အခန်း ၁၃၆၇
Vol. 92 Ch. 1367
အခန်း (၁၃၆၇) ကျောက်စိမ်းရော ကျောက်တုံးပါ အတူတကွ လောင်ကျွမ်းခံရတာ... တန်လို့လား
ဝမ်မူလင်း၏ မျက်ဝန်းများတွင် အနက်ရောင်နှင့် အနီရောင် အလင်းတန်းများ ပြည့်နှက်နေပြီဖြစ်ပြီး သူမ၏ နူးညံ့ဖြူစင်သော ပါးပြင်များထက်တွင် အမည်းရောင် သွေးကြောမျှင်လေးများ ပေါ်ထွက်နေလေသည်။ အဆက်မပြတ် လွင့်ဝဲနေသော ဆံနွယ်ရှည်များနှင့်အတူ သူမပုံစံမှာ နတ်ဆိုးဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။
ဝမ်မူလင်း နှုတ်ခမ်းထောင့်များက အေးစက်စက် အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားလေသည်။
"အရိပ်ကိုယ်ရံတော်ကို မှတ်မိနေတုန်းပဲလား"
ရန်ထျန်းယွင်၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မည်းမှောင်သွားကာ လှောင်ပြောင်လိုက်သည်။
"လူသားမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို လုပ်ကြံဖို့ ကြိုးစားရဲတာ မဆန်းပါဘူးလေ၊ မင်းတို့က သူ့အင်အားစုတွေထဲက အကြွင်းအကျန်တွေပဲကိုး"
"အကြွင်းအကျန်တွေ ဟုတ်လား..."
ဝမ်မူလင်း ပတ်လည်တွင် အမည်းရောင်အငွေ့အသက်များ ရစ်ပတ်လည်ပတ်နေပြီး သူမ၏ ဒေါသများက ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
"အရှင်သာ ဒီမှာရှိနေသေးရင် ဒီလိုစကားမျိုး မင်းပြောရဲပါ့မလား"
ရန်ထျန်းယွင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
"သူသာ ဒီမှာရှိနေရင် ငါပြောရဲမှာ မဟုတ်တာ သေချာတာပေါ့၊ ဒါပေမဲ့ သူသေသွားပြီလေ၊ သူ့ရဲ့ ဝိညာဉ်အစအနလေး တစ်ခုတောင် မကျန်တော့ဘူး"
ဤစကားကို ပြောပြီးနောက် ရန်ထျန်းယွင် မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ပေါ်လာသည်။
"ရယ်စရာမကောင်းဘူးလား၊ ဝိညာဉ်တွေကို ကစားခဲ့တဲ့ မရဏဧကရာဇ်က သူ့ဝိညာဉ်ပါ လုံးဝ ပျက်သုဉ်းသွားတဲ့အထိ ဖျက်ဆီးခံလိုက်ရတာလေ၊ ဟားဟားဟား"
ရယ်မောသံကြီးများ ထွက်ပေါ်လာပြီး ပွဲခင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
စောစောက လုပ်ကြံမှုကြောင့် ပွဲလာပရိသတ်များမှာ ဇဝေဇဝါ ဖြစ်နေကြပြီးသား ဖြစ်သော်လည်း နောက်ဆက်တွဲ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ကိစ္စရပ်များက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
အရိပ်ကိုယ်ရံတော်၊ မရဏဧကရာဇ်...
ထိာတစ်ခုစီတိုင်းက လူပေါင်းများစွာကို သေပွဲဝင်စေနိုင်လောက်သည့် မြေကြီးတုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်များချည်းသာ ဖြစ်ပေသည်။ ထို့ကြောင့် အများအပြားမှာ မျက်နှာများ ဖြူလျော့သွားကြပြီး သူတို့နားများကို ချက်ချင်းသာ ပိတ်ထားလိုက်ချင်တော့သည်။
သို့သော် သူတို့အထဲတွင် အကြောက်ဆုံးသူမှာ အခြားသူမဟုတ်ဘဲ ကံကြမ္မာတစ္ဆေဧကရာဇ်ပင် ဖြစ်လေသည်။ ဤအခိုက်အတန့်တွင် သူသည် ငိုတော့မည့်အလား အလွန်အမင်း ထိတ်လန့်နေသည်။
ဝမ်မူလင်းဆိုသည်မှာ ရန်ထျန်းယွင်ထံသို့ ဆက်သရန် သူကိုယ်တိုင် ရွေးချယ်ထားခဲ့သူ မဟုတ်ပါလား။ ဤမျှလောက် ပရမ်းပတာ ဖြစ်သွားလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။ ထို့အပြင် ဤဝမ်မူလင်က မရဏဧကရာဇ်၏ အင်အားစု အကြွင်းအကျန်ဖြစ်သော အရိပ်ကိုယ်ရံတော် တစ်ယောက် ဖြစ်နေခဲ့သည်။
ဤထုတ်ဖော်မှု၏ အမှန်တရားက ကံကြမ္မာတစ္ဆေဧကရာဇ်ကို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။ တစ္ဆေမျိုးနွယ်စုမှ ထင်ရှားသော မိသားစုကြီးများ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို သူ ကောင်းကောင်း သိရှိထားသည်။
အလွတ်ပေးလိုက်ရတာထက် မှားယွင်းပြီး သတ်ပစ်လိုက်ရတာကို ပိုသဘောကျသူများ ဖြစ်ကြသည်။ ဝမ်မူလင်းက သူ၏ ကိုယ်ပိုင် ကံကြမ္မာမြို့တော်မှ ဖြစ်နေသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။ သူသည် နာမည်အဖျက်ခံလိုက်ရပြီး ရုန်းထွက်၍မရနိုင်သော ရွှံ့နွံထဲသို့ အပြည့်အဝ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
ဤအတွေးများက ကံကြမ္မာတစ္ဆေဧကရာဇ်၏ စိတ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားပြီး သူ့ကို ဖြူလျော့ကာ ပြိုလဲကျလုမတတ် ဖြစ်သွားစေသည်။ တစ်ချိန်တည်းမှာပင် အားချင်းနှင့် အခြားအမျိုးသမီးများမှာ အဆုံးတွင် အကန့်အသတ်သို့ ရောက်ရှိသွားကြပြီး တစ္ဆေမျိုးနွယ်စု အစောင့်များက သူတို့ကို မြေပြင်ပေါ်သို့ ဖိချချုပ်နှောင်လိုက်ချိန်တွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သို့သော် ဤကဲ့သို့ ဆိုးရွားလှသော အခြေအနေမျိုးတွင် ဝမ်မူလင်းက ရယ်မောလိုက်သည်။ တောက်ပသော အပြုံးများနှင့်အတူ သူမက နားရွက်နားရှိ ဆံနွယ်များကို သပ်တင်သည်။
"နင်တို့ မှားနေပြီ၊ အရှင်က သေလို့မရဘူး သူ အသက်ရှင်နေရမယ်၊ သူပြန်လာမယ့်နေ့က တစ္ဆေမျိုးနွယ်စုရဲ့ အင်အားကြီး မိသားစုတွေ ပျက်သုဉ်းမယ့်နေ့ပဲ"
