အခန်း ၁၃၇၃
Vol. 92 Ch. 1373
အခန်း (၁၃၇၃) ပိုးအိမ်ကို ဖြေလျှော့ခြင်း
ဗဟိုတစ္ဆေနယ်ပယ်မှ သူမနှင့်
အလွန်နည်းပါးသော လူအနည်းငယ်သာ သီသီလေး လွတ်မြောက်လာခဲ့ပြီး ထိုအချိန်မှစ၍ သခင်မဲ့နေသော အထီးကျန်ဝိညာဉ်များအဖြစ် ရည်ရွယ်ချက်မဲ့စွာ လှည့်လည်သွားလာနေရသည်။
ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကို ဝမ်မူလင်း ရေရေရာရာ မသိခဲ့သော်လည်း မရဏဧကရာဇ်၏ သေဆုံးမှုမှာ ဗဟိုတစ္ဆေနယ်ပယ်အတွင်းရှိ ထိုဂုဏ်သရေရှိ မိသားစုများကြောင့် ဖြစ်ကြောင်းကိုမူ သူမ သိရှိထားသည်။
ထို့ကြောင့် ဤဖြစ်စဉ်တွင် သူမ၏ ကိုယ်ပိုင်အသက်ကို စတေးရမည် ဆိုလျှင်တောင်မှ ကလဲ့စားချေရန် သူမ ကြိုးပမ်းခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ထိုအရာက မည်သို့လုပ် လွယ်ကူနိုင်မည်နည်း။ သူမ၏ စွမ်းအားဖြင့် တစ္ဆေနယ်ပယ်၏ အနက်ပိုင်းသို့ ဝင်ရောက်ရန်ပင် ခက်ခဲလှရာ ဗဟိုတစ္ဆေနယ်ပယ်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထို့ကြောင့် အကြိမ်ကြိမ် ကျရှုံးပြီးနောက် သူမသည် အစွန်အဖျား တစ္ဆေနယ်ပယ် အတွင်း၌သာ အခွင့်ကောင်းကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ နေထိုင်ရသည်။
ဤတစ်ကြိမ်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖျက်ဆီးပစ်ရန် အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ဖြစ်နေချိန်၌ ပျောက်ကွယ်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော နတ်မီးလျှံ တစ္ဆေအရှင်သခင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤအခိုက်အတန့်တွင် ဝိညာဉ်ပါ အလုံးစုံ ပျက်သုဉ်းသွားပြီဟု ကောလာဟလ ထွက်နေသော မရဏဧကရာဇ်အကြောင်းကို ဝမ်မူလင်း မတွေးဘဲ မနေနိုင်တော့ချေ။ သူမ၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံလာပြီး မထိန်းချုပ်နိုင်အောင် ရှိုက်ငိုတော့သည်။
ဤမြင်ကွင်းက အားချင်းနှင့် ဟင်္သာပြဒါးဆောင်မှ အခြားအမျိုးသမီးများကိုပါ လုံးဝ ဆွံ့အသွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အတိတ်တွင် ဝမ်မူလင်းသည် သူတို့၏ ရှေ့မှောက်၌ အမြဲတမ်း အေးတိအေးစက်နိုင်ပြီး ခံစားချက်ကင်းမဲ့လုနီးပါး ရှိသော ဟန်ပန်ကိုသာ ပြသလေ့ရှိကာ မည်သူ့ရှေ့တွင်မျှ ဒူးမထောက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။
ဤသည်မှာ သူတို့အားလုံး ကောင်းစွာ သိထားသော အရာဖြစ်သော်လည်း ယနေ့တွင် အလွန်တရာ စွမ်းအားကြီးမားသော ဝမ်မူလင်သည် ဤအဖြူရောင်ဝတ် လူငယ်၏ ရှေ့တွင် မြေပြင်ပေါ်၌ ဒူးထောက်ကာ မထိန်းချုပ်နိုင်အောင် ရှိုက်ငိုနေသည်။
ဘာတွေဖြစ်နေတာလဲ၊ သူက ဝမ်မူလင်ကို ဘာတွေ ပြောလိုက်တာလဲ...
အားချင်း၏ ရင်ထဲတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"တော်လောက်ပြီ... ထတော့"
ဝမ်မူလင်းက မျက်ရည်များကို သုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ဘေးဘက်တွင် ရိုသေစွာ ရပ်နေသည်။ ရွှယ်အန်းက သူမကို စင်မြင့်ထက်သို့ ခေါ်ဆောင်သွားပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ငါထွက်သွားပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကို ပြောပြစမ်း"
ဝမ်မူလင်က ခါးသီးစွာ ပြုံးလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် အသေးစိတ်ကို ကျွန်မ မသိပါဘူး၊ ကျွန်မ သေချာပေါက် သိထားတာ တစ်ခုတည်းသော အရာက မရဏဧကရာဇ်ရဲ့ ကျဆုံးမှုဟာ ဗဟိုတစ္ဆေနယ်ပယ်က အဲဒီ ဂုဏ်သရေရှိ မိသားစုတွေနဲ့ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ် ဆိုတာပါပဲ၊ ဒါပေမဲ့ ကြိုးကိုင်သူက ဘယ်သူလဲ ဆိုတာကိုတော့..."
ဝမ်မူလင်းက ခေါင်းယမ်းလိုက်သည်။
"တကယ် တောင်းပန်ပါတယ်၊ ကျွန်မရဲ့ နည်းပါးလှတဲ့ စွမ်းအားကြောင့် ကျွန်မ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဘာကိုမှ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး"
"ဗဟိုတစ္ဆေနယ်ပယ်..."
ရွှယ်အန်းက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ထက်ရှသော အေးစက်မှုတစ်ခု လက်ကနဲ ဖြစ်သွားလေသည်။ ဝမ်မူလင်းက ခေါင်းညိတ်လာသည်။
"ဟုတ်ပါတယ်"
ထို့နောက် သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ အပြည့်အဝ ရေးဆွဲထားလျက် ရွှယ်အန်းကို ကြည့်ကာ သတိထား၍ ပြောလိုက်သည်။
"အရှင်... မရဏဧကရာဇ်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး..."
ရွှယ်အန်းက ပြုံးလာသည်။
"ငါနားလည်ပါတယ်၊ စိတ်မပူပါနဲ့၊ ကြိုးကိုင်သူကို ဖော်ထုတ်လို့ မရသေးဘူး ဆိုရင်တောင် အဲဒီမိသားစုတွေက ငါ့ရဲ့ ဒေါသကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ အဆိုးဆုံး အခြေအနေဆိုရင်... ငါ သူတို့အားလုံးကို သတ်ပစ်လိုက်ရုံပဲ"
ဤသို့ပြောနေစဉ် ရွှယ်အန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ လုံးဝ ငြင်းဆို၍မရနိုင်အောင် ထင်ရှားနေပေသည်။
ရွှယ်အန်းထံမှ ထွက်ပေါ်လာသော အငွေ့အသက်များ၏ ပြင်းထန်မှုကြောင့် ဝမ်မူလင်မှာ တုန်ယင်သွားသော်လည်း မကြာမီမှာပင် သူမ မျက်နှာမှာ ဝမ်းမြောက်မှုများဖြင့် လင်းလက်သွားသည်။
"ကျေးဇူးတင်ပါတယ် အရှင်၊ မရဏဧကရာဇ်သာ သိခဲ့မယ်ဆိုရင်..."
ထိုစကားပြောနေစဉ်မှာပင် ဝမ်မူလင်း၏ အသံမှာ ခံစားချက်များကြောင့် ဆို့နင့်လာသည်။ ရွှယ်အန်းက လက်ဝှေ့ယမ်းလိုက်သည်။
"တော်လောက်ပြီ... မငိုနဲ့တော့၊ အဲဒီကောင် မသေသေးဘူး၊ မင်းက ဘာမဟုတ်တာလေးနဲ့ ဘာလို့ ငိုနေရတာလဲ"
ဟင်...
ဝမ်မူလင် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ရွှယ်အန်းကို ဆွံ့အစွာ စိုက်ကြည့်လိုက်သည်။
"အရှင်... အရှင် ဆိုလိုတာက..."
ရွှယ်အန်းက ခေါင်းညိတ်သည်။
"ငါ သူ့အကြောင်း ကောင်းကောင်း သိတာပေါ့၊ သူ့ရဲ့ စွမ်းအားနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်လေး ကျဆုံးသွားနိုင်မှာလဲ"
ဝမ်မူလင်း ရင်ထဲတွင် အလုံးစုံ ငြိမ်းသက်သွားခဲ့ပြီဖြစ်သော မျှော်လင့်ချက်မှာ ရုတ်တရက် ပြန်လည် တောက်လောင်လာခဲ့သော်လည်း သူမက သတိထား၍ မေးလိုက်သေးသည်။
"ဒါပေမဲ့... ဒါပေမဲ့ အခု ဘယ်နေရာမှာမှ မရဏဧကရာဇ်ရဲ့ ဝိညာဉ်အငွေ့အသက် အရိပ်အယောင်လေး တစ်ခုတောင် မရှိတော့ဘူးလေ"
ရွှယ်အန်းက ခပ်ဟဟ ရယ်မောသည်။
"မင်းရဲ့ မရဏဧကရာဇ်က ဘာကို ကျွမ်းကျင်သလဲဆိုတာ မမေ့နဲ့လေ၊ သူက ဝိညာဉ်တွေကို ကစားတဲ့နေရာမှာ ပါရဂူပဲ၊ အဲဒီ ငတုံးတွေက သူ့ကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ရှာတွေ့နိုင်မှာလဲ"
ဝမ်မူလင်း မျက်နှာပေါ်တွင် မျက်ရည်များ တစ်ဖန် စီးကျလာပြန်သည်။ လွန်ခဲ့သော နှစ်များတစ်လျှောက်လုံးတွင် သူမသည် မရဏဧကရာဇ်အတွက် ကလဲ့စားချေရန် သူမ၏ ဘဝအချိန်တိုင်းကို မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။
တစ်ခါတစ်ရံ တိတ်တဆိတ် နေချိန်များတွင် မရဏဧကရာဇ်သည် တကယ်မသေသေးဘဲ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေပြီး သူ့ကိုယ်သူ ထုတ်မပြသေးခြင်းသာ ဖြစ်မည်ဟု သူမ စိတ်ကူးယဉ်လေ့ရှိသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့သော အတွေးများမှာ တဖြည်းဖြည်း တိုက်စားခံလာရပြီး နောက်ဆုံးတွင် သူမကို အလုံးစုံ မျှော်လင့်ချက် ကင်းမဲ့သွားစေခဲ့သည်။
ယခုအခါ မရဏဧကရာဇ်နှင့် အဆင့်အတန်း တန်းတူရှိပြီး သူ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သော နတ်မီးလျှံ တစ္ဆေအရှင်သခင်၏ စကားများကို ကြားရသောအခါ ဝမ်မူလင်မှာ သူမ၏ မျှော်လင့်ချက်များကို ပြန်လည် မတောက်လောင်စေဘဲ မနေနိုင်တော့ချေ။
"ကျွန်မ သိသားပဲ၊ ကျွန်မ သိသားပဲ၊ အီးဟီးဟီး... မရဏဧကရာဇ်... အရှင် မသေသေးဘူး ဆိုတာ အရမ်းကို ဝမ်းသာစရာကောင်းတာပဲ"
ဝမ်မူလင်းက ခံစားချက်များ ဆို့နင့်စွာဖြင့် အော်ဟစ်ငိုကြွေးလေသည်။ ဤအမျိုးသမီးသည် ပြီးခဲ့သော နှစ်များတစ်လျှောက်လုံးတွင် ဖိအားများစွာကို ထမ်းပိုးထားခဲ့ရကြောင်း သိရှိထားသဖြင့် ရွှယ်အန်းက သူမကို လောဆော်ခြင်း မရှိချေ။ သူမ ခံစားချက်များကို အပြည့်အဝ ပေါက်ကွဲထုတ်လွှတ်ခွင့် ပေးရန် သူ ဆုံးဖြတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်မူလင်မှာ အဆုံးတွင် ရှိုက်ငိုခြင်းကို ရပ်တန့်လိုက်လေသည်။ ရွှယ်အန်းက အနီးနားတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမကို ပြုံးကြည့်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ ရှက်သွေးဖြာသွားပြီး အလျင်အမြန် ဦးညွှတ်ကာ ပြောသည်။
"အရှင်... တောင်းပန်ပါတယ်၊ ကျွန်မ..."
ရွှယ်အန်းက လက်ဝှေ့ယမ်းလယသည်။
"တော်ပါပြီ... ဘာမှထပ်ပြောစရာ မလိုတော့ဘူး၊ အခု ငါ မင်းကို မေးစရာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်"
"မေးပါ အရှင်"
ဝမ်မူလင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်သွားသည်။
"မင်းရဲ့ စွမ်းအားအဆင့်နဲ့ ဗဟိုတစ္ဆေနယ်ပယ်က ဂုဏ်သရေရှိ မိသားစုတွေရဲ့ လိုက်လံဖမ်းဆီးမှုကို ဘယ်လိုလုပ် ရှောင်ကွင်းပြီး ဒီနေရာမှာ ပုန်းကွယ်နေနိုင်ခဲ့တာလဲ"
ဝမ်မူလင်း မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်သိရှိလိုက်ကတည်းက ဤမေးခွန်းမှာ ရွှယ်အန်း၏ စိတ်ထဲတွင် စွဲထင်နေခဲ့ခြင်း ဖြစ်သည်။ ဝမ်မူလင်း၏ လက်ရှိ စွမ်းအားအဆင့်ကို သူက တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ပေသည်။
ဗဟိုတစ္ဆေနယ်ပယ်မှ ဂုဏ်သရေရှိ မိသားစုများမှာ ရွှယ်အန်း၏ အမြင်တွင် အရေးမပါသော်လည်း ဝမ်မူလင်း၏ သေးငယ်လှသော ကျင့်ကြံမှုဖြင့်ဆိုလျှင် သူတို့၏ လိုက်လံဖမ်းဆီးမှုမှ သူမ လွတ်မြောက်နိုင်ရန်မှာ သီအိုရီအရ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် သူ မမေးဘဲ မနေနိုင်ခဲ့ချေ။
ရွှယ်အန်း မေးခွန်းကို ကြားသောအခါ ဝမ်မူလင်း မျက်နှာမှာ ခေတ္တမျှ ပြောင်းလဲသွားသော်လည်း အလျင်အမြန်ပင် သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်ခဲ့သည်။ သူမက ခေါင်းငုံ့လိုက်ပြီး မကြားရလုနီးပါး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အရှင်... အရှင် မမေးရင်တောင်မှ ဒီကိစ္စကို ကျွန်မ ပြောပြဖို့ စဉ်းစားထားပါတယ်၊ ဒါပေမဲ့ ဒါက အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုနဲ့ ပတ်သက်နေလို့ပါ..."
"အို... ဒါဆိုရင်လည်း ပြောလေ"
ရွှယ်အန်းက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး အခြားသူများနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ဝိညာဉ်အာရုံ အတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။ ထိုအရာကိုမြင်သောအခါ ဝမ်မူလင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ လေးနက်စွာ ပြောသည်။
"အရှင်... တစ္ဆေမျိုးနွယ်စုရဲ့ အထက်တန်းလွှာတွေ ကြားမှာတောင်မှ လူကောင်းတွေ ရှိတယ်လို့ အရှင် ယုံကြည်ပါသလား"
ဤစူးစမ်းသော မေးခွန်းကြောင့် ရွှယ်အန်းမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ဖြစ်နိုင်ချေ နည်းပါးတယ် ဆိုပေမယ့် လူမျိုးစုတိုင်းမှာ အကောင်းနဲ့ အဆိုး နှစ်ဖက်စလုံး ရှိတာပဲလေ၊ တစ္ဆေမျိုးနွယ်စုမှာလည်း သေချာပေါက် လူကောင်းတွေ ရှိနိုင်တယ်၊ မဟုတ်ရင် မင်းရဲ့အရှင်နဲ့ ငါက မိတ်ဆွေဖြစ်လာခဲ့မှာ မဟုတ်ဘူးလေ"
ဝမ်မူလင်းက ခေါင်းညိတ်သည်။
"ကျွန်မ အခု ပြောပြမယ့် အကြောင်းအရာက တစ္ဆေမျိုးနွယ်စု အထက်တန်းလွှာတွေထဲက တစ်ယောက်နဲ့ ပတ်သက်ပါတယ်ကျွန်မရဲ့ အသက်ကို သူမက ကယ်တင်ပေးခဲ့တာပါ၊ ပြီးတော့ မရဏဧကရာဇ်ရဲ့ အခြေအနေကိုလည်း သူမက အရမ်းကို ကိုယ်ချင်းစာခဲ့ပါတယ်၊ ကျွန်မ သူမကို ဒုက္ခမပေးချင်လို့ အခုအချိန်အထိ သတိထားနေခဲ့တာပါ"
ဝမ်မူလင်၏ ပြောပြချက်များမှတစ်ဆင့် ရွှယ်အန်းမှာ ဖြစ်စဉ်များ၏ အထွေထွေ အကြမ်းဖျင်း အခြေအနေများကို တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။ အရေးပေါ် ကိစ္စတစ်ခုကြောင့် တစ္ဆေနယ်ပယ်မှ ရုတ်တရက် ထွက်ခွာသွားရန် ဖိအားပေးခံခဲ့ရစဉ်က မရဏဧကရာဇ်သည် စိတ်ဓာတ်ကျဆင်းမှု ကာလတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာကာ အဆုံးတွင် သူ၏ ပျောက်ကွယ်သွားမှုသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ့လက်အောက်ငယ်သားများမှာ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ဘဲ ဗဟိုတစ္ဆေနယ်ပယ်မှ ဂုဏ်သရေရှိ မိသားစုများနှင့် တစ္ဆေနယ်ပယ် အနက်ပိုင်းမှ အစွမ်းထက်သော အင်အားစုများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သားကောင်များ ဖြစ်သွားခဲ့ကြရသည်။ ထိုအချိန်က ဝမ်မူလင်းလည်း သဘာဝကျကျ ထိုနေရာတွင် ရှိနေခဲ့သော်လည်း သူမ၏ စွမ်းအားမှာ အလွန်တရာ အားနည်းလွန်းနေခဲ့သည်။
သူမ၏ ကြင်နာတတ်သော ဂိုဏ်းတူအစ်ကို အစ်မများမှာ ဂုဏ်သရေရှိ မိသားစုများ၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံနေရသည်ကို သူမက ဘာမျှမတတ်နိုင်ဘဲ ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော်လည်း ဝမ်မူလင်းက အရာအားလုံးကို စတေးရန် အသင့်ပြင်ထားပြီး သူတို့နှင့်အတူ သေပွဲဝင်ရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော် သူမ၏ အရေးမပါလှသော စွမ်းအားကြောင့် တိုက်ပွဲတစ်လျှောက်လုံးတွင် မည်သူကမျှ သူမကို အရေးတယူ ဂရုမစိုက်ခဲ့ကြချေ။ ပရမ်းပတာ တိုက်ပွဲကြီးအလယ်တွင် ဝမ်မူလင်းမှာ ရုတ်တရက် သတိလစ်သွားခဲ့ပြီး သူမ ပြန်လည်နိုးထလာချိန်တွင် သူမသည် လူသေများကြားတွင် မဟုတ်ဘဲ ကြီးပွားတိုးတက်နေသော နေရာတစ်ခု၊ သူမ မျှော်လင့်ထားသည်နှင့် လုံးဝမတူညီသည့် စည်ကားသိုက်မြိုက်လှသော နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
__