အခန်း (၄၁၉-၄၂၀)
Vol. 42 Ch. 419-420
အခန်း ၄၁၉: ဖုန်းယွီဂိုဏ်းမှ ဧည့်သည်
အချိန်အတော်ကြာပြီးနောက် မြို့စားကူယန် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့၏။
"ဒီတစ်ကြိမ်မှာ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ သခင့်ကို ကျေးဇူးတင်ပါတယ်..."
ကျုံးချင် မရှိပါက နောက်ဆက်တွဲအနေဖြင့် သူ မည်သည့်အရာများကို ရင်ဆိုင်ရမည်အား သူ စိတ်ကူးပင်ယဉ်ကြည့်ဝံ့ခြင်းမရှိချေ။
သူ၏သေဆုံးမှုမှာ အရေးမကြီးသော ကိစ္စတစ်ခု ဖြစ်သော်လည်း သူ၏သမီး ဤလူများ၏လက်ထဲသို့ ကျရောက်သွားပါက ဤသည်က အမှန်တကယ်ကို သတင်းဆိုးသာ ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူသည် ယခင်ကဲ့သို့ ကျုံးချင်အား ညီငယ်လေးကျုံးဟု ခေါ်ဆိုဝံ့ခြင်း မရှိတော့ချေ။
အလယ်ပိုင်းဒေသတွင် အစွမ်းထက်သူများကို အသက်အရွယ်မခွဲခြားဘဲ အမြဲတစေ လေးစားကြ၏။
ထို့ကြောင့် သူသည် ကျုံးချင်အား ပို၍လေးစားသော အသုံးအနှုန်းတစ်ခုဖြင့် သုံးနှုန်းလိုက်သည်။
ကျုံးချင်က ပြုံးပြပြီး မြို့စားကူယန်အပေါ် ချုပ်နှောင်ထားမှုများကို ပေါ့ပေါ့ပါးပါး ဖယ်ရှားပေးလေသည်။
"အစ်ကိုကူ... နေ့တစ်ဝက်လောက်ပဲ ခွဲခွာရသေးတာကို ဘာလို့ ဒီလောက်တောင် အလှမ်းဝေးသွားရတာလဲ..."
မြို့စားကူယန်က သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ရယ်မောလိုက်သည်။
"အရင်က ကျွန်တော်က အဆင်အခြင်မဲ့ပြီး သခင့်ရဲ့ စွမ်းအားတွေကို မသိခဲ့ဘူး... သခင့်ကို ညီငယ်လေးကျုံးလို့ ခေါ်ခဲ့တာက ရိုင်းစိုင်းပြီး မလေးမစား လုပ်ရာ ကျနေပြီ..."
"အခု သခင့်ရဲ့ သာမန်ထက် လွန်ကဲတဲ့ စွမ်းအားကို မြင်တွေ့ရပြီ ဆိုတော့ နောက်တစ်ကြိမ် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဲတော့ပါဘူး..."
ကျုံးချင် အတင်းအကြပ် မလုပ်ခဲ့ချေ။ သူတို့ ကြားတွင် အဆင့်အတန်း မညီမျှမှုတစ်ခု မသိမသာ ပေါ်ထွက်လာကြောင်း သူ သိထားသည်။
ဤမညီမျှမှုမှာ စွမ်းအားက ယူဆောင်လာသော အပြောင်းအလဲတစ်ခုပင်။
သူ ဤခံစားချက်ကို မကြိုက်သော်လည်း ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်းကို သူ ရှောင်လွှဲ၍ မရနိုင်ချေ။
သူသည် ဤကိစ္စအပေါ် ဆက်လက်၍ အာရုံမစိုက်တော့ချေ။
ထိုအစား မြေကြီးပေါ်ရှိ အလောင်းများထံမှ တိုက်ပွဲဝင်ပစ္စည်းများကို ကောက်ယူနေစဉ် သူက ပြောလိုက်သည်။
"ဒီလိုလူစုနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်သွားရတာလဲ..."
ထိုကဲ့သို့ ရတနာများအတွက် လူသတ်ခြင်းနှင့်လုယက်ခြင်း နည်းလမ်းများမှာ ကျင့်ကြံခြင်းလောကတွင် အဖြစ်အများဆုံးပင်။
မြို့စားကူယန်သည် ထိုအရာမှာ မှားယွင်းသည်ဟု မခံစားရချေ။
ကျုံးချင်၏ မေးခွန်းကို ကြားသောအခါ သူက ခါးသည်းသော အပြုံးဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဒီလူတွေကို ရန်စခဲ့တာ မဟုတ်ဘူး... သူတို့က ကျွန်တော်အပေါ် ကြိုတင်ကြံစည်ထားတဲ့ အစီအစဉ်တစ်ခု ရှိတယ်ဆိုတာ ရှင်းနေတယ်..."
"ကျွန်တော့်ရဲ့ ဒီတစ်ကြိမ်ခရီးစဉ်က တောတောင်တွေထဲက အဖိုးတန်ဆေးပင်တစ်ပင်ဖြစ်တဲ့... အနီရောင် ပုလဲပန်းကို ရှာဖို့ပဲ..."
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော့်သမီးက သူ့ရဲ့ ကျင့်ကြံခြင်းမှာ အမှားအယွင်းတစ်ခု ဖြစ်ခဲ့ပြီးတော့ သူ့ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်သွားခဲ့တယ်... အဲ့ဒါကို ပြန်ပြီးပြုပြင်ဖို့ ဖန်ဆင်းခြင်းဆေးလုံး လိုအပ်တယ်..."
"ပြီးတော့ အနီရောင်ပုလဲပန်းက ဖန်ဆင်းခြင်းဆေးလုံးကို သန့်စင်ဖို့ အဓိက ပါဝင်ပစ္စည်းပဲ..."
"သေချာတာပေါ့... အဲ့ဒါက အဆင့်ချိုးဖျက်ခြင်း ဆေးလုံးကို သန့်စင်ဖို့ အဓိကပါဝင်ပစ္စည်းလည်း ဖြစ်နေတယ်..."
"အဆင့်ချိုးဖျက်ခြင်းဆေးလုံးက ယန်သုံးပါးနယ်ပယ် တတိယအဆင့်ကနေ ဓမ္မသောင်းချီနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ အခွင့်အလမ်းတွေကို တိုးမြှင့်ပေးနိုင်တယ်..."
"ဒီဝမ်ရန်တောင်ဓားပြတွေက ကျွန်တော့်မှာ အနီရောင်ပုလဲပန်းရှိတယ်ဆိုတဲ့ သတင်းကို ဘယ်ကနေ ရခဲ့တာလဲ မသိဘူး..."
"ဒါကြောင့် သူတို့က ကျွန်တော့်ကို ကြိုတင်စောင့်ဆိုင်းပြီးတော့ ခြုံခိုတိုက်ခိုက်ခဲ့တာပါ..."
"သူတို့က ကျွန်တော့်ကို သူတို့ရဲ့ နယ်မြေအထိ တွန်းပို့ခဲ့တယ်....ပြီးတော့ သူတို့ရဲ့ ခေါင်းဆောင်က တိတ်တဆိတ် လှုပ်ရှားပြီးတော့ ကျွန်တော့်ကို အငိုက်ဖမ်းပြီး ဖမ်းဆီးခဲ့တယ်..."
"တကယ်လို့ ကျွန်တော်သာ အရမ်းအလျင်လိုနေတာကြောင့် သတိမထားမိဘဲ သူတို့ရဲ့ထောင်ချောက်ထဲကို ကျမသွားခဲ့ဘူးဆိုရင် သူတို့ ကျွန်တော့်ကို ဖမ်းဖို့ ဒီလောက်ထိ လွယ်ကူမှာ မဟုတ်ဘူး..."
မြို့စားကူယန်သည် ဖြစ်စဥ်တစ်ခုလုံးကို ရှင်းပြပြီးနောက် မဝံ့မရဲဖြင့် ပြောဆိုလိုက်၏။
"သခင်... ကျိုးကြောင်းဆီလျော်အောင် ပြောရရင် သခင်က ကျွန်တော်ရဲ့အသက်ကို ကယ်တင်ခဲ့တာမလို့ သခင့်ရဲ့ ကျေးဇူးကို ဆပ်ဖို့ ကျွန်တော်က အကြိမ်တစ်သောင်းလောက် သေရမယ်ဆိုရင်တောင် တွန့်ဆုတ်မှာ မဟုတ်ပါဘူး..."
"ဒါပေမဲ့ အဲဒီ အနီရောင်ပုလဲပန်းက ကျွန်တော့်သမီး ရဲ့ ဒဏ်ရာတွေအတွက် အရေးကြီးတဲ့ အဖိုးတန် ဆေးပင်ပါ... အဲဒါကို ကျွန်တော့်ဆီ ပြန်ပေးလို့ ရမလား..."
"အဲ့ဒီဆေးပင်အတွက် ညီမျှတဲ့ လျော်ကြေးနဲ့ လဲလှယ်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..."
"အဲဒါက အဆင်ပြေနိုင်မလား..."
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် ဝမ်ရန်တောင်ဓားပြများ၏ ခေါင်းဆောင်ထံမှ သိုလှောင်အိတ်များကို ဆွဲထုတ်ပြီးဖြစ်သည်။
ထိုအရာများကို အာရုံခံပြီးနောက် သူသည် အပြာနုရောင် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါက မင်းဟာလား"
သူက မေးမြန်းလိုက်သည်။
မြို့စားကူယန်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
ကျုံးချင်က သူ၏သိုလှောင်အိတ်ကို သူ့ထံသို့ တိုက်ရိုက်ပြန်ပစ်ပေးလေသည်။
မြို့စားကူယန်က ထိုအိတ်ကိုယူကာ စစ်ဆေးကြည့်ပြီးနောက် အနီရောင်ပုလဲပန်းကို အတွင်း၌ တွေ့ရှိသွားသဖြင့် သူ အလွန်ဝမ်းသာသွားသည်။
"ကျေးဇူးတင်ပါတယ် သခင်..."
"ဒါပေမဲ့ ဒီသိုလှောင်အိတ်က ဓားပြတွေ လုယူသွားခဲ့ပြီးတော့ အခု သခင်က ပြန်ယူပေးခဲ့တာဆိုတော့ အဲဒါက သခင့်ရဲ့ ပစ္စည်း ဖြစ်သင့်တယ်..."
"ကျွန်တော်က အနီရောင်ပုလဲပန်းကိုပဲ ပြန်ယူပါ့မယ်... ကျန်တဲ့ပစ္စည်းတွေကို သခင့်ဆီ ပြန်ပေးပါ့မယ်..."
"ဒီတစ်ကြိမ် ပြန်ရောက်ပြီးတာနဲ့ အနီရောင်ပုလဲပန်း နဲ့ တန်ဖိုးညီမျှတဲ့ ပစ္စည်းတွေကို ချက်ချင်းစုဆောင်းပြီးတော့ သခင့်ဆီ ပြန်ပေးအပ်ပါ့မယ်..."
ထိုစကားကိုကြားချိန်၌ ကျုံးချင်က ပြုံးလိုက်သည်။
"ဘာလို့ အဲဒီလောက်ထိ အလုပ်ရှုပ်ခံနေမှာလဲ...အရင်က ခင်ဗျား ကျွန်တော့်ကို အရက်တိုက်ခဲ့တယ်...အခု ကျွန်တော် ခင်ဗျားကို တစ်ကြိမ် ကယ်တင်ခဲ့တယ်ဆိုတော့ မျှတသွားပြီ..."
"ခင်ဗျား အတွက် ကျွန်တော် ပြန်ယူပေးခဲ့တဲ့ ရတနာ တွေ အတွက်ကတော့ ကျွန်တော့်ကို နောက်ထပ် အရက်တစ်ဝိုင်း တိုက်လိုက်လေ..."
ဤစကားကို ကြားသောအခါ မြို့စား ကူယန်သည် အချိန်တခဏကြာမျှ မှင်တက်သွားပေ၏။
ဤမျှထိ ကြီးမားသော ကျေးဇူးအတွက် ကျုံးချင် လိုချင်သော ဆုလာဘ်မှာ အရက်တစ်ဝိုင်းသာ ဖြစ်နေသည်။
သို့သော် ဤအချိန်တွင် ကိစ္စတစ်ခုကို သူ အကြမ်းဖျင်း နားလည်သွားသည်။
သူ၏မျက်လုံးများထဲတွင် အလွန်အမင်း အဖိုးတန်သောအရာမှာ တစ်ဖက်လူ၏မျက်လုံးများတွင် သာမန်အရာများသာ ဖြစ်နေနိုင်ခြင်းပင်။
ထို့ပြင် တိတိကျကျပြောရလျှင် သူ့အပေါ် ကျုံးချင်၏ ကျေးဇူးကို ရတနာအနည်းငယ်မျှဖြင့် လျော်ကြေးပေး၍ မရနိုင်ချေ။
ဤအချက်ကို တွေးမိချိန်၌ မြို့စားကူယန်သည် ထိုကိစ္စကို ဆက်မပြောတော့ချေ။
သူက ပြောဆိုလိုက်သည်။
"သခင့်ရဲ့ကျေးဇူးကို ဆပ်ဖို့က အရက်တစ်ဝိုင်းနဲ့ ဘယ်လိုလုပ်ပြီး လုံလောက်နိုင်မှာလဲ....သခင် စိတ်မရှိဘူးဆိုရင် ကျွန်တော့်အိမ်တော်ရဲ့ တံခါးတွေက သခင့်အတွက် အခုကစပြီး အမြဲတမ်း ဖွင့်ထားမှာပါ..သခင် ဆန္ဒရှိသလောက် သောက်လို့ ရပါတယ်..သခင်က ကျွန်တော့်ရဲ့အိမ်တော်မှာ နေပြီးတော့တောင် သောက်လို့ ရပါတယ်..."
ကျုံးချင်သည် ယခုအချိန်တွင် အလောင်းများမှ ပစ္စည်းများ ရှာဖွေသိမ်းဆည်းခြင်း ပြီးဆုံးသွားလေပြီ။
မြို့စားကူယန် ဤမျှထိ တည်ကြည်လေးနက်စွာပြောဆိုသည်ကို ကြားချိန်၌ သူက တုံ့ပြန်လိုက်သည်။
"အဲဒီလိုဆိုရင်တော့ ငါ အားနာမနေတော့ဘူး...အခု ငါ့မှာ သွားစရာနေရာ မရှိဘူး...ဒါကြောင့် မင်းရဲ့ အိမ်တော်မှာ နေစရာ နေရာတစ်ခု ပေးနိုင်ရင် အဲဒါက ငါ့အတွက် အခြေချစရာ နေရာတစ်ခု ဖြစ်လာလိမ့်မယ်..."
သူ စကားပြောဆိုနေစဉ် သူ ရရှိထားသောအရာများကို စူးစမ်းလေ့လာနေခဲ့သည်။
အလယ်ပိုင်းဒေသကို ထူးချွန်သောပုဂ္ဂိုလ်များနှင့် ပေါကြွယ်ဝသော အရင်းအမြစ်များရှိသည့် နယ်မြေ တစ်ခုဟု ခေါ်ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
ဓားပြအနည်းငယ်ပင်လျှင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများကို သယ်ဆောင်ထားကြ၏။
ဘုရင်အဆင့် မဟာဆေးလုံးနှင့် ပဉ္စမ သို့မဟုတ် ဆဋ္ဌမ အဆင့် စိတ်ဝိညာဉ် ဆေးလုံးများပင်လျှင် မနည်းလှချေ။
ထို့ပြင် ကျုံးချင်ကို အံ့အားသင့်စေသောအရာမှာ သိုလှောင်အိတ်တစ်အိတ်အတွင်းတွင် ခြေလှမ်းတစ်ဝက် ဧကရာဇ်အဆင့် နည်းစနစ်တစ်ခု ရှိနေခြင်း ပင်။
ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် နည်းစနစ်တစ်ခုသည် ဂိုဏ်းကြီးတချို့၏ အဖိုးတန်ဆုံး ရတနာဖြစ်ရန် လုံလောက်ပြီး ခြေလှမ်းတစ်ဝက် ဧကရာဇ်အဆင့် နည်းစနစ်တစ်ခုမှာလည်း တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။
ကြီးမားသော ဓနဥစ္စာက ကျုံးချင်ကို အံ့အားသင့်စွာဖြင့် နှုတ်ခမ်းသပ်သွားစေခဲ့သည်။
သို့သော် သူ့အတွက် မလိုအပ်ဆုံးအရာမှာ ကျင့်ကြံနည်းစနစ်များပင်။
ကျုံးချင်သည် ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ် ထောင့်တစ်နေရာသို့ ပစ်ထည့်လိုက်၏။
သူ တိုက်ရာပါပစ္စည်းများကို ရေတွက်ပြီးနောက် ညနေစောင်းနေလေပြီ။
ကျုံးချင် သူ၏အိမ်တွင် တည်းခိုမည်ဟု ကြားချိန်၌ မြို့စား ကူယန်က ကျေးဇူးဆပ်ရန် စိတ်အားထက်သန်နေသည်။
ယခု ကျုံးချင် ရတနာများကို သိမ်းဆည်းပြီးသည်အား မြင်တွေ့ချိန်၌ သူက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်သည်။
"သခင်... အခု အချိန်လည်း လင့်နေပြီ... ဝမ်ပြန့်မြို့ ကို ရောက်ဖို့လည်း နည်းနည်းဝေးသေးတယ် ဆိုတော့... ကျွန်တော်တို့ သွားကြရအောင်..."
ကျုံးချင်က ခေါင်းညိတ်လိုက်၏။
ဤသို့ဖြင့် မြို့စား ကူယန်၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ဦးသည် လမ်းတလျှောက်လုံး လေထဲမှ ပျံသန်းသွားခဲ့သည်။
နေဝင်သွားပြီးနောက်မှသာ သူတို့နှစ်ဦးသည် သူတို့၏ ခရီးဆုံးပန်းတိုင်သို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့ကြသည်။
ဝမ်ပြန့်မြို့ သည် မြို့ငယ်လေးတစ်မြို့ဟု ခေါ်ဆိုသော်လည်း လူဦးရေတစ်သန်းကျော် ရှိနေပေ၏။
ညအချိန် ဖြစ်သော်လည်း မြို့သည် လင်းထိန်နေပြီး သက်ဝင်လှုပ်ရှားနေသော အသံများမှာ အဆုံးမရှိဘဲ အလွန်စည်ကားနေသည်။
သူတို့နှစ်ဦးသား မြို့စားအိမ်တော်သို့ တိုက်ရိုက်သွားခဲ့ကြသည်။
စည်ကားနေသော ဝမ်ပြန့်မြို့နှင့် နှိုင်းယှဉ်ပါက မြို့စား အိမ်တော်မှာ များစွာပို၍ တိတ်ဆိတ်လှသည်။
"မြို့စားမင်း..."
တံခါးတွင် တာဝန်ကျနေသော အစောင့်များက မြို့စား ကူယန်ကို မြင်တွေ့ချိန်၌ အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"အင်း..."
မြို့စားကူယန်က ခေါင်းညိတ်ပြပြီးနောက် အမိန့်ပေးလိုက်သည်။
"ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲ တစ်ခု ပြင်ဆင်ဖို့ အစေခံတွေကို အသိပေးလိုက်... ငါက ကြီးမြတ်တဲ့ ဧည့်သည်တစ်ယောက်ကို ဧည့်ခံချင်တယ်..."
ဤစကားကိုကြားချိန်၌ အစောင့်က ကျုံးချင်ကို သိချင်စိတ်ပြင်းပြစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
သူတို့၏မြို့စားထံမှ ဤမျှထိ လေးနက်သော ဆက်ဆံမှုကို ခံရသည်မှာ မည်သည့်ဂိုဏ်းမှ လေးစားရသော တပည့်တစ်ဦး ဖြစ်မည်နည်းဟု သူ တွေးတောမိသည်။
သို့သော် သူ အချိန်ကြာမြင့်စွာ စိုက်ကြည့်ဝံ့ခြင်း မရှိခဲ့ချေ။
မြို့စား၏ ကြီးမြတ်သောဧည့်သည်သည် အလွန်အမင်း မြင့်မြတ်သော အဆင့်အတန်းရှိသည့် တည်ရှိမှုတစ်ခုဖြစ်ရာ သူ မည်သို့ စပ်စုနိုင်မည်နည်း။
သို့သော် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲ အသင့်မဖြစ်မီ အိမ်တော်ထိန်းတစ်ဦးက အလျင်အမြန် ရောက်လာပြီး သတင်းပို့လေ၏။
"မြို့စားမင်း... ဖုန်းယွီဂိုဏ်းရဲ့ သံတမန်က အရှင့်ကို စောင့်နေတာ အချိန်အတော်ကြာနေပြီ..."
ဤစကားများကို ကြားလိုက်သည်နှင့် တပြိုင်နက် မြို့စားကူယန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ကျုံးချင်၏မျက်လုံးအကြည့်သည်လည်း မသိမသာ လှုပ်ခတ်သွားပေ၏။ သို့သော် ထိုနောက် ပုံမှန် အတိုင်း ပြန်ဖြစ်သွားပြီး သူ၏မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မမြင်တွေ့ရတော့ချေ။
အခန်း ၄၂၀: အရေးပါသော ရာထူးတစ်ခု၌ ခန့်အပ်ခြင်း
မြို့စားအိမ်တော်အတွင်းတွင် မြို့စားကူယန်သည် ကျုံးချင်အား တောင်းပန်စကား ပြောဆိုလိုက်၏။
"သခင်... ဖုန်းယွီဂိုဏ်းက ရောက်လာပြီ... သူတို့ကို လက်ခံရုံကလွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ပါဘူး... ကျွန်တော့်ရဲ့ ဧည့်ဝတ်ကျေပွန်မှု အားနည်းချက်အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
"ကိစ္စ မရှိပါဘူး... မင်း သွားပါ..."
မြို့စားကူယန်သည် ထွက်ခွာမသွားမီ သူက အိမ်တော်ထိန်းနှင့်အစေခံများကို ပြောဆိုလိုက်သည်။
"သခင်က ငါ့ရဲ့ ကြီးမြတ်တဲ့ ဧည့်သည် ဖြစ်ရုံတင်မကဘူး... ငါ့ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်... မင်းတို့အားလုံး သူ့ကို ငါ့ကို ဆက်ဆံသလိုမျိုး လေးလေးစားစား ဆက်ဆံရမယ်... သခင့်မှာ လိုအပ်ချက် တစ်ခုခု ရှိရင် မင်းတို့ အားလုံးက အကောင်းဆုံး ဖြည့်ဆည်းပေးရမယ်... နားလည်လား..."
"ဟုတ်ကဲ့ပါ မြို့စား ကူယန်..."
အစေခံမများ အစေခံများနှင့် အိမ်တော်ထိန်းတို့သည် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြ၏။
ဤသို့ဖြင့် ကျုံးချင်သည် မြို့စားအိမ်တော်တွင် အခြေချနေထိုင်ခဲ့သည်။
ယနေ့ညတွင်...
မြို့စားကူယန်က ဧည့်ခန်းတွင် ဖုန်းယွီဂိုဏ်း၏ သံတမန်ကို လက်ခံတွေ့ဆုံခဲ့သည်။
ထိုသံတမန်၏နာမည်မှာ ဝမ်လျှန်ပင်။ သူသည် ဖုန်းယွီဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်ပြီး ယန်သုံးပါးနယ်ပယ် ပထမအဆင့်တွင် ရှိနေသည်။
မြို့စားကူယန်သည် ယန်သုံးပါးနယ်ပယ် တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သဖြင့် ဝမ်လျှန်သည် သူ့ထက် အဆင့်ငယ်နှစ်ဆင့် နိမ့်ကျနေပေ၏။
သို့သော် သူတို့နှစ်ဦး တွေ့ဆုံချိန်၌ မြို့စားကူယန်က အလွန်အမင်း နှိမ့်ချသော ကိုယ်ဟန်အမူအရာကို ပြုလုပ်ခဲ့သည်။
"ဒီငယ်သား ဝမ်ပြန့်မြို့ ရဲ့ မြို့စား ကူယန်က သံတမန်ဝမ်လျှန်ကို အရိုအသေပြုပါတယ်..."
ဝမ်လျှန်သည် အသက်နှစ်ဆယ်သာ ရှိပုံ ရသော်လည်း သူ၏ အစစ်အမှန် အသက်မှာ နှစ်တစ်ထောင်နီးပါး ရှိနေလေပြီ။
"မြို့စား ကူယန်...ငါက ဂိုဏ်းရဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေရတာမို့ မင်းနဲ့ ယဉ်ယဥ်ကျေးကျေး ဆက်ဆံနိုင်မှာ မဟုတ်ဘူး..."
"လူတစ်ယောက်ကို ရှာဖွေတဲ့နေရာမှာ ငါ့ကို အပြည့်အဝ ပူးပေါင်းကူညီဖို့အတွက် မင်းရဲ့ မြို့စောင့်တပ်တွေကို လိုအပ်တယ်...ပြဿနာ တစ်ခုခု ရှိလား"
ဝမ်လျှန်က မေးမြန်းသည်။
သူ၏နောက်တွင် ဖုန်းယွီဂိုဏ်းတစ်ဂိုဏ်းလုံး ရှိနေပေ၏။
ထိုကြောင့် မြို့စားကူယန်သည် ငြင်းပယ်ဝံ့ခြင်း မရှိချေ။
"သံတမန်ဝမ်လျှန်က ပြောပြီးမှတော့ ဝမ်ပြန့် မြို့စောင့်တပ်တွေက အပြည့်အဝ ပူးပေါင်းကူညီမှာပါ...ဒါပေမဲ့ သံတမန်က ဘယ်သူ့ကို ရှာနေလဲဆိုတာကိုတော့ ကျွန်တော် မသိဘူး...သူ့ရဲ့ နာမည်က ဘယ်လို ခေါ်လဲ"
သူက မေးမြန်းလိုက်သည်။
ဝမ်လျှန်သည် သူ၏လက်များကို နောက်ပစ်ကာ ခန်းမ ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောဆိူသည်။
"သူ့ရဲ့ နာမည်အတိအကျကိုတော့ ငါလည်း မသိဘူး...သူက အစက ငါတို့ ဖုန်းယွီဂိုဏ်းရဲ့ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းလုပ်ငန်းက သတ္တုတွင်းကျွန် တစ်ယောက်ဖြစ်ပြီးတော့ လျှို့ဝှက် နံပါတ်က ၉၅၂၇ပဲ..."
"ဒါပေမဲ့ သူက သတ္တုတွင်းကျွန်တွေအားလုံးကို ပုန်ကန်ဖို့ ဦးဆောင်ခဲ့တယ်...ငါတို့ ဖုန်းယွီဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့ပြီးတော့ ဂိုဏ်းရဲ့ မဟာဝင်္ကပါကို ချိုးဖျက်ခဲ့တယ်....ပြီးတော့ ဖုန်းယွီဂိုဏ်းရဲ့ အထွတ်အထိပ်ရတနာကို ခိုးယူသွားတယ်..."
"သူ လောကကြီးရဲ့ အဆုံးကို ထွက်ပြေးရင်တောင်မှ ငါတို့ဖုန်းယွီဂိုဏ်းက သူ့ကို ဆွဲထုတ်ပြီး အပိုင်းပိုင်းဆွဲဖြဲပစ်မှာ သေချာတယ်..."
"အခု ငါတို့ဖုန်းယွီဂိုဏ်းက အဲ့ဒီလူကိုရှာဖို့ ဖရိုဖရဲနယ်မြေတစ်ခုလုံးရဲ့ အင်အားတွေကို စုစည်းထားပြီးပြီ..."
"နောက်တစ်ဆင့်အနေနဲ့ ဝမ်ပြန့်မြို့ နယ်မြေကို ငါနဲ့ မြို့စားကူယန်က ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်..."
"ကျေးဇူးပြုပြီး မြို့စား ကူယန်က တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးပါ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မြို့စားကူယန်၏စိတ်နှလုံးသား ပို၍ပင် တုန်ရီသွားသည်။
ယခင်က စာထဲမှတဆင့် ဖုန်းယွီဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူ သိထားပြီးဖြစ်သည်။
သို့သော် တိကျသော အသေးစိတ် အချက်အလက်များမှာမူ သိပ်မရှင်းလင်းခဲ့ချေ။
ယခု ဖုန်းယွီဂိုဏ်း၏ ဤအတွင်းစည်းတပည့် ပြောဆိုချိန်မှသာ သူ အရာအားလုံးကို နားလည်သွားသည်။
ဤအရာမှာ ပြဿနာဖန်တီးရုံသက်သက်ထက် လွန်ကဲနေပြီး ဖုန်းယွီဂိုဏ်း၏ ပြောင်းပြန် အကြေးခွံကို ထိလိုက်ခြင်းပင်။
ပုန်ကန်ခြင်း ဂိုဏ်း၏အခြေခံအုတ်မြစ်ကို ဖျက်ဆီးခြင်း မဟာဝင်္ကပါကို ချိုးဖျက်ခြင်း ဂိုဏ်း၏ အထွတ်အထိပ်ရတနာကို ခိုးယူခြင်း...
ဤအရာ တစ်ခုစီတိုင်းက ဖုန်းယွီဂိုဏ်းကို တစ်ဖက်လူအား အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန် လုံလောက်ပေ၏။
သို့သော် တစ်ဖက်လူသည် ဤကဲ့သို့ ကြီးလေးသော ပြစ်မှုကို ကျူးလွန်ခဲ့သော်လည်း ယနေ့ထိတိုင် လွတ်လပ်စွာ သွားလာနေနိုင်ဆဲပင်။ သူ၏ နည်းလမ်းများမှာ ကောင်းကင်ကို အာခံနေခြင်းပင်။
အချိန်တခဏအတွင်း မြို့စားကူယန်သည် ထိုကြီးမားသော ပြစ်မှုကို ကျူးလွန်ခဲ့သူအပေါ် စပ်စုချင်စိတ်နှင့် ချီးကျူးလေးစားမှု အနည်းငယ်ကိုပင် ခံစားလိုက်ရသည်။
ဖုန်းယွီဂိုဏ်းသည် ဤဖရိုဖရဲနယ်မြေတွင် အမြဲတစေ မောက်မာထောင်လွှားပြီး လွှမ်းမိုးချုပ်ကိုင်နေခဲ့သည်။
ဥပမာအားဖြင့် ဤအချိန်အခိုက်အတန့်တွင် အတွင်းစည်းတပည့်တစ်ဦးက ဖုန်းယွီဂိုဏ်း၏အလံကို လွှင့်ထူကာ သူ့ကဲ့သို့ မြို့စားငယ်လေးတစ်ဦးကို အမိန့်နာခံအောင် ပြုလုပ်နိုင်သည်။
ထို့ပြင် ဝမ်ပြန့်မြို့သည် နှစ်စဉ်နှစ်တိုင်း ဖုန်းယွီဂိုဏ်းသို့ အခွန်အခ အမြောက်အများ ပေးဆောင်ရပေ၏။
သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် သူသည် ဖုန်းယွီဂိုဏ်းကို မနှစ်မြို့ချေ။
တစ်ဖက်လူ၏စွမ်းအားကြောင့်သာ သူတို့၏အမိန့်များကို သူ နာခံနေခြင်းပင်။
မကြာမီ ဝမ်လျှန်က ပုံတူတစ်ခုကို ထုတ်ယူလိုက်သည်။
"မြို့စား ကူယန်... ဒါက အဲဒီပုန်ကန်သူရဲ့ ပုံတူပါ...ဒီနေ့ကစပြီး သုံးရက်အတွင်း ဒီပုံတူကို ဝမ်ပြန့်မြို့ ရဲ့ ထောင့်တိုင်းမှာ ကပ်ထားရမယ်...ဒါတင်မကဘူး စစ်ဆေးရေးဂိတ်တိုင်းမှာ တပ်ဖွဲ့တွေအများကြီးကို နေရာချထားရမယ်..."
"ရုပ်ဖျက်ထားသူ ဒါမှမဟုတ် သံသယဖြစ်ဖွယ် လူတွေကို တွေ့တာနဲ့ သူတို့ကို တင်းတင်းကြပ်ကြပ် စစ်ဆေးရမယ်..."
...
ဝမ်လျှန်သည် နောက်ဆက်တွဲ တပ်ဖြန့်မှုများကို အဆုံးမရှိ အသေးစိတ် ရှင်းပြနေခဲ့သည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် မြို့စားကူယန် သည် အလိုရှိသူ၏ပုံတူကို မြင်တွေ့ချိန်၌ သူ၏ နှလုံးသားတစ်ခုလုံး အဆုံးမဲ့လေပြင်းများနှင့် ကြီးမားသော လှိုင်းလုံးများကြောင့် တုန်လှုပ်သွားခဲ့ပြီး တစ်ဖက်လူ နောက်ဆက်တွဲ ပြောမည့်အရာများကို အာရုံစိုက်ရန် အချိန်မရှိတော့ချေ။
ဤသည်မှာ သူ ဖြစ်နေပေ၏။
သူ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ပုံတူထဲရှိ လူမှာ ယခင်က သူ၏အသက်ကို အန္တရာယ်မှ ကယ်တင်ပေးခဲ့သော ကျုံးချင်မှလွဲ၍ တခြားလူ မဟုတ်ချေ။
'သခင်က ဖုန်းယွီဂိုဏ်းက လိုက်လံ ဖမ်းဆီးနေတဲ့ အဓိက ရာဇဝတ်ကောင် ဖြစ်နေတာပဲ...'
ဤအချိန်အခိုက်အတန့်တွင် မြို့စားကူယန် အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။
ကျုံးချင်ကို သူ မြင်လိုက်ရသည့် အချိန်ကတည်းက တစ်ဖက်လူသည် သာမန်မဟုတ်ကြောင်း သူ သိထားပေ၏။
နောက်ပိုင်းတွင် တစ်ဖက်လူ လှုပ်ရှားပြီး သူ၏ အသက်ကို အန္တရာယ်မှ ကယ်တင်ပေးချိန်၌ သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သူ သိလိုက်ရသည်။
တစ်ဖက်လူထံတွင် ကြီးမားသော နောက်ခံတစ်ခု ရှိနေပေမည်။
သို့သော် တစ်ဖက်လူ၏နောက်ခံမှာ ဤမျှထိ ကြီးမားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
သူသည် ဖုန်းယွီဂိုဏ်းတစ်ဂိုဏ်းလုံးက လိုက်လံ ဖမ်းဆီးနေသော အဓိကရာဇဝတ်ကောင်တစ်ဦး ဖြစ်နေသည်။
"မြို့စား ကူယန်... မင်း ငါ ပြောတာကို နားထောင်နေရဲ့လား..."
ထိုအချိန်မှာပင် ဝမ်လျှန်က မြို့စား ကူယန်ကို အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်၏။
မြို့စား ကူယန်က သူ၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုကို အလျင်အမြန် ဖိနှိပ်လိုက်သည်။ သူ၏ အမူအရာကို ပို၍သဘာဝကျအောင် ပြသရန် သူ၏ မျက်နှာကို ပွတ်သပ်ကာ ပြောဆိုသည်။
"သံတမန် ဝမ်လျှန်... ခင်ဗျားရဲ့ ညွှန်ကြားချက်တွေကို ကျွန်တော်က သေချာပေါက် လိုက်နာမှာပါ... အဲ့ဒီလူ က ဒီမြို့ထဲကို ရောက်လာတာနဲ့ သူ့ရဲ့ တည်နေရာကို ချက်ချင်းသတင်းပို့ပါ့မယ်..."
"အင်း... အရမ်းကောင်းတယ်...ဒီလူရဲ့ တည်နေရာကို မင်း သတင်းပေးနိုင်သရွေ့ ဖုန်းယွီဂိုဏ်းက မင်းကို အလကား အလုပ်လုပ်ခိုင်းမှာ မဟုတ်ဘူး..."
"ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေက မင်းကို ကြီးမားတဲ့ ဆုလာဘ်တွေ ချီးမြှင့်ပါလိမ့်မယ်..."
သို့သော် မြို့စားကူယန်သည် ထိုအရာကို လျစ်လျူရှုထားပေ၏။
မည်သည့် ဆုလာဘ်က အသက်ကယ်တင်ခြင်း ကျေးဇူးနှင့် နှိုင်းယှဉ်နိုင်မည်နည်းဟုသာ သူ တွေးတောမိသည်။
သူ မြို့စားကူယန်သည် အကျိုးအမြတ်အတွက် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်ပြီး သူ၏ကျေးဇူးရှင်ကို သစ္စာဖောက်မည့်သူ မဟုတ်ချေ။
သေချာသည်မှာ ဖုန်းယွီဂိုဏ်းသည် သူ၏အိမ်တော်တွင် ကျုံးချင်ကို ရှာတွေ့သွားသည်နှင့် တပြိုင်နက် သူ၏ မြို့စားအိမ်တော်သည် အမြစ်ပြတ်သုတ်သင်ခံရမှုကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် ကျုံးချင်သာ မရှိခဲ့ပါက ယခုအချိန်တွင် သူ၏ အသက်ကို ဆုံးရှုံးသွားလောက်ပြီဖြစ်ပြီး သူ၏ချစ်လှစွာသော သမီးမှာလည်း ဆိုးရွားသော ကံကြမ္မာကို ခံစားရနိုင်သည်။
ထိုအချိန်ကျလျှင် မြို့စားအိမ်တော်သည် ဖျက်ဆီးခံလိုက်ရခြင်းနှင့် မည်သို့ ကွာခြားမည်နည်း။
ထိုကဲ့သို့ အဖြစ်ဆိုးမျိုး အမှန်တကယ် ဖြစ်လာခဲ့ပါက ဖုန်းယွီဂိုဏ်းသည် သူ့အတွက် ရပ်တည်ပေးမည် မဟုတ်ချေ။
ထို့ကြောင့် မြို့စား ကူယန်သည် မည်သို့ ရွေးချယ်ရမည်ကို အလွန်ရှင်းလင်းစွာ သိထားပေ၏။
အိမ်တော်ရှိအစေခံများကို သူတို့၏ပါးစပ်များ ပိတ်ထားရန်အတွက် သတိပေးရန် အချိန်ကောင်းတစ်ခု ရှာရန်ပင် သူ တွေးတောလိုက်သည်။
သူ၏စိတ်နှလုံးသားထဲတွင် ထိုသို့ တွေးတောရင်း မြို့စား ကူယန်က ပြောလိုက်သည်။
"မြို့စား ကူယန်က သံတမန် ဝမ်လျှန်ရဲ့ ယုံကြည်မှုကို ပျက်ပြားစေမှာ မဟုတ်ပါဘူး...အပြင်းထန်ဆုံး ကာကွယ်မှုတွေကို ကျွန်တော်က သေချာပေါက် တပ်ဖြန့်ထားမှာပါ..."
သူသည် ကျမ်းသစ္စာ ကျိန်ဆိုသည့်အလား သူ၏ ရင်ဘတ်ကို ထုကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
ဤသည်က ဝမ်လျှန်ကို စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်သွားစေခဲ့သည်။
တစ်ဖက်လူသည် အသိဉာဏ် ရှိရုံသာမက သာမန်ထက် လွန်ကဲစွာ သစ္စာရှိကြောင်း သူ ခံစားလိုက်ရသည်။ ထို့ပြင် အရေးကြီးသည်မှာ မြို့စားကူယန်၏စွမ်းအားသည် အားနည်းမနေခြင်းပင်။
အကယ်၍ တစ်ဖက်လူ၏စွမ်းဆောင်ရည်သည် စိတ်ကျေနပ်စရာ ကောင်းနေပါက ပုန်ကန်သူ၏ တည်နေရာကို ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ မြို့စားကူယန်ကို ဂိုဏ်း၌ခန့်အပ်ရန်အတွက် အကြံပြုရန် သူ ရည်ရွယ်လိုက်သည်။
မြို့စားကူယန်ကို အရေးပါသော ရာထူးတစ်ခု ပေးကောင်းပေးနိုင်ပေလိမ့်မည်။
အရေးပါသော ရာထူးတစ်ခု ပေးအပ်ခံရနိုင်သော ဤအမျိုးသားမှာ သူ၏ရှေ့တွင် 'မီးအိမ်အောက်က အလင်းရောင်' ဟူသော လုပ်ရပ်ကို တိုက်ရိုက် လုပ်ဆောင်နေကြောင်း သူ အနည်းငယ်မျှ မသိခဲ့ချေ။
သူ ရှာဖွေနေသော အဓိက ရာဇဝတ်ကောင်မှာ လက်ရှိတွင် သူနှင့် အိမ်တော်တစ်ခုတည်းတွင် ရှိနေခြင်းပင်။
ယနေ့ညတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်မည်ဟု ကျုံးချင် မူလက ထင်မှတ်ထားပေ၏။
သို့သော် နောက်တစ်နေ့ မနက်မိုးလင်းသည်အထိ အိမ်တော်သည် တည်ငြိမ်နေခဲ့ပြီး မည်သည့်ပြဿနာမျှ မဖြစ်ခဲ့ချေ။
နောက်ဆက်တွဲ နေ့ရက်များတွင် မြို့စား ကူယန်သည် အလွန်အလုပ်ရှုပ်နေသဖြင့် သူ၏ခြေထောက်များ မြေကြီးနှင့် မထိလုနီးပါးပင်။ သူသည် နေ့စဉ် စောစောထွက်ပြီး နောက်ကျမှ ပြန်လာကာ ပုန်ကန်သူ ကို ရှာမတွေ့မချင်း အနားယူမည် မဟုတ်သည့်အလား ပြုမူနေခဲ့သည်။
သူ၏ လေးနက်သော သဘောထားနှင့် ဖုန်းယွီဂိုဏ်း ၏ အမိန့်များကို သေချာစွာ အကောင်အထည်ဖော်မှု က ဝမ်လျှန်ကို ပို၍စိတ်ကျေနပ်သွားစေပေ၏။
မြို့စားကူယန်အပေါ် သူ၏အကြည့်များပင်လျှင် ယခင်ထက်ပို၍ စိတ်အားထက်သန်လာခဲ့သည်။
တစ်နေ့တွင် သူတို့ နှစ်ဦး တွေ့ဆုံခဲ့ကြသည်။
"မြို့စား ကူယန်... ပုန်ကန်သူကို ရှာဖွေတာက ညတွင်းချင်း ရလဒ် ထွက်လာမှာ မဟုတ်ဘူး...မင်း အနားယူရမယ့် အချိန်မှာ နားသင့်တယ်... လူတစ်ယောက်က ဘာအလုပ်ကိုပဲလုပ်လုပ်...အလုပ်နဲ့ အနားယူတာကို ဟန်ချက်ညီအောင် ထိန်းဖို့က အရေးကြီးတယ်..."
သို့သော် မြို့စား ကူယန်က ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်၏။
"သံတမန်ဝမ်လျှန်... ဖုန်းယွီဂိုဏ်းရဲ့ ကိစ္စက ကျွန်တော်ရဲ့ကိစ္စပါပဲ..."
"အခု ပုန်ကန်သူကို ရှာတွေ့သေးတာ...ကျွန်တော်က ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာလဲ"
"ဒီနေ့ ကင်းလှည့်ဖို့ နေရာနည်းနည်း ကျန်သေးတယ်... တကယ်လို့ ကျွန်တော် မသွားဘူးဆိုရင် ကျွန်တော့် လိပ်ပြာသန့်မှာ မဟုတ်ဘူး..."
စကားပြောဆိုနေရင်း မြို့စား ကူယန်သည် လူတစ်စု ကို ဦးဆောင်ကာ ကင်းလှည့်ရန် အလျှင်အမြန် ထွက်ခွာသွားသည်။
ဤအပြုအမူက ဝမ်လျှန်ကိုပင် အကြောင်းပြချက် မရှိဘဲ ရှက်ရွံ့သွားစေပေ၏။
အကြောင်းအရင်းမှာ ပုန်ကန်သူကို ရှာဖွေရာတွင် တစ်ဖက်လူသည် သူ့ထက်ပင် ပို၍စိတ်နှစ်ထားကြောင်း သူ တွေ့ရှိခဲ့ရသောကြောင့်။
ဤအချက်က သူ့ကို ပို၍ပင် စိတ်အားထက်သန်စေပြီး မြို့စားကူယန်ကို အသုံးပြု၍ ရနိုင်သည်ဟု ခံစားလိုက်ရသည်။
မြို့စားကူယန်ကို ယခုကိစ္စအတွက် အသုံးပြုနိုင်ရုံသာမက တခြားကိစ္စများတွင်လည်း အသုံးပြုသင့်သည်ဟု သူ တွေးတောမိလေ၏။
Thank For Reading.