အခန်း (၄၁၅-၄၁၆)
Vol. 42 Ch. 415-416
အခန်း ၄၁၅: လှည့်စားမှုများ ပို၍ကြီးမားလာခြင်း
တိတ်ဆိတ်သောညသည် အလွန်ငြိမ်းချမ်းနေကာ အင်းဆက်ပိုးမွှားများမြည်သံ ငှက်အော်သံများပင် မရှိခဲ့ချေ။
ကြယ်များနှင့်လ၏ အလင်းရောင်များသာ မြေပြင်ပေါ်သို့ ဖြာကျနေပြီး မီးပုံကို ရောင်ပြန်ဟပ်နေသည်။
လောင်ကျွမ်းနေသော ထင်းများ၏ တဖျောက်ဖျောက်မြည်သံမှာ တောင်တန်းများရှိ တစ်ခုတည်းသော အသံ ဖြစ်ပုံရသည်။
ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းမှ ထွက်လာခဲ့သည်မှာ ငါးရက် ရှိသွားခဲ့လေပြီ။
ဤကာလအတွင်း ကျုံးချင်သည် ချီလင် ရှောင်ကာတို့နှင့်အတူ တောင်တန်းတလျှောက် ခရီးသွားနေခဲ့၏။
သူ့ထံ၌ တိကျသော ခရီးဆုံးပန်းတိုင် မရှိခဲ့ချေ။
သူ၏ လက်ရှိ အလယ်ပိုင်းဒေသ ခရီးစဉ်တွင် ရည်ရွယ်ချက်နှစ်ခု ရှိနေသည်။ ပထမအချက်မှာ တပည့်တစ်ဦး ရှာဖွေရန်ဖြစ်ပြီး ဒုတိယအချက်မှာ သူ၏တပည့် ဆက်ဆံရေးနှောင်ကြိုးကို အဆင့်မြှင့်တင်ရန်အတွက် အခွင့်အရေးတစ်ခုကို ရှာဖွေရန်ပင်။
အနာဂတ်တပည့်တစ်ဦးနှင့် ပတ်သက်၍ သူ့ထံတွင် သဲလွန်စတချို့ ရှိသော်လည်း အခြေအနေအရ မကြာမီ အချိန်အတွင်း သူမကို လက်ခံရန် မဖြစ်နိုင်ကြောင်း ပြသနေသည်။
တပည့်ဆက်ဆံရေးနှောင်ကြိုး အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ယခုအချိန်တွင် သူထံ၌ မည်သည့် သဲလွန်စမျှ မရှိသေးသော်လည်း ကျုံးချင်သည် အလျင်မလိုခဲ့ချေ။
ထိုအစား သတ္တုတွင်းမှ ထွက်ခွာပြီးနောက် သူသည် ရှောင်ကာ ချီလင်တို့နှင့်အတူ ခရီးသွားရင်း တောင်တောင်အလှများကို ခံစားကာ အလယ်ပိုင်းဒေသ၏ ဒေသဓလေ့ထုံးစံများကို တွေ့ကြုံခံစားရင်း အချိန်ကုန်ဆုံးခဲ့သည်။
"အဲ့ဒီကလေးတွေ ဘယ်လိုနေမလဲ မသိဘူး..."
သူ တွေးတောလိုက်သည် ကျုံးချင်သည် လရောင်ကို ကြည့်ရင်း သူ၏တပည့်များကို သတိရမိသွားသည်။
သူ၏ စနစ်အရည်အသွေးမျက်နှာပြင်ကို သူ ဖွင့်လိုက်၏။
"လက်ခံသူ... ကျုံးချင်
ကျင့်ကြံဆင့်... ဓမ္မသောင်းချီနယ်ပယ် နဝမအဆင့် မဟာပြီးပြည့်စုံခြင်း
တပည့်... လင်းဖုန်း....ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် အဆတစ်ရာ ကျင့်ကြံမှုမြှင့်တက်ခြင်း အသက်ဝင်နေသည်...ကျင့်ကြံမှုအဆတစ်သောင်း လက်ခံသူထံသို့ ပြန်လည်ရောက်ရှိခြင်း..."
တပည့်... စုယဲ့...ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့် အဆတစ်ရာ ကျင့်ကြံမှု မြှင့်တက်ခြင်း အသက်သွင်းဝင်နေသည်..ကျင့်ကြံမှု အဆတစ်သောင်း လက်ခံသူ ထံသို့ ပြန်လည်ရောက်ရှိခြင်း..
တပည့်... တုဟောက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်...အဆတစ်ထောင် ပြန်လည်ကုစားနိုင်မှု အသက်ဝင်နေသည်...ကျင့်ကြံမှု အဆတစ်သောင်းလက်ခံသူထံသို့ ပြန်လည်ရောက်ရှိခြင်း...
တပည့်... ပိုင်လင်း...ယန်သုံးပါးနယ်ပယ် တတိယအဆင့်...နီဗားနားကျင့်ကြံခြင်း ၂ဆ အသက်ဝင်နေသည်...ကျင့်ကြံမှု အဆတစ်သောင်း လက်ခံသူ ထံသို့ ပြန်လည်ရောက်ရှိခြင်း....
အသက်ဝင်နေသော နှောင်ကြိုး... အမှိုက်နှောင်ကြိုး ၂/၂ ပုံမှန်ပုံစံ....
အသက်ဝင်နေသော နှောင်ကြိုး... အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်နှောင်အဖွဲ့ကြိုး အဆင့်မြှင့်တင်ထားသာပုံစံ.....
အသက်ဝင်နေသော နှောင်ကြိုး... နီဗားနား နှောင်ကြိုး.. ပုံမှန်ပုံစံ...
အသက်ဝင်ရန် နှောင်ကြိုးများ ပို၍ရှိသေးသည်...
ရရှိထားသော ခန္ဓာကိုယ်... အုပ်စိုးသူအရှင် ရုပ်ခန္ဓာကိုယ်....နီဗားနား ရုပ်ခန္ဓာကိုယ်
ရရှိထားသော အထူး ကျွမ်းကျင်မှုများ... လောက်လျှူအရှိန်အဝါ... ကောင်းကင်ဘုံမျက်လုံး...အဆင့်တူ ချေမှုန်းခြင်း...ဝင်္ကပါ ခံနိုင်ရည်စွမ်း...ကိုယ်ပိုင်ကမ္ဘာငယ်လေး
ရရှိထားသော အထူး လက်နက်... သုညစည်းတံဆိပ်တုံး
ရရှိထားသော စီးတော်ယာဉ်... သန့်စင်သော သွေးမျိုးဆက်ရှိသည့် ချီလင်"
စနစ်မျက်နှာပြင်ပေါ်ရှိ အချက်အလက်များသည် ယခင်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားသည်။
ပထမဆုံးအနေဖြင့် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုဆင့် ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်မှ ဓမ္မသောင်းချီနယ်ပယ် နဝမအဆင့် မဟာပြီးပြည့်စုံခြင်းသို့ တိုးတက်လာခဲ့သည်။
ကျုံးချင်ကို အံ့အားသင့်စေသောအရာမှာ လင်းဖုန်း နှင့် စုယဲ့တို့၏ ကျင့်ကြံဆင့်မှာ အနည်းငယ်မျှသာ တိုးတက်လာမှု မဟုတ်ခြင်းပင်။
ဤသည်မှာ ကျင့်ကြံဆင့်နယ်ပယ်များကို တိုက်ရိုက်ခုန်ပျံကျော်လွှားသွားခြင်းပင်။
ဤအချက်က ကျုံးချင်ကို များစွာစိတ်လှုပ်ရှားစေခဲ့သည်။
ဤတပည့်နှစ်ဦးသည် သူ့ကို အမှန်တကယ် စိတ်မပျက်စေခဲ့ချေ။
သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းမှာ အလွန်အမင်း လျင်မြန်လာပေ၏။
သူတို့ ကျင့်ကြံနေခဲ့သည်မှာ အချိန်မည်မျှကြာသေးသနည်းဟု သူ တွေးတောမိသည်။
နှစ်နှစ်မပြည့်မီ အချိန်အတွင်း သူတို့သည် သာမန်သေများအဖြစ်မှ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ တက်လှမ်းလာခဲ့ကြသည်။
မကြာသေးမီက သူတို့သည် ကံကောင်းသော အခွင့်အရေးတချို့ကို ရရှိခဲ့မည်မှာ သေချာပေါက်ပင်။
သို့သော် တပည့်နှစ်ဦး၏ကျင့်ကြံမှုသည် အဓိက နယ်ပယ် အများအပြား တိုးတက်လာသော်လည်း စနစ်၏ အဆတစ်သောင်း ပြန်လည်ရောက်ရှိခြင်း အပြီးတွင် သူ၏ကျင့်ကြံမှုကို ဓမ္မသောင်းချီနယ်ပယ် နဝမအဆင့်မှ မဟာပြီးပြည့်စုံခြင်းအဆင့်သို့သာ တွန်းပို့ပေးနိုင်ခဲ့ပေ၏။
အကြောင်းအရင်းမှာ သူတို့အကြားရှိ ကြီးမားသော စွမ်းအားကွာဟချက်ကြောင့်ပင်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၏အထက်တွင် ယင်သုံးပါးနယ်ပယ်နှင့် ယန်သုံးပါးနယ်ပယ်ရှိနေပြီး ထို့နောက်မှသာ ဓမ္မသောင်းချီနယ်ပယ်ဖြစ်ပေ၏။
ထိုနယ်ပယ်များအကြားရှိ ကွာဟချက်မှာ အဆတစ်သောင်းထက်မက ရှိနေသည်။
ထို့ကြောင့် လက်ရှိ အမှိုက်နှောင်ကြိုးဖြင့် ဤတပည့် နှစ်ဦး၏ ကျင့်ကြံမှုတိုးတက်ခြင်းမှာ သူ၏ တိုးတက်မှု အမြန်နှုန်းကို အနည်းငယ်မျှ အမီမလိုက်နိုင်ချေ။
အမှိုက်နှောင်ကြိုးကို အဆင့်မြှင့်တင်ရန်မှာ ကျုံးချင်အတွက် မဖြစ်မနေ လိုအပ်လာခဲ့သည်။
ကျုံးချင်ကို အနည်းငယ် စိတ်ပျက်စေသောအရာမှာ တုဟောက်နှင့် ပိုင်လင်းတို့ဖြစ်ပြီး သူတို့၏ကျင့်ကြံမှုမှာ လုံးဝတိုးတက်မလာဘဲ ယခင်အတိုင်းသာ ရှိနေခဲ့ပေ၏။
တုဟောက်၏ သေရမည်ကို ကြောက်ရွံ့မှုအရ ကျုံးချင် နားလည်ပေးနိုင်သည်။
သို့သော် ပိုင်လင်းသည် နီဗားနားရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သေဆုံးမှုတိုင်းနှင့်အတူ ပို၍အစွမ်းထက်လာပေမည်။ လွန်ခဲ့သော လအနည်းငယ်က အရှေ့ပိုင်းဒေသမှ သူ ထွက်ခွာလာကတည်းက သူမ၏ကျင့်ကြံမှုမှာ လုံးဝတိုးတက်မလာခဲ့သဖြင့် သူ့ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
သေချာသည်မှာ ဆရာက လမ်းပြပေးသော်လည်း ကျင့်ကြံခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အပေါ်တွင်သာ မူတည်သည်။
ပိုင်လင်း၏ ကျင့်ကြံမှုမှာ တိုးတက်မလာသော်လည်း ကျုံးချင်သည် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
သူတို့ တစ်ယောက်စီတိုင်းတွင် လျှောက်လှမ်းရမည့် သူတို့၏ ကိုယ်ပိုင်တာအိုလမ်းကြောင်းများ ရှိနေသည်။
သူတို့ ကြီးပြင်းလာရန်အတွက် အတင်းအကြပ်လုပ်ရန် မလိုအပ်ချေ။
ထို့ပြင် သူ ဝင်ရောက်စွက်ဖက်လိုလျှင်ပင် ယခုအချိန်၌ သူတို့သည် မတူညီသော နေရာများတွင် ရှိနေသဖြင့် သူ မည်သို့မျှ မလုပ်နိုင်ချေ။
ညသည် နက်ရှိုင်းပြီး လမင်းကြီးသည် ပို၍တောက်ပလာပေ၏။
ချီလင်သည် မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် အိပ်ပျော်နေပြီး ရှောင်ကာက ချီလင်၏ခြေထောက်ကို မှီကာ အနားယူနေသည်။
ရှောင်ကာ၏ အိပ်စက်သည့် ကိုယ်ဟန်အမူအရာသည် အလွန်အမင်း အကြည့်ရဆိုးနေပြီး ခြေထောက်များကို ဆန့်ထုတ်ထားကာ ဘဲနှုတ်သီးကဲ့သို့ နှုတ်သီးမှ နှပ်ပူဖောင်းတစ်ခု ထွက်နေသည်။
"အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ်..."
သူက ရံဖန်ရံခါ ရေရွတ်နေပေ၏။
သောက်ကျိုးနည်း...အဲ့ဒီကောင်စုတ်လေးက ဘာတွေ အိပ်မက်မက်နေတာလဲ..
အမှားကိုဝန်ခံခြင်းက ဤကောင်စုတ်လေး၏ အမြဲတစေ လက်သုံးစကားတစ်ခု ဖြစ်လာပုံရသည်။
ကျုံးချင်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုနှစ်ကောင်ကို ဆက်လက်၍ အာရုံမစိုက်တော့ချေ။
ထိုအစား သူသည် စနစ်နှင့် စတင်ဆက်သွယ်လိုက်၏။
"စနစ်...နှောင်ကြိုးအဆင့်မြှင့်တင်ခြင်း အတွက် သဲလွန်စတွေနဲ့ ပတ်သက်တဲ့ အရိပ်အမြွက်တွေ ရှိလား..."
"စနစ်က သီးသန့်အချိန်တွေနဲ့ သီးသန့်နေရာတွေမှာပဲ အရိပ်အမြွက်တွေ ပေးပါလိမ့်မယ်..."
"ဒီသောက်ရေးမပါတဲ့ စနစ်..."
ကျုံးချင်က သူ၏စိတ်နှလုံးသားထဲတွင် ညည်းညူလိုက်သည်။
ဤသို့ ဖြစ်လာမည်ကို သူ သိထားပေ၏။
ကျုံးချင်၏မကျေနပ်မှုကို အာရုံခံမိသည့်အလား စနစ် ၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။
"ဒါပေမဲ့ လက်ခံသူအတွက် အမည်ခံတပည့် လုပ်ဆောင်ချက်ကို ဖွင့်ပေးနိုင်ပါတယ်..."
"အမည်ခံတပည့်တွေမှာ အရေအတွက် ကန့်သတ်ချက် မရှိဘူး... သီးသန့်ကန့်သတ်ချက်တွေ မရှိဘူး... ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်ဆနှုန်းနဲ့ပဲ ပြန်လည်ရောက်ရှိနိုင်လိမ့်မယ်..."
ဤစကားကို ကြားသောအခါ ကျုံးချင်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူ့တပည့်များ၏ ကျင့်ကြံမှုကို အဆတစ်သောင်း ပြန်လည်ရောက်ရှိစေခြင်းက သူ၏ကျင့်ကြံမှု တိုးတက်ခြင်းအတွက် အလွန်အမင်း စိတ်ကျေနပ်စရာ ကောင်းလှသည်။
သို့သော် တပည့်အရေအတွက်မှာ နည်းပါးလွန်းလှ၏။
ထို့ပြင် တပည့် လက်ခံခြင်းအတွက် သတ်မှတ်ချက်များမှာလည်း အလွန်အမင်း တင်းကျပ်လှသည်။
လင်းဖုန်းနှင့်စုယဲ့တို့သည် ပြိုင်ဘက်ကင်း အမှိုက်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်ကြသည်။
ဤခေတ်တွင် ပါရမီရှင်များစွာရှိပြီး လုံ့လဝီရိယရှိရှိ ရှာဖွေပါက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်စုကို အမြဲတစေ ရှာတွေ့နိုင်သည်။
သို့သော် ပြိုင်ဘက်ကင်း အမှိုက်ရုပ်ခန္ဓာကိုယ်များနှင့် ပတ်သက်၍ ကျုံးချင်သည် ဤလောကတွင် သူ ဖြတ်သန်းခဲ့သော အချိန်များတလျှောက် နှစ်ဦးသာ တွေ့ဖူးသေး၏။
ထို့နောက် တုဟောက်နှင့်ပိုင်လင်းတို့ရှိပြီး သူတို့နှစ်ဦးလုံး အထူးရုပ်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်။
သူတို့၏တည်ရှိမှုမှာ ထူးခြားသည်ဟု ဆိုနိုင်ပေ၏။
ပဉ္စမမြောက် အနာဂတ်တပည့်တွင်ပင် ကြီးမားသော လျှို့ဝှက်ချက်များ ပုန်းကွယ်နေသည်။
ဤတပည့်များအားလုံးတွင် တူညီသော အချက်တစ်ချက်ရှိနေပြီး ဤသည်မှာ သူတို့သည် အလွန်အမင်း ရှားပါးပြီး ရှာတွေ့ရန် ခက်ခဲခြင်းပင်။
သို့သော် ယခုအချိန်၌ စနစ်သည် အမည်ခံတပည့် လုပ်ဆောင်ချက်ကို အမှန်တကယ် ဖွင့်ပေးလိုက်လေပြီ။
သူတို့၏ကျင့်ကြံမှုသည် သူ့ထံသို့ အဆတစ်ဆနှုန်းဖြင့်သာ ပြန်လည်ရောက်ရှိနိုင်ကာ အစစ်အမှန်တပည့်များမှရရှိသော အဆတစ်သောင်းလောက် ချဲ့ကားထားခြင်း မရှိချေ။
ထိုအရာ၏ အားသာချက်မှာ အရေအတွက် ကန့်သတ်ချက် မရှိခြင်းပင်။
အကယ်၍ တစ်နေ့နေ့တွင် ကျုံးချင်သည် တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီး ကျယ်ပြန့်သော ကွန်ရက်ချဉ်းကပ်မှုတစ်ခုကို အသုံးပြုမည်ဆိုပါက....
အမည်ခံတပည့်များသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာသည်နှင့်....
သူ နေ့တိုင်းဘာမှလုပ်စရာမလိုဘဲ ထိုင်နေရုံဖြင့် ကြီးမားသော ကျင့်ကြံမှုစွမ်းအား ပမာဏကို ယူဆောင်လာပေးမည် မဟုတ်လော....
အချိန်တခဏအတွင်း ကျုံးချင် အလွန်အမင်း တက်ကြွသွားသည်။
သူ၏ တောက်ပနေပြီဖြစ်သော အနာဂတ်မှာ ပို၍ပင် မျက်စိကျိန်းလောက်ပြီး အာမခံချက်များစွာ ရှိလာသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် အလွန်လျင်မြန်စွာဖြင့် ကျုံးချင်၏စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာခဲ့ပေ၏။
"စနစ်... အမည်ခံတပည့် လုပ်ဆောင်ချက်ကို ဘာလို့ အခုမှ ဖွင့်တာလဲ... ပြီးတော့ အရင်က ဘာလို့ ဒီ လုပ်ဆောင်ချက် မရှိခဲ့တာလဲ..."
အကယ်၍ ဤလုပ်ဆောင်ချက်ကို ယခင်ကတည်းက မိတ်ဆက်ခဲ့ပါက သူ၏ကိုယ်ပိုင်ကျင့်ကြံမှုမှာ လက်ရှိ အောင်မြင်မှုများထက် များစွာကျော်လွန်နေလိမ့်မည်ဟု ကျုံးချင် ခံစားမိသည်။
"စနစ်က မပြည့်စုံသေးပါဘူး... လက်ခံသူ ကြီးထွားလာတာနဲ့အမျှ လုပ်ဆောင်ချက်တွေက ပိုပြီးပြီးပြည့်စုံလာပါလိမ့်မယ်..."
ဤစကားများက ကျုံးချင်ကို စိတ်လှုပ်ရှားသွားစေခဲ့ပေ၏။
စနစ်၏ လက်ရှိလုပ်ဆောင်ချက်များမှာ ငြင်းဆန်၍မရလောက်အောင် အစွမ်းထက်လှသည်။
နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း လုပ်ဆောင်ချက် တပည့်များထံမှ ကျင့်ကြံမှု အဆတစ်သောင်း ပြန်လည်ရောက်ရှိခြင်း လုပ်ဆောင်ချက် ဆရာတပည့် ဆက်ဆံရေး နှောင်ကြိုးလုပ်ဆောင်ချက် အမည်ခံ တပည့် ကျင့်ကြံခြင်းတစ်ဆ ပြန်လည်ရောက်ရှိခြင်း လုပ်ဆောင်ချက်နှင့် အထူးဆုလာဘ်စာရင်း လုပ်ဆောင်ချက်ပင် ရှိနေသည်။
ဤမျှထိ များပြားသော လုပ်ဆောင်ချက်များ ရှိနေသော်လည်း စနစ်သည် လုပ်ဆောင်ချက်များ မပြည့်စုံသေးကြောင်း ပြောဆိုနေဆဲပင်။
ကျုံးချင်က တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤလှည့်စားမှုသည် ပို၍ပို၍ကြီးမားလာပုံရသည်ဟု သူ ခံစားမိပေ၏။
အခန်း ၄၁၆: အရက်တောင်းသောက်ခြင်း
နောက်တစ်နေ့ နံနက်တွင်....
ကျုံးချင်သည် ချီလင်ရှောင်ဟေး ရှောင်ကာတို့နှင့်အတူ သူတို့၏ခရီးကို ဆက်လက်၍ ထွက်ခွာခဲ့သည်။
သူတို့သည် လေထဲတွင် ပျံသန်း၍ ခရီးသွားနေခဲ့ကြ၏။
အောက်သို့ငုံ့ကြည့်လိုက်ရာ တောင်တန်းများက အလွှာလိုက်အလွှာလိုက် အဆုံးအစမရှိ ဖြန့်ကျက်နေသည်။
ထိုအရာများသည် ရှေးဟောင်းဆန်ပြီး လောကဓံအပြောင်းအလဲများ၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
အဝေးတွင် တောင်တန်းတချို့သည် ပျံသန်းနေသော ကျားဖြူများနှင့် တူညီပြီး တချို့က အိပ်ပျော်နေသော မြွေကြီးများနှင့် တူညီကာ တချို့ကမူ တောင်ပံများ ဖြန့်ထားသော လင်းယုန်ကြီးများနှင့် တူညီသည်။
တောင်တန်းတိုင်းသည် သာမန်ထက် သာလွန်ထူးကဲပြီး ထူးခြားလှ၏။
တောင်တန်းတချို့သည် ရှေးဟောင်းရက်စက်ကြမ်းကြုတ်သားရဲများကို ပြုစုပျိုးထောင်နေသည့်အလားပင်။
တစ်ချိန်တည်းမှာပင် တောင်တန်းများအတွင်း၌ လူသားမျိုးနွယ်၏ ပုံရိပ်တချို့ကို ဝိုးတဝါး မြင်တွေ့နိုင်သည်။
ဤတောင်တန်းများတွင် အန္တရာယ်များသော်လည်း ကြီးမားသော အခွင့်အရေးများနှင့် ကံကောင်းမှုများဖြင့် ပြည့်နှက်နေ၏။ ဤလူများအားလုံးသည် ရတနာ ရှာဖွေရန် ထိုနေရာတွင် ရှိနေကြကြောင်း သိသာရှင်းလင်းသည်။
ဤအချက်သည် တွေ့ရခဲသောအရာ မဟုတ်ချေ။
လျှို့ဝှက်ဆန်းကြယ်နယ်မြေသတ္တုတွင်းမှ ထွက်လာကတည်းက ကျုံးချင်သည် လမ်းတလျှောက်တွင် ရတနာမုဆိုး အမြောက်အများကို မြင်တွေ့မိသည်။
ထိုလူများအနက် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်တည်း အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော အဖွဲ့များသည် မနည်းလှချေ။
သူတို့ ရှာတွေ့ထားသော အခွင့်အရေးကို သိမ်းပိုက်ရန်အတွက် သူတို့၏အဖော်များကို ရက်ရက်စက်စက် သတ်ဖြတ်သူများလည်း မနည်းပေ။
အလယ်ပိုင်းဒေသသည် ထူးချွန်သူများ၏ နယ်မြေ တစ်ခုဖြစ်ပြီး ပါရမီရှင်အများအပြားကို မွေးထုတ်ပေးသော်လည်း...
သို့သော် ဤရက်ပိုင်းအတွင်း သူ မြင်တွေ့ ကြားသိခဲ့ရသောအရာများမှတဆင့် ကြွယ်ဝချမ်းသာမှုနှင့် တိုးတက်မှု၏ နောက်ကွယ်တွင် ပို၍ပင် သွေးထွက်သံယိုများပြီး ရက်စက်ကြမ်းတမ်းသော ဥပဒေသတစ်ခု ရှိနေကြောင်း ကျုံးချင်ကို နားလည်သွားစေခဲ့သည်။
...
နေ့ဝက်ကြာမြင့်ပြီးနောက် သူတို့သုံးဦးသား တောင်တန်းများ၏နယ်နိမိတ်မှ ထွက်ခွာလာခဲ့ကြ၏။
အဝေးတွင် လူသားများ၏ လှုပ်ရှားမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
အရှေ့တွင် လူနေထူထပ်မှု များလာသည်ကို မြင်သောအခါ ချီလင်ရှောင်ဟေးက ကျယ်လောင်စွာ ပြောလိုက်သည်။
"သခင်... သခင့်အတွက် မလိုလားအပ်တဲ့ ပြဿနာ တွေ ဖြစ်မလာအောင် ကျွန်တော်က ယာယီပုန်းနေရမလား..."
ကျုံးချင်က ခေါင်းညိတ်လိုက်၏။
ချီလင်၏ အထူးအဆင့်အတန်းသည် သူ ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဆိုလိုခြင်းပင်။
သူ ပြဿနာများကို မကြောက်သော်လည်း နှစ်သက်ခြင်းလည်း မရှိချေ။
အကယ်၍ သူ ရှောင်လွှဲနိုင်ပါက ရှောင်လွှဲခြင်းသည် အကောင်းဆုံးပင်။
မကြာမီ ချီလင်သည် အမှတ်အသားတစ်ခုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး ကျုံးချင်၏လက်ပေါ်တွင် ရစ်ပတ်သွားပေ၏။
ချီလင် ပျောက်ကွယ်သွားသည်နှင့်အမျှ ရှောင်ကာက ကျုံးချင်ကို သနားစရာ ကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သခင်... ကျွန်တော်လည်း ဝင်ချင်တယ်..."
ကျုံးချင်သည် ထိုကောင်လေးကို လက်တစ်ဖက်ဖြင့် ကောက်ကိုင်ပြီး အမှတ်အသားလေဟာနယ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်တော့သည်။
ယခုချိန်၌ တစ်ယောက်တည်း ဖြစ်နေသော ကျုံးချင်သည် မသိစိတ်မှ အရက်တစ်ငုံ သောက်လိုက်ရာ ယခင်က ဝူကျောက်တို့ ညီအစ်ကိုသုံးဦး ပေးခဲ့သော အရက်အိုးမှာ ကုန်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူသည် တိမ်များအထက်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ရှေးဟောင်းလမ်းမပေါ်တွင် အရက်ဆိုင် တစ်ဆိုင် ကို မြင်တွေ့မိပေ၏။
ထိုအရက်ဆိုင်သည် သေးငယ်ပြီး ရှေးဟောင်းသစ်သား များနှင့် ကောက်ရိုးအမိုးများဖြင့် တည်ဆောက်ထားသော ခန်းမဆောင်တစ်ခုပင်။
အရက်ဆိုင်၏ အပြင်ဘက်တွင် လူအမြောက်အများစောင့်ဆိုင်းနေကြသည်ကို မြင်တွေ့နိုင်ပြီး လုပ်ငန်း အဆင်ပြေကြောင်း ပြသနေသည်။
ကျုံးချင်က လှုပ်ရှားလိုက်ပြီး တိမ်များအထက်မှ ဆင်းသက်လိုက်သည်။
ထိုကဲ့သို့ ဝင်ရောက်လာမှုမျိုးက အကယ်၍ အရှေ့ပိုင်းဒေသတွင်သာဆိုလျှင် ဆူပူအုံကြွမှုတစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
သို့သော် ဤနေရာသည် အလယ်ပိုင်းဒေသပင်။
ထိုနေရာ၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် အလယ်ပိုင်းဒေသတွင် နေထိုင်သောလူများသည် အရွယ်ရောက်သည်နှင့် တပြိုင်နက် ကျင့်ကြံခြင်းကို တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ဖူးသူများ ပင်လျှင် ကျင်တစ်ထောင်လေးလံသော နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားကြ၏။
ထို့ပြင် အလယ်ပိုင်းဒေသတွင် ကျင့်ကြံခြင်း အလေ့အထမှာ ပျံ့နှံ့နေသည်။
လူအုပ်ထဲတွင် အကယ်၍ တစ်စုံတစ်ယောက်သည် အုတ်ခဲတစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်လိုက်ပါက ကျင့်ကြံသူတစ်ဦးကို ထိမှန်ရန် အလားအလာ အလွန် များသည်။
မိုးကောင်းကင်ယံမှ ဆင်းသက်လာသော ကျင့်ကြံသူများအတွက်မူ ဤနေရာတွင် ထမင်းစားရေသောက်ကဲ့သို့ သာမန်ဖြစ်ရိုးဖြစ်စဥ်သာဖြစ်ပြီး အံ့အားသင့်စရာ လုံးဝမဟုတ်ချေ။
ထို့ကြောင့် ကျုံးချင် ရောက်ရှိလာခြင်းက လူအများ၏အာရုံစိုက်မှုကို များစွာမရရှိခဲ့ချေ။
အများဆုံးအနေဖြင့် လူတချို့က သူ၏သာမန်ထက် လွန်ကဲသော အရှိန်အဝါနှင့် ချောမောသော အသွင်အပြင်ကို မြင်သောအခါ အံ့အားသင့်ချီးကျူးသံတစ်သံကို ထုတ်လွှတ်လိုက်ရုံသာ ရှိပေ၏။
သို့ရာတွင် ဤမျှထက် လွန်ကဲလာခြင်းမရှိချေ။
ကျုံးချင်က အရက်ဝယ်ရန် အရက်ဆိုင်အတွင်းသို့ ဝင်ရောက်တော့မည့် အချိန်လေးမှာပင်....
စားပွဲထိုး၏အသံက အတွင်းမှ ထွက်ပေါ်လာသည်။
"လူကြီးမင်းတို့... ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်... ကျွန်တော်တို့ဆိုင်က အရက် တွေ ကုန်သွားပါပြီ..."
"ဆိုင်ရှင်က ပစ္စည်းတွေ ထပ်ယူဖို့ မြို့ထဲကို လူလွှတ်လိုက်ပါပြီ..."
"အရက်က မနက်ဖြန် နေ့လယ်မှပဲ ရပါတော့မယ်... အဆင်မပြေမှုတွေ ဖြစ်သွားရင် တောင်းပန်ပါတယ်... နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လက်ရှိနေရာတွင် ဆဲရေးတိုင်းထွာသံများ ပေါက်ကွဲထွက်လာတော့သည်။
ဤရှေးဟောင်းလမ်းမပေါ်တွင် ထွက်ပေါ်လာသော လူများအနက် အများစုမှာ မဟာတောင်တန်းများ တွင် စူးစမ်းလေ့လာမှုများမှ ပြန်လာသူများပင်။
ဤနေရာ၏ ရှေ့တွင် ရွာမရှိဘဲ အနောက်တွင် စားသောက်ဆိုင် မရှိချေ။
ဤအရက်ဆိုင်တစ်ဆိုင်တည်းကသာ သူတို့၏ အရက်လိုအပ်ချက်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။
ယခုချိန်၌ အရက်မရှိတော့ကြောင်း ကြားသောအခါ လူတချို့သည် အလွန်အမင်း မကျေမနပ်ဖြစ်ပြီး စိတ်အခြေအနေ အလွန်ဆိုးရွားနေကြ၏။
သို့သော် စားပွဲထိုး၏ နှိမ့်ချပြီး တောင်းပန်သော အပြုံးများက သူတို့၏စိတ်ပျက်မှုကို ဖွင့်ထုတ်ရန် အခွင့်အရေး မပေးခဲ့တော့ချေ။
သူတို့သည် တစ်ယောက်ပြီး တစ်ယောက် မှုန်ကုပ်နေသော မျက်နှာများဖြင့် ထွက်ခွာသွားခဲ့ကြသည်။
ကျုံးချင်သည်လည်း လူအုပ်၏နောက်မှ လိုက်ကာ အရက်ဆိုင်မှ ထွက်လာခဲ့သည်။
သူ အနီးအနားရှိ မြို့ တစ်မြို့သို့ သွားရာလမ်းကို မေးမြန်းတော့မည့် အချိန်မှာပင်..
"ညီငယ်လေး....မင်းရဲ့ပုံစံကိုကြည့်ရတာ မင်းက အရက် ဝယ်ဖို့ လာတာမလား... အခု အရက်ဆိုင်မှာ ရောင်းစရာ အရက်မရှိတော့ဘူး ဆိုတော့ မင်း စိတ်မဆိုးရင် အရက်တစ်ခွက်လောက် လာသောက်ပါလား..."
ထိုအချိန်မှာပင် အရက်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ တည်းခိုခန်းတစ်ခု၏ အဝင်ဝတွင် မတ်တတ်ရပ်နေသော လူလတ်ပိုင်းကြီးတစ်ဦးက ကျုံးချင်အား ဖိတ်ခေါ်လိုက်၏။
တည်းခိုခန်းများသည် အလယ်ပိုင်းဒေသတွင် တွေ့ရအများဆုံး နေရာများပင်။
ထိုအရာများကို ဒေသခံ ဂိုဏ်းအင်အားစုများက တည်ဆောက်ထားပြီး တချို့သောလူများ အနားယူရန်အတွက် အထူးသီးသန့်တည်ဆောက်ထားခြင်းပင်။
ဤသည်က ကျုံးချင်၏အတိတ်ဘဝမှ တရားဝင် တည်းခိုခန်းများနှင့် ဆင်တူသည်။
သေချာသည်မှာ ဤကသောင်းကနင်းမြေတွင် အင်ပါယာတစ်ခု၏ ထိန်းချုပ်မှု မရှိချေ။
ထိုသို့မဟုတ်ပါက တချို့နေရာများတွင် တိုင်းပြည်များ အမှန်တကယ် ရှိနေသော်လည်း ဂိုဏ်းများ၏ အခွင့်အာဏာမှာ တော်ဝင်အာဏာထက် လုံးလုံးလျားလျား သာလွန်သည်။
ဤတည်းခိုခန်းတွင် တည်းခိုနိုင်သူများမှာ သာမန်လူများ မဟုတ်ကြချေ။
သိသာထင်ရှားသည်မှာ ကျုံးချင်ကို ဖိတ်ခေါ်သော လူလတ်ပိုင်းကြီးတွင် သာမန်လူများထက် သိသိသာသာ ပို၍မြင့်မားသော အဆင့်အတန်းတစ်ခု ရှိနေခြင်းပင်။
အရက်ဆိုင်မှ ထွက်လာသော လူများသည် ထိုလူလတ်ပိုင်းကြီးကို မြင်သောအခါ သူတို့၏ မျက်နှာများတွင် ရိုသေလေးစားမှုအား အနည်းနှင့်အများ ပြသခဲ့ကြသည်။
ကျုံးချင်က နောက်တစ်ကြိမ် အတည်ပြုလိုက်သည်။
"လူကြီးမင်း... ကျွန်တော့်ကို ခေါ်နေတာလား..."
လူလတ်ပိုင်းကြီးက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"ဟုတ်ပါတယ်..."
"ညီငယ်လေးက အရက်တစ်ခွက်သောက်ဖို့ ငါ့နဲ့ အဖော်လုပ်ပေးနိုင်မလား..."
"သေချာတာပေါ့..."
ကျုံးချင်ကလည်း ပြုံးလိုက်၏။
တစ်စုံတစ်ယောက်က သူ့ကို အရက်သောက်ရန် ဖိတ်ခေါ်သဖြင့် သူ့ထံ၌ ငြင်းဆန်စရာ အကြောင်းပြချက်မရှိချေ။
တည်းခိုခန်းသည် အလွန်ကြီးမားလှပြီး အဆောက်အဦးမှာ အထပ်ခုနစ်ထပ် ရှိနေသည်။
ထိုတည်းခိုခန်းကို ဤရှေးဟောင်းလမ်းမ၏နံဘေးတွင် အရက်ဆိုင်နှင့် မျက်နှာချင်းဆိုင် တည်ဆောက်ထားခြင်းဖြစ်ပြီး အလွန်ခမ်းနားထည်ဝါသည်။
ဤနေရာ၌ ခန်းမဆောင်များ မျှော်စင်များကျောက်ဆောင်တုများ နှင့် စမ်းချောင်းများ ပါဝင်သည့် ပန်းခြံများ ရှိနေသည်။
ထို့ပြင် အနားယူရန် နေရာများ ဖျော်ဖြေရေး နေရာများနှင့် တာအို ဆွေးနွေးသည့် နေရာများပင် ရှိနေပေ၏။
ကျုံးချင်သည် ခန်းမဆောင်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခြင်းခံရသည်။
ခန်းမဆောင်အတွင်းရှိ စားပွဲပေါ်တွင် ရှားပါးသစ်သီးများနှင့် ဝိုင်အရက်ကောင်းများ ရှိနေသည်။
လူလတ်ပိုင်းကြီးက အပြုံးနှင့် ပြောဆိုသည်။
"ငါ့ရဲ့နာမည်က မြို့စားကူယန်ပါ...ညီငယ်လေးရဲ့ နာမည် ဘယ်လို ခေါ်လဲဆိုတာ မေးလို့ရမလား..."
သူ စကားပြောနေစဉ် ကျုံးချင်အတွက် ခွက်တစ်ခွက်ကို ပေါ့ပေါ့ပါးပါး ဖြည့်ပေးလိုက်၏။
"ကျုံးချင်..."
ကျုံးချင်က ယဉ်ကျေးမနေဘဲ ချက်ချင်းဆိုသလိုပင် ဝိုင်အရက်တစ်ခွက်လုံးကို မော့သောက်လိုက်သည်။
"ညီငယ်လေးကျုံး... ခုဏက မင်း တိမ်တွေပေါ်ကနေ ဆင်းသက်လာတာကို ငါ မြင်တယ်....ပြီးတော့ မင်းမှာ သာမန်ထက် လွန်ကဲတဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်... မင်းက ဂိုဏ်းကြီးတစ်ဂိုဏ်းက အရည်အချင်း မြင့်မားတဲ့ ပါရမီရှင်တပည့်တစ်ယောက်များလား..."
"ဒီတစ်ကြိမ်တော့ ခင်ဗျား အကဲဖြတ်တာ မှားသွားပြီ...ကျွန်တော်က ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အရည်အချင်း မြင့်မားတဲ့ တပည့်တစ်ယောက် မဟုတ်ပါဘူး...ကျွန်တော်က နာမည်မရှိတဲ့ ဂိုဏ်းငယ်လေး တစ်ဂိုဏ်းက လာတာပါ..."
ကျုံးချင်သည် ကိုယ့်ကိုယ်ကိုယ် လူစိမ်းတစ်ဦး အနေဖြင့် လုံးဝမဆက်ဆံခဲ့ချေ။ ဝိုင်အရက်တစ်ခွက် သောက်ပြီးနောက် စိတ်မကျေနပ်သေးသဖြင့် သူကိုယ်တိုင် နောက်ထပ်တစ်ခွက် ဖြည့်လိုက်၏။
ဤအပြုအမူက မြို့စားကူယန်ကို မနှစ်မြို့မှု မဖြစ်စေခဲ့ဘဲ သူ့ကို ပို၍ပင် ပြုံးသွားစေခဲ့သည်။
"ညီငယ်လေးကျုံးက တကယ့်ကို ပွင့်ပွင့်လင်းလင်းရှိတဲ့ လူတစ်ယောက်ပဲ.. ကျယ်ပြန့်တဲ့ လူသား ပင်လယ်ကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ရတာက ကံကြမ္မာ တစ်မျိုးပါပဲ..."
"ပြီးတော့ ဆုံတွေ့ပြီး အဆက်အသွယ်တစ်ခု တည်ဆောက်နိုင်တဲ့ လူတွေအတွက်ဆိုရင် အဲ့ဒါက ပိုပြီးတော့တောင် အံ့သြစရာ ကောင်းသေးတယ်..."
"ညီငယ်လေးကျုံးကို မြင်လိုက်ရတဲ့ အချိန်မှာတင် မင်းက သာမန်လူမဟုတ်ဘူးလို့ ငါ ခံစားလိုက်ရတယ်..."
"မင်းရဲ့ နောက်ခံက မမြင့်မားရင်တောင် မင်းမှာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိနေသရွေ့ တစ်နေ့နေ့ကျရင် မင်းအတွက် လောကတစ်ခုကို ကိုယ်တိုင်ဖန်တီးပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိလာနိုင်တယ်..."
"အဲ့ဒီလိုဆိုရင် ခင်ဗျားရဲ့ ကောင်းမွန်တဲ့ စကားတွေကို ကျွန်တော် မှတ်သားထားပါ့မယ်..."
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
အရက်သည် မိတ်ဆွေဖွဲ့ရန် အကောင်းဆုံးလက်နက်တစ်ခုဟု ပြောဆိုကြ၏။
အရက်ခွက် အနည်းငယ်သောက်ပြီးနောက် သူစိမ်း နှစ်ဦး တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြသည်။
စကားစမြည်ပြောဆိုမှုတချို့ ပြုလုပ်ပြီးနောက် ကျုံးချင်၏အပြုအမူက မြို့စား ကူယန်ကို သူ့အပေါ် ပို၍ပင် အထင်ကြီးသွားစေသည်။
သူသည် နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိဘဲ အလျင်လိုခြင်း မရှိသလို စိတ်မရှည်ခြင်းလည်း မရှိချေ။
သူ၏ စကားများနှင့်လုပ်ရပ်များမှာ သာလွန်ထူးကဲသော်လည်း အလွန်အမင်း တည်ငြိမ်လှသည်။
ဤသည်က သူ၏စိတ်နေသဘောထားနှင့် အလွန် လိုက်ဖက်နေသည်။
ထို့ပြင် စကားပြောဆိုမှုတချို့ ပြုလုပ်ပြီးနောက် မြို့စား ကူယန် တွေ့ရှိခဲ့သည်မှာ ...
နက္ခတ္တဗေဒ ပထဝီဝင် သို့မဟုတ် ကျင့်ကြံခြင်း အကြောင်းများကို ဆွေးနွေးသည်ဖြစ်စေ တစ်ဖက်လူက သွက်လက်စွာ ဖြေဆိုနိုင်ခြင်းပင်။
ဤကဲ့သို့လူမျိုးသည် အညတရ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းက ပြုစုပျိုးထောင်ထားသော တပည့်တစ်ယောက် ဖြစ်နိုင်ပါ့မလောဟု မြို့စားကူယန်က တွေးတောမိသည်။
သူ လုံးလုံးလျားလျား မယုံကြည်ခဲ့ချေ။