← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အပိုင်း ၇၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီကို ရစ်ပတ်ထားသည့် မြေကြီး၏ ညှစ်အားက နောက်ဆုံး၌ အားပျော့လာသည်။

ချက်ထျင်းပင် ရဲ့ကျင်းယွီ သူမ၏လက်မောင်းကို အရင်းတည်ကာ မြွေကြီး၏ပါးစပ်ထဲသို့ တိုက်ရိုက် လှမ်းနှိုက်လိုက်၏။ ချွန်ထက်သော အစွယ်တစ်ခုကို ဖမ်းဆွဲရင်း အစွမ်းထက်သည့် နဂါးစွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။

“ခရက်”

ချက်ချင်းပင် တစ်ပေခန့်ရှည်လျားသည့် မြွေကြီး၏အစွယ်ကို ရဲ့ကျင်းယွီ ချိုးဖဲ့လိုက်ပြီး ထိုအစွယ်ကို သူမ၏ ဓားကောက်အသစ်အဖြစ် အသုံးပြုလိုက်သည်။ အဆင့်မြင့်စစ်သည်တော်တစ်ဦး လက်နက်ရရှိသွားချိန်၌ ချက်ချင်းပင် အံ့မခန်း အစွမ်းထက်လာတတ်၏။

အစွယ်ကို ကိုင်ဆောင်ထားရင်း ရဲ့ကျင်းယွီက မြွေကြီး၏ခေါင်းကို ချိန်ရွယ်ကာ အပြင်းအထန် ထိုးစိုက်လိုက်သည်။

“ရွှပ်... ရွှပ်...”

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြွေကြီး၏ခန္ဓာကိုယ်အား အကြိမ်ပေါင်းများစွာ သူမ ထိုးစိုက်လိုက်၏။ သွေးများက ရေတံခွန်အလား ပန်းထွက်လာသည်။ မြွေကြီး ပြင်းထန်စွာ ဒဏ်ရာရသွားလေပြီ။

လက်ရှိအချိန်၌ မြွေကြီး၏မျက်လုံးတစ်ဖက်က ကန်းနေပြီဖြစ်ကာ အခြားတစ်ဖက်ကိုလည်း တင်းကျပ်စွာ မှိတ်ထား၏။ သူ လုံးဝမမြင်ရတော့ချေ။ ပါးစပ်ကိုဟကာ ရမ်းသန်းကိုက်ခဲရန်သာ တတ်နိုင်တော့သည်။ အခြားသော အာရုံခံစားမှုများကို အားကိုးကာ ကမ်းစပ်ဆီသို့ ပြေးဝင်လာပြီး လန်လင်းနောက်သို့ လိုက်၏။

ရဲ့ကျင်းယွီက အသည်းအသန် အော်ဟစ်လိုက်ရသည်။ “သခင်လေး... ပြေးတော့။”

သို့သော် လန်လင်းကမူ ပြေးဝင်လာသည့် မြွေကြီးကို လျစ်လျူရှုထားလိုက်၏။ သူက နေရာ၌ပင် မားမားမတ်မတ်ရပ်နေပြီး လေးကိုဆွဲကာ မြားတစ်စင်းကို အသင့်ပြင်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အောင့်ထားလိုက်၏။

မြွေကြီး၏ ဟနေသည့် ပါးစပ်ထဲမှ အနီရောင်အစက်တစ်ခုအပေါ် သူ၏စိတ်ကို အာရုံစိုက်လိုက်သည်။ အကယ်၍ ထိုနေရာကိုသာ သူ ထိအောင်ပစ်နိုင်ပါက မြားက မြွေကြီး၏ ဦးနှောက်ထဲသို့ဝင်သွားပြီး ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။

မြွေကြီးက လန်လင်းဆီသို့ ရူးသွပ်စွာ ပြေးဝင်လာပြီး ပို၍ပို၍ နီးကပ်လာနေ၏။

“…”

“ရွှီးးး” လန်လင်း၏မြားက လျှပ်စီးတစ်ခုအလား ပျံသန်းထွက်ခွာသွားသည်။

“ဖောက်...” မြားက ရဲ့ကျင်းယွီ၏ခေါင်းဘေးမှ အလွန်နီးကပ်စွာ ဖြတ်ပျံသွားပြီး မြွေကြီး၏ အာခေါင်ရှိ အနီရောင်အစက်ကို ထိမှန်သွား၏။ ထိုနေရာရှိအသားက အလွန် ပျော့ပျောင်းလှသည်။

ရွှေရောင်ထိပ်ဖူးတပ်မြားက အလွယ်တကူပင် ဖောက်ထွင်းသွား၏။ ပေဝက်ခန့်နက်ရှိုင်းစွာ ဝင်သွားပြီး မြွေကြီး၏ဦးနှောက်ကို စိုက်သွားသည်။

ချက်ချင်းပင် မြွေကြီးမှာ ပွဲချင်းပြီး သေဆုံးသွားတော့သည်။ ခန္ဓာကိုယ်ကြီးက ဧရာမကျာပွတ်ကြီးတစ်ခုအလား မြေပြင်ပေါ်သို့ ရိုက်ခတ်သွား၏။ ကြောက်မက်ဖွယ်ကောင်းလှသော ခေါင်းကြီးက လန်လင်းနှင့် ပေဝက်ပင်မကွာသည့် နေရာ၌ ရပ်တန့်သွားသည်။

ကိုယ်လုံးတီးဖြစ်နေသည့် ရဲ့ကျင်းယွီက မြွေကြီးပြုတ်ကျလာသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ လျင်မြန်စွာ ခုန်ချလိုက်၏။

လန်လင်း ရုတ်တရက် အားအင်များအားလုံး ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူနှင့် ကိုယ်လုံးတီးဖြစ်နေသည့် ရဲ့ကျင်းယွီတို့ စက္ကန့်အနည်းငယ်ခန့် အပြန်အလှန် စိုက်ကြည့်နေမိကြ၏။ ထို့နောက် မျက်လုံးမှိတ်ထားသင့်ကြောင်း သူ သတိပြုမိသွားသည်။ သို့သော် ထိုအချိန်၌ သူ မမြင်သင့်သည့် အရာအားလုံးကို မြင်တွေ့ပြီးသွားလေပြီ။

သူ၏ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်ကမူ လန်လင်း၏ရှက်ရွံ့မှုကို ဂရုမစိုက်ချေ။ ထိုကြယ်က စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် တုန်လာနေလေ၏။

မြွေကြီးသေဆုံးသွားပြီးနောက် နဂါးသွေးစွမ်းအင်များက လေထဲသို့ လွင့်မျောလာပြီး လောကကြီးထဲသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေကြ၏။

သို့သော် ထိုအခိုက်၌ပင် အသူရာမိစ္ဆာကြယ်က ရူးသွပ်စွာ လည်ပတ်လာပြီး ထိုစွမ်းအင်များအားလုံးကို ဝါးမျိုပစ်လိုက်သည်။

စွမ်းအင်များကို စုပ်ယူရန် ငါးမိနစ်အပြည့် အချိန်ယူလိုက်ရသည်။ အသူရာမိစ္ဆာကြယ်က တုန်ခါလာပြီး လန်လင်းသည်လည်း စတင်တုန်ခါလာ၏။

များပြားလှသည့် စွမ်းအင်များကို စုပ်ယူလိုက်ရသည့် ခံစားချက်က အလွန်တရာ အံ့မခန်းဖြစ်သည်။ သူ၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ ၊ လေထဲ၌ မျောလွင့်နေသကဲ့သို့ လန်လင်း ခံစားလိုက်ရ၏။

အားလုံးကို စုပ်ယူပြီးနောက် လန်လင်းနှင့် အသူရာမိစ္ဆာကြယ်တို့မှာ ပေါ့ပါးလန်းဆန်းသွားပြီး အလိုလိုနေရင်း ပျော်ရွှင်လာကြသည်။

ရဲ့ကျင်းယွီက အေးစက်စွာ မေးလိုက်သည်။ “သခင်လေးမှာ ကျွန်မကို ရှင်းပြစရာ ရှိတယ်မလား။”

လန်လင်း မျက်လုံးများကို လျင်မြန်စွာ ဖွင့်လိုက်၏။ ရဲ့ကျင်းယွီက အဝတ်အစားများ ဝတ်ဆင်ပြီးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူမက ဓားကောက်ကို ပြန်ကောက်ယူထားပြီး လက်ထဲ၌ ကိုင်ဆောင်ထား၏။

“တောင်းပန်ပါတယ် အစ်မ။ ချက်ချင်း မျက်လုံးမှိတ်ထားသင့်တာ။”

ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ ကျွန်မ ပြေးလို့ပြောရက်နဲ့ ဘာလို့ မပြေးတာလဲ။ ခုနက သခင်လေး သေတော့မလို့ဖြစ်သွားတာ သိရဲ့လား။”

လန်လင်းက ခေါင်းခါလိုက်၏။ “အစ်မကို ထားပြီး တစ်ယောက်တည်း မပြေးနိုင်ပါဘူး။”

ရဲ့ကျင်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ “ကျွန်မမှာ လက်နက်မရှိရင်တောင် သေလောက်တဲ့ အန္တရာယ်မရှိဘူး။ တစ်စက္ကန့်လောက် အချိန်ရတာနဲ့ မြွေရဲ့အစွယ်ကိုချိုးပြီး သားရဲကိုသတ်ဖို့ သုံးနိုင်တယ်။ သခင်လေးကတော့ အဲဒီမြွေကြီးက နည်းနည်းလေးထိလိုက်တာနဲ့ သွေးသံရဲရဲအလောင်း ဖြစ်သွားမှာ။ နားလည်လား။”

လန်လင်း တိတ်ဆိတ်နေလိုက်၏။

ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ “ဒါ့အပြင် ကျွန်မအသက်က အဲဒီလောက် အရေးမကြီးဘူး။ သခင်လေးကတော့ ရှင်သန်နေရမယ်။ သခင်လေးက ဆိုမိသားစုရဲ့ မျှော်လင့်ချက်ပဲ။”

လန်လင်း ခေတ္တမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူ မော့ကြည့်လိုက်သည်။ “အစ်မပြောတာ မှန်ပါတယ်။ လုံးဝမှန်တယ်။ ဒါပေမဲ့ ကျွန်တော် အစ်မကို ထားပြီး တစ်ယောက်တည်း ဘယ်တော့မှ ပြေးမှာ မဟုတ်ဘူး”

ရဲ့ကျင်းယွီက သက်ပျင်းချလိုက်ပြီး လန်လင်းကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်နေသည်။ “သခင်လေးက တကယ်ကို ခေါင်းမာတာပဲ။”

ထို့နောက် လန်လင်းကို သူမ ဆွဲထူလိုက်ပြီး မေးလိုက်၏။ “လှုပ်နိူင်သေးလား။”

လန်လင်းက အသက်ရှူမဝစွာဖြင့် ပြောလိုက်သည်။ “ဟင့်အင်း။ အားကုန်သုံးပြီးပြီ။ တစ်ခုခု လုပ်ခိုင်းစရာရှိလို့လား။”

ထိုအခါမှ ရဲ့ကျင်းယွီ၏လည်ပင်းရှိ ဆိုးရွားသည့် ပွန်းပဲ့ဒဏ်ရာကြီးကို သူ သတိပြုမိသွား၏။

“ကျွန်မ ဘာမှမဖြစ်ပါဘူး။ စခန်းချဖို့ လုံခြုံတဲ့ နေရာတစ်ခု သွားရှာကြမယ်။ ဒီနေ့အတွက် အမဲလိုက်တာ ပြီးပြီ။”

**--**--**--**--**--**--**--**

သူတို့ ရေတိမ်သည့် ရေကန်တစ်ခုကို ရှာတွေ့သွားပြီး စခန်းချလိုက်ကြ၏။ လန်လင်းနှင့် ရဲ့ကျင်းယွီတို့ ရေထဲ၌ ထိုင်နေကြသည်။ ရဲ့ကျင်းယွီက စိတ်တည်ငြိမ်ခြင်းကျင့်စဉ်ကို ရွတ်ဆိုနေပြီး လန်လင်းက သူ၏စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိရန် အနားယူနေ၏။ ခန္ဓာကိုယ်ထဲ၌မူ အသူရာမိစ္ဆာကြယ်ကမူ လန်လင်း၏သွေးကြောကို ပိုမိုသန်မာလာရန် ပြုပြင်ပြောင်းလဲပေးနေသည်။

ယနေ့၌ လန်လင်း သွေးတိမ်တိုက်ကျားသစ်နှင့် သွေးဦးချိုမြွေကြီးစသည့် သားရဲနှစ်ကောင်၏ နဂါးစွမ်းအားများကို စုပ်ယူထားခဲ့၏။

ဤသားရဲနှစ်ကောင်က သူ့ကို နဂါးစွမ်းအားမည်မျှ ပေးစွမ်းခဲ့သည်ကို လန်လင်း တကယ်သိချင်နေသည်။

အသူရာမိစ္ဆာကြယ်ကို သူ မေးကြည့်သော်ငြား တိုက်ရိုက်မဖြေချေ။ သခင်ဖြစ်သူ၏ ခန္ဓာကိုယ်အဆင့်မြှင့်တင်မှု အပြည့်အဝပြီးစီးသွားပြီးနောက်မှ သိရမည်ဟုသာ ပြန်ပြော၏။ ထိုအရာက လန်လင်းကို ပို၍ပင် စိတ်လှုပ်ရှားလာစေသည်။

နဂါးစွမ်းအားဖြင့် အဆင့်မြှင့်တင်သည့် ရှည်လျားသော လုပ်ငန်းစဉ်ကြီး စတင်လာလေပြီ။

သူ၏လက်မောင်းရှိ သွေးကြောများကို အဆင့်မြှင့်တင်ရန် ငါးနာရီ ၊ အရိုးများအတွက် သုံးနာရီနှင့် နောက်ဆုံးကြွက်သားများအတွက် နှစ်နာရီ အချိန်ယူလိုက်ရ၏။

တစ်ချိန်လုံး သူ၏ခန္ဓာကိုယ်မှာ မီးလောင်နေပြီး ပေါက်ကွဲထွက်တော့မည့်အလား လန်လင်း ခံစားနေရသည်။

ဆယ်နာရီ ကုန်လွန်သွား၏။

**--**--**--**--**--**--**--**

လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ လန်လင်း မျက်လုံးများကို ဖွင့်လိုက်သည်။ မနက်ရောက်နေလေပြီ။ ရဲ့ကျင်းယွီကမူ ရေထဲ၌ မရှိတော့ချေ။ တဲထဲရှိ သူမ၏အရိပ်ကို မြင်တွေ့နေရ၏။

လန်လင်း ရေထဲမှထွက်လာပြီး အိတ်ထဲမှလေးကို လျင်မြန်စွာ ယူလိုက်သည်။ သူ၏ လက်မောင်းခွန်အားအသစ်ကို စမ်းသပ်ကြည့်ချင်နေမိ၏။

ပထမဆုံးအနေဖြင့် ကျင်းတစ်ရာ့သုံးဆယ် ဆွဲအားရှိသည့် လေးကို သူ ကောက်ယူလိုက်သည်။ သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လေးကြိုးကို အားကုန်သုံးကာ ဆွဲလိုက်၏။ အလွန် လွယ်ကူလှသည်။ လေးကို မိနစ်ဝက်ခန့်ပင် ငြိမ်သက်စွာ သူ ဆွဲထားနိုင်သေး၏။ ထို့နောက် ကျင်းတစ်ရာ့ငါးဆယ် ဆွဲအားရှိသည့် လေးကို ယူကာ ဆွဲလိုက်ပြန်သည်။

လွယ်ကူနေဆဲပင်။ မိနစ်ဝက်ခန့် ငြိမ်သက်စွာ သူ ဆွဲထားနိုင်သော်ငြား ထိုအချိန်ကို ကျော်သွားပြီးနောက် အနည်းငယ် ခက်ခဲလာ၏။ ရလဒ်က ရှင်းလင်းလှသည်။ လန်လင်း၏ လက်မောင်းခွန်အားက ယခု ကျင်းတစ်ရာ့ခုနစ်ဆယ် ဖြစ်သွားလေပြီ။ ကျင်းတစ်ရာ့ခုနစ်ဆယ် အပြည့်ပင်။

ဤသည်က အံ့မခန်းပင်။ တစ်ရက်တည်းနှင့် သွေးတိမ်တိုက်ကျားသစ်နှင့် သွေးဦးချိုမြွေကြီးတို့က သူ၏လက်မောင်းခွန်အားကို ကျင်းငါးဆယ်အထိ တိုးလာစေ၏။

ဤအရာက သားရဲနှစ်ကောင်တည်းထံမှသာ ဖြစ်သည်။

ဤကြီးမားသည့် တိုးတက်မှုအတွက် အဓိကအကြောင်းအရင်းမှာ မြွေကြီး၏စွမ်းအင်ကြောင့်ဖြစ်ကြောင်း လန်လင်း သိထား၏။

ထိုအချိန်၌ပင် ရဲ့ကျင်းယွီက တဲကိုဖွင့်လိုက်သည်။ လန်လင်းက ကျင်းတစ်ရာ့ငါးဆယ် ဆွဲအားရှိသည့် လေးကို ကိုင်ဆောင်ထားလျက် ငြိမ်သက်စွာ ရပ်နေသည်ကို သူမ မြင်တွေ့လိုက်ရ၏။

ရဲ့ကျင်းယွီက အံ့ဩတကြီး မေးလာသည်။ “သခင်လေး... နဂါးစွမ်းအားကို သုံးပြီး ဆွဲထားတာလား။”

အပိုင်း ၇၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters