← Chapters

အခန်း ၁၃၇၂

Vol. 92 Ch. 1372

အခန်း ၁၃၇၂

Vol. 92 Ch. 1372

အခန်း (၁၃၇၂) နဂါးများအလား ဓားပင်လယ် - ဝဋ်လည်ခြင်းက နီးကပ်နေပြီ

ထိုစကားတစ်ခွန်းတည်းနှင့်ပင် ဓားအလင်းတန်းများက ကောင်းကင်ယံမှ စီးဆင်းကျလာသော မြစ်ရေများအလား ကျဆင်းလာလေသည်။

မျက်စိတစ်ဆုံး မြင်နိုင်သမျှ နေရာတိုင်းရှိ ရေတွက်၍မရနိုင်သော တစ္ဆေမျိုးနွယ်စုဝင်များမှာ ဓားအလင်းတန်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အော်ဟစ်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ ဘာမျှမရှိတော့သော အခြေအနေသို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

တစ္ဆေမျိုးနွယ်စုများသာမက သူတို့ကို ကူညီအားပေးခဲ့ကြသော လူသားမျိုးနွယ်စုမှ အများအပြားမှာလည်း တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းအောက်တွင် ကျဆုံးသွားခဲ့ရသည်။ စုန့်ကျင်းယဲ့မှာ ဓားအလင်းတန်းများက သူမကို အနည်းငယ်မျှပင် ထိခိုက်မှု မရှိစေဘဲ သူမ၏ဘေးမှ လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိလေသည်။

သူမ ထိတ်လန့်အံ့ဩနေစဉ်မှာပင် အော်ဟစ်သံတစ်ခုက သူမကို သတိပြန်ဝင်လာစေခဲ့သည်။ လှည့်ကြည့်လိုက်သောအခါ သူမ၏ ကံမကောင်းသော ဂိုဏ်းတူအစ်ကို လန်ပိုချန်မှာ ဓားတစ်လက်ဖြင့် နှလုံးသားကို အထိုးခံထားရပြီး သဘာဝမကျသော သေဆုံးမှုဖြင့် သေပွဲဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။ အလောင်းက မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများက မြစ်တစ်စင်းအလား ပန်းထွက်လာသည်။

ကံကြမ္မာမြို့တော် တစ်ခုလုံးနှင့် ကံကြမ္မာနယ်ပယ် တစ်ခုလုံးသည်ပင်လျှင် တစ္ဆေမျိုးနွယ်စုရော လူသားမျိုးနွယ်စုပါမကျန် လူဦးရေ ထက်ဝက်ကျော်ကို မျက်တောင်တစ်ခတ်အတွင်း ဆုံးရှုံးသွားခဲ့ရလေသည်။ တစ်ချိန်တည်းမှာပင် ကံကြမ္မာမြို့တော်မှ မိုင်ထောင်ချီ ကွာဝေးသော မြို့ငယ်လေး တစ်မြို့ရှိ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ကျင်ကျွယ် က လက်ဖက်ရည် သောက်ရင်း ထိုင်နေပြီး ဆိုင်ရှင်မှာမူ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင်ကျွယ်၏ အနောက်တွင် ရိုသေကျိုးနွံသော အမူအရာဖြင့် တစ္ဆေမျိုးနွယ်စု လူငယ်တစ်ဦး ရပ်နေသောကြောင့်ပင်။ ထိုတစ္ဆေလူငယ်မှာ ဆယ်ကျော်သက် အရွယ်သာ ရှိပုံပေါ်သော်လည်း တစ္ဆေမျိုးနွယ်စု၏ ပုံမှန် မာနကြီးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုမျိုး ကင်းမဲ့နေသည်။

သို့တိုင်အောင် သူသည် လက်ဖက်ရည်ဆိုင်ရှင်ကို ကြောက်လန့် ထွက်ပြေးသွားစေခဲ့ဆဲပင်။ တစ္ဆေလူငယ်မှာ အနည်းငယ် နာကျင်နေပုံရပြီး မေးသည်။

"ဆရာ၊ ကျွန်တော်တို့ တစ္ဆေမျိုးနွယ်စုတွေက ပုံမှန်ဆို ဒီလောက်တောင် အမုန်းခံရတာလားဟင်"

ကျင်ကျွယ်က ခေါင်းညိတ်လိုက်ပြီး ဘီစကွတ်ခြောက်ကို အေးအေးဆေးဆေးပင် ဆက်စားနေလေသည်။ တစ္ဆေလူငယ်က ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

"ကျွန်တော့်မှာ အပြစ်တွေ အများကြီး ရှိနေတယ်ဆိုတာ သိပါတယ်၊ ကံကောင်းလို့ ဆရာနဲ့ တွေ့ခဲ့ရတာ၊ မဟုတ်ရင် ကျွန်တော့်ဘဝက ဇဝေဇဝါနဲ့ပဲ ကုန်ဆုံးသွားလိမ့်မယ်"

ကျင်ကျွယ်က ရယ်သာရယ်ပြလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ကောင်းကင်ယံရှိ ပုံမှန်မဟုတ်သော အခြေအနေများက တစ္ဆေလူငယ်၏ အာရုံကို ဖမ်းစားသွားလေသည်။ ၎င်းတို့မှာ ရေတွက်၍မရနိုင်သော ဓားအလင်းတန်းများ ဖြစ်ပြီး ၎င်းတို့၏ အထက်တွင် မီးတောက်များ တောက်လောင်နေသည်ကို မြင်သောအခါ သူမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး အော်ဟစ်လိုက်သည်။

"ဆရာ... ကြည့်ပါဦး"

ကျင်ကျွယ်လည်း သဘာဝကျကျပင် ထိုအရာကို အာရုံခံမိသည်။ သူ မော့ကြည့်လိုက်သောအခါ သူ၏ ကြည်လင်သော မျက်ဝန်းများတွင် အံ့ဩမှုများ လက်ကနဲ ဖြစ်သွားသော်လည်း အလျင်အမြန်ပင် ပြန်လည်ငုံ့ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ဂရုမစိုက်နဲ့၊ ငါသင်ပေးထားတဲ့ နောင်တတရား ဂါထာကို မှတ်မိသေးလား"

"မှတ်မိပါတယ်"

"ရွတ်လိုက်စမ်းပါ"

"ဟုတ်... ဟုတ်ကဲ့"

တစ္ဆေလူငယ်သည် ကြောက်ရွံ့နေသော်လည်း မျက်လုံးများကို မှိတ်ကာ ဂါထာကို တိတ်တဆိတ် စတင်ရွတ်ဆိုတော့သည်။ တစ်ချိန်တည်းမှာပင် ကြီးမားကျယ်ပြန့်သော ဓားအလင်းတန်းများမှာ ရွာသွန်းကျလာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အရာအားလုံးကို တိုက်ခတ်ဖျက်ဆီးသွားလေသည်။

ဓားအလင်းတန်းများ လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာသောအခါ ၎င်းတို့အားလုံးနီးပါးက တစ္ဆေလူငယ်ဆီသို့ ချိန်ရွယ်သွားကြသည်။ သို့သော် အနီးသို့ ရောက်လာသောအခါ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ဖြည်းညှင်းစွာ စတင် လည်ပတ်နေသည်။ တစ္ဆေလူငယ်မှာ မျက်လုံးများကို မှိတ်ထားလျက် ဂါထာကို အဆက်မပြတ် ရွတ်ဆိုသည်။

ဓားအလင်းတန်းများမှာ တဖြည်းဖြည်း နူးညံ့သွားပြီး နောက်ဆုံးတွင် ဖြည်းညှင်းစွာ နောက်ဆုတ်သွားတော့သည်။ အံ့ဩစရာကောင်းစွာပင် ဓားအလင်းတန်းများက ကျင်ကျွယ်၏ အနီးမှ ဖြတ်သန်းသွားသောအခါ အသိအမှတ်ပြု ခေါင်းညိတ်ပြသည့်အလား ၎င်းတို့အားလုံးက အနည်းငယ် ကိုင်းညွှတ်သွားကြပြီးမှ ပျောက်ကွယ်သွားကြသည်။

ကျင်ကျွယ်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် စတင် ရယ်မောတော့သည်။ ဓားအလင်းတန်းများ၏ ခြိမ်းခြောက်မှု ပျောက်ကွယ်သွားသောအခါ တစ္ဆေလူငယ်က အဆုံးတွင် သူ၏ မျက်လုံးများကို ဖွင့်လိုက်သော်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲပင်။

"ဆရာ... ခုနကဟာတွေက ဘာတွေလဲဟင်"

ကျင်ကျွယ်က အဝေးသို့ ပျောက်ကွယ်သွားသော နဂါးများအလား ဓားပင်လယ်ကြီးကို ငေးကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် တိုးညှင်းစွာ ပြောသည်။

"အဲဒါ ဝဋ်လည်တာပဲ"

"ဝဋ်လည်တာလား..."

တစ္ဆေလူငယ်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် ပိုမို သန့်စင်သော ယုံကြည်သက်ဝင်မှုများ ပြည့်နှက်လာခဲ့သည်။

"ဆရာ... ကျွန်တော်တို့ တစ္ဆေမျိုးနွယ်စုက ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့ကြတာမို့လို့ ဒီလို ကပ်ဘေးမျိုးနဲ့ ထိုက်တန်ပါတယ်၊ အနာဂတ်မှာ တစ်မျိုးနွယ်လုံး ကိုယ်စား ကျွန်တော် နောင်တရ အပြစ်ဆေးကြောဖို့ ဆန္ဒရှိပါတယ်"

"ကောင်းချီးမင်္ဂလာ အဖြာဖြာ ပြည့်စုံပါစေကွာ"

ဂျင်ကျွယ်က ခေါင်းညိတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ငွေဒင်္ဂါး တစ်ပြားကို ချန်ရစ်ခဲ့သည်။

"သွားကြစို့"

လူတစ်ယောက်နှင့် တစ္ဆေတစ်ကောင်တို့သည် လမ်းမကြီးပေါ်တွင် ပျောက်ကွယ်သွားကြသည်။ ကံကြမ္မာမြို့တော်၏ အထက် ကောင်းကင်ယံတွင် ဝမ်မူလင်းမှာ သူမရှေ့တွင် ဖြစ်ပျက်နေသမျှကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေလေသည်။

ဤမြင်ကွင်းမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် သူမ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ လွန်ခဲ့သော အချိန်များက မရဏဧကရာဇ်မှလွဲ၍ ရွှယ်အန်းလောက် စွမ်းအားကြီးမားသော တည်ရှိမှုမျိုးကို သူမ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ဓားအလင်းတန်းများ အောက်ရှိ လူအုပ်ကြီးမှာမူ ဆောင်းရာသီရှိ ပုရစ်များအလား တိတ်ဆိတ်ငြိမ်သက်နေကြပြီး မတ်တတ်ပင် ခဲယဉ်းစွာ ရပ်နေရလေသည်။

အဆုံးတွင်တော့ အလုံးစုံ ရှင်းလင်းဆေးကြောပြီးနောက် ဓားအလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အောက်ဘက်ရှိ မြင်ကွင်းကို ဖော်ပြလာသည်။ ရေတွက်၍မရနိုင်သော ခန္ဓာကိုယ်များမှာ ဘာမျှမရှိတော့သော အခြေအနေသို့ ပျောက်ကွယ်သွားခဲ့ပြီး အနည်းငယ်မျှသာ ကျန်ရှိနေကာ သူတို့၏ မျက်နှာများမှာ ဖြူလျော့နေပြီး ခန္ဓာကိုယ်များက ဆန်ကောများအလား တုန်ယင်နေကြသည်။ ရွှယ်အန်းက ညင်သာစွာ ပြောလိုက်သည်။

"အခု ဘယ်လိုမြင်လဲ"

ဝမ်မူလင်းမှာ အနည်းငယ် တွန့်ဆုတ်သွားပြီး မဆုံးတွင် သူမ၏ ထိတ်လန့်မှုမှ သတိပြန်ဝင်လာခဲ့သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"သခင်လေးရဲ့ ဘုရားသခင်အလား စွမ်းအားက အံ့ဩမှင်တက်စရာ ကောင်းပေမယ့် ကျွန်မရဲ့ ကတိသစ္စာကိုတော့ ပြောင်းလဲလို့ မရပါဘူး"

ရွှယ်အန်းက ပြုံးလိုက်ပြီး အမည်းရောင် ကျောက်စိမ်းအမိန့်တော်ပြားက သူ၏ လက်ထဲတွင် တစ်ဖန် ပြန်လည် ပေါ်လာခဲ့သည်။ ၎င်းကို ညင်သာစွာ ချိန်ဆကြည့်ရင်း ခံစားချက်ကင်းမဲ့စွာ ပြောသည်။

"မင်းလို သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေ ရှိနေတာ သူ့အတွက် အတော်လေး ကံကောင်းတာပဲ"

ဝမ်မူလင်းက ရုတ်တရက် မော့ကြည့်လိုက်ပြီး ရွှယ်အန်းကို အံ့ဩထိတ်လန့်စွာ စိုက်ကြည့်ကာ သူမအသံမှာ တုန်ယင်နေလျက် မေးသည်။

"သခင်လေး... ဘာ... ဘာပြောလိုက်တာလဲဟင်"

ရွှယ်အန်းက ခပ်ဟဟ ရယ်မောလိုက်သည်။

"မင်းလို လက်အောက်ငယ်သားတွေ ရှိနေတာ သူ့ရဲ့ ကံကောင်းမှုပဲလို့ ငါပြောတာ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏လက်ထဲရှိ ကျောက်စိမ်းအမိန့်တော်ပြားကို ကစားလိုက်ပြီး အဝေးရှိ မိုးပျံ သံပိုက်ကွန်တောင်ကြီးဆီသို့ ငေးကြည့်ကာ တိတ်ဆိတ်စွာ ပြောသည်။

"သူ့ရဲ့ အရိပ်ကိုယ်ရံတော်တွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေတာက အံ့ဩစရာပဲ"

ဝမ်မူလင် ပါးပြင်များမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး သူမအသံမှာ တောင့်တင်းနေသည်။

"သ... သခင်လေး... တကယ်တော့ ရှင်က ဘယ်သူလဲဟင်"

"ငါက ဘယ်သူလဲ ဟုတ်လား..."

ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ခေါင်းလှည့်ကာ ဝမ်မူလင်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားတွင် သန့်စင်သော အဖြူရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။

ထိုမီးတောက်ကို မြင်သောအခါ ဝမ်မူလင်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူမ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားကာ သူမ မျက်ဝန်းများပင် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

"အခု ငါဘယ်သူလဲဆိုတာ သိပြီလား"

ရွှယ်အန်းက မီးတောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ဝမ်မူလင်မှာ အံ့ဩမှင်တက်နေမှုမှ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီးနောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။ စကားပြောရန် ကြိုးစားသော်လည်း ရှိုက်ငိုသံများက လွှမ်းမိုးသွားသဖြင့် သူမမှာ အသံထစ်ငေါ့စွာဖြင့်သာ ပြောနိုင်တော့သည်။

"မရဏဧကရာဇ်ရဲ့ လက်အောက်ငယ်သား အရိပ်ကိုယ်ရံတော် ဝမ်မူလင်းက တစ္ဆေအရှင်သခင်ကို ဂါရဝပြုပါတယ်"

အမှန်တကယ်ပင်။ ထိုအချိန်များက ရွှယ်အန်းသည် တစ္ဆေနယ်ပယ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခုဖြစ်ပြီး နတ်မီးလျှံ တစ္ဆေအရှင်သခင်ဟူသော အမည်ဖြင့် ကျော်ကြားကာ ယခင် မရဏဧကရာဇ်နှင့်ပင် အဆင့်အတန်း တန်းတူအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။

သို့သော် ဝမ်မူလင်က ဤမျှလောက် နက်ရှိုင်းသော ရိုသေလေးစားမှုကို ပြသပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်ခဲ့ရခြင်းမှာ ဤအကြောင်းကြောင့် မဟုတ်ချေ။ အစစ်အမှန် အကြောင်းရင်းမှာ ဝမ်မူလင်းသည် ယုံကြည်စိတ်ချရသူ တစ်ဦးနီးပါး ဖြစ်သော နတ်မီးလျှံ တစ္ဆေအရှင်သခင်နှင့် သူ၏ ရင်းနှီးသော ဆက်ဆံရေးအကြောင်းကို မရဏဧကရာဇ် ကိုယ်တိုင်ထံမှ ကြားသိခဲ့ရသောကြောင့်ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင် မှန်ကန်လေသည်။ ထိုအချိန်က နတ်မီးလျှံ တစ္ဆေအရှင်သခင်နှင့် မရဏဧကရာဇ်တို့သည် မြေကြီးတုန်လှုပ်ဖွယ်ရာ စွမ်းဆောင်မှု အများအပြားကို အတူတကွ လုပ်ဆောင်ခဲ့ကြပြီး တစ္ဆေနယ်ပယ် အနက်ပိုင်းနှင့် ဗဟိုတစ္ဆေနယ်ပယ် အတွင်းရှိ ဂုဏ်သရေရှိ အင်အားစုများ အားလုံးကိုပင် နှိမ်နင်းခဲ့ရာ အနည်းငယ်မျှပင် ပြန်လည် မခုခံရဲခဲ့ကြချေ။

ထိုအချိန်က ဝမ်မူလင်စသည် အရိပ်ကိုယ်ရံတော်များကြားတွင် ထင်ပေါ်မှုမရှိသော မိန်းကလေးငယ် တစ်ဦးသာ ဖြစ်ပြီး မရဏဧကရာဇ်ကို အဝေးမှသာ မြင်တွေ့ခဲ့ဖူးသော်လည်း မရဏဧကရာဇ်နှင့် ရွှယ်အန်းအပေါ် သူမ၏ အားကျလေးစားမှုမှာ လျော့ကျသွားခြင်း မရှိခဲ့ချေ။ သို့သော် ထို့နောက်တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ပထမဦးစွာ နတ်မီးလျှံ တစ္ဆေအရှင်သခင် ရုတ်တရက် ပျောက်ကွယ်သွားရာ မရဏဧကရာဇ်မှာ တစ္ဆေနယ်ပယ် တစ်ခုလုံးတွင် အချည်းနှီး ရှာဖွေခဲ့ရပြီး ၎င်းက သူ့ကို ဆယ်နှစ်တိုင်တိုင် တံခါးပိတ် ကျင့်ကြံရန် ဆုတ်ခွာသွားစေသည်အထိ ဝမ်းနည်းကြေကွဲစေခဲ့သည်။ ပုန်ကန်ထကြွမှုမှာလည်း ထိုအချိန်ဝန်းကျင်တွင် စတင်ခဲ့ခြင်း ဖြစ်ပေသည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်များမှာ ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပြီး ၎င်းတို့မှာ အလွန်တရာ ရှုပ်ထွေးလှသဖြင့် ဝမ်မူလင်းပင်လျှင် အပိုင်းအစလေးများကိုသာ သိရှိခဲ့လေသည်။ သူမ သေချာပေါက် သိရှိခဲ့ရသည်မှာ အရိပ်ကိုယ်ရံတော်များ အားလုံးနှင့် မရဏဧကရာဇ်၏ လက်အောက်ခံများမှာ အလုံးစုံ ဖျက်ဆီးခံလိုက်ရပြီး မရဏဧကရာဇ် ကိုယ်တိုင်လည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည် ဆိုသည်ကိုပင်။

__

All Chapters