အခန်း ၇၁
Vol. 8 Ch. 71
အပိုင်း ၇၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရွှေရောင်ထိပ်ဖူးတပ် မြားက သွေးတိမ်တိုက်ကျားသစ်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ဖောက်ထွင်းသွား၏။ ထိုသားရဲ၏ အားသာချက်မှာ အမြန်နှုန်းသာဖြစ်ရာ သူ၏ အရေပြားနှင့် ကြွက်သားများက သိပ်မထူချေ။
နောက်ဆုံးတော့ သူ ပစ်မှတ်ကို ထိသွားလေပြီ။ လန်လင်း အလွန်တရာ ဝမ်းသာသွား၏။ တစ်စက္ကန့်လျှင် ပေ ၆၀ ကျော်နှုန်းဖြင့် ပြေးလွှားနေသည့် ကျားသစ်ကို သူ တကယ်ပင် ပစ်ခတ်နိုင်လိုက်သည်။ ကမ္ဘာမြေပေါ်၌ဆိုပါက ထိုအရာမှာ လုံးဝ မဖြစ်နိုင်ချေ။ သူ၏ စိတ်ဖြင့် သော့ခတ်နိုင်သည့် စွမ်းရည်က အလွန်အမင်း အစွမ်းထက်လွန်းနေသည်။
လန်လင်းက ရဲ့ကျင်းယွီ၏ ကျောပေါ်မှ လျင်မြန်စွာ ဆင်းလိုက်၏။ သွေးတိမ်တိုက်ကျားသစ်က နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ ပြင်းထန်သည့် ဒဏ်ရာရထားသော်ငြား ထိုအကောင်က နောက်ထပ် ပေ ၆၅၀ မှ ၁၀၀၀ ခန့် ဆက်လက်ပြေးလွှားသွားပြီးမှ မြက်ခင်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ သေဆုံးသွားတော့သည်။
တကယ်တမ်း၌ မြားတစ်စင်းတည်းဖြင့် သေဆုံးသွားမည် မဟုတ်ချေ။ အဓိက ပြင်းထန်သည့် အမှားမှာ ပစ်ခတ်ခံရပြီးနောက် ရိုင်းစိုင်းစွာ ဆက်လက် ပြေးလွှားနေခြင်းပင် ဖြစ်၏။ ထိုအရာက သူ၏ ကိုယ်တွင်းအင်္ဂါများကို စုတ်ပြဲသွားစေပြီး မြန်ဆန်စွာ သေဆုံးသွားစေခြင်း ဖြစ်သည်။
သေဆုံးသွားသည့် ကျားသစ်ဆီသို့ ပြေးသွားကာ ဝမ်းဗိုက်ထဲမှ အနက်ရောင်မြားကို ဆွဲနှုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်က လျင်မြန်စွာ လည်ပတ်လာပြီး သားရဲ၏ စွမ်းအင်များကို စုပ်ယူလိုက်သည်။
မီးလျံနီနွားကြီး၏ နဂါးစွမ်းအားကို စုပ်ယူရာ၌ မိနစ်ဝက်ပင် မကြာသော်ငြား ဤကျားသစ်ကိုမူ တစ်မိနစ်နီးပါး အချိန်ယူရ၏။ ကျားသစ်၏ နဂါးသွေးကြောက မရေမတွက်နိုင်သည့် စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ် နက်ရှိုင်းရာဆီသို့ စီးဆင်းသွားသည်ကို လန်လင်း ခံစားလိုက်ရသည်။
လန်လင်း မျက်လုံးတို့ အရောင်တောက်လာသည်။
"ဒီကျားသစ်ရဲ့ သွေးကြောထဲမှာ နဂါးစွမ်းအား ဘယ်လောက်တောင်ပါလဲ။"
အသူရာမိစ္ဆာကြယ်က ပြန်ဖြေသည်။ "မီးလျံနီနွားကြီးထက် နှစ်ဆ ၊ သုံးဆလောက် ပိုများတယ်။ သခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တစ်ခါတည်းနဲ့ ၉ ကျင်းလောက် တိုးလာစေဖို့ လုံလောက်ပါတယ်။"
လန်လင်း အလွန် ဝမ်းသာသွား၏။
ထို့နောက် သူတို့ တောရိုင်းထဲ၌ သားကောင်အသစ်များကို ဆက်လက် ရှာဖွေကြသည်။ တောရိုင်းမြေက မိုင်ရာချီ ကျယ်ဝန်းပြီး ထူထပ်သည့် ချုံပုတ်များနှင့် သစ်ပင်များကြောင့် မှော်သားရဲများကို ရှာဖွေတွေ့ရှိရန် ခက်ခဲလှ၏။
