အခန်း ၁၃၆၆
Vol. 92 Ch. 1366
အခန်း (၁၃၆၆) ကပွဲနှင့် ထွက်ပေါ်လာသော ဓားမြှောင်
ဝမ်မူလင်းနှင့် အမျိုးသမီးတစ်စုသည် မြင့်မားသော စင်မြင့်ဆီသို့ ဦးတည်နေသည့် လှေကားထစ်များပေါ်တွင် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်ချိန်က တိတ်ဆိတ်နေခဲ့သော လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။
"အဲဒါ ဟင်္သာပြဒါးဆောင်က သခင်မလေးဝမ်ပဲ"
"သူတို့လည်း တကယ် ရောက်လာကြတာပဲ"
"ကြည့်ရတာ သူတို့လည်း ကံကြမ္မာတစ္ဆေဧကရာဇ်ရဲ့ ဖိတ်ကြားတာကို ခံရပုံပဲ"
လူအုပ်ကြီးမှာ တက်ကြွစွာဖြင့် တီးတိုးဆွေးနွေးနေကြလေသည်။ညထိုမြင်ကွင်းကို ကြည့်ရင်း စုန့်ကျင်းယဲ့၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။ သူမကိုယ်တိုင်က အမျိုးသမီးတစ်ဦး ဖြစ်သော်ငြားလည်း ခမ်းနားလှပသော ဂါဝန်ကို ဝတ်ဆင်ထားပြီး နတ်မိမယ်တစ်ပါးအလား နူးညံ့သိမ်မွေ့စွာ လှပနေသော ဝမ်မူလင်းက သူမကို အသက်ရှူမှားသွားစေပြီး အံ့ဩမှင်တက်သွားစေခဲ့သည်။
သို့သော် သူမ၏ဆရာဖြစ်သူ ဝမ်လင်းချွေ့ကမူ ထိုအချိန်တွင် ခပ်ဖွဖွ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"သူမကလည်း လူသားမျိုးနွယ်စုကပဲ။ နှမြောစရာကောင်းလိုက်တာ"
"ဆရာ... နှမြောစရာကောင်းလိုက်တာဆိုတာက ဘာကိုဆိုလိုတာလဲ"
စုန့်ကျင်းယဲ့က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ ဝမ်လင်းချွေ့က ခေါင်းယမ်းလိုက်ပြီး ဆက်လက်၍ အသေးစိတ် ရှင်းမပြတော့ချေ။
တစ်ချိန်တည်းမှာပင် ဝမ်မူလင်းသည် အမျိုးသမီးအုပ်စုကို ဦးဆောင်ကာ စင်မြင့်ထက်သို့ တက်လာခဲ့ပြီး ကံကြမ္မာတစ္ဆေဧကရာဇ်၏ ရှေ့မှောက်တွင် ကျော့ရှင်းစွာဖြင့် ဦးညွှတ်သည်။
"တစ္ဆေဧကရာဇ်ကို ဂါရဝပြုပါတယ်"
ကံကြမ္မာတစ္ဆေဧကရာဇ်က ရယ်မောလိုက်သည်။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး"
ထို့နောက် သူသည် ရန်ထျန်းယွင်ဘက်သို့ ခေါင်းလှည့်ကာ ပြုံး၍ ပြောသည်။
"သခင်လေး... ဘယ်လိုထင်ပါသလဲ..."
