အခန်း ၁၃၇၄
Vol. 92 Ch. 1374
အခန်း (၁၃၇၄) လောကတစ်ခွင်ကို လွှမ်းမိုးသွားသော ဓားတစ်လက်
ထိုအချိန်က ဝမ်မူလင်းသည် ထိုးနှက်ချက်များ ဆက်တိုက်ခံခဲ့ရသဖြင့် သူမ မှတ်ဉာဏ်များ ချို့ယွင်းသွားခဲ့သည်။ အချိန်အတန်ကြာသည်အထိ သူမမည်သူဖြစ်ကြောင်းကိုပင် မမှတ်မိနိုင်ခဲ့ချေ။
သို့သော် သူမသည် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအချိန်အတွင်း အတော်လေး ကောင်းမွန်ပြီး ပျော်ရွှင်စွာ နေထိုင်ခဲ့ရလေသည်။
သူမ ရောက်ရှိနေခဲ့သော နေရာမှာ အလွန်တရာ ထူးခြားဆန်းကြယ်လှပေသည်။ ဤအကြောင်းကို ပြောနေစဉ် ဝမ်မူလင်း မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတသော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အဲ့လောကကြီးမှာ တစ္ဆေမျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုက သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်ကြပြီး လူတိုင်းက သူတို့ရဲ့ ဘဝလေးတွေအတွက် ကြိုးစားပမ်းစား အလုပ်လုပ်ကြတဲ့ အဲဒီလိုနေရာမျိုး ရှိလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးခဲ့ဘူး"
"တစ္ဆေမျိုးနွယ်စုက မိန်းကလေး တော်တော်များများကတောင် လူသားမျိုးနွယ်စုက ပညာတတ် လူကြီးလူကောင်းတွေကို ရှာဖွေရတာ သဘောကျကြလို့ နာမည်ကြီး ချစ်ဇာတ်လမ်းတွေတောင် အများကြီး ပေါ်ပေါက်ခဲ့သေးတယ်"
ဤနေရာသို့ ရောက်သောအခါ ဝမ်မူလင်းက ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ မေးသည်။
"အရှင်... ကျွန်မ အခုပြောတာတွေကို ယုံရဲ့လားဟင်"
ရွှယ်အန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
"ငါ ယုံပါတယ်"
ဝမ်မူလင်းက ပြုံးလိုက်ပြီး သူမ ဇာတ်လမ်းကို ဆက်ပြောပြသည်။
"နောက်တော့ ကျွန်မရဲ့ မှတ်ဉာဏ်တွေက တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာခဲ့တယ်၊ အဲဒီနေရာက ဘဝက သက်တောင့်သက်သာရှိပြီး အေးချမ်းသာယာပေမယ့် မရဏဧကရာဇ်ကို ရှာဖွေပြီး ကျွန်မရဲ့ ဂိုဏ်းတူအစ်ကို အစ်မတွေအတွက် ကလဲ့စားချေဖို့ ကျွန်မ ဆုံးဖြတ်ထားခဲ့တယ်၊ ဒါကြောင့် အဲဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်းကို စတင်ရှာဖွေခဲ့တာ"
"နောက်ဆုံးတော့ ကျွန်မ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်"
ဝမ်မူလင်၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများ ထွက်ပေါ်လာခဲ့သည်။
"ကျောပြင်ကို မြင်ရုံနဲ့တင် သူမက သာမန်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ရမယ်ဆိုတာကို ကျွန်မ သိလိုက်တယ်၊ သူမက အဲဒီနေရာရဲ့ အရှင်သခင်ဖြစ်ပြီး... ကျွန်မကို ကယ်တင်ခဲ့တဲ့သူလို့ သူမက ပြောခဲ့တယ်"
"အဲဒီအချိန်တုန်းက ကျွန်မ သူမကို အရမ်းကို ကျေးဇူးတင်ခဲ့တာ၊ ဒါပေမဲ့ ဗဟိုတစ္ဆေနယ်ပယ်က ထင်ရှားတဲ့ မိသားစုတွေရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့သလို၊ မရဏဧကရာဇ်ရဲ့ စရိုက်ကို လေးစားလို့သာ သူမက ဝင်ပါခဲ့တာလို့ ပြောခဲ့တယ်!"
"နောက်တော့ ကျွန်မရဲ့ အကြိမ်ကြိမ် တောင်းဆိုမှုတွေကြောင့် သူမက ကျွန်မကို တစ္ဆေနယ်ပယ်ရဲ့ ဒီအစွန်အဖျားကို ပို့ပေးခဲ့တယ်၊ ကျွန်မ မထွက်လာခင် သူမက ဒီလမ်းက ကျွန်မကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီကိုခေါ်လာပေးတာကလွဲလို့ သူမအနေနဲ့ ကျွန်မကို သိပ်ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်"
ဤအကြောင်းများကို ပြောပြပြီးနောက် ဝမ်မူလင်းက ရွှယ်အန်းကို စိုးရိမ်တကြီး ကြည့်လာသည်။ ရွှယ်အန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခပ်ဟဟ ရယ်မောသည်။
"ဒါ အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ၊ မင်း အဲဒီနေရာနဲ့ အဆက်အသွယ် လုပ်လို့ရသေးလား"
ဝမ်မူလင်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အံ့ကိုတင်းတင်းကြိတ်ကာ သူမ၏ အဝတ်အစားများထဲမှ ကြေးမုံပြင်ငယ်လေး တစ်ခုကို ဆွဲထုတ်လိုက်သည်။
"အဲဒီ ဂုဏ်သရေရှိ အမျိုးသမီးက ကျွန်မ သူ့ကိုရှာချင်ရင် ဒီကြေးမုံပြင်ကတစ်ဆင့် ပြန်လာလို့ရတယ်လို့ ပြောခဲ့တယ်"
ရွှယ်အန်းက ကြေးမုံပြင်ကို လှမ်းယူလိုက်ပြီး မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသော ဖားလောင်းပုံစံ အက္ခရာများကို ညင်သာစွာ ပွတ်သပ်ရင်း တိတ်ဆိတ်နေသည်။
"အရှင်... အရှင့်ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲဟင်" ဟ
ဝမ်မူလင်းက တိုးညှင်းစွာ မေးသည်။ ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ကြေးမုံပြင်ကို ဝမ်မူလင်းထံ ပြန်ပေးရင်း မော့ကြည့်လာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ကယ်တင်ခဲ့တဲ့သူက အရာများစွာကို သေချာပေါက် သိထားမှာပဲ၊ ငါ့ရဲ့ နောက်အစီအစဉ်က သူမကို သွားရှာဖို့ပဲ"
ဝမ်မူလင်မှာ သိသိသာသာ စိုးရိမ်သွားခဲ့သည်။
"ဒါပေမဲ့... ဒါက ကျွန်မရဲ့ ကျေးဇူးရှင်ကို ဒုက္ခပေးသလိုများ ဖြစ်သွားမလားဟင်..."
ဝမ်မူလင်းသည် သူမ၏ အမည်မသိ ကျေးဇူးရှင်အပေါ် နက်ရှိုင်းသော ရိုသေလေးစားမှု ထားရှိကြောင်း ရှင်းလင်းလှပေသည်။
"စိတ်မပူပါနဲ့၊ ငါက သူ့ကို မေးခွန်းအချို့ မေးရုံသက်သက်ပါ၊ သူ့ရဲ့ နေရာကိုလည်း ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး၊ ပြီးတော့..."
ရွှယ်အန်းက သူ့စကားကို အဆုံးမသတ်တော့ဘဲ ဝမ်မူလင်းကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်သည်။ သို့သော် လွှမ်းမိုးနေသော ဝမ်းမြောက်မှုထဲတွင် နစ်မွန်းနေသည့် ဝမ်မူလင်းမှာ ပုံမှန်မဟုတ်သော အရာတစ်ခုကိုမျှ သတိမထားမိခဲ့ချေ။
"အရှင်... အရှင်က ရန်မိသားစုရော ထန်မိသားစုက လူတွေကိုပါ သတ်ပစ်ခဲ့တာလေ၊ အရှင် ဒီတိုင်း ထွက်သွားမယ်ဆိုရင် သူတို့ ဒီကိုရောက်လာတဲ့အခါ ဒီနယ်ပယ်က လူတွေကို မလွဲမသွေ ဒုက္ခပေးကြမှာ မဟုတ်ဘူးလား"
ဝမ်မူလင်းက သူမ၏ စိုးရိမ်ပူပန်မှုကို ပေါ်လွင်စွာဖြင့် မေးသည်။ ရွှယ်အန်း ပြုံးလာသည်။
"အဲဒါကို ငါတွေးထားပြီးသားပါ။ သူတို့ကို မသတ်ခင် သူတို့အသက်ရှင်နေသေးတယ်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဝိညာဉ်အာရုံကို သုံးပြီး သတင်းအချက်အလက် အားလုံးကို ချိတ်ပိတ်ထားခဲ့တယ်၊ ငါမထွက်သွားခင် ဒီနယ်ပယ်ကို ဘာအန္တရာယ်မှ မကျရောက်စေဖို့ ယာယီ ချိတ်ပိတ်ထားခဲ့မယ်"
ဝမ်မူလင်က ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် အရှင်... ကျွန်မတို့ ဘယ်တော့ ထွက်ခွာကြမလဲ"
ရွှယ်အန်းက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးနောက် ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေသည်။
"ငါ သူငယ်ချင်းတစ်ယောက်ဆီ အရင်သွားလိုက်ဦးမယ်၊ မင်း ဒီကလူတွေအတွက် အစီအစဉ်တွေ လုပ်ထားလိုက်"
"နားလည်ပါပြီ"
ဝမ်မူလင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ ခေါင်းပြန်မော့လာချိန်တွင်မူ ရွှယ်အန်း၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။ သူမမှာ နေရာမှာပင် အေးခဲသွားပြီး အားချင်းနှင့် စုန့်ကျင်းယဲ့ကဲ့သို့သော ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများမှာလည်း အလားတူပင် ဖြစ်လေသည်။
သေချာသည်မှာ သူတို့သည် ရွှယ်အန်းနှင့် ဝမ်မူလင်းတို့၏ စကားပြောဆိုမှုကို မကြားနိုင်ကြချေ။ ခဏအကြာက ထိုနေရာတွင် ရပ်နေခဲ့သော အမျိုးသားမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူတို့အားလုံးကို ဇဝေဇဝါ ဖြစ်စေခဲ့သည်ကိုသာ သတိပြုမိကြသည်။ တစ်ချိန်တည်းမှာပင် ဝမ်မူလင်းက သူမကိုယ်သူမ တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် အားချင်းနှင့် အခြားသူများဆီသို့ လက်ဝှေ့ယမ်းပြလိုက်လေသည်။
"ဒီကိုလာကြ၊ နင်တို့အားလုံးကို ငါပြောစရာရှိတယ်"
ဝမ်မူလင်းသည် သူမလက်အောက်ငယ်သားများကို စတင် စီစဉ်ညွှန်ကြားနေစဉ် အခြားတစ်နေရာ၌ ...
လူသွားလူလာများသော လမ်းမတစ်ခုပေါ်တွင်၊ ပုံရိပ်တစ်ခုက တစ္ဆေမျိုးနွယ်စု တပည့်ငယ်တစ်ဦးကို ခေါ်ဆောင်ကာ ရှေ့သို့ လျှောက်လှမ်းနေသည်။ ဤအမျိုးသားမှာ အခြားမဟုတ်ဘဲ ဂျင်ကျွယ်ပင်ဖြစ်ပြီး သူက ခြေလှမ်းလှမ်းနေရင်း ရုတ်တရက် ရပ်တန့်သွားသည်။
"ဆရာ ဘာဖြစ်လို့လဲ"
တစ္ဆေလူငယ်လေးက အလန့်တကြား မေးသည်။ သို့သော် သူစကားပင် မဆုံးလိုက်ချေ။ သူ၏ အာရုံက အနည်းငယ် ကွာဝေးသော နေရာတွင် ရပ်နေသည့် အဖြူရောင်ဝတ် လူငယ်ဆီသို့ ရောက်ရှိသွားသည်။
ထိုကောင်လေး၏ မွေးရာပါ တစ္ဆေမျိုးနွယ်စု အသိစိတ်က လူငယ်ထံမှ ထွက်ပေါ်နေသော အလွန်အမင်း အန္တရာယ်ကြီးမားသည့် ခံစားချက်ကို ချက်ချင်း အာရုံခံမိသွားသည်။ သူ့အရှေ့တွင် ရပ်နေသည်မှာ လူတစ်ယောက် မဟုတ်ဘဲ ငတ်မွတ်နေသော တိုင်ရန်နိုဆောတစ်ကောင်အလား ခံစားလိုက်ရသည်။
ကောင်လေးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်ဖွယ် အတွေးတစ်ခုက သူ့ရင်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ဏအကြာက အရှေ့တွင် မည်သူမျှ မရှိခဲ့ဘဲ ဤပုံရိပ်က ဘယ်အချိန်ကတည်းက ပေါ်လာခဲ့တာလဲ။ ထိုအချိန်မှာပင် ဂျင်ကျွယ်က သူ၏ တည်ငြိမ်မှုကို အနည်းငယ်မျှ အပျက်မခံဘဲ လက်အုပ်ချီကာ ပြောသည်။
"အို... ကျေးဇူးရှင်၊ ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"အမှန်ပဲ... ငါတို့ ပြန်တွေ့ကြပြန်ပြီ"
သူစကားပြောနေစဉ် အကြည့်များက တစ္ဆေမျိုးနွယ်စု တပည့်လေးဆီသို့ ရောက်ရှိသွားရာ ကောင်လေးမှာ တုန်ယင်သွားပြီး ပြိုလဲလုနီးပါး ဖြစ်သွားလေသည်။
"ဒါက ခင်ဗျား အသစ်လက်ခံထားတဲ့ တပည့်လေးလား"
ရွှယ်အန်းက ဖြည်းညှင်းစွာ မေးလိုက်သည်။
"ဟုတ်ပါတယ်"
ဂျင်ကျွယ်က ပြန်ဖြေလိုက်သည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မဆိုးပါဘူး"
ဂျင်ကျွယ်က ပြုံးသည်။
"ကျေးဇူးရှင်ကလည်း မဆိုးပါဘူး"
"အို..."
ရွှယ်အန်းက အံ့ဩစွာ ပြောလာသည်။
"ဆိုလိုတာက ခင်ဗျားကလည်း ကျုပ်ကို အထင်ကြီးတယ်ပေါ့လေ"
"အဲဒါက အံ့ဩစရာ ဖြစ်နေလို့လား"
ဂျင်ကျွယ်က တည်ငြိမ်သော အမူအရာဖြင့် မေးသည်။
"တကယ်တော့ ကျုပ် နည်းနည်း အံ့ဩမိတယ်၊ ပုံမှန်ဆိုရင် ခင်ဗျားက အပြစ်တွေ လို့ငြီးတွားပြီး ကျုပ်ကို လွန်လွန်းတယ်ဆိုပြီး အပြစ်တင်ရမှာ မဟုတ်ဘူးလား"
ရွှယ်အန်းက အေးအေးဆေးဆေး ပြောသည်။
"အရင်ကဆိုရင်တော့ ဟုတ်ကောင်းဟုတ်မှာပါ၊ ဒါပေမဲ့ အခုတော့ တချို့ကိစ္စတွေက သွေးချောင်းစီးမှသာ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
ကျင်ကျွယ်က လေးနက်စွာ ပြောသည်။
"ကျွတ် ကျွတ်... အဲဒါက ခင်ဗျား ပြောမယ့် စကားမျိုးနဲ့ မတူပါလား"
ရွှယ်အန်းက လှောင်ပြုံးဖြင့် ပြောသည်။ ဂျင်ကျွယ်ကလည်း ရယ်မောလိုက်သည်။
"ကျေးဇူးရှင်က ဒီလောက်အထိ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတွေ ပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားခဲ့ဘူးထ လောကတစ်ခွင်ကို လွှမ်းမိုးသွားတဲ့ တိုက်ခိုက်မှု တစ်ချက်နဲ့...တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းပဲ"
ထိုစကားများကို ကြားသောအခါမှ တစ္ဆေမျိုးနွယ်စု တပည့်လေးမှာ အမှန်တရားကို မဆုံးတော့ သဘောပေါက်သွားသည်။ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ထိတ်လန့်ကြောက်ရွံ့မှုကြီးက သူ့ရင်ထဲတွင် မြင့်တက်လာခဲ့သည်။
ဆိုလိုတာက ခုနက မြေကြီးတုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့တာက ဒီအဖြူရောင်ဝတ် လူငယ်ပေါ့လေ...
ရွှယ်အန်းက ဂျင်ကျွယ်ကို စူးစမ်းလိုစိတ်ဖြင့် ခေတ္တမျှ လေ့လာကြည့်သည်။
"ဆရာတော်က ရက်အနည်းငယ် အတွင်းမှာတင် တော်တော်လေး ပြောင်းလဲသွားတာပဲ"
ဂျင်ကျွယ်က လက်အုပ်ချီလျက် ပြောသည်။
"မြတ်စွာဘုရားက နည်းလမ်းပေါင်း သုံးထောင်ကို ဟောကြားခဲ့ပါတယ်၊ သတ္တဝါတွေအားလုံးအတွက် အကျိုးရှိမယ့် ဘယ်နည်းလမ်းကိုမဆို ကျွန်တော် ရွေးချယ်မှာပါ၊ ဒါ့အပြင် မကောင်းဆိုးဝါးတွေကို သုတ်သင်တာကလည်း သူ့အလိုလို ကြင်နာမှု တစ်ခုပါပဲ၊ မြတ်စွာဘုရားမှာတောင်မှ ဒေါသထွက်နေတဲ့ ကင်ကန်ရုပ်တုတွေ ရှိသေးတာပဲလေ၊ အဆုံးအစမဲ့တဲ့ ကရုဏာတရားက ပိုကြီးမားတဲ့ ဆင်းရဲဒုက္ခဆီကိုပဲ ဦးတည်သွားစေလိမ့်မယ်"
ရွှယ်အန်းက ချီးကျူးသည့်အနေဖြင့် လက်ခုပ် ခပ်ဖွဖွတီးသည်။
"ကောင်းလိုက်တဲ့ စကားပဲ"
ဂျင်ကျွယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ကျေးဇူးရှင် အခု ထွက်ခွာတော့မလို့လား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဂျင်ကျွယ်ကို မျက်စိတစ်ဖက် မှိတ်ပြလာသည်။
"ကျုပ် ခင်ဗျားကို မေးစရာ မေးခွန်းတစ်ခုပဲ ရှိတယ်၊ အခြားနယ်ပယ်တစ်ခုမှာ ရှိနေတဲ့ ခင်ဗျားကို ကျုပ်က ဘာပြောပေးစေချင်လဲ”
__