← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အပိုင်း ၇၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထိုသည်ကို ရဲ့ကျင်းယွီ သတိပြုမိသွားပြီးနောက် အလျင်စလို ထွက်ပြေးရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်၏။ ထိုအစား ရန်သူများကို လန်လင်း ပစ်ခတ်ဖို့ အချိန်လုံလောက်စွာ ရရှိစေရန် မြင်းကို အရှိန်လျှော့လိုက်သည်။

“ရွှီးးး ရွှီးးး ရွှီးးး”

လန်လင်း၏ မြားများက သေမင်း၏ ခေါ်သံနှင့် တူနေ၏။ ပေတစ်ရာ အကွာအဝေးအတွင်း၌ ရှိနေသရွှေ့ မလွဲချေ။ မြားတိုင်းက လူရိုင်းများ၏ ခေါင်းကို အတိအကျ ထိမှန်သွားကြသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် မြားအစင်းသုံးဆယ်ကို ပစ်ခတ်ပြီး လူရိုင်းသုံးဆယ်ကို သတ်ဖြတ်လိုက်၏။ တစ်ချိန်တည်းမှာပင် အသူရာမိစ္ဆာကြယ်က သူတို့၏ သွေးကြောများထဲမှ နဂါးစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။

ယခု၌ လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအား လုံးဝ ကုန်ဆုံးသွားပြီဖြစ်ကာ သူ၏ ခေါင်းက နာကျင်စွာ ကိုက်ခဲနေသည်။ သူ သတိလစ်မသွားစေရန် နဂါးစွမ်းအားကိုပင် အနိုင်နိုင် အသုံးပြုနေရ၏။

လန်လင်း အံကြိတ်ကာ သူ၏ နောက်ဆုံးမြားကို ပစ်လွှတ်လိုက်သည်။

“ရွှီး... ဖောက်...”

ပေတစ်ရာခန့် အကွာရှိ လူရိုင်းတစ်ဦး၏ ခေါင်းကို မြားက ဖောက်ထွင်းသွားပြီး ပွဲချင်းပြီး သေဆုံးသွားစေ၏။

လူရိုင်း သုံးဆယ့်တစ်ဦး သေဆုံးသွားလေပြီ။ သို့သော် လန်လင်း၌လည်း မြားများ ကုန်ဆုံးသွား၏။

ထိုသည်ကို မြင်လိုက်ရသောအခါ ရဲ့ကျင်းယွီက သူမ၏ စစ်မြင်းကို အလျင်အမြန် နှင်ကာ တောင်ဘက်နယ်စပ်မြို့ဆီသို့ ဒုန်းစိုင်းပြေးလိုက်သည်။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီ၏ မြင်းက အလွန် မြန်ဆန်လှ၏။ တစ်နာရီကျော်အတွင်း မိုင်ပေါင်းများစွာကို ဖြတ်သန်းပြီး ဧရာမ မြစ်ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာသည်။ သဘာဝ ကျောက်တောင်ကြောတစ်ခုက ရေပြင်ပေါ်၌ တံတားတစ်စင်းအလား တည်ရှိနေ၏။ ထိုကျောက်တောင်ကြောကို ဖြတ်ကူးပြီးသည်နှင့် လော့ရဲရွာနှင့် မဝေးလှသည့် ပြောင်ချိုင့်ဝှမ်းသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

သို့သော် ကျောက်တောင်ကြောသို့ ရောက်ရှိချိန်၌ပင် ရဲ့ကျင်းယွီ အလွန် ထိတ်လန့်သွားရ၏။ လူရိုင်းမြင်းစီးသူရဲ ရာနှင့်ချီ၍ တစ်ဖက်ကမ်း၌ ပိတ်ဆို့ထားကြသည်။ သူတို့၏ မျက်လုံးများက သွေးနှင့် အသားကို ဆာလောင်မွတ်သိပ်နေသည့် အလား အစိမ်းရောင် တောက်ပနေကြ၏။

လူရိုင်းများက ရဲ့ကျင်းယွီနှင့် လန်လင်းတို့ကို မြင်သောအခါ မိစ္ဆာဆန်ဆန် ပြုံးလိုက်ကြပြီး အရှေ့သို့ ပြေးဝင်လာကြသည်။

သူတို့နှစ်ဦးလုံး အံ့အားသင့်သွားကြ၏။ ဤလူရိုင်းစစ်သည်တော်များက မည်သူနည်း။ သူတို့က လန်လင်းကို အဘယ်ကြောင့် ဤမျှ ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးနေကြရသည်နည်း။

စဉ်းစားနေရန် အချိန်မရှိချေ။ သူတို့ နောက်သို့လှည့်ကာ တောင်ဘက်သို့ အသေအလဲ ထွက်ပြေးရန်သာ တတ်နိုင်တော့၏။ သူတို့၏ အနောက်ဘက်၌မူ ရာနှင့်ချီသည့် လူရိုင်းမြင်းစီးသူရဲများက မရပ်မနား လိုက်လံလာကြသည်။

ရဲ့ကျင်းယွီမှာ အလွန် ကျွမ်းကျင်သော စစ်သည်တော်တစ်ဦး ဖြစ်သော်ငြား ရာနှင့်ချီသည့် လူများကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ ရန်သူများက သာမန် မဟုတ်ကြပေ။ လူရိုင်းများဖြစ်ကြ၏။ သန်မာသည့် လူရိုင်းများဖြစ်ကြသည်။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီတို့၏ မြင်းမှာ မိုင်ပေါင်းများစွာ ပြေးလွှားပြီးဖြစ်ရာ အရှိန်လျော့လာပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် လူရိုင်းများ၏ မြင်းများကမူ လန်းဆန်းပြီး ခွန်အားများ ပြည့်ဝနေသဖြင့် သူတို့ကို လျင်မြန်စွာ မီလာသည်။

လူရိုင်းများက သူတို့ကို အရှင်လိုချင်နေပုံပေါ်ပြီး အဝေးမှနေ၍ မြားများဖြင့် မပစ်ခတ်ကြချေ။ အကယ်၍ ပစ်ခတ်ပါက လန်လင်းနှင့် ရဲ့ကျင်းယွီတို့ တိပ်သည်းလှသည့် မြားမိုးထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

လိုက်လံလာသူများက တဖြည်းဖြည်း ပို၍ နီးကပ်လာ၏။

ရဲ့ကျင်းယွီ၏ ခန္ဓာကိုယ်အပေါ် ကျရောက်နေသည့် လူရိုင်းများ၏ ညစ်ပတ်ပြီး သားရဲကဲ့သို့သော အကြည့်များကို လန်လင်း ခံစားမိနေသည်။ ရဲ့ကျင်းယွီကဲ့သို့ လှပသည့် အမျိုးသမီးတစ်ဦးကို သူတို့လက်ထဲသို့ ကျရောက်သွားစေမည့်အစား သူ သေရန်သာ ရွေးချယ်ပေလိမ့်မည်။

အကယ်၍ သူမကို ဖမ်းမိသွားပါက သေရသည်ထက်ပင် ဆိုးရွားသည့် ကံကြမ္မာကို ခံစားရပေလိမ့်မည်။

လန်လင်း အံကြိတ်လိုက်သည်။ “အစ်မ ကျင်းယွီ... ကျွန်တော့်အတွက် သစ်သားမြားတချို့ လုပ်ပေး။”

“အင်း...။” ရဲ့ကျင်းယွီက ချက်ချင်းပင် သူမ၏ ဓားကောက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ အရှိန်ပြင်းပြင်းဖြင့် မြင်းစီးနေဆဲမှာပင် ဖြောင့်တန်းသည့် သစ်ကိုင်းတချို့ကို ခုတ်ပိုင်းလိုက်ပြီး ထိပ်ဖျားများကို ချွန်ထက်အောင် ပြုလုပ်လိုက်သည်။ အချိန်တိုအတွင်း ရိုးရှင်းသည့် မြားလေးငါးစင်းခန့် ပြုလုပ်ပြီး လန်လင်းအား ကမ်းပေးလိုက်၏။

ရဲ့ကျင်းယွီမှာ လန်လင်းထက် လေးပစ်စွမ်းရည် ပို၍ ကောင်းမွန်သော်ငြား ပစ်ခတ်ရန်အတွက်မူ သူ့ကိုသာ ယုံကြည်နေဆဲပင်။

လန်လင်း သူ၏ လေးကိုဆွဲကာ သစ်သားမြားကို တပ်ဆင်လိုက်ပြီး အနီးဆုံး လူရိုင်း၏ မျက်လုံးကို ချိန်ရွယ်လိုက်၏။ ရန်သူက မြင်းပေါ်၌ အမြန်နှုန်းဖြင့် ရွေ့လျားနေသော်ငြား လန်လင်းက ပစ်မှတ်ကို သော့ခတ်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။ တစ်ကြိမ် သော့ခတ်ပြီးသည်နှင့် လွတ်မြောက်ရန် လမ်းမရှိတော့ချေ။

တစ်စက္ကန့်... နှစ်စက္ကန့်... သုံးစက္ကန့်။ သော့ခတ်ပြီးလေပြီ။

“ရွှီးးး”

မြားကို ပစ်လွှတ်လိုက်၏။

“အားးး” အရှေ့ဆုံးမှ လူရိုင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး မြင်းပေါ်မှ လိမ့်ကျကာ သေဆုံးသွား၏။

%ထို့နောက် လန်လင်းက သူတို့၏ အနောက်မှ မြင်းစီးသူရဲများကို ပစ်ချရန် အသူရာမိစ္ဆာကြယ်၏ နဂါးစွမ်းအား အပြည့်အဝကို အသုံးပြုလိုက်သည်။

“ရွှီးးး ရွှီးးး ရွှီးးး”

သုံးဆယ့်သုံး... သုံးဆယ့်လေး... သုံးဆယ့်ငါး... သုံးဆယ့်ခြောက်... အယောက်ငါးဆယ်မြောက်ကို ပစ်ခတ်လိုက်ချိန်၌ လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအားက အကန့်အသတ်ကို ရောက်လာတော့၏။ ခေါင်းကြီး တစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်း သတိလစ်သွားတော့သည်။

ရဲ့ကျင်းယွီက လန်လင်း မြင်းပေါ်မှ လိမ့်မကျစေရန် တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သို့သော် သူတို့၏ မြင်းက အရှိန်လျော့လာနေပြီး လူရိုင်းများမှာ လက်ရှိအချိန်၌ သူတို့၏ အနောက်ဘက် ပေခြောက်ဆယ်ခန့်အကွာသို့ ရောက်ရှိနေလေပြီ။

ရုတ်တရက် ရဲ့ကျင်းယွီက သူတို့၏ အရှေ့၌ ပြေးလွှားနေသည့် ဧရာမ ကြံ့ရိုင်းကြီး တစ်ကောင်ကို မြင်တွေ့လိုက်ရသဖြင့် အလွန် ဝမ်းသာသွားသည်။

ရဲ့ကျင်းယွီ အသံကုန် အော်ဟစ်လိုက်၏။ “အားးး”

သူမ၏ မြင်းကို နောက်ဆုံးကျန်ရှိနေသည့် ခွန်အားများ အသုံးပြုစေရန် ရိုက်နှက်လိုက်၏။

သားရဲကြီးနှင့် ပေအနည်းငယ်မျှသာ ကွာဝေးတော့ချိန်၌ ရဲ့ကျင်းယွီက လန်လင်းကို ဖမ်းဆွဲကာ လေထဲသို့ ခုန်တက်လိုက်သည်။ လျှပ်စီးတစ်ခုအလား ကြံ့ရိုင်းကြီး၏ ကျောပေါ်သို့ အတိအကျ ကျဆင်းသွား၏။ ထို့နောက် သူမက ထိုဧရာမ သားရဲကြီးကို ထိန်းချုပ်ကာ အရှေ့သို့ ရူးသွပ်စွာ ပြေးလွှားစေလိုက်သည်။

**--**--**--**--**--**--**--**

လန်လင်း မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို မသိချေ။ သူ၏ အိပ်မက်များထဲ၌ အသူရာမိစ္ဆာကြယ်က နဂါးစွမ်းအားများကို ဆက်တိုက် ထုတ်လွှတ်ပေးနေပြီး သူ၏ လက်မောင်းရိုးများ ၊ ကြွက်သားများနှင့် အရွတ်များကို စဉ်ဆက်မပြတ် သန်မာလာစေ၏။

ဆယ်နာရီကြာပြီးနောက် နောက်ဆုံး၌ လန်လင်း နိုးထလာသည်။

လန်လင်း၏ မျက်လုံးတို့ အရောင်တောက်လာသည်။ “အသူရာမိစ္ဆာကြယ်... အခု ငါ့ရဲ့ လက်မောင်းတွေ ဘယ်လောက် ပိုသန်မာလာပြီလဲ။”

အသူရာမိစ္ဆာကြယ် ချက်ချင်း တုံ့ပြန်လိုက်၏။ “ကျင်းလေးဆယ်ပါ သခင်။ အခု သခင့်ရဲ့ လက်မောင်းခွန်အားက ကျင်းနှစ်ရာ့လေးဆယ် ရှိနေပါပြီ။ သခင့်ရဲ့ ရည်မှန်းချက်ပြည့်ဖို့ ကျင်းခြောက်ဆယ် လိုနေသေးတယ်။”

ကျင်းလေးဆယ်... လန်လင်း အလွန် ဝမ်းသာသွား၏။ လူရိုင်း ငါးဆယ်၏ သွေးကြောထဲမှ နဂါးစွမ်းအားများကို စုပ်ယူလိုက်ရုံဖြင့် သူ၏ ခွန်အားက ကျင်းလေးဆယ်အထိ တိုးတက်လာသည်။

ယခု၌ သူ သွေးတိမ်တိုက်ကျားသစ် အကောင်တစ်ရာကို သတ်ဖြတ်လျှင်ပင် ကျင်းတစ်ကျင်း တက်နိုင်မည် မဟုတ်ချေ။ သို့သော် လူရိုင်းတစ်ဒါဇင်ခန့်ကို သတ်ဖြတ်ရုံဖြင့် အဆင့်တက်ရန် လုံလောက်နေလေပြီ။

ဤကမ္ဘာရှိ လူသားများ၏ သွေးကြောများ၌... လူရိုင်းများပင်ဖြစ်လင့်ကစား... ဧရာမ နဂါးစွမ်းအားများ ပါဝင်နေသည်ဟု ထင်ရသည်။

လန်လင်း သူ၏ မျက်လုံးများကို အပြည့်အဝ ဖွင့်လိုက်ချိန်၌ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ရဲ့ကျင်းယွီပင်။ သူမက ဖြူရော်နေပြီး လုံးဝကို အင်အားကုန်ခမ်းနေသည့်ပုံ ပေါ်နေ၏။

ရဲ့ကျင်းယွီ အတင်းပြုံးပြလိုက်သည်။ “သခင်လေး နိုးပြီလား။”

သူမ၏ နှုတ်ခမ်းများက ဖြူဆွတ်နေပြီး မျက်နှာပေါ်၌ သွေးရောင်မရှိချေ။ သူမ၏ ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအင်များ အားလုံး ကုန်ခမ်းသွားသည်ဟု ဆိုလိုနိုင်သည့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေ၌ ရှိနေ၏။

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ “အစ်မ... ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ။”

ရဲ့ကျင်းယွီ သက်ပြင်းချလိုက်သည်။ “ကျွန်မတို့ တောင်တစ်သောင်း တောင်တန်းရဲ့ အနက်ပိုင်းက ချောက်ကမ်းပါးတစ်ခုရဲ့ အဝင်ဝမှာ ရောက်နေတာ။”

လန်လင်း ဘေးပတ်လည်ကို ကြည့်လိုက်၏။ သူတို့မှာ တောင်တန်းများ၏ နက်ရှိုင်းသည့် နေရာ၌ အမှန်တကယ်ပင် ရောက်ရှိနေပြီး ဧရာမ ကျောက်တောင်ကြီးများက ဝန်းရံထားသည်။

အလွန်မြင့်မားပြီး ကျဉ်းမြောင်းသည့် တောင်ကြားလမ်းတစ်ခု၌ သူတို့ ပုန်းအောင်းနေကြခြင်း ဖြစ်၏။ ဤသည်က ကာကွယ်ရန် လွယ်ကူပြီး ရန်သူများ တိုက်ခိုက်ရန် ခက်ခဲသော ပြီးပြည့်စုံသည့် ခုခံကာကွယ်ရေး နေရာတစ်ခုပင်။ သန်မာသည့် လူတစ်ယောက်တည်းဖြင့်ပင် ဤနေရာ၌ စစ်တပ်တစ်တပ်လုံးကို တားဆီးထားနိုင်၏။

မတ်စောက်သော တောင်ကုန်းလမ်းလေးအတိုင်း အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သေဆုံးနေသော လူရိုင်းတစ်ရာကျော်ကို သူ မြင်တွေ့လိုက်ရ၏။ မနေ့ညက ရဲ့ကျင်းယွီ သူတို့အားလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

တချို့မှာ သူမ၏ ဓားဖြင့် ခုတ်ပိုင်းခံထားရပြီး တချို့မှာမူ သူမ ပစ်ချခဲ့သည့် ဧရာမ ကျောက်တုံးကြီးများကြောင့် ရုပ်ပျက်ဆင်းပျက် ကြေမွနေကြ၏။

အပိုင်း ၇၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters