်သာ ခုခံနိုင်သည်။ သူက သည်အချိန်အတွင်း သူမကို သတ်နိုင်လျှင် သည်နယ်ပယ်ကလည်း ပျက်စီးသွားမည် ဖြစ်၏။
ဝမ်လင်းက အနီရောင်လိပ်ပြာကို သတ်ကိုသတ်ရပေမည်။ သည်အမျိုးသမီးက သူ့ကို အကြိမ်များစွာ သတ်ရန်ကြိုးစားခဲ့၏။သူမက အနာဂတ်တွင် ပြဿနာတစ်ခု ဖြစ်လာနိုင်၏။
အနီရောင်လိပ်ပြာက အံကြိတ်လိုက်၏။ လှံရှည်ရောက်လာစဉ်မျာပင် သူမက လက်မြှောက်လိုက်ရာ အဖြူရောင် ကျောက်စိမ်း လက်ကောက်တစ်ခုက ၎င်းကို တားဆီးပြန်သည်။။
ဒင်း …။
ဝမ်လင်းလှံကလည်း ပျက်စီးသွားပြီး အတားအဆီးအခိုးငွေ့များ ထွက်ပေါ်လာ၏။ ၎င်းက ထပ်မံသိပ်သည်းသွားခြင်း မရှိတော့ပေ။ စွမ်းအားကောင်းသော နယ်ပယ်က ဝမ်လင်းကို ပွတ်တိုက်သွားပြီး သူ့စိတ်ကလည်း ရှုပ်ထွေးသွားရ၏။
သို့ရာတွင် ဝမ်လင်းဆုံးဖြတ်ချက်က ခိုင်မာသည်။ သူ့အရည်အချင်းက သာမန်သာဖြစ်သော်လည်း သူ့စိတ်အင်အားကတော့ တကယ့်ကို သာမန်မဟုတ်ချေ။
နယ်ပယ်၏ သက်ရောက်မှုက သူ့ခန္ဓာကိုယ်ထဲ၌ ရပ်တန့်ခြင်း မရှိပေ။ သူက သိုလှောင်အိတ်ထဲမှ သစ်သားရုပ်ကိုးခုအား ထုတ်ဖော်လိုက်၏။
“အချိန် …”
သည်ရုပ်တုကိုးခုက ရုတ်တရက် ရုပ်သေးကိုးရုပ် ဖြစ်လာကြသည်။ အချိန်ဖြတ်သန်းခြင်း နယ်ပယ်က ဆင်းသက်လာ၏။
အနီရောင်လိပ်ပြာက အဖြူရောင် ကျောက်စိမ်း လက်ကောက်ကို အသုံးပြု၍ လှံကိုပိတ်ဆို့ပြီး နောက်သို့ ဆုတ်၏။ သူမက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ ပြိုကျပျက်စီးနှုန်းက ပို၍ မြန်ဆန်လာခဲ့သည်။ ဟင်းလင်ပြင်၏ အချို့နေရာများပင် ဝါးမျိုခြင်း ခံနေရပြီဖြစ်သည်။
“စန်နူး … ငါက ဟင်္သာပြဒါးနိုင်ငံရဲ့ အဓိက တပည့်တစ်ယောက်နော်။ နင်ငါ့ကိုသတ်ရင် အသေဆိုးနဲ့ သေရလိမ့်မယ် …” အနီရောင်လိပ်ပြာက ကြောက်ရွံ့နေသည်။ သည်အချိန်တွင် သူမက အမှန်တကယ် ကြောက်ရွံ့နေပေ၏။
သူမက နောက်သို့ဆုတ်လိုက်သည့် အခိုက်တွင် အချိန်နယ်ပယ်က သစ်သားပန်းပုရုပ် ကိုးခုထံမှ ပျံ့နှံ့လာသည်။ သူမက အော်ဟစ်လိုက်သည်။ “အချိန်နယ်ပယ် …”
သည်အချိန်နယ်ပယ်သည် မဟာမိတ် ကလန်လေးခုနိုင်ငံမှ ချင်စုန်၏ နယ်ပယ်ဖြစ်သည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ဖြစ်၏။ ထို့ကြောင့် သူ့နယ်ပယ်တွင် တိုက်ခိုက်မှု စွမ်းရည်ပါဝင်ပြီး ဖြစ်သည်။
အချိန်နယ်ပယ်၏ သက်ရောက်မှုအောက်တွင် အနီရောင်လိပ်ပြာ၏ ခန္ဓာကိုယ်သည် အနည်းငယ် နှေးကွေးသွားရသည်။
အနီရောင်လိပ်ပြာ၏ မျက်လုံးက အမုန်းတရားများဖြင့် ပြည့်နေခဲ့သည်။ သူမက လက်မြှောက်၍ မန္တန်တချို့ကို ရွတ်ဆိုလိုက်သည်။
ရုတ်တရက် အဖြူရောင် လက်ကောက်ကနေ အလင်းတောက်တောက် တစ်ခု ထွက်ပေါ်လာ၏။ သည်အလင်းအောက်တွင် အချိန်နယ်ပယ်သည် ပျက်စီးသွား၏။ ဝမ်လင်းက သူ့လက်ချောင်းများထိပ်မှ နာကျင်မှုကို ခံစားရ၏။
သည်ခံစားချက်က သူ ကောင်းကင်ဘုံဓားကို ထိတွေ့မိသည့် အချိန်တုန်းက ခံစားမှုအတိုင်း ဖြစ်နေ၏။
***