လန်လင်းနှင့် ရဲ့ကျင်းယွီတို့ နှစ်နာရီ သုံးနာရီခန့် ရှာဖွေသော်ငြား မည်သည့်အရာမှ မတွေ့ရချေ။
ထိုအချိန်၌ ရဲ့ကျင်းယွီမှာ ချွေးများထွက်ကာ နေရထိုင်ရ ခက်လာ၏။ သူမက နေ့စဉ် ရေမချိုးရလျှင် အလွန် နေမထိထိုင်မသာဖြစ်တတ်သူမလို့ အနီးအနားရှိ မြစ်တစ်စင်းကို စတင် ရှာဖွေလိုက်သည်။
စီးဆင်းနေသည့် ရေသံကို ကြားလိုက်ရသဖြင့် သူတို့ လျင်မြန်စွာ သွားလိုက်ကြ၏။ သူမက ပြေးသွားရင်း ကိုယ်ကျပ်သားရေအင်္ကျီ၏ ကြယ်သီးများကို ဖြုတ်လိုက်သည်။
"သခင်လေး... စည်းမျဉ်းတွေကို ကျွန်မ ထပ်ပြောစရာ မလိုတော့ဘူးမလား။"
လန်လင်း ခေါင်းညိတ်လိုက်သည်။ "နားလည်ပါတယ် အစ်မ။ ခိုးကြည့်ရင် ကျွန်တော့် မျက်လုံးသာ ကန်းသွားပါစေ။"
မြစ်ကမ်းစပ်သို့ ရောက်သည့်အခါ လန်လင်းက ကျောခိုင်း၍ ထိုင်ချလိုက်၏။
ရဲ့ကျင်းယွီကမူ အဝတ်အစားများကို လျင်မြန်စွာ ချွတ်ချလိုက်ပြီး မြစ်ထဲသို့ ခုန်ချကာ ပျော်ရွှင်စွာ သက်ပြင်းချလိုက်သည်။
လန်လင်းသည်လည်း စိတ်ထဲမှ တွေးလိုက်သည်။
'ငါလည်း ပူလာပြီ။ ရေချိုးချင်လိုက်တာ။'
နောက်သို့ လှည့်၍ ခိုးမကြည့်မိစေရန် သူ အလွန် ကြိုးစားထိန်းချုပ်နေရ၏။
ရုတ်တရက် သူ၏ အနောက်ဘက်မှ ကြီးမားလှသော အရာတစ်ခု ရေထဲမှ ထွက်ပေါ်လာသကဲ့သို့ ကျယ်လောင်သည့် ရေပက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ရဲ့ကျင်းယွီ မျက်နှာဖြူရော်သွားကာ အော်ဟစ်လိုက်သည်။
"သခင်လေး... ပြေးတော့။"
သူမ၏ အသံထဲ၌ သူ တစ်ခါမှ မကြားဖူးသည့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
လန်လင်း အလန့်တကြားဖြင့် နောက်သို့ လှည့်ကာ ထရပ်လိုက်သည်။
ပေပေါင်းများစွာ ရှည်လျားသည့် မြွေကြီးတစ်ကောင်က ကိုယ်လုံးတီး ဖြစ်နေသည့် ရဲ့ကျင်းယွီကို တင်းကျပ်စွာ ရစ်ပတ်ထား၏။ ထိုအကောင်က သူမကို မျိုချရန် အသင့်ပြင်ထားကာ သွေးကဲ့သို့ နီရဲနေသည့် ကြီးမားသော ပါးစပ်ကြီးကို ဟထားသည်။
မြွေကြီးမှာ ပေ ၁၃၀ မှ ၁၆၀ ခန့် ရှည်လျားပြီး ၃ ပေကျော်ခန့် တုတ်ခိုင်၏။ သူ၏ ခေါင်းပေါ်၌ သွေးများ ယိုကျနေသကဲ့သို့ အနီပုပ်ရောင် ဦးချိုများလည်း ရှိသည်။
ဤမြွေကြီးက လက်ရှိအချိန်အထိ သူတို့ အမဲလိုက်ခဲ့သည့် မည်သည့် သားရဲထက်မဆို အဆပေါင်းများစွာ သေချာပေါက် ပို၍ အစွမ်းထက်ပေလိမ့်မည်။
လက်ရှိ အချိန်၌ ရဲ့ကျင်းယွီမှာ ကိုယ်လုံးတီးဖြစ်နေပြီး မည်သည့် လက်နက်မှလည်း ရှိမနေချေ။ မြွေကြီး၏ ရစ်ပတ်မှုကို တင်းကျပ်စွာ ခံထားရသဖြင့် ထိုဘီလူး၏ ကြီးမားသည့် ခေါင်းကြီးကို လက်ဗလာဖြင့်သာ မတတ်သာဘဲ တိုက်ခိုက်နေရ၏။
သို့သော် သူတို့က ရေထဲ၌ ရှိနေခြင်းဖြစ်ရာ မြွေကြီးအတွက် အလွန် ကြီးမားသည့် အားသာချက် ဖြစ်နေသည်။ ထို့အပြင် သားရဲ၌ မယုံနိုင်လောက်အောင် ထူထဲသည့် အကြေးခွံများလည်း ရှိ၏။ ရဲ့ကျင်းယွီက လက်သီးဖြင့် ထိုးလိုက်သော်ငြား မြွေကြီးက ဖြုံပင် မဖြုံချေ။
ရဲ့ကျင်းယွီက သားရဲကို ထိုးကြိတ်ရင်း အော်ဟစ်လိုက်သည်။
"ပြေး... ထွက်ပြေးတော့... သခင်လေး။"
လန်လင်းက ထွက်မပြေးချေ။ အရှေ့သို့ ပြေးထွက်သွားကာ ရဲ့ကျင်းယွီ၏ ဓားကောက်ကို ကောက်ယူပြီး အော်ဟစ်လိုက်၏။
"ဖမ်းလိုက်။"
ထို့နောက် သူ အစွမ်းကုန် အားယူကာ သူမဆီသို့ ဓားကို ပစ်ပေးလိုက်သည်။
လန်လင်း ပစ်ပေးလိုက်သည်က ပြီးပြည့်စုံ၏။ ဓားက သူမနှင့် မီတာအနည်းငယ်အကွာသို့ ရောက်လာချိန်၌ ရဲ့ကျင်းယွီက လက်နက်ကို သူမဆီသို့ ဆွဲယူရန် နဂါးစွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
သို့သော် ရုတ်တရက် မြွေကြီးက လေပြင်းများ မှုတ်ထုတ်လိုက်၏။
"ဝေါ..."
ထိုလေပြင်း၏ အင်အားက ဓားကို တိုက်ရိုက် ထိမှန်သွားပြီး ရေထဲသို့ မပြုတ်ကျမီ မီတာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားစေသည်။
ရဲ့ကျင်းယွီက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်၏။
သူမသည် အဆင့်မြင့် စစ်သည်တော်တစ်ဦး ဖြစ်သော်ငြား သူမ၏ စွမ်းရည်များက အမြန်နှုန်းနှင့် စိတ်ဝိညာဉ်စွမ်းအားကိုသာ ပို၍ အဓိကထားသည်။
သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သာမန်မျှသာ ဖြစ်၏။ ဤအကြောင်းကြောင့် သူမက လက်နက်အပေါ် အလွန် မှီခိုရသည်။ ယခု သူမ၏ ဓားက မြစ်ထဲ၌ ပျောက်ဆုံးသွားပြီဖြစ်ရာ ပြန်လည်တိုက်ခိုက်ရန် မည်သည့် နည်းလမ်းမှ မရှိတော့ချေ။
မြွေကြီးက ပို၍ပို၍ တင်းကျပ်စွာ ညှစ်လာသဖြင့် ရဲ့ကျင်းယွီမှာ အသက်ပင် မရှုနိုင်တော့ချေ။
မြွေကြီး၏ ကြောက်မက်ဖွယ်ကောင်းသည့် ညှစ်အားကို ခုခံရန် သူမ၏ နဂါးစွမ်းအား အားလုံးကို အသုံးပြုထားရ၏။ အကယ်၍ သူမ ထိုသို့ မလုပ်ပါက အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများ အားလုံး အပိုင်းပိုင်းအစစ ကြေမွသွားပေလိမ့်မည်။
ရဲ့ကျင်းယွီက အံကြိတ်လျက် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"ပြေး... သခင်လေး... ပြေးတော့"
သို့သော် လန်လင်းက နေရာ၌ပင် မားမားမတ်မတ် ရပ်နေ၏။ သူက လေးကြိုးကို လျင်မြန်စွာ ဆွဲလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူကာ ပစ်မှတ်အပေါ် စိတ်ဖြင့် သော့ခတ်လိုက်သည်။
"ရွှီးးး" မြားတစ်စင်းကို ပစ်ခတ်လိုက်၏။ မြွေကြီး၏ ခေါင်းကို တိုက်ရိုက် ထိမှန်သွားသည်။
အနက်ရောင်မြားက အလွန်တရာ မာကျောပြီး ထက်မြက်သော်ငြား လက်မဝက်ခန့်သာ ဖောက်ထွင်းနိုင်၏။ လန်လင်း၏ ပစ်ခတ်မှုက အလွန် အားနည်းလွန်းနေပြီး မြွေကြီး၏ အကြေးခွံများကလည်း လွန်စွာ မာကျောလွန်းနေပြန်သည်။
လန်လင်းက သာမန်လေးကို လွှင့်ပစ်လိုက်ပြီး ကျင်းတစ်ရာ့ငါးဆယ် ဆွဲအားရှိသည့် လေးအကြီးကို လျင်မြန်စွာ ကောက်ယူလိုက်၏။
ထို့နောက် သူ၏ နဂါးစွမ်းအားကို ထုတ်လွှတ်ကာ လေးကြိုးကို အားကုန်သုံးကာ ဆွဲလိုက်ပြီး နောက်ထပ် မြားတစ်စင်းကို အသင့်တင်လိုက်သည်။ ဤတစ်ကြိမ်၌မူ မြွေကြီး၏ မျက်လုံးကို တည့်မတ်စွာ ချိန်ရွယ်လိုက်၏။
မြွေကြီးက ရဲ့ကျင်းယွီကို တိုက်ခိုက်နေစဉ် ခေါင်းက ခက်ထန်စွာ လှုပ်ရှားနေသည်။ လန်လင်းအနေဖြင့် သူ၏ လှုပ်ရှားမှုများကို လုံးဝ ကြိုတင်မခန့်မှန်းနိုင်သည့်အပြင် ပို၍ဆိုးရွားသည်မှာ မြွေကြီး၏ မျက်လုံးများက အလွန် သေးငယ်နေခြင်းပင်။
ပစ်မှတ်အပေါ် စိတ်ဖြင့် သော့ခတ်ရန် လွယ်ကူသော်ငြား တကယ်တမ်း ထိမှန်ရန်မှာမူ မယုံနိုင်လောက်အောင် ခက်ခဲလှ၏။
"ရွှီးးး"
သော့ခတ်ပြီးနောက် လန်လင်း ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။
မျက်လုံးကို လွဲချော်သွားသော်ငြား လေးလံသည့် မြားက မြွေကြီး၏ ခေါင်းကို ထိမှန်သွားဆဲပင်။ ဤတစ်ကြိမ်၌ တစ်လက်မ အပြည့် ဖောက်ထွင်းသွား၏။
မြွေကြီးက နာကျင်စွာ ရှဲခနဲ မြည်သံပြုလိုက်ပြီး လန်လင်းကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လာသည်။ သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများနှင့် သွေးဆာမှုများဖြင့် ပြည့်နှက်နေပြီး လန်လင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲချင်နေသည့်အလား ပုံပေါက်နေ၏။
လန်လင်းက မဲ့ပြုံး ပြုံးလိုက်သည်။
"ဒါပဲ ငါလိုချင်တာ။ မင်းမျက်လုံးကို ပြူးကျယ်အောင်ဖွင့်ပြီး ငါ့ကို တည့်တည့်စိုက်ကြည့်နေဖို့ပဲ။"
ဤသည်က နောက်တစ်ကြိမ် ထပ်မရနိုင်သော ရှားပါးသည့် အခွင့်အရေး ဖြစ်၏။
"ရွှီးးး"
ဤအကွာအဝေး၌ လန်လင်း မလွဲချော်နိုင်တော့ချေ။
မြားက ပစ်မှတ်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားသည်။ နောက်ဆုံးစက္ကန့်၌ မြွေကြီးက ကာကွယ်ရန် သူ၏ မျက်လုံးကို မှိတ်လိုက်၏။
သို့သော် ချွန်ထက်သည့် အနက်ရောင်မြားက သူ၏ မျက်ခွံကို တိုက်ရိုက် ဖောက်ထွင်းသွားကာ မျက်လုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
"ဝေါင်းးး"
မြွေကြီးက နာကျင်စွာ ဟိန်းဟောက်လိုက်ရ၏။ ရေထဲ၌ ခက်ထန်စွာ လူးလှိမ့်နေပြီး ပျက်စီးသွားသည့် မျက်လုံးထဲမှလည်း သွေးများ ပန်းထွက်လာသည်။
ထို့နောက် နာကျင်မှုကြောင့် လုံးဝ ရူးသွပ်သွားကာ ဘီလူးကြီးက မြစ်ထဲမှ ထွက်လာပြီး လန်လင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲရန် အသေအလဲ ကမ်းစပ်ဆီသို့ ပြေးဝင်လာတော့၏။
အပိုင်း ၇၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team