သူစကားပင် မဆုံးလိုက်ချေ။ ရန်ထျန်းယွင်သည် အနည်းငယ် တုန်ယင်သွားပြီး အံ့ဩမိန်းမောနေမှုမှ သတိပြန်ဝင်လာကာ ခေါင်းညိတ်သည်။
"အရမ်းကောင်းတယ်"
ကံကြမ္မာတစ္ဆေဧကရာဇ်သည် ကျေနပ်အားရစွာဖြင့် သူ့ဘာသာ တိတ်တဆိတ် ပြုံးလိုက်ပြီး ဘာမျှထပ်မပြောတော့ဘဲ နက်ရှိုင်းစွာ ဦးညွှတ်သည်။အဘယ်ကြောင့်ဆိုသော် ဤလှုပ်ရှားမှုမှာ အလွန်တရာ ပြောင်မြောက်သော အကွက်တစ်ခုဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသောကြောင့်ပင်။
ဤအခိုက်အတန့်တွင် ရန်ထျန်းယွင်သည် ဣန္ဒြေကြီးပြီး တည်ငြိမ်နေသော ဝမ်မူလင်းကို အကဲခတ်လိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူ၏မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ဝမ်မူလင်မှာ ဘာမှမပြောချေ။ ကံကြမ္မာတစ္ဆေဧကရာဇ်က အလျင်အမြန် ဝင်ပြောလိုက်သည်။
"သခင်လေး... သူက ကံကြမ္မာမြို့တော် ဟင်္သာပြဒါးဆောင်က သခင်မလေး ဝမ်မူလင်း ဖြစ်ပါတယ်"
ထိုသို့ပြောနေစဉ် သူက ဝမ်မူလင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သခင်မလေးဝမ်... သူက တစ္ဆေနယ်ပယ် အနက်ပိုင်းက ဂုဏ်သရေရှိ ရန်မိသားစုရဲ့ သခင်လေးပဲ၊ ပေါ့ပေါ့ဆဆ မလုပ်နဲ့၊ အရိုအသေပေးလိုက်ပါ"
ဝမ်မူလင်းမှာ ခေါင်းမမော့လာသေးချေ။ သူမက ခပ်ဖွဖွလေး ဒူးညွှတ်ကာ ပြောသည်။
"သခင်လေးရန်ကို ဂါရဝပြုပါတယ်"
သူမ အသံလေးမှာ နူးညံ့ပြီး ညှို့ယူဖမ်းစားနိုင်စွမ်းရှိရာ ရန်ထျန်းယွင်၏ ရင်ထဲတွင် ယားကျိကျိ ဖြစ်သွားစေသည်။ တစ္ဆေနယ်ပယ်၏ အနက်ပိုင်းတွင် လှပသော အမျိုးသမီးများ အများအပြား ရှိသည်မှာ သေချာသော်လည်း ဤမျှလောက် ကျော့ရှင်းသော အလှတရားမျိုးကို ပိုင်ဆိုင်ထားသည့် လူသားမျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးကို မြင်တွေ့ရခဲလှသည်။
ရန်ထျန်းယွင်၏ မျက်ဝန်းများထဲတွင် လောဘအရိပ်အယောင်များ လက်လာခဲ့ပြီး သူက ခပ်ဟဟ ရယ်မောသည်။
"ဝမ်မူလင်း... လှပတဲ့ နာမည်လေးပါပဲ။ ဒါပေမဲ့ ပြောပါဦး၊ ဒီနေ့ ကံကြမ္မာဧကရာဇ်ရဲ့ မွေးနေ့ပွဲတော်ကို မင်းဘယ်လို ဂုဏ်ပြုဖို့ အစီအစဉ်ရှိလဲ"
"ကျွန်မတို့ ကကွက်တစ်ခုနဲ့ ဖျော်ဖြေပါ့မယ်"
ဝမ်မူလင်းက ခေါင်းငုံ့ထားလျက်ပင် ပြန်ဖြေသည်။
"ကကွက်တစ်ခု ဟုတ်လား။ ကောင်းပြီလေ... ဒါဆိုရင် သခင်မလေးဝမ်ရဲ့ ကျော့ရှင်းတဲ့ ဖျော်ဖြေမှုကို ငါကိုယ်တိုင် ကြည့်ရှုခံစားခွင့်ပြုပါ"
ဤအခိုက်အတန့်တွင် ရန်ထျန်းယွင်သည် ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက်၏ အသွင်ကို ဆောင်ယူထားပြီး တစ္ဆေမျိုးနွယ်စုနှင့် ဆက်စပ်နေသော ပုံမှန် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များကို လုံးဝ ပြသခြင်း မရှိချေ။
သူ့အတွက်မူ ဝမ်မူလင်းသည် အားထုတ်ကြိုးပမ်းမှုနှင့် အလေးထားမှု အနည်းငယ်မျှ ပေးဆပ်ရကျိုးနပ်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ထို့ကြောင့် သူသည် တည်ငြိမ်ပြီး ဖော်ရွေသော အမူအရာကို ဆက်လက်ထိန်းသိမ်းထားလေသည်။
ကံကြမ္မာတစ္ဆေဧကရာဇ်၏ မျက်ဝန်းများထဲတွင် ဝမ်းမြောက်မှုများ လက်လာခဲ့သည်။ အမှန်တကယ်ပင် မည်သည့်လူမျိုး၊ မည်မျှပင် စွမ်းအားကြီးမားသူ ဖြစ်ပါစေ အမျိုးသမီးအလှအပနှင့် ရင်ဆိုင်ရသောအခါ ယောက်ျားတိုင်းက အတူတူပင် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဟင်္သာပြဒါးဆောင်မှ အမျိုးသမီးအုပ်စုသည် တဖြည်းဖြည်း ဖြန့်ကျဲသွားကြပြီး တစ်ယောက်ချင်းစီက တူရိယာပစ္စည်းများကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ရပ်နေကြသည်။
ဝမ်မူလင်းက စင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားသည်။
ရုတ်တရက် ဗုံသံတစ်ချက်က လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ဝမ်မူလင်သည် သူမ၏ နူးညံ့သိမ်မွေ့သော လက်များကို ကျော့ရှင်းစွာ ဆန့်တန်းလိုက်ပြီး မျက်လုံးများကို ရုတ်တရက် မော့ကြည့်ကာ စတင်ကခုန်လေတော့သည်။
ခြံဝင်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားလေသည်။ လူအုပ်ကြီး၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့ဩမှင်တက်မှု အမူအရာများ ထင်ဟပ်လာခဲ့သည်။
သူမ၏ ယိမ်းနွဲ့နေသော ကကွက်ခြေလှမ်းတိုင်းနှင့်အတူ ဝမ်မူလင် ဝတ်ဆင်ထားသည့် ခမ်းနားလှသော ဂါဝန်ကြီးမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်နေပြီး တက်ကြွတောက်ပသော ပန်းပွင့်များအလား လည်ပတ်ပွင့်ဖူးကာ ပရိသတ်၏ နှလုံးသားနှင့် ဝိညာဉ်များကို ဖမ်းစားထားလေသည်။
ရန်ထျန်းယွင်မှာလည်း အံ့ဩသွားရသည်။ ဤကပွဲဆိုသည်မှာ အပေါ်ယံ ဟန်ပြသက်သက်သာ ဖြစ်မည်ဟု သူထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် သူမ၏ လှုပ်ရှားမှုများက အမှန်တကယ်ကို ညှို့ယူဖမ်းစားနိုင်ပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိနေပေသည်။
သူ ဆက်လက် ကြည့်ရှုနေစဉ် သူ၏မျက်နှာပေါ်တွင် ယစ်မူးသွားသော အမူအရာတစ်ခုက အလိုအလျောက် ပေါ်လာခဲ့သည်။ ထိုအရ။ကို မြင်သောအခါ ကံကြမ္မာတစ္ဆေဧကရာဇ်က အနီးသို့ တိုးကပ်လာပြီး တိုးညှင်းသော လေသံဖြင့် ရေရွတ်သည်။
"သခင်လေး... ဘယ်လိုထင်ပါသလဲ"
"အရမ်းကောင်းတယ်"
ရန်ထျန်ယွင်က တိုးညှင်းစွာ ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်များက ကခုန်နေသော ပုံရိပ်လေးဆီတွင်သာ စူးစိုက်နေလေသည်။
"သခင်လေး သဘောကျတယ်ဆိုရင် ဒီအမျိုးသမီးကို ကျွန်တော် သခင်လေးအတွက် လက်ဆောင်အဖြစ် ဆက်သပါ့မယ်"
ကံကြမ္မာတစ္ဆေဧကရာဇ်က ကမ်းလှမ်းသည်။
"အို... ဒါက... မသင့်တော်ဘူးများ ဖြစ်နေမလား"
သူက ထိုသို့ပြောလိုက်သော်လည်း ရန်ထျန်ယွင်၏ မျက်နှာပေါ်ရှိ အပြုံးကြီးက အစစ်အမှန် ခံစားချက်များကို ဖော်ပြနေလေသည်။
"သခင်လေးက သူ့ကို သဘောကျတယ်ဆိုတာ သူ့အတွက် ဂုဏ်ယူစရာပါပဲ၊ ဒါ့အပြင် သူ့ရဲ့ ဟင်္သာပြဒါးဆောင်က ကျွန်တော့်ရဲ့ ကံကြမ္မာမြို့တော်မှာ ကျွန်တော့်ရဲ့ ကာကွယ်ပေးမှုအောက် နှစ်ပေါင်းများစွာ ကြီးပွားတိုးတက်နေခဲ့တာလေ၊ ဒီတစ်ခေါက်တော့ သူမဘက်က တစ်ခုခု ပြန်ပေးဆပ်တာက သင့်တော်ပါတယ်"
ကံကြမ္မာတစ္ဆေဧကရာဇ်က ရယ်မောရင်း ပြောသည်။
"ဒါဆိုရင်လည်း ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်"
ရန်ထျန်းယွင်၏ အပြုံးက ပိုမို တောက်ပသွားသည်။ ဘေးဘက်တွင်မူ ထန်ဖေးဝမ်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သော်လည်း တိတ်ဆိတ်စွာသာ နေသည်။
သူမအတွက်မူ ရန်ထျန်းယွင်နှင့် ကံကြမ္မာတစ္ဆေဧကရာဇ်တို့၏ ကောက်ကျစ်သော အပေးအယူများကို ရွံရှာသော်လည်း အဆင့်နိမ့် လူသားမျိုးနွယ်စု အမျိုးသမီးတစ်ဦး၏ ကံကြမ္မာနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ရန် မည်သည့်စိတ်ဝင်စားမှုမျှ မရှိချေ။
တစ်ချိန်တည်းမှာပင် ဗုံသံများက ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဝမ်မူလင်း၏ လှုပ်ရှားမှုများမှာလည်း ပို၍ပို၍ မြန်ဆန်လာခဲ့သည်။ သူမ၏ ထက်မြက်ပြီး မိုးခြိမ်းသံအလား ပြင်းထန်သော ကကွက်ခြေလှမ်းများနှင့်အတူ သူမသည် ရန်ထျန်းယွင်ထံသို့ တဖြည်းဖြည်း နီးကပ်လာသည်။
ရန်ထျန်းယွင်က ရယ်မောရင်း ကြည့်နေကာ မြင့်တက်လာသော အန္တရာယ်ကို သတိမပြုမိပုံရလေသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ဝမ်မူလင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
"အခုပဲ"
သူမ၏ အော်သံနှင့်အတူ ဗုံသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သတ္တုလက်နက်များ ရိုက်ခတ်သံများဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။
တူရိယာပစ္စည်းများကို ကိုင်ဆောင်ထားကြသော အမျိုးသမီးများသည် သူတို့၏ တူရိယာများထဲမှ သွေးရောင်ဓားရှည်များကို ရုတ်တရက် ဆွဲထုတ်လိုက်ကြပြီး အနီးအနားရှိ အစောင့်များကို သေစေလောက်သော တိုက်ခိုက်မှုများဖြင့် စတင်တိုက်ခိုက်ကြတော့သည်။
ခုတ်ပိုင်းသံများ ထွက်ပေါ်လာသည်။
မကောင်းဆိုးဝါး ဝိညာဉ်များကို နှိမ်နင်းရန် အထူးဖန်တီးထားသော ထိုသွေးရောင် ဓားရှည်များအတွင်း၌ မြှုပ်နှံထားသည့် မှော်အစွမ်းများကြောင့် တစ္ဆေမျိုးနွယ်စု အစောင့်အများအပြားမှာ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲမခံရမီ သွေးပျက်ဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
သို့သော် အစောင့်များမှာလည်း ခုခံနိုင်စွမ်း မရှိသည်တော့ မဟုတ်ချေ။ မကြာမီမှာပင် သူတို့က အမျိုးသမီးများကို ဝိုင်းရံလိုက်ကြပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာတော့သည်။
ဝမ်မူလင်က ထိုပရမ်းပတာ အခြေအနေများကို လျစ်လျူရှုထားလိုက်သည်။ အမှန်တကယ်တွင် သူမ အော်ဟစ်လိုက်သည့် အခိုက်အတန့်မှာပင် လှုပ်ရှားခဲ့သည်။
လေထဲတွင် ဝမ်မူလင်း၏ အကြည့်များက ထက်မြက်လာခဲ့သည်။ သူမ ခေါင်းနောက်ဘက်သို့ လက်လှမ်းလိုက်ပြီးနောက် ဆံထိုးနှစ်ချောင်းကို အလျင်အမြန် ဆွဲထုတ်သည်။ သူမ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ ၎င်းတို့က တောက်ပနေသော ဓားမြှောင်ငယ်လေး တစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ထျန်ယွင်ဆီသို့ တိုက်ရိုက် ချိန်ရွယ်သည်။
ရန်ထျန်ယွင်မှာ လှုပ်ရှားခြင်း မရှိချေ။ ထိုအစား သူက သူ့ထံသို့ ပြေးဝင်လာသော ဝမ်မူလင်းကို အေးစက်စွာ စောင့်ကြည့်နေပြီး သူ့ နှုတ်ခမ်းထောင့်များတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဝမ်မူလင်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် ရန်ထျန်ယွင်၏ အရှေ့သို့ ရောက်ရှိသည်။ သို့သော် သူမလက်ထဲရှိ ဓားမြှောင်ငယ်လေးက သူ့ထံ မရောက်ရှိမီမှာပင် သူက အေးစက်စွာ ရယ်မောလာသည်။
"ဒါလေးနဲ့ ငါ့ကို အန္တရာယ်ပေးနိုင်မယ်လို့ မင်းထင်နေတာလား"
သူစကားပြောနေစဉ်မှာပင် အလွန်တရာ အစွမ်းထက်သော တစ္ဆေစွမ်းအင် လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဓားမြှောင်ငယ်လေးကို ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေခဲ့သည်။ အရှိန်အဟုန် အကြွင်းအကျန်များက ဝမ်မူလင်းကို အဝေးသို့ လွင့်စင်သွားသည်။
ထိုအရာကို မြင်သောအခါ အစောင့်များနှင့် တိုက်ခိုက်နေဆဲဖြစ်သော အာချင်းနှင့် အခြားသူများမှာ အလန့်တကြား အသက်ရှူမှားသွားသည်။
"တပ်မှူး"
သို့သော် သူတို့မှာ အစောင့်များနှင့် တိုက်ခိုက်ရာတွင် မှော်လက်နက်များ၏ အားသာချက်ကိုသာ လုံးလုံးလျားလျား အားကိုးနေရပြီး ခဲယဉ်းစွာ တောင့်ခံနေရခြင်း ဖြစ်သည်။ ဝမ်မူလင်းကို ကူညီရန် သူတို့တွင် မည်သည့်နည်းလမ်းမျှ မရှိချေ။
ဝမ်မူလင်း၏ ခန္ဓာကိုယ်မှာ စင်မြင့်ကြီး၏ အစွန်းဆီသို့ လွင့်စင်သွားလေတော့သည်။
ထိုအခိုက်အတန့်တွင် ထိတ်လန့်နေရာမှ နောက်ဆုံးတွင် သတိပြန်ဝင်လာသော ဒေါသထွက်နေသည့် ကံကြမ္မာတစ္ဆေဧကရာဇ်က ဟိန်းဟောက်လာသည်။
"မင်းက ရန်သခင်လေးကို လုပ်ကြံဖို့တောင် ရဲတင်းနေတာလား၊ သေစမ်း"
သူ၏ ဝတ်ရုံတစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဧရာမ အမည်းရောင် ခြေသည်းကြီးတစ်ခုက ဝမ်မူလင်း ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး သူမအပေါ်သို့ သနားညှာတာမှု ကင်းမဲ့စွာ ကျဆင်းလ တော့သည်။ သို့သော် ခြေသည်းကြီးက တိုက်ခိုက်တော့မည့် ဆဲဆဲမှာပင် ဝမ်မူလင်၏ ဆံနွယ်များက ရုတ်တရက် လေထဲသို့ လွင့်ပျံသွားပြီး သူမ၏ ပြုတ်ကျနေသော ခန္ဓာကိုယ်မှာ လေထဲတွင် ရပ်တန့်သွားလေသည်။ သူမ ပတ်လည်တွင် ပါးလွှာသော အမည်းရောင် ကြိုးမျှင်များ စတင်ထွက်ပေါ်လာပြီး ကခုန်လာကြတော့သည်။
ယင်းကို မြင်သောအခါ သူမ၏ ရုပ်အလောင်းကို ဖျက်ဆီးပြီး ဝိညာဉ်ကို ညှဉ်းပန်းနှိပ်စက်ရန် အစီအစဉ်များဖြင့် ယုံကြည်မှုရှိစွာ စောင့်ကြည့်နေခဲ့သော ရန်ထျန်းယွင်ရော၊ အေးစက်စွာ စောင့်ကြည့်နေခဲ့သော ထန်ဖေးဝမ်ပါ တုန်လှုပ်သွားကြလေသည်။ သူတို့၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး အလန့်တကြား အော်ဟစ်လိုက်ကြသည်။
"အရိပ်ကိုယ်ရံတော်လား”
__