ရန်ထျန်းယွင်က နှာခေါင်းရှုံ့လိုက်သည်။
"ဘာတွေ လျှောက်ယောင်နေတာလဲ"
ထိုစကားများ အဆုံးတွင် ရန်ထျန်းယွင်နောက်ကွယ်ရှိ အရိပ်များထဲမှ မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ဝမ်မူလင် ထွက်ပေါ်လာပြီး သူမ၏ ဓားက ရန်ထျန်ယွင်ဆီသို့ တိုက်ရိုက် ချိန်ရွယ်ထားသည်။
၎င်းမှာ အခြားမဟုတ်ဘဲ အရိပ်ကိုယ်ရံတော်များ၏ သီးသန့်စွမ်းရည်ဖြစ်သော အရိပ်လုပ်ကြံခြင်း ကျင့်စဉ်ပင် ဖြစ်သည်။ ဤလှုပ်ရှားမှုမှာ ခန့်မှန်းရခက်ပြီး ကာကွယ်ရန် အလွန်တရာ ခက်ခဲလှပေသည်။ အငိုက်မိသွားသော ရန်ထျန်းယွင်မှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။
သို့သော် ဝမ်မူလင်း၏ ဓားက ရန်ထျန်ယွင်၏ ကျောပြင်ထဲသို့ လက်မဝက်ခန့် ထိုးဖောက်ဝင်ရောက်သွားချိန်မှာပင် ထန်ဖေးဝမ်က ဘေးမှနေ၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အမည်းရောင် အလင်းတန်းတစ်ခုကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ဝမ်မူလင်၏ ဓားကို တိုက်ရိုက် ရစ်ပတ်သွားပြီး ပြင်းထန်စွာ လိမ်ချိုးလိုက်သည်။
ဓားမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ထို့နောက် ထိုအမည်းရောင် အလင်းတန်းက မြွေတစ်ကောင်အလား တွားသွားပြီး ဝမ်မူလင်းကို ချုပ်နှောင်ရန် အထက်သို့ ရစ်ခွေတက်လာလေသည်။
အခြေအနေများ ဆိုးရွားလာသည်ကို မြင်သောအခါ ဝမ်မူလင်းက နောက်သို့ ခုန်ဆုတ်လိုက်သည်။
သို့သော် သူမ၏ ဆုတ်ခွာမှုမှာ အနည်းငယ် နှေးကွေးသွားခဲ့ပြီး အမည်းရောင် အလင်းတန်းက သက်ရှိသတ္တဝါ တစ်ကောင်အလား လေထဲတွင် အမြီးဖြင့် ရိုက်ချလိုက်လေသည်။ ဝမ်မူလင်၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားပြီး လေထဲတွင်ပင် သွေးတစ်ပွက် အန်ချမိသည်။
"တပ်မှူး"
အားချင်းနှင့် အခြားအမျိုးသမီးများက နာကျင်စွာ အော်ဟစ်လိုက်ကြသည်။သို့သော် သူတို့၏ အော်သံများ ပဲ့တင်မထပ်ခင်မှာပင် မျက်နှာသေနှင့် ကံကြမ္မာတစ္ဆေဧကရာဇ်က လက်ကိုမြှောက်ကာ သူတို့၏ ပါးစပ်များကို ပိတ်ပစ်သည်။
ဝမ်မူလင်မှာ ယိုင်နဲ့နဲ့ဖြစ်ကာ အတော်ဝေးဝေးအထိ လိမ့်ထွက်သွားပြီးနောက်မှ ခဲယဉ်းစွာ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့သည်။ ယခု သူမကို ကြည့်လိုက်လျှင် ဖြူလျော့နေပြီဖြစ်သော မျက်နှာမှာ အရောင်ချွတ်ထားသော စက္ကူတစ်ရွက်အလား ဖြစ်နေပြီး သူမ၏ ကိုယ်ပိုင်သွေးများဖြင့် နီရဲနေသော နှုတ်ခမ်းများသာ သိသာထင်ရှားနေသည်။
ရန်ထျန်းယွင်၏ ဒဏ်ရာရသွားသော ကျောပြင်တွင် အရာဖျော့ဖျော့လေး တစ်ခုသာ ကျန်ရှိနေပြီး သူကဲ့သို့သော အဆင့်ရှိသူတစ်ဦးအတွက် လုံးဝ ပမာမထားလောက်သော သေးငယ်လှသည့် ဒဏ်ရာလေးမျှသာ ဖြစ်ပေသည်။ သို့သော် ထိခိုက်ဒဏ်ရာရသွားခြင်းဟူသော အရှက်ရမှုက ရန်ထျန်းယွင်ကို ဒေါသပေါက်ကွဲသွားစေရန် လုံလောက်သည်။
"ခွေးမ... မင်းက ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ၊ ငါမင်းကို တစ္ဆေနယ်ပယ် အနက်ပိုင်းအထိ ဆွဲခေါ်သွားပြီး အဆုံးမဲ့ချောက်ကမ်းပါးထဲမှာ ထာဝရ ဒုက္ခခံစားရအောင် လုပ်ပစ်မယ်"
ရန်ထျန်းယွင်က ဒေါသတကြီး ဟိန်းဟောက်သည်။ ဤအခြေအနေတွင် ဝမ်မူလင်းမှာ အနည်းငယ် တုန်ယင်နေပြီး သူမ ခန္ဓာကိုယ်မှာ ပြိုလဲကျတော့မည့်အလား ဖြစ်နေသည်။
အားချင်းနှင့် အခြားသူများမှာ စကားမပြောနိုင်ကြသော်လည်း မျှော်လင့်ချက် ကင်းမဲ့မှုနှင့် နှလုံးကွဲကြေဖွယ်ရာ မျက်ဝန်းများဖြင့် ဝမ်မူလင်းကို ကြည့်နေကြသည်။ ခြံဝင်းအတွင်းရှိ အခြားသူများမှာလည်း အသံတိတ်နေသည်။
စုန့်ကျင်းယဲ့၏ မျက်နှာအမူအရာမှာ ညှိုးနွမ်းသွားသည်။ သူမသည် ဝမ်မူလင်းမည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း လက်ရှိ မြင်ကွင်းက မနေ့က ဖြစ်ပျက်ခဲ့သမျှကို အမှတ်ရသွားစေပြီး နက်ရှိုင်းသော ဝမ်းနည်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ဆုပ်ကိုင်ထားလျက် သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဆရာ... အရိပ်ကိုယ်ရံတော်ဆိုတာ ဘာလဲ။ ပြီးတော့ သူက အင်အားစု အကြွင်းအကျန်တွေဆိုတာ ဘာကိုဆိုလိုတာလဲဟင်"
"တိတ်တိတ်နေ၊ နောက်ထပ် စကားတစ်ခွန်းမှ မဟနဲ့တော့"
ဝမ်လင်းချွေ့က ပြတ်သားစွာ အော်ငေါက်လိုက်ပြီး သူမ ပုံမှန် တည်ငြိမ်နေသော လေသံမှာ ယခုအခါ ကြောက်ရွံ့မှုကြောင့် ခက်ထန်နေသည်။ ဝမ်လင်းချွေ့မှာ ယခင်က သူမကို တစ်ခါမျှ မအော်ဟစ်ဖူးသဖြင့် ယခု သူမအမူအရာက ပို၍ပင် ထိတ်လန့်စရာ ကောင်းနေသည်။
စုန့်ကျင်းယဲ့မှာ နောက်ထပ် စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ ဝမ်မူလင်းဆီသို့ ကိုယ်ချင်းစာနာမှု အပြည့်ပါသော အကြည့်တစ်ချက်ကိုသာ ပို့လွှတ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဝမ်မူလင်းက နှုတ်ခမ်းထောင့်မှ သွေးများကို ညင်သာစွာ သုတ်လိုက်ပြီး စင်မြင့်ပေါ်ရှိ ရန်ထျန်းယွင်၊ ကံကြမ္မာတစ္ဆေဧကရာဇ်နှင့် အခြားသူများကို ကြည့်ကာ သာယာသော အသံဖြင့် ရယ်မောလိုက်လေသည်။
"သိပ်ကောင်းတာပေါ့"
ဟင်၊ သိပ်ကောင်းတယ် ဟုတ်လား၊
သူမ ဘာကိုဆိုလိုတာလဲ...
လူအုပ်ကြီး တစ်ခုလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး ထိုစကားများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ထို့နောက် ဝမ်မူလင်းက အားချင်းနှင့် အခြားသူများဆီသို့ အကြည့်ကို နှိမ့်ချလိုက်ပြီး ခါးသီးစွာ ပြုံးသည်။
"မင်းတို့ကိုပါ ဒီအထဲ ဆွဲသွင်းမိတဲ့အတွက် တောင်းပန်ပါတယ်"
အားချင်းနှင့် အခြားသူများထံမှ မျက်ရည်များ စီးကျလာပြီး သူတို့အားလုံးက တညီတညွတ်တည်း ခေါင်းယမ်းကြသည်။ ဝမ်မူလင်းက ခေါင်းမော့လိုက်ပြီး သူမမျက်ဝန်းများက ဟင်းလင်းပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသော မိုးပျံ သံပိုက်ကွန်တောင်ကြီးဆီသို့ စူးစိုက်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် အတိုင်းအဆမဲ့သော ရိုသေလေးစားမှုနှင့် တမ်းတမှုများ ပြည့်နှက်နေသည်။
"အရှင်... ကျွန်မ အရမ်းပင်ပန်းနေပြီ၊ ဒါပေမဲ့ နောက်ဆုံးတော့ မကြာခင် အရှင့်ကို ကျွန်မ ပြန်တွေ့ရတော့မယ်၊ ဒါပေမဲ့ ကျွန်မ မသေခင် သူတို့အားလုံး အရှင့်ဆီကို အတူတူ သေဖော်သေဖက်အဖြစ် လိုက်ပါသွားဖို့ ကျွန်မ သေချာပေါက် လုပ်ရမယ်"
သူမ စကားပြောနေစဉ်မှာပင် အမည်းရောင် ကျောက်စိမ်းအမိန့်တော်ပြား တစ်ခုက သူမရင်ဘတ်ထဲမှ လွင့်ထွက်လာသည်။ ကျောက်စိမ်းအမိန့်တော်ပြားမှာ ဖြည်းညှင်းစွာ လည်ပတ်နေပြီး နှလုံးခုန်သံတစ်ခုအလား တုန်ခါနေကာ အဝေးရှိ သံပိုက်ကွန်တောင်ကြီးဆီသို့ အမည်းရောင် ကြိုးမျှင်ပေါင်းများစွာကို ထုတ်လွှတ်လိုက်သည်။
ထန်ဖေးဝမ်က တစ်စုံတစ်ရာကို ချက်ချင်း သဘောပေါက်သွားပြီး အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လာသည်။
"သူ့ကို အခုချက်ချင်း တားလိုက်ကြစမ်း"
ရန်ထျန်းယွင်သည်လည်း အန္တရာယ်ကို အာရုံခံမိသွားသဖြင့် ဝမ်မူလင်းကို ဖျက်ဆီးပစ်ရန် သူ၏ ကျင့်ကြံမှုအဆင့် အပြည့်အဝကို ထုတ်လွှတ်လိုက်သည်။ သို့သော် အချိန်နှောင်းသွားသည်။
ကျောက်စိမ်းအမိန့်တော်ပြားမှ အမည်းရောင် ကြိုးမျှင်များသည် သံပိုက်ကွန်တောင်ကြီးပေါ်ရှိ ရေတွက်၍မရနိုင်သော အမည်းရောင် အလင်းတန်းများနှင့် ချက်ချင်း ချိတ်ဆက်သွားတော့သည်။
ဧရာမ တောင်ကြီးပင် အနည်းငယ် တုန်ခါသွားရသည်။ ၎င်း၏ ကြီးမားလှသော အရွယ်အစားကြောင့် ဤကဲ့သို့သော သေးငယ်သည့် တုန်ခါမှုလေးကပင် မြင့်မားသော စင်မြင့်ကြီးနှင့် ကံကြမ္မာမြို့တော် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
ကြီးမားလှသော စွမ်းအားမုန်တိုင်းကြီး တစ်ခုက ပွဲခင်းတစ်ခုလုံးကို တိုက်ခတ်သွားပြီး ဝမ်မူလင်၏ မျက်နှာပေါ်တွင် သွေးမျက်ရည်များ စီးကျနေလျက် အပြည့်အဝ အောင်ပွဲခံသော ရယ်မောသံကြီးဖြင့်ရယ်သည်။
"ဒါက မရဏဧကရာဇ်ရဲ့ အမွေအနှစ်ပဲ၊ ဘယ်သူကများ အာခံရဲမှာလဲ"
ဝမ်မူလင်း၏ ဒေါသသံက ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်သွားလေသည်။ ရန်ထျန်းယွင်၊ ထန်ဖေးဝမ်၊ ကံကြမ္မာတစ္ဆေဧကရာဇ်နှင့် ထိုနေရာတွင် ရှိနေသူတိုင်းမှာ ကြောက်ရွံ့မှုကြောင့် သွေးပျက်နေကြသည်။
အထူးသဖြင့် ရန်ထျန်းယွင်နှင့် အခြားသူများမှာ သူတို့၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေသည်။ တောင်ကြီးဆီမှ ထွက်ပေါ်လာသော ကြီးမားကျယ်ပြန့်ပြီး ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့လှသည့် စွမ်းအားကြီးကို သူတို့ ခံစားရသည်။
"သေကြစမ်း"
ဝမ်မူလင်၏ မျက်နှာအမူအရာမှာ ရူးသွပ်မှုများဖြင့် ရှုံ့မဲ့နေသည်။ ဤမျှလောက်သော အမွေအနှစ် စွမ်းအားကို လမ်းကြောင်းလွှဲ အသုံးပြုရခြင်းက သူမ၏ လက်ရှိ စွမ်းရည်များကို များစွာ ကျော်လွန်နေသဖြင့် ၎င်းကို အသုံးပြုလိုက်သည်နှင့် သူမကိုယ်တိုင် ပျက်သုဉ်းသွားမည်မှာ သေချာနေပေသည်။
သို့သော် အရာအားလုံးကို ဖျက်ဆီးပစ်ရန် အသင့်ဖြစ်နေသော ရေတွက်၍မရနိုင်သည့် အမည်းရောင် ကြိုးမျှင်များ ကောင်းကင်ယံတွင် ပြန့်ကျဲသွားချိန်မှာပင်။
အမည်းရောင် အလင်းတန်းများ ရစ်ပတ်ထားသော ကျောက်စိမ်းအမိန့်တော်ပြား၏ ဘေးတွင် ရှည်လျားသွယ်လျပြီး အရိုးဆစ်များ ထင်ရှားနေသော လက်တစ်ဖက် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက ဖြည်းညှင်းစွာ ဆန့်ထွက်လာပြီး ကျောက်စိမ်းအမိန့်တော်ပြားကို ဆုပ်ကိုင်လာသည်။
ကောင်းကင်ယံရှိ အမည်းရောင် အလင်းတန်းများ အားလုံးမှာ ချက်ချင်း ရပ်တန့်သွားပြီး ကျရောက်လာတော့မည့် ဖျက်ဆီးရေး တိုက်ခိုက်မှုကြီးမှာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။
ထို့နောက် ခပ်ဖွဖွ သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
"သူတို့ကို သတ်ချင်တယ်ဆိုတာ... ကောင်းပါတယ်၊ ဒါပေမဲ့ ဒီအတွက်နဲ့ ကိုယ့်အသက်ကိုပါ စတေးရတာ... တန်လို့လား”
__