အခန်း ၁၃၇၀
Vol. 92 Ch. 1370
အခန်း (၁၃၇၀) ငါ့ကို အလုပ်အကျွေးပြုရင် မင်းအသက်ကို ချမ်းသာပေးမယ်
ရွှယ်အန်း၏ အပြုံးကို မြင်သောအခါ ထန်ဖေးဝမ်၏ ရင်ထဲတွင် စိမ့်တက်သွားလေသည်။ တဖျပ်ဖျပ် တောက်ပနေသော အမည်းရောင် အလင်းတန်းများက အသက်ဝင်နေသကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ပတ်သွားပြီး အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
သူမ၏ လှုပ်ရှားမှုများမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိအောင် မြန်ဆန်လှသော်လည်း အမည်းရောင် အလင်းတန်းက ပုံသဏ္ဌာန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ နောက်ကျောဘက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"နာကြည်းမှုတွေကို ဒီလောက်တောင် သေသေသပ်သပ် ထိန်းချုပ်နိုင်တဲ့အထိ သန့်စင်ထားတာဆိုတော့ မင်းက ဝိညာဉ်ဘယ်နှစ်ခုကို ဖျက်ဆီးခဲ့ပြီးပြီလဲ"
ထိုအသံကို ကြားသောအခါ ထန်ဖေးဝမ်မှာ တောင့်တင်းသွားရသည်။ သူမ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများအားလုံး ထောင်ထသွားလေတော့သည်။ အသံမှာ အလွန်နီးကပ်လွန်းလှသဖြင့် ထန်ဖေးဝမ်သည် သူမ၏ လည်ပင်းနောက်ဘက်ကို လာရောက်ထိတွေ့နေသော နွေးထွေးသည့် နှာခေါင်းငွေ့ကိုပင် ခံစားနေမိသည်။
အတိုင်းအဆမဲ့သော ထိတ်လန့်ကြောက်ရွံ့မှုများကြားတွင် ထန်ဖေးဝမ်သည် အချိန်ဖြုန်းမနေတော့ဘဲ သူမ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်လေတော့သည်။ အမည်းရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ကြီးထွားလာပြီး ရေတွက်၍မရနိုင်သော သေးငယ်လှသည့် အလင်းအပ်လေးများအဖြစ် ပေါက်ကွဲထွက်လာကာ အပြင်ဘက်သို့ ပြန့်ကျဲသွားသည်။
အလင်းအပ်လေးများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရေတွက်၍မရနိုင်သော အပေါက်များ ဖောက်ခံလိုက်ရသကဲ့သို့ ဟင်းလင်းပြင်ကြီးမှ တရှဲရှဲ မြည်သံများ ထွက်ပေါ်လာသည်။ သူတို့၏ စွမ်းအားမှာ သိသာထင်ရှားလှသည်။
သို့သော် ဤကဲ့သို့ သေစေနိုင်လောက်သော လေဆင်နှာမောင်းကြားတွင် လက်တစ်ဖက်က အေးအေးဆေးဆေးပင် ရှေ့သို့ ဆန့်ထွက်လာပြီး အလင်းအပ် အလွှာများကို ဖောက်ထွင်းကာ အမည်းရောင် အလင်းတန်း၏ အလယ်ဗဟိုကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ လည်ပတ်နေသော အမည်းရောင် အလင်းတန်းမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် စူးရှသော အသံတစ်ခုနှင့်အတူ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ရေတွက်၍မရနိုင်သော အမည်းရောင် အငွေ့တိမ်လွှာများမှာ ဟင်းလင်းပြင်ထဲသို့ လွင့်မျောသွားသော ခပ်တိုးတိုး ငိုကြွေးသံ ပဲ့တင်သံများနှင့်အတူ ပြန့်ကျဲသွားသည်။ထန်ဖေးဝမ်မှာ ကျောက်ရုပ်တစ်ရုပ်အလား ဖြစ်သွားပြီး ပျောက်ကွယ်သွားသော အမည်းရောင် အလင်းတန်းကို ငေးမောကြည့်နေမိသည်။ သူမ၏ စိတ်အစဉ်မှာ ဟာလာဟင်းလင်း ဖြစ်သွားသည်။
တီမန်မိသားစုမှ သူမကို ချီးမြှင့်ထားသော မှော်လက်နက်၊ သူမ၏ ဂုဏ်သတင်းကို တည်ဆောက်ပေးခဲ့သည့် ထိုလက်နက်ကြီးမှာ လှိုင်းဂယက်လေးတစ်ခုမျှပင် မဖြစ်ပေါ်စေဘဲ အလုံးစုံ ဖျက်ဆီးခံလိုက်ရသည်။ နက်ရှိုင်းပြီး အရိုးခိုက်မတတ် အေးစက်မှုတစ်ခုက ထန်ဖေးဝမ်ကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်းက အမည်းရောင် အငွေ့ဝဲဂယက်ထဲမှ ထွက်ပေါ်လာပြီး သူ့မျက်ခုံးများကို အနည်းငယ် ပင့်တင်ကာ ခပ်ဟဟ ပြုံးလေသည်။
"ဒါက မင်းမှာရှိတဲ့ အင်အားအကုန်ပဲလား"
ထန်ဖေးဝမ်မှာ ရွှယ်အန်းကို အ,သွားသူတစ်ယောက်အလား ငေးကြည့်နေမိသည်။ ထို့နောက် သူမက ရွှယ်အန်း၏ အနောက်ဘက်ရှိ အမှောင်ထုထဲတွင် ပုန်းကွယ်နေသော အရိပ်တစ်ခုကို သတိပြုမိသွားသည်။ ထိုအရိပ်က တိတ်တဆိတ်ဖြင့် တဖြည်းဖြည်း တိုးကပ်လာနေလေသည်။
ထန်ဖေးဝမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး အခြေအနေကို နားလည်သဘောပေါက်သွားလေသည်။ သူမက လေးနက်သော လေသံဖြင့် ပြောသည်။
"မင်းက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ၊ ဒါပေမဲ့ ထန်မိသားစုကို ဆန့်ကျင်တဲ့ အကျိုးဆက်တွေကိုရော စဉ်းစားပြီးပြီလား"
"အကျိုးဆက်တွေ ဟုတ်လား..."
ရွှယ်အန်းက ခပ်ဟဟ ရယ်မောလိုက်သည်။
"ငါ မစဉ်းစားဖူးသလို ဂရုလည်းမစိုက်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ထန်မိသားစုက သိပ်မကြာခင်မှာ ရှိတော့မှာမှ မဟုတ်တာ၊ ဘာလို့ စိတ်ပင်ပန်းခံနေမှာလဲ"
ထန်ဖေးဝမ်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သော်လည်း ရွှယ်အန်းထံသို့ တိုးကပ်လာနေပြီဖြစ်သော ယခုအခါ လုံးဝနီးပါး မမြင်ရတော့သည့် ပုံရိပ်ကို ခိုးကြည့်လိုက်လေသည်။ ရွှယ်အန်းမှာမူ မသိနားမလည်ဟန်ဖြင့် တည်ငြိမ်စွာ ရပ်နေဆဲပင်။ သူမ၏ ယုံကြည်မှုများ မြင့်တက်လာပြီး အေးစက်စွာ မရယ်မောဘဲ မနေနိုင်တော့ချေ။
"နင်ရဲ့ စွမ်းအားက ချီးကျူးစရာဆိုပေမယ့် ဒီလိုစကားကြီးစကားကျယ် ပြောတာကတော့ ရယ်စရာကောင်းလိုက်တာ၊ ငါတို့က ရန်သူတွေမှ မဟုတ်တာ၊ ကံကြမ္မာတစ္ဆေဧကရာဇ်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက်တောင် ရန်လိုနေစရာ မလိုပါဘူး၊ နင်သာ ဆန္ဒရှိမယ်ဆိုရင် ထန်မိသားစုက အရင်ကိစ္စတွေကို မေ့ပစ်ပြီး မမိတ်ဆွေဖွဲ့လို့ ရပါတယ်"
ထန်ဖေးဝမ်က ရွှယ်အန်း၏ တိုက်ခိုက်လိုစိတ်ကို လျော့ကျစေရန် ကြိုးစားရင်း လှည့်စားသော စကားလုံးများဖြင့် အချိန်ဆွဲနေသည်။ သူမ၏ နှုတ်ခမ်းများက လှုပ်ရှားနေသော်လည်း သူမ အာရုံကမူ သူ၏ အနောက်တွင် တဖြည်းဖြည်း တိုးကပ်လာနေသော အရိပ်ဆီတွင်သာ စူးစိုက်နေလေသည်။
နီးကပ်လာပြီ... ပိုပိုပြီး နီးကပ်လာပြီ...
ထန်ဖေးဝမ်က သူမ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကဲ... ဘယ်လိုထင်လဲ"
သူမအပြုံးက လူအများအပြားကို ယစ်မူးမိန်းမောသွားစေနိုင်စွမ်း ရှိပေသည်။
ရွှယ်အန်းမှာ ဘာမှမပြောချေ။ သူက ထန်ဖေးဝမ်ကို နက်ရှိုင်းစွာ စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းများတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ ငါ့မှာ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်"
"အို... ဘာစည်းကမ်းချက်လဲ"
ရွှယ်အန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"မင်း ငါ့ရဲ့ အစေခံ ဖြစ်ရမယ်၊ ငါ့အမိန့်အတိုင်း ငါ့ကို အလုပ်အကျွေးပြုရမယ်၊ မင်း ဒါကို သဘောတူမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"
သူ၏ စကားလုံးများက ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ပွဲခင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေတော့သည်။
ထန်ဖေးဝမ်၏ မျက်နှာမှာ ဒေါသကြောင့် တစ္ဆေတစ်ကောင်အလား ဖြူလျော့သွားလေသည်။ သို့သော် ရွှယ်အန်း နောက်ကွယ်ရှိ အရိပ်မှာ မီတာအနည်းငယ်မျှသာ ကွာဝေးတော့ကြောင်း မြင်လိုက်ရသောအခါ သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသကို မြိုသိပ်ကာ အေးစက်စွာ ပြောလိုက်သည်။
"အို... အဲဒါက ရှင့်ရဲ့ တကယ့်ဆန္ဒဆိုရင် ကျွန်မ သဘောတူနိုင်ပါတယ်"
ဘာ...၊ ဂုဏ်သရေရှိ ထန်မိသားစုရဲ့ တရားဝင် အမွေဆက်ခံသူက သာမန်ကောင်လေး တစ်ယောက်ရဲ့ အစေခံအဖြစ် ဆောင်ရွက်ဖို့ သဘောတူလိုက်တာလား။
ထိုသို့ ဖော်ထုတ်လိုက်မှုက လူအများအပြားကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပြီး စကားမပြောနိုင်လောက်အောင် မှင်တက်သွားစေခဲ့သည်။ ရွှယ်အန်းက ပြုံးသည်။
"သိပ်ကောင်းတာပေါ့၊ ဒါပေမဲ့..."
သူ စကားမဆုံးခင်မှာပင် သူ၏ အနောက်ဘက်ရှိ အမည်းရောင် အငွေ့တိမ်လွှာများထဲမှ မျက်စိကျိန်းမတတ် တောက်ပနေသော သွေးရောင် မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ ကျောပြင်ဆီသို့ တိုက်ရိုက် ပစ်လွှတ်လာသည်။
စွမ်းအင်ပေါက်ကွဲမှုမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး ၎င်း၏ ပြင်းထန်မှုမှာ အဆုံးအစမဲ့ပုံရသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲက ရှိနေသူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ဖြစ်ပျက်နေသမျှကို အာရုံစိုက် စောင့်ကြည့်နေခဲ့သော အားချင်းမှာ ရွှယ်အန်းက ထန်ဖေးဝမ်အား အစေခံအဖြစ် တောင်းဆိုလိုက်ချိန်တွင် မယုံနိုင်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဟွန့်... ယောက်ျားတွေက အားလုံး အတူတူချည်းပဲ"
သို့သော် သွေးမီးတောက်များ ပေါက်ကွဲထွက်လာသောအခါ အားချင်းက အလန့်တကြား အော်ဟစ်မ်သည်။
"သတိထား"
ရွှယ်အန်းက လှည့်ကြည့်ရန်ပင် ဂရုမစိုက်ချေ။ သူက အေးစက်စွာ ပြောလိုက်သည်။
"ငါက မင်းတို့ကို တစ်ယောက်ချင်း ရှင်းဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ မင်းက အဲဒီလောက်တောင် သေဖို့ လောနေတာကိုး"
ထန်ဖေးဝမ်၏ မျက်ဝန်းများတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများ ပြည့်နှက်သွားလေသည်။ ရန်ထျန်းယွင်သာ တိုက်ခိုက်ရဲပြီဆိုလျှင် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အဆုံးသတ်သွားမည် မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။
အမှန်တကယ်ပင်။ သွေးမီးတောက်များ ပစ်မှတ်ဆီသို့ နီးကပ်လာချိန်တွင် အလွန်တရာ နိမိတ်မကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အမည်းရောင် ဓားမြှောင်တစ်လက်က အရိပ်များထဲမှ အသံတိတ် ပေါ်ထွက်လာပြီး ရွှယ်အန်း၏ ခါးအောက်ပိုင်းဆီသို့ တိုက်ရိုက် ချိန်ရွယ်လာသည်။ ဤခြုံခိုတိုက်ခိုက်မှုမှာ ယုတ်မာကောက်ကျစ်စွာ တွက်ချက်ထားခြင်း ဖြစ်ပေသည်။
သွေးမီးတောက်များ၏ အကာအကွယ်အောက်တွင် ပုန်းကွယ်နေသဖြင့် ဓားမြှောင်၏ အငွေ့အသက်မှာ လုံးဝ ဖုံးကွယ်ခံထားရလေသည်။ အမှောင်ထုထဲတွင် ရန်ထျန်ယွင်က လှောင်ပြောင်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
စွမ်းအားသက်သက်ရှိရုံနဲ့ ဘာအသုံးကျမှာလဲ၊ ငါ့ရဲ့ လုပ်ကြံမှုအောက်မှာ အစွမ်းအထက်ဆုံးသူတောင် အသက်ရှင်မကျန်နိုင်ဘူးကွ...
ဓားမြှောင်က ရွှယ်အန်း၏ ခန္ဓာကိုယ်ကို မည်သည့် အားထုတ်မှုမျှ မလိုဘဲ ဖောက်ထွင်းဝင်ရောက်သွားသည်။
ရန်ထျန်ယွင်၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားလေတော့သည်။ သွေးလည်း မထွက်သလို ဓားမြှောင်ကလည်း ထိုးမိသည့် ခံစားချက်မျိုး မရရှိချေ။
တစ်ခုခုတော့ မှားနေပြီ...
ရန်ထျန်ယွင်၏ စိတ်ထဲတွင် ထိုအတွေး ဖြတ်ပြေးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အလိုအလျောက် တုံ့ပြန်မှုက နောက်သို့ ဆုတ်ခွာရန် တွန်းအားပေးလိုက်လေသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် သူ၏ အနောက်ဘက်မှ လေးနက်သော သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
ရန်ထျန်ယွင်မှာ တစ်ဝက်ခန့်သာ လှည့်နိုင်လိုက်ပြီး သူ၏ အနောက်တွင် တည်ငြိမ်စွာ ရပ်နေသော ရွှယ်အန်းကို မြင်တွေ့လိုက်ရသည်။ ရွှယ်အန်း၏ မျက်နှာမှာ အရိပ်များဖြင့် တစ်စိတ်တစ်ပိုင်း ဖုံးလွှမ်းနေသော်လည်း သူ၏ ကြယ်များအလား တောက်ပနေသော မျက်ဝန်းများမှာ လင်းလက်နေသည်။
ဝိညာဉ်တုန်လှုပ်သွားသော ရန်ထျန်းယွင်၏ လည်ချောင်းမှာ တုန်ယင်သွားပြီး စကားပြောရန် ရုန်းကန်လိုက်ရသည်။
ရွှယ်အန်းက သူ့ကို မည်သည့် အခွင့်အရေးမျှ မပေးချေ။ သူ့ မျက်ဝန်းများက တောက်ပသွားပြီး ဓားအလင်းတန်းတစ်ခုက မှုန်ဝါးဝါး ထွက်ပေါ်လာကာ ရန်ထျန်းယွင်၏ နဖူးကို ဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ ဦးခေါင်းနောက်ဘက်မှ ထွက်ပေါ်သွားကာ ကြီးမားသော အပေါက်ကြီးတစ်ခုကို ချန်ရစ်ထားခဲ့သည်။
ရန်ထျန်းယွင်မှာ နေရာမှာပင် အေးခဲသွားပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့ဩထိတ်လန့်မှုများ ကျန်ရှိနေဆဲပင်။ သူ၏ ခန္ဓာကိုယ်မှာ တစ်စစီ စတင် ပြိုကွဲသွားလေတော့သည်။
အမည်းရောင် အငွေ့တိမ်လွှာများ သူ၏ ပတ်လည်တွင် ပြည့်နှက်လာသည်နှင့်အမျှ ရန်ထျန်ယွင်၏ ဝိညာဉ်မှာ သူကိုယ်တိုင် ပြန်လည် ဖွဲ့စည်းရန် ရူးသွပ်စွာ ကြိုးပမ်းလေသည်။ သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ သူ၏ နဖူးရှိ အပေါက်ကြီးမှာ ခိုင်မာစွာ တည်ရှိနေပြီး ပိုမို ကျယ်ပြန့်လာသည်။
ထို့နောက် အသက်အနည်းငယ် ရှူပြီးနောက်တွင် လူတိုင်း၏ နားထဲသို့ တုန်ခါသွားစေသော ဖျက်ဆီးရေး အော်ဟစ်သံကြီးတစ်ခု ပွဲခင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ ထိုအော်သံမှာ ခါးသီးမှုနှင့် ကလဲ့စားချေလိုမှုများ ပြည့်နှက်နေလေသည်။ သို့သော် ချက်ချင်းပင် အမည်းရောင် အငွေ့တိမ်လွှာများ ပေါက်ကွဲသွားပြီး ဘာမျှမရှိတော့သော အခြေအနေသို့ ပျော်ဝင်သွားလေတော့သည်။
သူ၏ နောက်ဆုံးအချိန်များတွင် ရန်ထျန်းယွင်သည်ရွေးချယ်မှုများကို နောင်တရသွားခဲ့သား ဆိုသည်ကိုမူ မည်သူကမျှ မပြောနိုင်ချေ။ ထန်ဖေးဝမ်ကမူ နက်ရှိုင်းသော နောင်တနှင့် လှုပ်ရှား၍မရလောက်အောင် ကြောက်ရွံ့မှုတို့ကို ခံစားလိုက်ရပြီး သူမ ဝိညာဉ်အထိပင် တုန်ယင်သွားတော့သည်။
__