← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အပိုင်း ၇၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သူမ၏ ရယ်မောသံက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ “ဟားဟား... ဒါဆို ဘယ်သူ အရင်စမလဲကွယ့်။”

သူမ ချောမောလှပသည့် အမျိုးသမီးတစ်ဦးထံသို့ ဦးစွာ တွားသွားလိုက်သည်။ “နင်က ချိုသာပြီး ချစ်စရာလေးပဲ။ နင့်ဆီက အရင်စတာပေါ့။”

သုံးဆယ့်သုံးပေခန့် အကွာအဝေး၌ပင် ထိုမိန်းကလေးမှာ အကြောက်တရားဖြင့် တုန်ယင်နေသည်ကို လန်လင်း ရှင်းလင်းစွာ မြင်နေရ၏။

ဘုရင်မက တောက်ခေါက်လိုက်သည်။ “ကျွတ်ကျွတ်... နင်တို့ လူသားတွေက အရမ်းဉာဏ်ကောင်းတယ်။ စာတွေ ၊ စာအုပ်တွေကို တီထွင်ကြတယ်။ လူတွေရဲ့ ဦးနှောက်ကို စားရင်းနဲ့ ငါ အများကြီး သင်ယူရတယ်။ ဒါကြောင့် ဒီနေ့ ကစားမယ့် ကစားနည်းက စကားလုံး ပဟေဠိပဲ။”

လူတိုင်း သေချာစွာ နားထောင်နေကြ၏။ သူတို့၏ အသက်က ထိုအရာပေါ်၌ မူတည်နေသည့်အတွက် မည်သူကမှ စကားတစ်ခွန်းကိုပင် အလွတ်မခံချင်ကြချေ။

ဘုရင်မက ပိန်ပါးအားနည်းနေသည့် မိန်းကလေးအား စိုက်ကြည့်လိုက်သည်။ “အထက် (上) ဆိုတဲ့ စာလုံးရဲ့ အပေါ်ဆုံးမျဉ်းကို ဖယ်လိုက်ပြီး အောက် (下) ဆိုတဲ့ စာလုံးရဲ့ အောက်ဆုံးမျဉ်းကို ဖယ်လိုက်ရင် ဘယ်စာလုံး ဖြစ်သွားမလဲ။ အဖြေပြောစမ်း။ ငါ ဆယ်အထိ ရေတွက်မယ်။ အဖြေကို မသိရင်တော့ နင်က ငါ့နေ့လယ်စာ ဖြစ်သွားမယ်။”

ဤဘုရင်မက အသိဉာဏ်မဲ့သည့် မိစ္ဆာတစ်ကောင် ဖြစ်ဖူး၏။ သူမ အနှစ်သက်ဆုံး အရာမှာ လူသားများ၏ ဦးနှောက်ကို စားသုံးခြင်းပင်။ မွေးဖွားလာကတည်းက ဦးနှောက်ထောင်ပေါင်းများစွာကို စားသုံးပြီး ဖြစ်၏။

ဦးနှောက်တစ်လုံး စားသုံးလိုက်တိုင်း သေဆုံးသွားသူ၏ မှတ်ဉာဏ်များကို သူမ ရယူလေ့ရှိ၏။ ဤသည်က လူသားတို့၏ ယဉ်ကျေးမှုအကြောင်းကို အများကြီး သင်ယူနိုင်သည့် နည်းလမ်းပင်။

ထို့ကြောင့်ပင် သူမက ဤကစားနည်းကို ဖန်တီးခြင်း ဖြစ်၏။ ကစားနည်းမှာ လူသားများကို သူတို့၏ ကိုယ်ပိုင် ဉာဏ်စမ်းကစားနည်းများဖြင့် အနိုင်ယူခြင်းပင်။ ဤသည်က သူမကို အလွန် ဂုဏ်ယူစေ၏။ လူသားများထက် သူမက ပို၍ ဉာဏ်ကောင်းကြောင်း သက်သေပြနေသည် မဟုတ်လော။

ဘုရင်မက ကြောက်မက်ဖွယ် အကြည့်တို့ဖြင့် စတင်ပြီး ရေတွက်လိုက်သည်။ “ဆယ် ၊ ကိုး ၊ ရှစ် ၊ ခုနစ်...”

ဤမျှ မြန်ဆန်စွာ အဖြေရှာရန် ပဟေဠိက ခက်ခဲလွန်း၏။ ထို့အပြင် မိန်းကလေးမှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် ကောင်းမွန်စွာ စိတ်အေးအေးဖြင့် စဉ်းစားနိုင်စွမ်း မရှိတော့ချေ။

သူမသည် အလွန်အမင်း ထိတ်လန့်သွားပြီး ဆီးပင် မထိန်းနိုင်တော့ချေ။ ဆီးများက ခြေထောက်မှတစ်ဆင့် မြေပြင်ပေါ်သို့ စီးကျသွား၏။

ဘုရင်မက သက်ပြင်းချလိုက်သည်။ “ဟူး... သုံး ၊ နှစ် ၊ တစ်။ အချိန်ပြည့်ပြီ။ နင်က လူသားတစ်ယောက်လေ။ ဘာလို့ ငါလို ပင့်ကူတစ်ကောင်လောက်တောင် ဉာဏ်မကောင်းရတာလဲ။”

ထို့နောက် ချွန်ထက်သည့် အစွယ်များဖြင့် မိန်းကလေး၏ ဦးခေါင်းခွံကို ကိုက်ဖောက်လိုက်ပြီး ဦးနှောက်ကို အငမ်းမရ စားသုံးလိုက်သည်။

ကျယ်လောင်ပြီး ရွံရှာဖွယ်ကောင်းသည့် စုပ်ယူသံတစ်ခုက လေထုထဲ၌ ပျံ့နှံ့သွားသည်။ ဘုရင်မက လူသားများ၏ ဦးနှောက်ကိုသာ စားသုံးပြီး အခြား မည်သည့်အရာကိုမျှ မစားချေ။

အခြားလူများစွာလည်း အကြောက်တရားကြောင့် သေးထွက်ကျသွားသည်ကို လန်လင်း မြင်နေရ၏။

လန်လင်းသည်လည်း ပင့်ကူဘုရင်မအား အလွန်အမင်း ထိတ်လန့်စွာဖြင့် ကြည့်နေမိသည်။ မိန်းကလေး၏ ဦးနှောက် စုပ်ယူခံလိုက်ရချိန်၌ လှပသော မျက်နှာလေးမှာ တွန့်လိမ်ချိုင့်ဝင်သွား၏။ အရေပြားများက အထဲသို့ ချိုင့်ဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေသရဲတစ်ကောင်အလား ဖြစ်သွားတော့သည်။

စားသုံးပြီးနောက် ဘုရင်မက ပျော်ရွှင်စွာ အသံပြု လိုက်၏။ “အဟီးဟီး”

ထို့နောက် သူမက ပျင်းရိပျင်းတွဲ ဆက်ပြောသည်။ “ငါ ဗိုက်ဆာနေတုန်းပဲ။ ဘယ်လိုလုပ်ရမလဲ။ စည်းကမ်းကတော့ အတူတူပဲ။ အဖြေပေးမလား ၊ ဒါမှမဟုတ် နင်တို့ရဲ့ ဦးနှောက်တွေကို အစားခံမလား။”

ထို့နောက် သူမက ဒုတိယလူထံသို့ ရွှေ့သွား၏။

ဘုရင်မက လှောင်ပြုံး ပြုံးလိုက်သည်။ “ဟက်... သန်မာလိုက်တဲ့ လူငယ်လေးပဲ။ ငါ့လို ပင့်ကူမတစ်ကောင်တောင် နင့်ရဲ့ ရဲရင့်မှုကို သဘောကျမိတယ်။ လာစမ်းပါ... ဒါကို ဖြေကြည့်စမ်း။ အထက် ဆိုတဲ့ စာလုံးရဲ့ အပေါ်ဆုံးမျဉ်းကို ဖယ်လိုက်ပြီး အောက် ဆိုတဲ့ စာလုံးရဲ့ အောက်ဆုံးမျဉ်းကို ဖယ်လိုက်ရင် ဘယ်စာလုံး ဖြစ်သွားမလဲ။”

တောင့်တင်းခိုင်မာသည့် စစ်သည်တော်က အဖြေမပေးတော့ဘဲ ကျိန်ဆဲလိုက်ပြီး ဘုရင်မထံသို့ တံတွေးဖြင့် တည့်တည့် ထွေးချလိုက်၏။

ဘုရင်မက ပင့်ကူအိမ်တစ်ခု ပစ်လွှတ်ကာ တံတွေးကို ဖမ်းယူလိုက်သည်။ “နင် အဖြေသိပုံမပေါ်ဘူး။ နင့်အတွက် အချိန်ရေတွက်ပေးဖို့ မလိုတော့ဘူး။”

ထို့နောက် အစွယ်များကို စစ်သည်တော်ကြီး၏ ဦးခေါင်းခွံထဲသို့ ထိုးသွင်းကာ သူ၏ ဦးနှောက်ကို စားသုံးလိုက်၏။

စစ်သည်တော်ကြီး ပြင်းထန်စွာ တုန်ယင်သွားသည်။

ဦးနှောက် ကုန်ဆုံးသွားပြီး သေဆုံးသွားသည်အထိ မရပ်မနား ကျိန်ဆဲနေ၏။ သူ၏ ချောမောပြီး သန်မာသည့် မျက်နှာက လျင်မြန်စွာပင် အရိုးနှင့် အရေပြားသာ ကျန်တော့သည်။

ဘုရင်မက လေတက်လိုက်သည်။ “ဂေ့... တကယ်တော့ ငါ ဗိုက်မပြည့်သေးဘူး။ နောက်တစ်ယောက် ထပ်စားဖို့ လိုသေးတယ်။ ဘယ်သူ့ကို ရွေးရမလဲ။”

ဖမ်းဆီးခံထားရသည့် လူရာပေါင်းများစွာကို လိုက်ကြည့်လိုက်သည်။ နောက်ဆုံး၌ သူမ၏ နက်မှောင်နီရဲနေသည့် မျက်လုံးများက လန်လင်းကို တည့်တည့် စိုက်ကြည့်လာ၏။ အကြောက်တရားကြောင့် လန်လင်း၏ ကျောမှ ကြက်သီးမွေးညင်းများပင် ထလာသည်။

ဧရာမ ပင့်ကူကြီးက လန်လင်းထံသို့ လျင်မြန်စွာ တွားသွားလာ၏။ လန်လင်း၏ ချောမောသည့် မျက်နှာကို ကြည့်ကာ တောက်ခေါက်လိုက်သည်။ “ကျွတ်ကျွတ်... နင်က အရမ်းချောတာပဲ။ တို့ ရင် ခုန်သဝါးရပြီ။”

“အဟီးဟီးဟီး”

သူမ၏ အသံက ချိုသာနေသော်ငြား ထွက်သက်က အလွန် ဆိုးရွားစွာ နံစော်နေ၏။ အနံ့အသက်က အလွန် ပုပ်ဟောင်နေသဖြင့် လန်လင်းကို အန်ချင်စိတ်ပင် ဖြစ်ပေါ်လာစေသည်။

“အထက် ဆိုတဲ့ စာလုံးရဲ့ အပေါ်ဆုံးမျဉ်းကို ဖယ်လိုက်ပြီး အောက် ဆိုတဲ့ စာလုံးရဲ့ အောက်ဆုံးမျဉ်းကို ဖယ်လိုက်ရင် ဘယ်စာလုံး ဖြစ်သွားမလဲ။” ဘုရင်မက ချိုသာစွာ မေးလိုက်သည်။ “အခု အချိန် စရေတွက်ပြီနော်။”

လန်လင်း အဖြေကို သိထားပြီး ဖြစ်၏။ ပင့်ကူက သေဆုံးသွားသူများထံမှ အပိုင်းပိုင်းအစစ ဖြစ်နေသည့် မှတ်ဉာဏ်များကိုသာ ခိုးယူထားခြင်း ဖြစ်သည်။ တကယ်တမ်း ဉာဏ်ကြီးရှင် မဟုတ်ချေ။

သို့သော် သူ အဖြေကို ချက်ချင်း မပေးချေ။ အကယ်၍ အလွန် မြန်ဆန်စွာ ဖြေလိုက်လျှင် မိစ္ဆာကို ဒေါသထွက်စေပြီး သူ့ကို အန္တရာယ် ကြုံတွေ့စေနိုင်၏။

“ရှစ် ၊ ခုနစ် ၊ ခြောက် ၊ ငါး ၊ လေး...”

ဘုရင်မ အနှစ်သက်ဆုံးအရာမှာ သူမ၏ အစားအစာများနှင့် ကစားရခြင်းပင်။

လူသားများ ဘောင်းဘီထဲ သေးထွက်ကျသွားသည်ဖြစ်စေ ၊ အရူးတစ်ယောက်အလား အော်ဟစ်နေသည်ဖြစ်စေ ဤအရာက နောက်ဆုံး၌ မျှော်လင့်ချက် ကင်းမဲ့သွားသည်ကို ပြသနေခြင်းပင် ဖြစ်၏။

“သုံး ၊ နှစ်...” နောက်ဆုံးအချိန်ကို သူမ ရေတွက်လိုက်သည်။

လန်လင်း အလျင်အမြန် အော်ဟစ်လိုက်သည်။ “卜 (ဗေဒင်) ဆိုတဲ့ စာလုံးပဲ။”

အထက် (上) စာလုံးမှ အပေါ်ဆုံးမျဉ်း (一) ကို ဖယ်ရှားလိုက်ပြီး ၊ အောက် (下) စာလုံးမှ အောက်ဆုံးမျဉ်း (一) ကို ဖယ်ရှားလိုက်ပါက နှစ်ခုလုံးမှာ 卜 စာလုံး ဖြစ်သွား၏။

အပိုင်း ၇၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters