← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အပိုင်း ၇၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ချောက်ကမ်းပါးက ခြောက်ပေခွဲခန့်သာ ကျယ်ဝန်းပြီး အလွန် ကျဉ်းမြောင်းလှ၏။ သို့သော် အလွန် ရှည်လျားကာ ပေထောင်ချီ သွယ်တန်းနေသည်။

ရဲ့ကျင်းယွီကို ပွေ့ချီကာ ချောက်ကမ်းပါး အတွင်းပိုင်းသို့ လန်လင်း ပြေးဝင်သွားလိုက်၏။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူ ပိုပိုပြီး အေးစက်လာသည်ကို ခံစားလိုက်ရသည်။

နေ့ခင်းဘက် ဖြစ်နေသော်ငြား နေရာက ပိုမှောင်မိုက်လာ၏။ နေရောင်ခြည်က ဤနေရာသို့ လုံးဝ ရောက်မလာနိုင်သည့်အလားပင်။

ထို့အပြင် မြေပြင်ပေါ်၌ သေဆုံးနေသည့် အလောင်းများကလည်း ပိုများပြားလာသည်။ အလောင်းတိုင်း၏ မျက်နှာပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုများကို မြင်တွေ့နေရ၏။

ချောက်ကမ်းပါး၏ အဆုံး၌ နက်ရှိုင်းပြီး မှောင်မိုက်နေသည့် ဂူတစ်ခု ရှိနေသည်။ ဂူ၏ အထဲဘက်က မိစ္ဆာတစ်ကောင်၏ ပွင့်ဟနေသော ပါးစပ်ပေါက်ကြီးနှင့် တူနေ၏။

ရုတ်တရက် သန်မာရဲရင့်သည့် လူရိုင်းခေါင်းဆောင်က ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ မျက်လုံးများထဲ၌ အကြောက်တရားများ ထွက်ပေါ်လာ၏။

သူ၏ အနောက်မှ လူရိုင်းစစ်သည်တော်များကလည်း အကြောက်တရားဖြင့် တုန်ယင်နေကြပြီး ဂူအဝင်ဝကို ငရဲပြည်တစ်ခုအလား စိုက်ကြည့်နေကြ၏။

လူရိုင်းခေါင်းဆောင်က တုံ့ဆိုင်းသွားသည်။ ဤရုပ်ချောသည့် ကောင်လေးကို မျိုးနွယ်စုဆီ ဖမ်းခေါ်လာရန် အမျိုးသမီးခေါင်းဆောင်က အမိန့်ပေးထား၏။

သို့သော် အရှေ့ရှိ ဂူက ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာတစ်ကောင်၏ နေရပ်ဖြစ်နေသည်။ သန်မာသော နဂါးစစ်သည်တော်များပင် သူမ၏ လက်သည်းများအောက်၌ သေဆုံးသွားကြပြီ ဖြစ်၏။

လူသားနိုင်ငံများနှင့် လူရိုင်းအနွယ်များမှ စစ်သည်တော် ရာပေါင်းများစွာ ဤနေရာ၌ သေဆုံးခဲ့ကြသည်။ အများစုက ကြီးကျယ်ခမ်းနားသည့် သန်မာအားကောင်းသော စစ်သည်တော်များ ဖြစ်ကြ၏။

ထိုလူများက မိစ္ဆာ၏ အသွင်အပြင်ကိုပင် မမြင်လိုက်ရဘဲ သေဆုံးသွားကြခြင်း ဖြစ်သည်။ အလွန် ထူးဆန်းပြီး အလွန် အစွမ်းထက်လွန်းလှ၏။

လူရိုင်းခေါင်းဆောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရှေ့ဆက်မတိုးရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ခေါင်းဆောင်က ကြောက်စရာကောင်းသော်ငြား ဤမိစ္ဆာက ပိုဆိုးရွားနေ၏။

သူ့လူများအား ဆုတ်ခွာပြီး ဝိုင်းရံထားရန် အမိန့်ပေးလိုက်သည်။ သူတို့၏ ပစ်မှတ် လွတ်မသွားစေရန် သေချာအောင် လုပ်ရမည်ဖြစ်၏။

ထို့နောက် အဖွဲ့ကို ပြန်လှည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် လေထုထဲ၌ စူးရှသည့် အော်သံတစ်ခု ပဲ့တင်ထပ်သွား၏။

ထူးဆန်းသည့် အင်အားတစ်ခုက လန်လင်းကို ရုတ်တရက် ဖမ်းဆွဲလိုက်သည်။ ပြင်းထန်သော ဆွဲငင်မှုနှင့်အတူ သူနှင့် ရဲ့ကျင်းယွီတို့ နှစ်ဦးလုံး ဂူထဲသို့ ဆွဲသွင်းခံလိုက်ရ၏။

လူရိုင်းခေါင်းဆောင်က ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။

ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံးက ညအမှောင်ကဲ့သို့ မှောင်မိုက်သွား၏။ လူရိုင်းစစ်သည်တော်များက နေရာ၌ပင် အေးခဲသွားသည့်အလား လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ကျောချမ်းဖွယ်ကောင်းကာ ညှို့ယူဖမ်းစားနိုင်သည့် အသံတစ်သံ ပဲ့တင်ထပ်လာသည်။ "ရောက်လာမှတော့ အလျင်စလို ပြန်မသွားကြနဲ့ဦး။"

ထို့နောက် လူရိုင်းခေါင်းဆောင်နှင့် သူ၏လူများက သူတို့ဆန္ဒမပါဘဲ ဂူထဲသို့ တည့်တည့်မတ်မတ် လျှောက်သွားကြ၏။ သူတို့ ထောင်ချောက်ထဲသို့ တည့်တည့် ဝင်ရောက်သွားကြသည်။

လန်လင်း နိုးလာချိန်၌ ဧရာမ ဂူကြီးတစ်ခုထဲ၌ ရောက်ရှိနေ၏။

သူ၏ ခန္ဓာကိုယ်က ပင့်ကူအိမ်များဖြင့် တင်းကျပ်စွာ ရစ်ပတ်ခံထားရပြီး လှုပ်ရှား၍ မရချေ။ ဂူကြီးတစ်ခုလုံးကိုလည်း ထူထဲသည့် ပင့်ကူအိမ်များ ဖုံးလွှမ်းထားသည်။

သူ မည်သည့်နေရာ ရောက်နေသည်ကို လန်လင်း တိကျစွာ သိနေ၏။ ဤသည်က အရိပ်ပင့်ကူဘုရင်မ၏ နေရပ်ပင်။

သူမမှာ ဒဏ္ဍာရီများထဲမှ အစွမ်းအထက်ဆုံး မိစ္ဆာတစ်ကောင် ဖြစ်သည်။ နုလန်ဘုရင့်နိုင်ငံက သူမကို ဖမ်းဆီးရန် ရွှေဒင်္ဂါး တစ်ထောင်ကျော်ပင် ဆုငွေထုတ်ထားသေး၏။ ကြေးစားအဖွဲ့များစွာနှင့် နဂါးစစ်သည်တော်တစ်ပိုင်းများစွာ သူမ၏ လက်သည်းများအောက်၌ သေဆုံးခဲ့ကြရသည်။

အချုပ်အားဖြင့်ဆိုရသော် အရိပ်ပင့်ကူဘုရင်မကို မြင်ဖူးသူတိုင်း သေချာပေါက် အသက်ပျောက်ခဲ့ရခြင်းပင်။

မကြာမီ ရဲ့ကျင်းယွီကို မြင်တွေ့လိုက်ရ၏။ သူမသည်လည်း ပင့်ကူအိမ်များ ရစ်ပတ်ခံထားရပြီး မျက်နှာကြက်မှ တွဲလောင်းကျနေသည်။

ရဲ့ကျင်းယွီ တစ်ယောက်တည်း မဟုတ်ချေ။ အခြားလူတစ်ရာကျော်ကလည်း အသက်ရှင်လျက် တွဲလောင်းကျနေကြသည်။ သူတို့အားလုံးက ဘုရင်မ၏ သားကောင်များ ဖြစ်ကြ၏။

မြေပြင်ပေါ်၌မူ ရေတွက်မရနိုင်လောက်အောင် များပြားသည့် အလောင်းများ ရှိနေသည်။ ဤနေရာက ငရဲပြည် မဟုတ်သော်ငြား ငရဲပြည်အလား ထင်မှတ်ရ၏။

ကျောချမ်းဖွယ်ကောင်းပြီး ညှို့ယူဖမ်းစားနိုင်သည့် အသံက ထပ်မံ ထွက်ပေါ်လာသည်။ "ကြိုဆိုပါတယ်... ကျွန်မရဲ့ ဂူထဲကနေ ကြိုဆိုပါတယ်။ ဟီးဟီးဟီး"

မှောင်မိုက်နေသည့် အပေါ်ဘက်မှ ဧရာမ အရိပ်မည်းကြီးတစ်ခု ကျဆင်းလာ၏။ နောက်ဆုံး၌ အရိပ်ပင့်ကူဘုရင်မ၏ မျက်နှာစစ်မှန်ကို လန်လင်း မြင်တွေ့လိုက်ရသည်။

သူမ၏ ပုံပန်းသွင်ပြင်က အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။ ဧရာမ ပင့်ကူကိုယ်လုံး ရှိနေသော်ငြား လှပသည့် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ပိုင်ဆိုင်ထားသည်။

ထိုအရာတစ်ခုတည်းက အလွန်အမင်း မဆိုးရွားလှချေ။ သို့သော် ထိုလှပသည့် မျက်နှာပေါ်၌... ပင့်ကူတစ်ကောင်၏ ပါးစပ် ပေါက်နေခြင်းပင်။ သူမ၏ ချွန်ထက်သည့် အစွယ်နှစ်ချောင်းက ကြောက်မက်ဖွယ် ကောင်းနေ၏။

အလှတရားနှင့် အကျည်းတန်မှုတို့ ပေါင်းစပ်နေခြင်းက အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ အစောက ဂူထဲ ဆွဲသွင်းခံလိုက်ရချိန်၌ အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်ခဲ့သည်ကို လန်လင်း ခံစားလိုက်ရ၏။

ထိုသည်က အားကောင်းသည့် စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခုပင်။ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် စိတ်နှင့် အာရုံကြောများကို တိုက်ခိုက်ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့်ပင် ဘီလူးကြီးတစ်ကောင်အလား သန်မာလှသည့် လူရိုင်းခေါင်းဆောင်ပင် မခုခံနိုင်ဘဲ ထောင်ချောက်ထဲသို့ တည့်တည့် လျှောက်သွားခြင်း ဖြစ်၏။

အရိပ်ပင့်ကူဘုရင်မက စိတ်ဝိညာဉ်အမျိုးအစား မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း ရှင်းလင်းနေသည်။ လူရာပေါင်းများစွာကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်သည်အထိ သန်မာ၏။

လက်ရှိအချိန်၌ စိတ်ဝိညာဉ်စွမ်းအားက လန်လင်း အလိုအပ်ဆုံး အရာပင်။ ချောက်ကမ်းပါး၌ သူ လူရိုင်း နှစ်ဆယ့်ငါးဦးကို သတ်ဖြတ်ခဲ့၏။ ရလာဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ်ခွန်အားက ထပ်မံ တိုးတက်လာပြီး ကျင်း နှစ်ရာ့ငါးဆယ်အထိ ရောက်လာသည်။

သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအားက နှစ်ရာ့ဆယ့်သုံးပေအထိသာ ရောက်နိုင်သေး၏။ သူ၏ ပစ်မှတ်က လေးရာ့ကိုးဆယ့်နှစ်ပေ အကွာအဝေး၌ ရှိနေသည်။ ဤသည်က ကြီးမားသည့် ကွာဟချက်တစ်ခုပင်။

အရိပ်ပင့်ကူဘုရင်မက ရယ်မောလိုက်သည်။ "ဟားဟား... ပျော်စရာကောင်းတဲ့ အချိန် ရောက်လာပြန်ပြီ။ အမြဲတမ်းလိုပဲ စည်းကမ်းတွေက အတူတူပဲ။ လူတွေရဲ့ စိတ်ကို စမ်းသပ်ရတာ ကျွန်မ သဘောကျတယ်။ ကျွန်မရဲ့ ပဟေဠိတွေကို ဖြေနိုင်ရင် ဒီနေ့ ရှင်တို့ အသက်ရှင်မယ်။ မဖြေနိုင်ဘူးဆိုရင်တော့ ဝမ်းနည်းပါတယ်။ ရှင်တို့က ကျွန်မရဲ့ နေ့လယ်စာ ဖြစ်သွားလိမ့်မယ်... ဟားဟားဟားးး"

အပိုင်း ၇၇ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters