အခန်း ၇၆
Vol. 8 Ch. 76
အပိုင်း ၇၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
လက်ရှိအချိန်၌ ရဲ့ကျင်းယွီမှာ လုံးဝ အင်အားကုန်ခမ်းနေလေပြီ။ သူမ၏ နဂါးစွမ်းအား ၊ စိတ်ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ခွန်အားတို့ အားလုံး ကုန်ခမ်းသွားပြီဖြစ်၏။
သူမက အားနည်းစွာ ပြုံးလိုက်သည်။ “သခင်လေး... ကျွန်မတို့ ဒီမှာတင် သေရတော့မယ်။ သခင်လေး နိုးလာပြီဆိုတော့ ကျွန်မ အတင်းတောင့်ခံထားဖို့ မလိုတော့ဘူး။ သေချာ မှတ်ထားပေးနော်။ သူတို့ကို မတွန်းလှန်နိုင်တော့ရင် သူတို့လက်ထဲ မပါသွားခင် ကျွန်မခန္ဓာကိုယ်ကို အရင်ဖျက်ဆီးပစ်ပါ။”
ထိုသို့ပြောပြီးနောက် သူမ မျက်စိစုံမှိတ်လိုက်တော့၏။ လက်ရှိအချိန်အထိ သူမကို နိုးကြားနေစေသည်မှာ သူမ၏ ခိုင်မာလှသည့် စိတ်ဆန္ဒကြောင့်သာ ဖြစ်သည်။
လန်လင်း သူမကို အလျင်အမြန် ဖမ်းထိန်းလိုက်ပြီး မြေပြင်ပေါ်၌ ညင်သာစွာ ချထားပေးလိုက်၏။ ရဲ့ကျင်းယွီ၏ နဂါးစွမ်းအားများ ပြန်လည်ပြည့်ဝလာရန် အနည်းဆုံး တစ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။ ထိုအချိန်အထိ သူမကို လန်လင်းက ကာကွယ်ပေးရမည် ဖြစ်၏။
မကြာမီ အောက်ဘက်မှ ဆူညံသံများကို သူ ကြားလိုက်ရသည်။
တောင်ကုန်းလမ်းအတိုင်း အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ပေသုံးရာကျော်ခန့် အကွာအဝေး၌ မရေမတွက်နိုင်သည့် လူရိုင်းစစ်သည်တော်များ စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။ နောက်ထပ် တိုက်ခိုက်မှုတစ်ခုအတွက် သူတို့ ပြင်ဆင်နေကြ၏။
သူတို့၏ ခေါင်းဆောင်က ပုံထဲမှလူကို ဖမ်းဆီးရန် တင်းကျပ်သည့် အမိန့်ပေးထားပုံရသည်။ ရာနှင့်ချီ၍ သေဆုံးရမည်ဆိုလျှင်တောင် အမိန့်ကို မဖီဆန်ရဲကြချေ။
လူရိုင်းများက ဟိန်းဟောက်လိုက်သည်။ “တိုက်ကြဟေ့”
လူရိုင်းတစ်ဒါဇင်ကျော်က ရိုးရှင်းသည့် သစ်သားဒိုင်းကာများ၏ အနောက်၌ ပုန်းကွယ်ကာ တောင်ကုန်းပေါ်သို့ ပြေးတက်လာကြ၏။
လန်လင်း ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ သေသေချာချာ ထွင်းထုထားသော သစ်သားမြား ဒါဇင်ပေါင်းများစွာ မြေပြင်ပေါ်၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ရဲ့ကျင်းယွီက သူ့ထက် လေးပစ်စွမ်းရည် ပို၍ ကောင်းမွန်သော်ငြား မြားများကို သူ့အတွက် ချန်ထားခြင်း ဖြစ်၏။
ထိုအစား သူမက ဧရာမ ကျောက်တုံးကြီးများကို ပစ်ချကာ ရန်သူများကို တိုက်ခိုက်ခဲ့သည်။ ဧရာမ ကျောက်တုံးကြီးများကို ပစ်ချခြင်းက မြားပစ်ခြင်းထက် အင်အားပို၍ ကုန်ခမ်းစေ၏။ လန်လင်းအတွက် ဤမြားများကို ချန်ထားရန် သူမကိုယ်သူမ လုံးဝ အင်အားကုန်ခမ်းသွားစေရန် ပြုလုပ်ခြင်းပင်။
လန်လင်း သက်ပြင်းချလိုက်ပြီ လေးပေါ်၌ မြားတစ်စင်းကို တပ်ဆင်ကာ သေချာစွာ ချိန်ရွယ်လိုက်သည်။
လူရိုင်းများ၏ ဒိုင်းကာများက သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော်ငြား ခြေထောက်များကမူ အကာအကွယ်မဲ့နေ၏။ လန်လင်း အရှေ့ဆုံးမှ လူရိုင်း၏ ညာဘက်ခြေထောက်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် သော့ခတ်လိုက်ပြီး မြားကို ပစ်လွှတ်လိုက်သည်။
“အားးး” ခြေထောက်ကို မြားထိမှန်သွားသည့် လူရိုင်းမှာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။ ထို့နောက် သူ လဲကျသွားသည်။ တောင်ကုန်းလမ်းက အလွန် မတ်စောက်လှသဖြင့် သူ အနောက်သို့ လိမ့်ကျသွားပြီး သူ၏ အနောက်မှ လူတစ်ဒါဇင်ကျော်ကို ဝင်တိုက်မိသွား၏။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး ဒိုင်းကာများ၏ အကာအကွယ်လည်း ပျောက်ကွယ်သွားရသည်။
“ရွှီး... ရွှီး... ရွှီး...”
လန်လင်း အလျင်အမြန် ချိန်ရွယ်ကာ မြားများကို ပစ်လွှတ်လိုက်၏။ ငါးမိနစ်အတွင်းမှာပင် လူရိုင်းဆယ့်သုံးဦးကို ပစ်ခတ်သတ်ဖြတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်ကလည်း သေဆုံးသူများ၏ သွေးကြောစွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလိုက်၏။
ထို့နောက် ချက်ချင်းပင် ဒုတိယအုပ်စုက ဒိုင်းကာများဖြင့် ပြေးတက်လာကြပြန်သည်။
လန်လင်း အတိအကျ တူညီသော လှည့်ကွက်ကိုပင် ထပ်မံပြီး အသုံးပြုလိုက်၏။ အရှေ့ဆုံးမှလူ၏ ခြေထောက်ကို ပစ်ခတ်လိုက်ရာ သူ လဲကျသွားပြီး ကျန်သည့်သူများကိုပါ လဲကျသွားစေသည်။ ဒိုင်းကာများမရှိတော့သော လူရိုင်းများကို လန်လင်း၏ မြားများဖြင့် လွယ်ကူစွာ သတ်ဖြတ်လိုက်၏။
လက်ရှိအချိန်အထိ လန်လင်းသည် ရန်သူနှစ်ဆယ့်ငါးဦးကို ပစ်ခတ်သတ်ဖြတ်ပြီးဖြစ်၏။ သို့သော် သူ၏ ခေါင်းက နာကျင်ကိုက်ခဲလာနေပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။
ရုတ်တရက် အောက်ဘက်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော လူရိုင်းတစ်ဦးက အရှေ့သို့ ထွက်လာသည်။
သူ၏ အသားအရေက ကျောက်မီးသွေးကဲ့သို့ မည်းနက်နေ၏။ အရပ်ခြောက်ပေကျော် မြင့်မားပြီး သံမဏိကဲ့သို့ မာကျောသည့် ကြွက်သားများ ၊ သွေးကဲ့သို့ နီရဲနေသည့် မျက်လုံးများနှင့် တောင်တန်းကြီးတစ်ခုအလားပင် ထင်မှတ်ရသည်။
ထိုလူရိုင်းက ဧရာမ လွှသွားကြီးနှင့်တူသော ကြီးမားပြီး အထစ်အထစ်များပါသည့် ဓားကြီးကို ကိုင်ဆောင်ထား၏။ သူ၏ ခန္ဓာကိုယ်ကို သံမဏိအကြေးခွံများဖြင့်လည်း ဖုံးအုပ်ထားသေးသည်။
ထိုအကြေးခွံများက သံချပ်ကာ မဟုတ်ချေ။ သူ၏ အသားထဲသို့ ရက်စက်စွာ ချုပ်ထည့်ထားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ဖွားလာသကဲ့သို့ ဖြစ်နေ၏။ သူ၏ ဦးခေါင်းခွံထဲသို့ တိုက်ရိုက် ရိုက်သွင်းထားသော ထက်မြက်သည့် သံချိုင့်နှစ်ချောင်းလည်း ရှိနေသေးသည်။
ထိုသူက လူရိုင်းခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ရှင်းလင်းနေ၏။ သူ အရှေ့သို့ထွက်လာပြီး သူ၏လူများကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
အခြားလူရိုင်းများက သူ့ကို အလွန် ကြောက်ရွံ့နေကြပြီး အနောက်သို့ ဆုတ်သွားကြ၏။ လူရိုင်းတစ်ဦးက ခလုတ်တိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ လူရိုင်းခေါင်းဆောင်က အလွန် ဒေါသထွက်သွား၏။
သူ အရှေ့သို့ လျှောက်သွားကာ လဲကျနေသည့်သူ၏ ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး လည်ပင်းမှ ဆွဲဖြဲလိုက်သည်။
သွေးကို သောက်လိုက်ပြီး ခေါင်းကို လွှင့်ပစ်လိုက်၏။
ထို့နောက် လူရိုင်းခေါင်းဆောင်က သူ၏ ဧရာမ လွှသွားဓားကြီးကို မြှောက်ကာ တောင်ကုန်းပေါ်သို့ ပြေးတက်လာသည်။
“ရွှီး... ရွှီး... ရွှီး...”
လန်လင်းက ခေါင်းဆောင်၏ မျက်လုံးကို ပြီးပြည့်စုံစွာ ချိန်ရွယ်ကာ မြားသုံးစင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်၏။ သို့သော် ခေါင်းဆောင်က သူ၏ ဧရာမဓားကြီးကို တစ်ချက်ဝှေ့ယမ်းရုံဖြင့် မြားသုံးစင်းလုံးကို လွယ်ကူစွာ ချိုးဖျက်ပစ်လိုက်သည်။
လန်လင်း သူ၏ဘေးနားရှိ ဧရာမ ကျောက်တုံးကြီးကို ကြည့်လိုက်၏။ သက်ပြင်းချကာ သူ၏ ကျန်ရှိနေသေးသော နဂါးစွမ်းအားကို အသုံးပြု၍ တတ်နိုင်သမျှ အားကုန်တွန်းလိုက်သည်။
“ဝုန်းးး”
ကျင်းရာပေါင်းများစွာ အလေးချိန်ရှိသော ဧရာမ ကျောက်တုံးကြီးက မတ်စောက်သည့် လမ်းပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လိမ့်ဆင်းသွား၏။
သာမန် လူရိုင်းများက ထိတ်လန့်တကြား ထွက်ပြေးသွားကြသော်ငြား ခေါင်းဆောင်ကမူ မတုန်မလှုပ် ရပ်နေသည်။ လိမ့်ဆင်းလာသည့် ကျောက်တုံးကြီးကိုပင် မဲ့ပြုံး ပြုံးလျက် ကြည့်နေလိုက်သေး၏။
ဤသည်က သူ၏ တစ်ခုတည်းသော အခွင့်အရေးပင်။ လန်လင်း လေးကို အလျင်အမြန်ဆွဲကာ ခေါင်းဆောင်၏ မျက်လုံးကို တိုက်ရိုက် ချိန်ရွယ်ပြီး ပုန်းကွယ်နေသည့် မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
“ဝုန်းးး”
လေးလံသော ကျောက်တုံးကြီး သူ့အနီးသို့ ရောက်ရှိလာချိန်၌ လူရိုင်းခေါင်းဆောင်က ဧရာမဓားကြီးကို မြှောက်ကာ ပြင်းထန်စွာ ခုတ်ချလိုက်၏။ နားကွဲမတတ် ဆူညံသံနှင့်အတူ ဧရာမ ကျောက်တုံးကြီးက နှစ်ပိုင်းပြတ်သွားပြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။
တစ်ချိန်တည်းမှာပင် လန်လင်း၏ မြားက ခေါင်းဆောင်၏ မျက်နှာဆီသို့ ရောက်ရှိသွား၏။ လျှပ်စီးတစ်ခုအလား မြန်ဆန်စွာဖြင့် ခေါင်းဆောင်က သူ၏ လက်ချည်းသက်သက်ကို မြှောက်ကာ လေထဲ၌ မြားကို ဖမ်းဆုပ်လိုက်သည်။ သူ၏ လက်ကို ညှစ်လိုက်ကာ သစ်သားမြားအား သစ်စလေးများအဖြစ် ကြွေမွသွားလိုက်၏။
ချက်ချင်းပင် လန်လင်း သတိလစ်နေသည့် ရဲ့ကျင်းယွီကို အလျင်အမြန် ပွေ့ချီကာ သူတို့၏ အနောက်ဘက်ရှိ ချောက်ကမ်းပါးထဲသို့ တတ်နိုင်သမျှ အမြန် ပြေးဝင်သွားလိုက်သည်။
လူရိုင်းခေါင်းဆောင်ကမူ အလျင်စလို မပြေးဝင်လာချေ။ ယုတ်မာသည့် အပြုံးနှင့်အတူ ရာနှင့်ချီသည့် သူ၏ စစ်သည်တော်များကို ဦးဆောင်ကာ ဖြည်းညင်းစွာ လိုက်လာ၏။
“ဒီကိုလာ ကျွန်မရဲ့ သားကောင်လေး... ကျွန်မရဲ့ အချစ်လေး...” ရုတ်တရက် ချောက်ကမ်းပါး၏ အဆုံးရှိ အမှောင်ကျနေသည့် ဂူထဲမှ အလွန် ညှို့ယူဖမ်းစားနိုင်ပြီး လှပသော အသံတစ်သံ ထွက်ပေါ်လာ၏။
အပိုင်း ၇၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team