← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အပိုင်း ၇၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လက်ရှိအချိန်၌ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သော နဂါးဧကရာဇ်ကို လန်လင်း အလွန် ကျေးဇူးတင်မိသွား၏။ အကယ်၍ နဂါးဧကရာဇ်ကသာ ကမ္ဘာလောကကို တစ်ပြေးညီ ပေါင်းစည်းခဲ့ပြီး တရုတ်စာလုံးများကို ဘုံသုံးဘာသာစကားအဖြစ် မသတ်မှတ်ခဲ့ပါက လန်လင်း သေချာပေါက် အသက်ပျောက်နေပြီဖြစ်သည်။

အရိပ်ပင့်ကူဘုရင်မ အံ့အားသင့်သွား၏။ သူမ၏ နီရဲနေသည့် မျက်လုံးများထဲ၌ သွေးဆာနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထို့နောက် သူမက တခစ်ခစ် ရယ်မောလိုက်သည်။ “ဝိုး... ငါတို့လူချောလေးက ထက်မြက်တဲ့ ဦးနှောက် ရှိတာပဲ။ ဒါ ငါ အစားချင်ဆုံး ဦးနှောက်အမျိုးအစားပဲ။ ခစ်ခစ်ခစ်”

ဘုရင်မက နှုတ်ခမ်းသပ်လိုက်ပြီး လန်လင်းကို ရက်စက်သည့်အပြုံးဖြင့် ပြုံးပြလိုက်၏။ “လူချောလေး... ညစာစားချိန်ကျ နင့်ကို မေးခွန်းတွေ ထပ်မေးမယ်။ ငါ ပြောသလိုပဲ... ထက်မြက်တဲ့ ဦးနှောက်တွေကို စားရတာ သဘောကျတယ်။”

ထိုစကားကို ကြားချိန်၌ လန်လင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။

ဘုရင်မ၏ ဧရာမခန္ဓာကိုယ်ကြီးက ဂူထဲရှိ ဥမင်လိုဏ်ခေါင်းများစွာထဲမှ တစ်ခုအတွင်းသို့ ပျောက်ကွယ်သွား၏။

သူမ ထွက်သွားသော်ငြား ကျန်ရစ်သည့် လူများက လှုပ်ရှား၍ဖြစ်စေ ၊ စကားပြော၍ဖြစ်စေ မရသေးချေ။ သူတို့က စောင့်ကြည့်ရုံသာ တတ်နိုင်ကြသည်။ ရဲ့ကျင်းယွီမှာမူ သတိလစ်နေဆဲပင်။

ဧရာမမိစ္ဆာကြီး ပြောသွားသည့် စကားများအရ အစားစားချိန်တိုင်း၌ လန်လင်းက သူမ၏ အဓိကပစ်မှတ် ဖြစ်လာပေလိမ့်မည်။ သူမက ပဟေဠိများ မေးဟန်ဆောင်ပေလိမ့်မည်။ အကယ်၍ လန်လင်း မဖြေနိုင်ပါက သူ၏ ဦးနှောက်ကို စုပ်ယူစားသောက်လေမည်။

သို့သော် ပဟေဠိများကို အမှန်ဖြေနိုင်လျှင် မည်သည်တို့ ဖြစ်မည်နည်း။ ဘုရင်မက အစားမစားဘဲ နေမည်မဟုတ်ချေ။ အရာအားလုံးကို အမှန်ဖြေနိုင်လျှင်တောင်မှ သူ နောက်ထပ် တစ်ရက် ၊ နှစ်ရက်ခန့်သာ အသက်ရှင်နိုင်မည်ဟု လန်လင်း ခန့်မှန်းမိ၏။

မိစ္ဆာမက စည်းကမ်းကို လိုက်နာပြီး သူမကိုယ်သူမ အငတ်ခံနေမည်မဟုတ်ဘဲ သူ လွတ်မြောက်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။

လန်လင်း စိတ်ထဲမှနေ၍ မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်... အခု ငါတို့ လုပ်နိုင်တာ ဘာရှိမလဲ။”

အသူရာမိစ္ဆာကြယ်က ချက်ချင်း တုံ့ပြန်လာ၏။ “ဘာမှ မရှိဘူး သခင်။”

လန်လင်း တစ်ယောက် စိတ်လေသွားသည်။ “လခွမ်းပဲ။ မင်းက အရမ်းစွမ်းပြီး အံ့မခန်း ဖြစ်ရမှာ မဟုတ်ဘူးလား။”

“အဲဒါ မှန်ပေမဲ့ ကျွန်တော် စွမ်းအင် အလုံအလောက် မစုပ်ယူရသေးဘူး သခင်။ ဒီဘုရင်မက စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တဲ့ အင်မတန် အစွမ်းထက်တဲ့ မိစ္ဆာပဲ။ သူ့ကျင့်ကြံခြင်းအဆင့်က ကျွန်တော်တို့ထက် အဆပေါင်း ထောင်ချီ မြင့်နေတယ်။ ကျွန်တော် ဘာလုပ်နိုင်မှာလဲ။”

လက်ရှိအချိန်၌ အသူရာမိစ္ဆာကြယ်က အားကိုးရသည့် မျှော်လင့်ချက်တစ်ခု မဟုတ်တော့ချေ။ ဘုရင်မက သူ၏ ခေါင်းကို ကိုက်ဖောက်၍ ဦးနှောက်ကို စုပ်ယူလိုက်သည်နှင့် အသူရာမိစ္ဆာကြယ်ပင် လန်လင်းအား ကယ်တင်နိုင်မည် မဟုတ်ပေ။ သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။

နောက်ထပ် နာရီအနည်းငယ်ကြာသည်အထိ အသက်ရှင်ရန် နည်းလမ်းကို လန်လင်း အပြင်းအထန် စဉ်းစားသော်ငြား မည်သည့်အကြံဉာဏ်မျှ ထွက်မလာချေ။

သူတို့ကြားရှိ စွမ်းအားကွာဟချက်က အဆပေါင်း သန်းချီ ကွာခြားနေသည်။ မည်သည့်အရာကမျှ ထိုပြဿနာကို မဖြေရှင်းနိုင်ပေ။ သူ၏ ကိုယ်ပိုင် ဉာဏ်ရည် သို့မဟုတ် စကားပြောစွမ်းရည်ကိုသာ အားကိုးရတော့မည်လော။

ဤဖိအားများသော အချိန်အတွင်း၌ အချိန်များ နှေးကွေးနေသည်ဟု ထင်ရသော်ငြား မြန်ဆန်လွန်းလှ၏။ သူ သတိမထားမိခင်မှာပင် ခြောက်နာရီ ကုန်လွန်သွားလေပြီ။

ဘုရင်မက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟားဟားဟားးး”

“ဟီးဟီးဟီး... အဟွတ်”

ကြောက်မက်ဖွယ်ကောင်းသည့် ဘုရင်မက သူတို့ရှေ့၌ ထပ်မံ ထွက်ပေါ်လာ၏။ အိပ်မက်ဆိုး ပြန်ရောက်လာလေပြီ။

ဘုရင်မက ချိုသာစွာ ပြောလိုက်သည်။ “အချိန်ကုန် မြန်လိုက်တာ။ ငါတို့ ပြန်တွေ့ကြပြန်ပြီ။ ငါ့ညစာစားချိန် ရောက်ပြီပဲ။”

သူမက လန်လင်းထံ တည့်တည့် တွားသွားလာ၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းကာ အမွေးများ ဖုံးလွှမ်းနေသော လက်သည်းကို ဆန့်ထုတ်ပြီး သူ၏ မျက်နှာကို ညင်သာစွာ ကုတ်ဆွဲလိုက်သည်။

ရုတ်တရက် သူ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား လန်လင်း ခံစားလိုက်ရ၏။

ဘုရင်မက နှုတ်ခမ်းသပ်လိုက်သည်။ “လူချောလေး... ခုနက နာရီပိုင်းလေးအတွင်း နင့်ကို ငါ အရမ်း သတိရနေတာ။ နင်က အရမ်း ကြည့်ကောင်းတာပဲ။ နင့်ဦးနှောက်က ဘယ်လို အရသာမျိုးရှိမလဲဆိုတာ မြည်းစမ်းကြည့်ဖို့ တကယ် မစောင့်နိုင်တော့ဘူး။”

သူမက လန်လင်း၏ မျက်နှာနှင့် အလွန် နီးကပ်နေလေပြီ။

ပါးစပ်မှ ဆိုးရွားခှသည့် အနံ့အသက်ကြောင့် လန်လင်းမှာ အသေသာ ခံလိုက်ချင်စိတ် ပေါက်သွားတော့သည်။ ဘုရင်မက ပို၍ နီးကပ်လာ၏။ သူမ၏ ဧရာမဗိုက်ကြီးဖြင့် လန်လင်း၏ မျက်နှာကိုပင် ဖိကပ်ထားလိုက်သေးသည်။ ထိုခံစားချက်က လန်လင်းကို သတိလစ်မတတ် ဖြစ်သွားစေ၏။

“နားထောင်ကြည့်စမ်း... ဗိုက်အရမ်းဆာနေလို့ အသံတွေတောင် ထွက်နေပြီ။ ဒါကြောင့် ငါတို့ရဲ့ ပဟေဠိကစားနည်း ပြန်စဖို့ အချိန်ရောက်ပြီ မဟုတ်လား။”

လန်လင်း ချက်ချင်းပင် သေချာစွာ နားထောင်လိုက်သည်။ စကားတစ်ခွန်းကိုမျှ အလွတ်မခံရဲပေ။

ဘုရင်မက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ဒီတစ်ကြိမ်လည်း နောက်ထပ် ပဟေဠိတစ်ခုပဲ... အထက်လည်း မဟုတ် ၊ အောက်လည်း မဟုတ် အဲဒါ ဘယ်စာလုံးလဲ။”

ဤပဟေဠိက နေ့ခင်းက ပဟေဠိနှင့် အလွန် ဆင်တူနေသည်။ သူမမည်မျှ ဉာဏ်ကောင်းကြောင်းကို သူမဘာသာ အလွန် ဂုဏ်ယူနေ၏။

“ငါ အချိန်စမှတ်ပြီ။ ဆယ် ကိုး ရှစ် ခုနစ်...”

လန်လင်း အကြောက်တရားကို တွန်းလှန်လိုက်ကာ စဉ်းစားလိုက်၏။ နှစ်စက္ကန့်အတွင်းမှာပင် အဖြေကို ရှာတွေ့သွားသည်။

လန်လင်း အော်ဟစ်လိုက်၏။ “တစ်။ အဖြေက တစ် (一) ဆိုတဲ့ စာလုံးပဲ။”

သူ မှန်ကန်သည်။ အထက်လည်း မဟုတ်သလို အောက်လည်း မဟုတ်ပေ။

ဘုရင်မ၏ မျက်နှာက ပြောင်းလဲသွားသည်။ မျက်လုံးများထဲ၌ ကြမ်းကြုတ်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။ သူမ၏ အစွယ်နှစ်ချောင်းက ကိုက်ဖောက်ရန် အဆင်သင့် ဖြစ်နေလေပြီ။ ဤချောမောသည့် လူသားက တကယ်ပင် ထပ်၍ အမှန် ဖြေဆိုနိုင်ပြန်သည်။ သူမ တကယ်ပဲ ဤအတိုင်း အငတ်ခံရတော့မည်လော။

ရုတ်တရက် ချောမောသော ကောင်လေး၏ မျက်လုံးများထဲသို့ အစွယ်များ ထိုးသွင်းကာ ဦးနှောက်တစ်ခုလုံးကို စားသောက်ပြီး အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်သည့် ပြင်းထန်သော ဆန္ဒ ဖြစ်ပေါ်လာ၏။

သို့သော် သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမကိုယ်တိုင် စည်းကမ်း သတ်မှတ်ထားသည် မဟုတ်လော။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု ရရှိရန် လူသားများ၏ ဉာဏ်ရည်နှင့် ကစားချင်ခြင်းပင်။

ဘုရင်မက ချိုသာသောအပြုံးဖြင့် ပြောလိုက်သည်။ “နင်က အရမ်းဉာဏ်ကောင်းနေမှတော့ နောက်ထပ် မေးခွန်းတစ်ခုလောက် ထပ်မေးရင် ဘယ်လိုလဲ။”

သူမ လှည့်စားတော့မည်ကို လန်လင်း သိနေ၏။ အကယ်၍ မေးခွန်းတစ်ခုကို အမှန်ဖြေနိုင်လျှင်တောင် ဆက်၍ တိုးမေးနေပေလိမ့်မည်။ သေချာပေါက် သေဆုံးရပေလိမ့်မည်။ အဆုံး၌ သူ မဖြေနိုင်သော မေးခွန်းတစ်ခု ရှိလာလေမည်။

မဖြစ်ချေ။ သူမ ဤသို့ မလုပ်နိုင်ရန် တားဆီးရမည်ဖြစ်သည်။

ထို့ကြောင့် လန်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “မေးခွန်းတွေ ထပ်တိုးမလို့လား။ ပြဿနာ မရှိဘူး။ ဒီညစာအတွက် အပို မေးခွန်းတစ်ခု ထပ်တိုးလို့ရတယ်။ ပြီးရင် နောက်တစ်ခါ စားမယ့်အချိန်အတွက် အပို မေးခွန်းနှစ်ခု တိုး ၊ အဲဒီနောက် စားမယ့် အချိန်အတွက် အပို မေးခွန်းသုံးခု တိုးပေါ့။”

ဤသည်က ထက်မြက်သော လှည့်ကွက်တစ်ခုပင်။ သူ မရှုံးမချင်း ဘုရင်မက မေးခွန်းများ အဆုံးမရှိ မေးနေခြင်းကို တားဆီးပေးလေမည်။ ဘုရင်မ အမုန်းဆုံးအရာမှာ လူသားများက ပို၍ ဉာဏ်ကောင်းဟန်ဆောင်ပြီး အခြားသူများကို အသိဉာဏ်မဲ့သည့် တိရစ္ဆာန်များအလား ဆက်ဆံခြင်းပင်။

အပိုင်း ၇၉ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters