← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အပိုင်း ၇၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်း ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ ဒီတိုင်း လက်အားသက်သက်နဲ့ပဲ။”

ရဲ့ကျင်းယွီ၏ လှပသည့် မျက်လုံးများ ပြူးကျယ်သွား၏။ ပထမလ လေ့ကျင့်ရေးကာလ၌ သူ၏ လက်မောင်းခွန်အား ကျင်းခြောက်ဆယ်အထိ တိုးတက်လာခြင်းကိုပင် သူမ အလွန်အံ့ဩနေပြီ ဖြစ်သည်။

သို့သော် ဤဒုတိယအဆင့် စတင်ချိန်၌ပင် နောက်ထပ် ကျင်းငါးဆယ် ထပ်တိုးလာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားချေ။

ယခု၌ သခင်လေး၏ လက်မောင်းခွန်အား ကျင်းတစ်ရာ့ခုနစ်ဆယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ကျောင်းဆင်းစာမေးပွဲအတွက် ရည်မှန်းချက်ဖြစ်သည့် ကျင်းသုံးရာပြည့်ရန် ကျင်းတစ်ရာ့သုံးဆယ်သာ လိုသည်။

သူ ဤသို့ မည်သို့ လုပ်ဆောင်လိုက်သည်ကို ရဲ့ကျင်းယွီ နားမလည်နိုင်အောင် ဖြစ်နေ၏။

သူမ လှမ်းခေါ်လိုက်သည်။ “သခင်လေးက တကယ့် ပါရမီရှင်ပဲ။ ပါရမီရှင်လေး... အထဲဝင်ပြီး နည်းနည်းလောက် လာကူပါဦး။”

လန်လင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ အစ်မ။”

ခွန်အားအသစ်ကြောင့် စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ကာ လန်လင်း တဲထဲသို့ ဝင်သွား၏။ အထဲသို့ ဝင်ဝင်ချင်းပင် သူ အေးခဲသွားသည်။

ရဲ့ကျင်းယွီ အိပ်ရာပေါ်၌ သူ့ကို ကျောခိုင်း၍ လှဲလျောင်းနေ၏။ ထိုအရာက ပြဿနာမရှိချေ။ ပြဿနာမှာ သူမ၌ အဝတ်အစားတစ်ခုမျှ ဝတ်ဆင်ထားခြင်း မရှိသည့်အချက်ပင်။ လန်လင်း နှာခေါင်းသွေးလျှံတော့မည်ဟု ခံစားလိုက်ရ၏။

**--**--**--**--**--**--**--**

“ကျောက တချို့နေရာတွေကို ဆေးလိမ်းဖို့ လက်မမီလို့။ ကူလိမ်းပေးနိုင်မလား။”

အရာအားလုံးက ပုံမှန်ကိစ္စတစ်ခုဖြစ်သည့်အလား သူမ၏ အသံ အလွန် တည်ငြိမ်နေ၏။

လန်လင်းက ခေါင်းညိတ်လိုက်သည်။ “အာ... ဟုတ်ကဲ့။”

လန်လင်း သူမ၏ လက်ထဲမှ ဆေးပုလင်းကို လှမ်းယူလိုက်၏။ ထို့နောက် သူမ၏ ကျောနှင့် ပေါင်ပေါ်ရှိ ဆိုးရွားလှသည့် ပွန်းပဲ့ဒဏ်ရာများကို သူ သတိပြုမိသွားသည်။ နေရာအနှံ့၌ ကြီးမားသော ခရမ်းရင့်ရောင် အကွက်ကြီးများ ရှိနေ၏။ ထိုသည်တို့မှာ သွေးဦးချိုမြွေကြီး၏ တင်းကျပ်စွာ ရစ်ပတ်မှုကြောင့် ကျန်ရစ်သည့် ဒဏ်ရာများပင်။

စိတ်ကို တည်ငြိမ်စေရန် လန်လင်း အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ လက်ထဲ၌ ဆေးများကို ပွတ်ချေကာ သူမ၏ ဒဏ်ရာရနေသည့် ကျောပြင်ပေါ်သို့ ခပ်ဖိဖိ လိမ်းကျံပေးလိုက်သည်။

ရဲ့ကျင်းယွီ တွန့်ခနဲ ဖြစ်သွားသည်။ “အင်း...”

လန်လင်း မေးလိုက်သည်။ “နာလို့လား အစ်မ။ ခပ်ဖွဖွလေး လိမ်းပေးမယ်လေ။”

ရဲ့ကျင်းယွီ ခေါင်းရမ်းလိုက်သည်။ “ဟင့်အင်း... ပိုပြီး ဖိလိမ်းပေး။ ဆေးက ကြွက်သားတွေနဲ့ အရိုးတွေထဲအထိ စိမ့်ဝင်ဖို့ လိုတယ်။”

လန်လင်း ပို၍ ဖိလိမ်းပေးလိုက်၏။ သူမ၏ ဒဏ်ရာများကို တစ်လက်မမကျန် သူ သတိထား၍ ဆေးပွတ်လိမ်းပေးလိုက်သည်။ အခြားအရာများကို လျစ်လျူရှုကာ ဒဏ်ရာများကိုသာ ကြည့်ရန် အတင်းအကျပ် ထိန်းချုပ်ထားရ၏။ သို့သော် သတိမထားမိရန်မှာမူ အလွန် ခက်ခဲလှသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် နောက်ဆုံး၌ သူ လိမ်းပေး၍ ပြီးသွားသည်။ လန်လင်း တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနှစ်နေ၏။ မြွေကြီးနှင့် တိုက်ခိုက်ရစဉ်ကထက်ပင် ပို၍ ပင်ပန်းနေသကဲ့သို့ ခံစားနေရပြီး သူ၏ ရင်ဘတ်ထဲ၌ နှလုံးကလည်း ရူးသွပ်စွာ ခုန်ပေါက်နေသည်။

ရဲ့ကျင်းယွီ ထိုင်လိုက်သည်။ “ကျေးဇူးပါ။ အခု အပြင်မှာ စောင့်ပေးပါဦး။”

လန်လင်း ကယ်တင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ လျင်မြန်စွာ နောက်သို့လှည့်ကာ တဲထဲမှ ပြေးထွက်သွားသည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် တောင်တစ်သောင်း တောင်တန်း၏ နက်ရှိုင်းသည့် နေရာရှိ မြွေပွေးမျိုးနွယ် နယ်မြေ၌ မယုံနိုင်လောက်အောင် လှပလွန်းလှသည့် သေမင်းတမန်ဟွာသည် ပန်းပွင့်ဖတ်များ ပြည့်နှက်နေသော ရေချိုးကန်၌ သက်သောင့်သက်သာ ရေချိုးနေပြီး သူမ၏ ချောမွေ့သည့် အသားအရေကို ဖြည်းညင်းစွာ ဆေးကြောနေသည်။

သူမ လှမ်းခေါ်လိုက်သည်။ “နောက်တစ်ယောက်။”

သူမ၏ အသံ အလွန်တရာ ချိုမြိန်ပြီး နူးညံ့နေ၏။ မျိုးနွယ်စု အစောင့်တစ်ဦးက ချောမောသည့် လူသားအမျိုးသားတစ်ဦးကို ခေါ်ဆောင်လာသည်။

ထိုအမျိုးသားမှာ အစပိုင်း၌ အလွန် ကြောက်ရွံ့နေ၏။ သို့သော် သေမင်းတမန်ဟွာကို မြင်တွေ့လိုက်ရချိန်၌ သူ လုံးဝ မိန်းမောသွားသည်။ အကြောက်တရားများ အားလုံးကို မေ့လျော့သွား၏။ ထိုမျှ လှပသည့် အမျိုးသမီးမျိုးကို သူ တစ်ခါမှ မမြင်ဖူးချေ။ သူမနှင့် နီးကပ်ခွင့်ရရန် သူ၏ သက်တမ်း ဆယ်နှစ်ကိုပင် လဲလှယ်ပေးလိုက်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။

သေမင်းတမန်ဟွာက ထိုအမျိုးသား၏ ရမ္မက်ထနေသည့် မျက်နှာကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများ၌ ရွံရှာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူမက နှာခေါင်းရှုံ့လိုက်၏။ “ရုပ်ရည်က အဆင်ပြေပါတယ်။ ဒါပေမဲ့ မျက်လုံးတွေက ညစ်ပတ်ပြီး လောဘကြီးလွန်းတယ်။”

အစောင့်များ သူ့ကို ဆွဲခေါ်သွားချိန်၌ ထိုအမျိုးသားမှာ အလွန် စိတ်ပျက်သွားသည့်ပုံ ပေါ်နေ၏။ ထို့နောက် စစ်သည်တော်တစ်ဦး အရှေ့သို့ တက်လာပြီး သူ၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။ ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွား၏

သေမင်းတမန်ဟွာက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ “ငါတို့ဆီမှာ ရှိတဲ့ လူသားတွေ ဒါအကုန်ပဲလား။ တကယ် ချောမောတဲ့ ယောက်ျား တစ်ယောက်မှ မရှိဘူး။ သူတို့သွေးကို ငါ ဘယ်လို သောက်ရမှာလဲ။ သွေးတစ်စက်မှ မသောက်ရတာ ရက်ပေါင်းများစွာ ကြာနေပြီ။ ငါ့ရဲ့ ဗန်ပိုင်းယား သတို့သားလောင်းဖြစ်ဖို့ ချောမောတဲ့ ရုပ်ရည်ရှိသူ အမျိုးသား တစ်ယောက်မှ မရှိတော့ဘူးလား။”

ထိုအချိန်၌ပင် စစ်သည်တော်တစ်ဦးက လျှို့ဝှက်စာတစ်စောင်ကို ကိုင်ဆောင်ကာ အခန်းထဲသို့ ပြေးဝင်လာ၏။

“ခေါင်းဆောင်... မြောက်ပိုင်း လူသားဘုရင့်နိုင်ငံဆီက သတင်းစကားပါ။ ငှက်မွှေးလေးခု ပါတယ်။”

သေမင်းတမန်ဟွာက စာကို ပျင်းရိစွာ ယူလိုက်ပြီး ဖွင့်ဖတ်လိုက်သည်။ အထဲ၌ ပန်းချီကားတစ်ချပ် ပါဝင်၏။ အလွန် ချောမောသော လူငယ်တစ်ဦး၏ ပုံဖြစ်သည်။ လန်လင်းပင်။

သေမင်းတမန်ဟွာ၏ မျက်လုံးတို့က အရောင်တောက်လာသည်။ သူမ၏ ရင်ဘတ်ပေါ်သို့ လက်တင်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “အို... သခင်... ကျွန်မရဲ့ ချစ်လှစွာသော သခင်။ ကျွန်မ ဒီမှာ ရှိနေတယ်။ သခင့်ဆီ လာရှာတော့မယ်။”

**--**--**--**--**--**--**--**

နောက်ရက်များ၌ လန်လင်းနှင့် ရဲ့ကျင်းယွီတို့ နေ့စဉ် သားရဲများကို သွားရောက် အမဲလိုက်ကြသည်။

တဲထဲမှ အနေရခက်သည့် မနက်ခင်းအပြီး၌ သူတို့ စကားသိပ်မပြောဖြစ်ကြသော်ငြား တိုက်ပွဲများ၌မူ ပို၍ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်ကြ၏။

လန်လင်း၏ လေ့ကျင့်ရေးနည်းလမ်းက အလွန် ထူးဆန်းနေသည်ကို ရဲ့ကျင်းယွီ သတိပြုမိသွားသည်။ သူ သားရဲများကို အမဲလိုက်ရန် အလွန် စိတ်အားထက်သန်နေသော်ငြား သူ၏ လေးပစ်စွမ်းရည်ကို လေ့ကျင့်ရန်သက်သက် မဟုတ်ချေ။ သူ လျှို့ဝှက်ထားသည့် တစ်ခုခု ရှိနေသည်မှာ ရှင်းလင်းနေသော်လည်း ထိုအရာ မည်သည့်အရာဖြစ်ကြောင်းကိုမူ သူမ မမေးဖြစ်ချေ။

သူမ အချိန်ရပါက တစ်ရက်လျှင် ရေနှစ်ကြိမ် ဆက်လက် ချိုးဆဲပင်။ အဝေး၌နေရန် လန်လင်းကို သတိပေးခြင်းကို သူမ ရပ်တန့်လိုက်သော်ငြား သေချာပေါက် လန်လင်းက ခိုးမကြည့်လာချေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုမနက်ခင်းက အားလုံးကို မြင်တွေ့ပြီးသွားပြီ မဟုတ်လော။

သို့သော် သွေးဦးချိုမြွေကြီးနှင့် တွေ့စဉ်ကကဲ့သို့ သူတို့ ကံမကောင်းချေ။ သွေးတိမ်တိုက်ကျားသစ်ကဲ့သို့သော သာမန်သားရဲများကိုသာ အဓိကထား၍ အမဲလိုက်ရ၏။ ဤသားရဲများ၌ မီးလျံနီနွားကြီးထက် နဂါးစွမ်းအား ပို၍ပါဝင်သော်ငြား သိပ်ပြီး များပြားလှခြင်း မရှိသေးချေ။

သူတို့ အမဲလိုက်မှုများလာသည်နှင့်အမျှ လန်လင်း၏ စိတ်ဖြင့် သော့ခတ်သည့် စွမ်းရည် အလွန်တရာ တိုးတက်လာသည်။ ယခုအချိန်ဆိုလျှင် ၁၈၀ ပေ အကွာအဝေးမှ ပစ်မှတ်များကိုပင် သူ သော့ခတ်လာနိုင်ပြီ ဖြစ်၏။

အစပိုင်း၌ သွေးတိမ်တိုက်ကျားသစ် တစ်ကောင်ကို သတ်ဖြတ်ရန် မြားလေးငါးစင်းခန့် လိုအပ်ခဲ့သည်။ ယခုမူ တစ်စင်း သို့မဟုတ် နှစ်စင်းခန့်သာ လိုအပ်၏။ ဤအကြောင်းကြောင့် တစ်ရက်လျှင် သားရဲ တစ်ဒါဇင်ကျော်ကို အမဲလိုက်နိုင်ပြီး ထိုသားရဲများ၏ နဂါးစွမ်းအားများကိုလည်း အဆက်မပြတ် စုပ်ယူလာနိုင်သည်။

သူ၏ လက်မောင်းခွန်အားသည်လည်း ဆက်လက်ပြီး သန်မာလာ၏။ မြွေကြီးကို သတ်ဖြတ်ပြီး သုံးရက်အကြာ၌ သူ၏ ခွန်အား ကျင်းတစ်ရာ့ရှစ်ဆယ်ကို ကျော်လွန်သွားသည်။

ရှစ်ရက်မြောက်နေ့၌ ကျင်းတစ်ရာ့ကိုးဆယ်သို့ ရောက်ရှိလာ၏။ ရက်နှစ်ဆယ်မြောက်နေ့၌ ကျင်းနှစ်ရာအထိ ရှိလာသည်။

သို့သော် ကျင်းနှစ်ရာသို့ ရောက်ရှိပြီးနောက် ပိုမိုသန်မာလာရန် အလွန် ခက်ခဲလာ၏။ သွေးတိမ်တိုက်ကျားသစ်ကဲ့သို့သော သာမန်သားရဲများထံမှ နဂါးစွမ်းအားများ လုံလောက်မှု မရှိချေ။ ထိုအကောင်များကို ရာချီ၍ သတ်ဖြတ်လျှင်ပင် များစွာ အထောက်အကူ ပြုမည် မဟုတ်ပေ။

ဒုတိယအဆင့် လေ့ကျင့်ရေးကာလ၌ တစ်လတိတိ ကုန်လွန်သွားပြီ ဖြစ်သည်။ ကျောင်းဆင်းစာမေးပွဲမတိုင်မီ ၂၇ ရက်သာ လိုတော့သည်။

လန်လင်း၏ လက်မောင်းခွန်အား ကျင်းနှစ်ရာ၌ ရပ်တန့်နေသည်။ သူ၏ ရည်မှန်းချက်ပြည့်ရန် ကျင်းတစ်ရာ လိုနေသေးဆဲပင်။

စိတ်ဖြင့် သော့ခတ်နိုင်သည့် အကွာအဝေးမှာလည်း ၂၁၃ ပေသို့ ရောက်ရှိပြီးနောက် တိုးတက်မှု ရပ်တန့်သွား၏။ သူ၏ တကယ့် ရည်မှန်းချက်မှာ ၄၉၂ ပေသို့ ရောက်ရှိရန် ဖြစ်သည်။

လေးသည်တော်အဆင့်၏ ဒုတိယအဆင့်သို့ ရောက်ရှိရန် မည်မျှ ခက်ခဲကြောင်းကို နောက်ဆုံး၌ လန်လင်း နားလည်သွားသည်။ ဤအမြန်နှုန်းဖြင့်ဆိုပါက တစ်လမပြောနှင့် အချိန်တစ်နှစ်ရှိပင်လျှင် ရောက်ရှိဦးမည် မဟုတ်ချေ။

အပိုင်း ၇၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters