← Chapters

ဓားသူတော်စင်လင်းထျန်ဟူ

Vol. 008 Ch. 369

ဓားသူတော်စင်လင်းထျန်ဟူ

Vol. 008 Ch. 369

ကောင်းကင်ဘုံဓားများက အလင်းတန်းတစ်ခုလို အရှိန်မြှင့်ကာ သွားနေ၏။ဝမ်လင်းက ထိုဓားများနောက်သို့ လိုက်ပါရင်း ဟင်းလင်ပြင်ကို ဖြတ်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်းထဲသို့ ဝင်ရောက်လာ၏။

“သူပဲ …” ဝမ်လင်း ပထမဆုံးမြင်လိုက်ရသည့် အရာက အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးဖြစ်သည်။ သူမ၏ ဆံပင်များက လေထဲတွင် ဝဲလွင့်လျက်ရှိ၏။ သူမအောက်တွင် ရွှေရောင်နဂါး နှစ်ကောင်လည်း ရှိနေသည်။

ချီဟူကလည်း သည်အမျိုးသမီးကို သတိပြုမိ၏။ သူက တုန်လှုပ်မိသွား၍ တိတ်ဆိတ်စွာ တွေးတောလို့နေသည်။

သည်နေရာကို ရောက်လာပြီးနောက် ဝမ်လင်းက သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းထား၏။ သူကလည်း တုန်လှုပ်နေဟန် အသွင်ဖြင့် တိတ်တဆိတ် စဉ်းစားလို့နေ၏။

သည်နဂါးနှစ်ကောင်သည် ရူးသွပ်ဖွယ်ပင်။ ကောင်းကင်ဘုံဓားများ အားလုံးက ကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်း အားလုံးကနေ ၎င်းနဂါးနှစ်ကောင်ထံသို့ တိုးဝင်လာနေကြခြင်း ဖြစ်သည်။

တဖြည်းဖြည်းဖြင့် ပိုပိုများလှသော ကောင်းကင်ဘုံဓားများ ရောက်ရှိလာ၏။ ၎င်းဓားများက လိမ်ယှက်၍ နောက်ထပ် နဂါးတစ်ကောင် ဖြစ်ပေါ်သွား၏။

နဂါးသုံးကောင်က အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို လှည့်ပတ်လို့နေ၏။ သူမ၏ အေးစက်စက်အကြည့်က ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံးပေါ်သို့ ကျရောက်နေ၏။

ထိုနေရာတွင် ကောင်းကင်ဘုံဓားများ၏ ဓားလှိုင်းများစွာ ရှိလို့နေ၏။

သိပ်မကြာခင်မှာပင် သည်အစိတ်အပိုင်းပေါ်၌ အခြားအစိတ်အပိုင်း တစ်ရာကျော်မှ ဓားများအားလုံး စုဝေးလာခဲ့ပြီး ဖြစ်သည်။

ကောင်းကင်ဘုံဓားများ အဆုံးမဲ့စွာ ရောက်ရှိလာခြင်းနှင့်အတူ ပိုပိုများလှသော ကျင့်ကြံသူများကလည်း ရောက်ရှိလာကြ၏။ သူတို့အားလုံးက နဂါးသုံးကောင် ဝန်းရံထားသော အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးကို စူးစိုက်ကြည့်နေရင်း လောဘ အရိပ်အယောင်များ ထွက်ပေါ်နေကြသည်။

ကောင်းကင်ဘုံနယ်မြေသို့ ဝင်‌ရောက်လာနိုင်ကြသည့် လူတိုင်းက သူတို့၏ သက်ဆိုင်ရာ ဂြိုဟ်များတွင် ထိပ်တန်း အဆင့်ရှိသူများ ဖြစ်ကြ၏။ သူတို့အားလုံးက အလိုရမ္မက် တက်လာခဲ့သော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားကြ၏။ သူတို့က မည်သူသည် အရင်ဆုံးလှုပ်ရှားမလဲကို စောင့်ကြည့်နေကြသည်။

“ထန်အာ … ကျေးဇူးပြု၍ ရပ်လိုက်ပါ။ ဒီနေရာမှာ မိုးကောင်းကင် ဓားသုံးလက် ရှိနေပြီးပြီ။ ဒါက လုံလောက်ပြီ …” နဂါးတစ်ကောင်၏ နဖူးထက်မှ ညင်သာသောအသံတစ်ခု ထွက်ပေါ်လာ၏။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက တည်ငြိမ်စွာ ပြောသည်။ “ဒါက မလုံလောက်သေးဘူး။ နည်းနည်းထပ်စောင့်ဦး။ လေးခုမြောက် မိုးကောင်းကင်ဘုံဓားက ဖြစ်ပေါ်လာလိမ့်မယ် …”

သူမက ထိုသို့ပြောပြီးချင်းချင်း ကောင်းကင်ဘုံဓားများက လေးကောင်မြောက် နဂါးအသွင်သို့ ဖွဲ့စည်းသွားကြသည်။ ကောင်းကင်ဘုံဓားများ ပိုမို ရောက်ရှိလာလေလေ နဂါးအသွင်ဖြစ်ပေါ်မှုက ပိုမြန်ဆန်လာ၏။

ထိုအခိုက်တွင် အရှေ့ဘက်မှ အားကောင်းသောဟိန်းသံကြီး တစ်ခုထွက်ပေါ်လာ၏။ သည်အသံထဲ၌ ရန်လိုမှုများ ပြည့်နေ၏။ နဂါးသုံးကောင်က အရှေ့ဘက်သို့ လှမ်းကြည့်ကြ၏။

ဧရာမမီးဘောလုံးတစ်လုံးက အရှေ့ဘက်မှ ပျံသန်းလာနေ၏။ အပူလှိုင်းများက မီးလုံးမရောက်ခင် အရင်ရောက်လာခဲ့သည်။ အနီးအနားရှိ ကျင့်ကြံသူအချို့၏ အသွင်က ကြီးစွာ ပြောင်းလဲကုန်သည်။ သူတို့က နောက်သို့ အလျင်အမြန်ဆုတ်ကြပြီး ၎င်းမီးလုံးအတွက် လမ်းကြောင်းရှင်းပေးကြသည်။

သည်အခိုက်တွင် မီးလုံးက လေဟာနယ်ကို ဖြတ်၍ ရောက်ရှိလာ၏။ သည်အစိတ်အပိုင်းအထက်ရှိ ကောင်းကင်ပင် ပေါက်ကွဲထွက်ကုန်သည်။ မီးဘောလုံးက မရေမတွက်နိုင်သော သေးငယ်သည့် ကြယ်ပျံများအလား အရပ်မျက်နှာမျိုးစုံသို့ ပြန့်ကျဲကုန်သည်။ မီးဘောလုံး၏ အလယ်၌ အစိမ်းရောင် မီးတောက်များဖြင့် ဝန်းရံထားသည့် ချီလင်သားရဲ ရှိနေ၏။ ၎င်းက နှာမှုတ်ထုတ်၍ ရွှေရောင် နဂါးသုံးကောင်အား စူးစိုက်ကြည့်သည်။

“ဒါ… ဒါက ကောင်းကင်ဘုံ ချီလင်သားရဲ။ တာလော့ဓားကလန်ရဲ့ အစောင့်အရှောက် သားရဲ …”

“ဒီသားရဲက ဓားသူတော်စင် လင်းထျန်ဟူရဲ့ သားရဲပဲ။ ဒီဆရာအိုကြီးက ဒီနေရာကို ရောက်လာတာလား …”

“ဘယ်လိုရတနာမျိုးကများ စီနီယာလင်းထျန်ဟူကို ကိုယ်တိုင် လာရောက်စေနိုင်ခဲ့တာလဲ …”

ဗဟုသုတပိုများသော ကျင့်ကြံသူ အနည်းငယ်က တုန်လှုပ်သွားကြ၏။ သူတို့က လင်းထျန်ဟူ ဘာကြောင့် သည်နေရာကို ရောက်လာခဲ့ရသည်ကို ခန့်မှန်းမိလိုက်ကြ၏။

ဝမ်လင်းက ကြီးမားလှသည့် ကောင်းကင်ဘုံ ချီလင်သားရဲကို တည်ငြိမ်စွာ ကြည့်နေ၏။ ၎င်းသားရဲ၏ ဦးခေါင်းပေါ်တွင် လူတစ်ယောက် ထိုင်နေ၏။

သည်လူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အဖြူရောင် ဆံပင်များကလည်း လေမတိုက်ဘဲနှင့် မျောလွင့်နေသည်။ သူက ပိန်ပိန်ပါးပါးဟု ထင်ရသော်လည်း သူ့ထံမှ အလွန်ဖိနှိပ်နိုင်မှုများ ပေးစွမ်းနေ၏။ သူ့နောက်တွင်လည်း ပုံရိပ်ယောင် ဓားလေးလက် ရှိနေ၏။ သည်ဓားများ လင်းလက်သွားသည့် အခါတိုင်း ဝမ်လင်းက သူ့ရင်ဘတ်ပင် ပေါက်ကွဲသွားသလို ခံစားရ၏။

ဘန်း …။ ဘန်း …။

ပေါက်ကွဲသံနှစ်ခုနှင့် ဖြစ်ပေါ်သွားပြီးနောက် ဝမ်လင်း၏မျက်နှာက ဖြူရော်သွား၏။ သူ့နှုတ်ခမ်းထောင့်ကပင် သွေးများ စီးကျလာသည်။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ရ၏။ ချီဟူသည်လည်း သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ့မျက်နှာပေါ်၌လည်း အလွန်အမင်း ထိတ်လန့်မှုများ ပေါ်နေ၏။

သူတို့နှစ်ယောက်တင် မကဘဲ များစွာသောလူများ၏ ပါးစပ်ထောင့်တွင် သွေးများ စီးကျနေကြသည်။ သူတို့မျက်နှာက တုန်လှုပ်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နေ၏။

ချီလင်သားရဲကို သိသော လူအနည်းငယ်ကသာ သူတို့ခေါင်းကို အောက်သို့ငုံ့၍ စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်ကြသည်။ “ဟမ် … တာလော့ဓားကလန်ရဲ့ ဓားသူတော်စင်က ငါတို့ ှဉ်လို့မရတဲ့လူပဲ။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကင်ထက်တောင် မြင့်သေးတယ်။ ဒီဓားလေးလက်က သူ့အသက်ကယ် ရတနာတွေဖြစ်ပြီး သူ့ကျင့်ကြံမှုအဆင့်နဲ့ ဖန်တီးခဲ့တာ။ ဒီဓားတွေက ဓားထောင်ပေါင်းများစွာ အထိ ပြောင်းလဲနိုင်တယ်။ မင်း ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်ဘူးဆိုရင် ဒီဓားတွေကို ကြည့်လိုက်ရုံနဲ့တင် ဒဏ်ရာရသွားနိုင်တယ်။ မင်းက အတင်းအကျပ် ကြည့်မယ်ဆိုရင် သေတောင် သေသွားနိုင်တယ် …”

ဝမ်လင်းက သိုလှောင်အိတ်ထဲက အတားအဆီးအလံကို ထုတ်ယူလိုက်၏။ အတားအဆီးအလံက အမည်းရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်း၍ သူ့အား လျင်မြန်စွာ ဝန်းရံထား၏။

ချီလင်သားရဲ ထွက်ပေါ်လာပြီးသည်နှင့် ၎င်းက နှာမှုတ်လိုက်ရာ အပူစီးကြောင်းနှစ်ခုက ရှေ့သို့တစ်ဟုန်ထိုး ထွက်သွား၏။

ထိုအခိုက်တွင် ချီလင်သားရဲပေါ်၌ ထိုင်နေသည့် အဘိုးအိုက မျက်လုံးဖွင့်လာသည်။ သူက အဖြူရောင်ဝတ်စုံနှင် အမျိုးသမီးကို စူးစိုက်ကြည့်နေ၏။ သူ့မျက်နှာကလည်း အလေးအနက်အသွင် ဖြစ်နေသည်။

အဘိုးအို၏ မျက်နှာက ရှုံတွသွားပြီး သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “နင်က ကောင်းကင်ဘုံ ကျင့်ကြံသူလား …”

ထိုစကားလုံးများ ထွက်ပေါ်လာသည့် အခိုက်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အားလုံးသည် အလွန်အမင်း ထိတ်လန့်သွားကြ၏။ သူတို့အားလုံးက တိတ်ဆိတ်သွားကြပြီး သူတို့ရှေ့ရှိ အမျိုးသမီးကို ကြည့်မိနေကြသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက တည်ငြိမ်စွာဖြင့် အဘိုးအိုကို ကြည့်ကာ ပြောသည်။ “ဖယ်စမ်း …”

အဘိုးအို၏ မျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက ဒေါသထွက်သွားသည်။ ထျန်ယွမ်ဂြိုဟ်၏ နံပါတ်တစ် သို့မဟုတ် နံပါတ်နှစ် ကျင်ကြံသူဖြစ်သည့် သူ့ကို ခုလိုမျိုး ပြောဝံ့သည်လူ မရှိသည်မှာ အချိန်ကြာမြင့်လှပြီ ဖြစ်သည်။

“ဟားဟား … ကောင်းကင်ဘုံ နယ်မြေက ပြိုကွဲသွားခဲ့ပြီ။ နင်က အမှန်တကယ် အသက်ရှင်သန်နိုင်ခဲ့တဲ့ ကောင်းကင်ဘုံ ကျင့်ကြံသူတစ်ယောက် ဖြစ်မယ်ဆိုရင်တောင် ဒီအဘိုးကြီးက ကောင်းကင်ဘုံ ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်ဖို့ ကြိုးစား ကြည့်ချင်သေးတယ် …” အဘိုးအို၏ စကားများ ထွက်ပေါ် လာပြီးသည်နှင့် ချီလင်သားရဲက ဟိန်းဟောက်လိုက်၏။

အဖြူရောင်ဝတ်နှင့် အမျိုးသမီးက တည်ငြိမ်စွာပင် ရှိနေဆဲ။ သူမမျက်ဝန်းထဲ၌ ပူဆွေးမှုများ ပြည့်နေသော အကြည့်ဖြင့် အဘိုးအိုကို မကြည့်ဘဲ ချီလင်သားရဲကို ကြည့်၍ ပြောလိုက်သည်။ “နင်က မကောင်းဆိုးဝါး အသွင်သဏ္ဌာန်လေးပါပဲ။ အတိတ်တုန်းက နင့်ဘိုးဘေးတွေတောင် ငါ့ကို ဒီလိုအပြုအမူမျိုး မလုပ်ဝံ့ဘူး။ ကောင်းကင်ဘုံ နယ်မြေ ပျက်စီးသွားတာနဲ့ အတူ နင့်အမွေဆက်ခံရတဲ့ မှတ်ဉာဏ်တွေလည်း ပျက်စီး သွားခဲ့တာလား …”

ချီလင်သားရဲ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန်များ ထွက်ပေါ်သွား၏။

အဘိုးအိုမျက်နှာက သုန်မှုန်သွား၏။ အမည်းရောင် အခိုးငွေ့များက သူ့လက်ထဲ၌ ဖြစ်ပေါ်လာခဲ့သည်။ သူက သည်အခိုးငွေ့များက ချီလင်သားရဲ ခေါင်းထဲသို့ ဝင်ရောက်သွားအောင် ပြုလုပ်လိုက်သည်။ ချီလင်သားရဲက ထိတ်လန့်သွားပြီး စိတ်ရှုပ်ထွေးမှု အရိပ်အယောင်လည်း ပျောက်ကွယ်သွား၏။ ထိုအစား ၎င်းအသွင်က ကြမ်းကြုတ်သည့်အသွင် ဖြစ်လာခဲ့သည်။

အဖြူရောင် အမျိုးသမီးက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ဒီလို အတုအယောင် သားရဲက ဘယ်တော့မှ အမွေအနှစ်တစ်ခုကို ရရှိလာနိုင်မှာ မဟုတ်ဘူး …” ထိုသို့ပြောပြီးနောက် သူမက လက်မြှောက်လိုက်ပြီး ချီလင်သားရဲထံသို့ လက်ညှိုးညွှန်၏။

ချီလင်သားရဲက နောက်သို့ ချက်ချင်း ဆုတ်သွားရသည်။ သူ့ကြမ်းကြုတ်သည့် အသွင်ကလည်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့သွား၏။ ချီလင်သားရဲက သူ့အပေါ်ရှိ အဘိုးအိုကို ခါချပစ်သည်။ ၎င်းက မြေပေါ်တွင် ခယဝပ်တွားပြီး သူ့တစ်ကိုယ်လုံးကလည်း တုန်ယင်နေ၏။

အဘိုးအိုက လေထဲတင် ပျံဝဲလိုက်ပြီး သူ့မျက်နှာက အလွန် မကျေမနပ်ဖြစ်နေသည်။

“မင်း မှတ်မိသွားတာလား။ မေ့လိုက်ပါ။ ကောင်းကင်ဘုံနယ်မြေက ဒီမှာ မရှိတော့ဘူး။ ငါကပဲ မင်းကို အပြစ်ပေးနိုင်တယ် …” အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက သက်ပြင်းချလိုက်၏။ သူမက သူ့လက်ညှိုးကို ပြန်မရုပ်သိမ်းပဲ အဘိုးအိုထံသို့ ညွှန်လိုက်သည်။

သည်တစ်ချက်တည်းနှင့် ကောင်းကင်နှင့်မြေကြီးက တုန်ခါသွား၏။ အဘိုးအို၏ မျက်နှာကလည်း ချက်ချင်းဖြူရော်သွားပြီး သူကနောက်သို့ အလျင်အမြန်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သူက အကြိမ်များစွာ လက်ညွှန်လိုက်ရာ သူ့နောက်ရှိ ပုံရိပ်ယောင်ဓားလေးလက်က ရှေ့သို့ထိုးတက်သွားပြီး သူ့အား ကာကွယ်ပိတ်ဆို့ပေး၏။

ဘန်း … ဘန်း …။

ပေါက်ကွဲသံနှစ်ခုနှင့်အတူ ဓားနှစ်လက်က ချက်ချင်းပျက်စီးသွား၏။ အဘိုးအို၏ အသွင်က လုံးဝပြောင်းလဲသွားသည်။ သူက နောက်သို့လှည့်၍ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ဟင်းလင်ပြင်ထဲရှိ အဝေးတစ်နေရာတွင် ရောက်နေခဲ့၏။

လေးခုမြောက်နဂါးက အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးနားသို့ ရောက်လာပြီး သူ့အသွင်က တဖြည်းဖြည်း ပိုပီပြင်လာ၏။ ၎င်းက နဂါးတစ်ကောင်ဖြစ်ရန် ပြီးပြည့်စုံလုနီးပါး ဖြစ်လာသည်။

သူမက သာမန်ကောင်းကင်ဘုံ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူမက သူ့ကိုယ်သူ ရည်ညွှန်းရလျှင် ကောင်းကင်ဘုံဘုရင်ပင် ဖြစ်နေနိုင်သည် မဟုတ်လော။ အဘိုးအိုက တုန်လှုပ် ကြောက်ရွံ့နေမိသည်။ လက်ညှိုးနှစ်ချက်ဖြင့်ပင် သူမက သူ့ဓားနှစ်လက်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထျန်ယွမ်ဇီတောင် ခုလိုမျိုးလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူက မတုန်လှုပ်မိပဲ မည်သို့နေနိုင်ပါ့မည်နည်း။

“ထားလိုက်တော့။ ငါက ဒီနေ့မှာ ကောင်းကင်ဘုံဓားကိုတောင် ရနိုင်မှာ မဟုတ်တော့ဘူး။ အာ … တစ်ခုခုတော့ မှားနေပြီ …” အဘိုးအိုက ရုတ်တရက် ရပ်တန့်၍ စဉ်းစားနေပြီး ကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်းကို ကြည့်နေ၏။

“သူမက ကောင်းကင်ဘုံဘုရင် ဖြစ်မယ်ဆိုရင် ငါက သူမကို ဆန့်ကျင်မိတာနဲ့ ကောင်းကင်ဘုံ ဥပဒေသအရ ငါ့မူလစိတ်ဝိညာဉ်ပါ ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ သူမက ငါ့ကို မသတ်ခဲ့ဘူး။ ခု ငါနားလည်သွားပြီ။ သူမက ငါ့ကို မသတ်ချင်တာ မဟုတ်ဘဲ ကြောက်ပြီး ထွက်ပြေးသွားစေ ချင်နေတာပဲ ...” အဘိုးအိုက တုံ့ဆိုင်ခြင်းမရှိဘဲ ပြန်လှည့်၍ ထိုအစိတ်အပိုင်းထံသို့ ပြန်လှည့်၍သွားသည်။ သည်အခိုက်တွင် သူ့၌ ကျန်နေသော ဓားနှစ်လက်က ရှေ့၌ပေါ်လာခဲ့၏။ သူက အပြေးအလွှား သွားနေစဉ်မှာပင် သည်ဓားနှစ်လက်က နှစ်ခုကနေ၊ လေးခု၊ လေးခုကနေ ရှစ်ခုသို့ ပွားသွား၏။ မျက်စိတစ်မှိတ်အတွင်း ဓားအစင်းပေါင်း တစ်ရာကျော်က သူ့ရှေ့တွင်ပေါ်လာခဲ့၏။

ချက်ချင်းပင် သူက အစိတ်အပိုင်းပေါ်သို့ ပြန်ရောက်လာခဲ့၏။

အစိတ်အပိုင်းပေါ်၌ ကျင့်ကြံသူအားလုံးသည် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ဓားသူတော်စင်ကို လက်ညှိုးတစ်ချက်ဖြင့် ဖိနှိပ်ခဲ့သည်ကို တွေ့မြင်ပြီးနောက် အလွန်အမင်း ထိတ်လန့်နေကြသည်။ လူတိုင်းက ကောင်းကင်ဘုံဓားများကို သူတို့ မရနိုင်တော့သည်ကို သိလိုက်၏။ ထို့ကြောင့် သူတို့က နောက်သို့ တိတ်တဆိတ် ပြန်ဆုတ်ကြီး သည်ဒုက္ခရောက်နိုင်သော နေရာကြီးကနေ ထွက်သွားရန် အဆင့်သင့်လုပ်ထားကြသည်။

သို့သော် ထိုအခိုက်တွင် အဘိုးအိုက ပြန်ရောက်လာခဲ့၏။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက တည်ငြိမ်စွာ ရှိနေ၏။ သူမက လှည့်၍ နဂါးနဖူးပေါ်ရှိ ခရမ်းရောင်အကွက်ကို ကြည့်သည်။သူမက သက်ပြင်းချပြီး ရှေ့သို့တိုးကာ အဘိုးအိုနှင့် မျက်နှာချင်း ဆိုင်၏။

“ကောင်းကင်ဘုံဘုရင်။ ငါက ကောင်းကင်ဘုံကျင့်ကြံသူတစ်ယောက် ဘယ်လောက် စွမ်းအားကောင်းသလဲကို ကြည့်ချင်မိတယ် …” အဘိုးအိုက ထိုသို့အော်ဟစ်၍ အမျိုးသမီးထံသို့ တိုးဝင်သည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက လက်ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ပင် နှစ်ခြမ်းကွဲလောက်သည့် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သည်ဓားတစ်ရာကျော်က ဖျက်ဆီးလို့ မရနိုင်သည့် သတ္တုနံရံကြီးအလား ရှိသည်။ သို့သော် သူတို့အားလုံးက ပျက်စီး ပေါက်ကွဲကုန်သည်။ အဘိုးအိုအသွင်က အကြီးအကျယ် ပြောင်းလဲသွားပြီး သူကနောက်သို့ အလျင်အမြန်ဆုတ်သည်။ နောက်သို့ဆုတ်နေရင်းဖြင့် သူက ချိတ်တံဆိပ်များကို ဆက်တိုက်ဖန်တီး၏။

အကွာအကွယ် အလင်းမျက်နှာပြင်တစ်ခုက သူ့ရှေ့၌ ပေါ်လာခဲ့၏။ သို့သော် သိပ်မကြာခင်မှာပင် သည်မျက်နှာပြင်လည်း ပျက်စီးသွားသည်။

အဘိုးအိုက ဆက်လက်၍ နောက်သို့ ဆုတ်သည်။ သူ့နဖူးပေါ်၌ ချွေးများဖြင့် အေးစက်နေသည်။ သူက ပိုမိုမြန်ဆန်စွာ လက်ကိုလှုပ်ရှားနေသည်။

ဘန်း …။ဘန်း …။ဘန်း …။ဘန်း …။

အဘိုးအို၏ မျက်နှာက ဖြူရော်သွားသည်။ သူ့မျက်လုံးထဲတွင်တော့ ကြောက်ရွံ့မှုမရှိဘဲ စိတ်လှုပ်ရှားဟန် ပေါ်ထွက်နေ၏။

သူက အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်ကို ရှင်းလင်းစွာ တွေ့နေရသောကြောင့်ပင်။ သူမမျက်နှာပေါ်၌ သေဆုံးခြင်း အော်ရာအငွေ့အသက်က ထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံ ကျင့်ကြံသူတစ်ယောက် ဒီလောက်ပဲလား …” သူက ရယ်မော၍ သူ့လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့၌ စုစည်းသည်။ သူက လက်နှစ်ဖက်ကို ပြန်ခွာလိုက်သည့်အခါ ထိုလက်နှစ်ခုကြား၌ မိုးကြိုးလျှပ်စီးတစ်ခု ပေါ်ထွက်လာသည်။ သည်မိုးကြိုးလျှပ်စီးက ဓားသဏ္ဌာန်ရှိသည်။ အဘိုးအို၏ ထိန်းချုပ်မှုဖြင့် ၎င်းက အမျိုးသမီးထံသို့ တိုးဝင်သွားသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အသွင်က တည်ငြိမ်ဆဲပင်။ သူက သက်ပြင်းချ၍ လက်ဝှေ့ယမ်းသည်။ သို့ရာတွင် သည်အခိုက်၌ သူမလက်ဝှေ့ယမ်းပြီးနောက် သူမက ခန္ဓာကိုယ်ပေါ်ရှိ သေဆုံးခြင်း အငွေ့အသက်က များစွာတိုးလာခဲ့သည်။

နဂါးများထဲက တစ်ကောင်၏ ခေါင်းထက်မှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ထန်အာ …။ ငါ့ကို ဒီမှာထားခဲ့ပါ။ နင်က ငါနှစ်နှစ်ထောင်ကျော် စုဆောင်းပေးထားခဲ့တဲ့ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်တွေကို အသုံးပြုပြီး နင့်မှာ နိုးထလာနိုင်ဖို့ အခွင့်ရေးရှိနေတယ် …”

***

All Chapters