← Chapters

အခန်း ၁၃၇၅

Vol. 92 Ch. 1375

အခန်း ၁၃၇၅

Vol. 92 Ch. 1375

အခန်း (၁၃၇၅) မဟာဗုဒ္ဓဘာသာ ကျင့်ကြံသူ

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂျင်ကျွယ်မှာ တိတ်ဆိတ်သွားပြီး ရွှယ်အန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူက နောက်ဆုံးတွင် တိုးညှင်းစွာ ပြောသည်။

"ဒါဆိုရင် ကျေးဇူးရှင်က သိနေခဲ့ပြီးသားပေါ့"

ရွှယ်အန်းက ခပ်ဟဟ ပြုံးသည်။

"ကျုပ် ခင်ဗျားကို ပြောဖို့ မေ့သွားတယ်၊ ကျုပ်မှာ ဗုဒ္ဓဘာသာကို ကျင့်ကြံတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဗုဒ္ဓဘာသာ ကျင့်ကြံမှု နည်းလမ်းတွေကို ကျုပ် ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးတယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏ ထက်ရှသော အကြည့်များကို ဂျင်ကျွယ်ဆီသို့ စူးစိုက်လိုက်သည်။

"ရေတွက်လို့မရနိုင်တဲ့ ကိုယ်ပွားတွေကို ဖန်တီးပြီး လောကတစ်ခွင်ကို လှည့်လည်သွားလာနိုင်တာ၊ ခင်ဗျားတို့ရဲ့ ဗုဒ္ဓဘာသာ ကျင့်ကြံမှုထဲက ဒီနည်းပညာက သတ္တမအဆင့်ဗောဓိသတ္တ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့သူတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူးလား"

ဂျင်ကျွယ်က ခေါင်းယမ်းလိုက်ပြီး ရိုးသားစွာ ပြန်ဖြေသည်။

"မဟုတ်ပါဘူး၊ ကျွန်တော်က လက်ရှိမှာ ဆဋ္ဌမအဆင့် ‌ဗောဓိသတ္တ အဆင့်မှာပဲ ရှိပါသေးတယ်၊ မမြင်နိုင်တဲ့ နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်၊ ဒါကြောင့်မလို့ ကျွန်တော့်ရဲ့ ကိုယ်ပွားတွေက ပြီးပြည့်စုံမှု မရှိသေးဘဲ အတွေးတစ်ချက်တည်းနဲ့ စကြဝဠာ တစ်ခုလုံးကို မပြန့်ကျက်နိုင်သေးတာပါ"

ရွှယ်အန်း၏ ရင်ထဲတွင် မသိမသာ လှုပ်ရှားသွားသည်။ ဗုဒ္ဓဘာသာ ကျင့်ကြံမှု နည်းလမ်းများမှာ ဂင်္ဂါမြစ်အတွင်းရှိ သဲပွင့်များအလား ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော်လည်း ၎င်းတို့ထဲတွင် ‌ေဗာဓိသတ္တ လမ်းစဉ်မှာ အထင်ရှားဆုံးဖြစ်သည်။

ထိုဗောဓိသတ္တ လမ်းစဉ်ကို အဆင့် (၁၀) ဆင့် ခွဲခြားထားသည်။ ရွှင်လန်းမှု နယ်ပယ် ၊ အညစ်အကြေးကင်းစင်သော နယ်ပယ် ၊ တောက်ပသော နယ်ပယ် ၊ ဉာဏ်ပညာ မီးလျှံ နယ်ပယ်၊ အနိုင်ယူရန် ခက်ခဲသော နယ်ပယ်၊ ပစ္စုပ္ပန် နယ်ပယ်၊ မမြင်နိုင်သော နယ်ပယ် ၊ မတုန်မလှုပ်သော နယ်ပယ် ၊ အထူးချွန်ဆုံးသော ဉာဏ်ပညာ နယ်ပယ် နှင့် တရားတော် တိမ်တိုက် နယ်ပယ်တို့ ဖြစ်ကြသည်။

ဤအဆင့်ဆင့် ဖွဲ့စည်းပုံမှာ စကြဝဠာ အများအပြား၏ ဖွဲ့စည်းပုံများနှင့် အလွန်ကွာခြားသော်လည်း စံနှုန်းများမှာ အကြမ်းဖျင်းအားဖြင့် တူညီသည်။ မမြင်နိုင်သော နယ်ပယ်မှာ သတ္တမအဆင့် ဗောဓိသတ္တ နှင့် ကိုက်ညီပြီး စကြဝဠာ အများအပြားရှိ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ ဗုဒ္ဓဘာသာ ကျင့်ကြံမှု နည်းလမ်းများ၏ ထူးခြားသော သဘာဝကြောင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဤအဆင့်တွင် ရေတွက်၍မရနိုင်သော ကိုယ်ပွားများကို ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ယခုအခါ ဂျင်ကျွယ်ကိုယ်တိုင်က ဆဋ္ဌမအဆင့် အထက်တွင် ရှိနေသော်လည်း သတ္တမအဆင့်သို့ မရောက်ရှိသေးကြောင်း ဝန်ခံထားရာ သူ၏ ကျင့်ကြံမှုအဆင့်မှာ အင်မော်တယ်ဘုရင်တစ်ဝက် အဆင့်နှင့် ခန့်မှန်းခြေအားဖြင့် ညီမျှလေသည်။

ဤအဆင့်ကို အထင်သေး၍မရချေ။ ၎င်းမှာ ဗုဒ္ဓဘာသာ ကျင့်ကြံမှုအတွင်း အလွန်တရာ ရှားပါးပြီး စွမ်းအားကြီးမားသည်ဟု သတ်မှတ်ခံထားရပြီ ဖြစ်သည်။

"ကျေးဇူးရှင်က ကျွန်တော့်ရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ဘယ်အချိန်တုန်းက သိသွားတာလဲ"

ဂျင်ကျွယ်က စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် မေးလိုက်သည်။ ရွှယ်အန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ရိုးရိုးသားသား ပြောရရင် ငါတို့ ပထမဆုံး ဆုံတွေ့တုန်းကတော့ ထူးခြားတာ ဘာမှသတိမထားမိခဲ့ဘူး၊ ဘုန်းကြီးတစ်ပါး အနေနဲ့ ခင်ဗျားက တောင့်တောင့်ကြီးနဲ့နေတယ်လို့ပဲ ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ခုနက ကျုပ်ရဲ့ ဓားရည်ရွယ်ချက်က လောကတစ်ခုလုံးကို လွှမ်းခြုံသွားတဲ့ အချိန်မှာ ခင်ဗျားရဲ့ ဝိညာဉ်အနှစ်သာရက ထိုးဖောက်ဝင်ရောက်လို့ မရနိုင်အောင် ဖြစ်နေတာကို တွေ့လိုက်ရတယ်၊ အဲဒီအချိန်ကစပြီး ကျုပ် စသံသယ ဝင်လာခဲ့တာပဲ"

ဂျင်ကျွယ်က ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ ကျွန်တော် ပြီးပြည့်စုံဖို့ လိုနေသေးတာပဲ"

ရွှယ်အန်းက စူးစမ်းလိုစိတ်ဖြင့် မေးသည်။

"အခု ခင်ဗျားရဲ့ ကိုယ်ပွားတွေက တစ္ဆေနယ်ပယ် တစ်ခုလုံးကို လွှမ်းခြုံထားပြီလား"

ဂျင်ကျွယ်က ခေါင်းယမ်းလိုက်သည်။

"မဟုတ်ပါဘူး၊ တစ္ဆေနယ်ပယ် အနက်ပိုင်းမှာ တစ္ဆေမျိုးနွယ်စုရဲ့ အင်အားက အရမ်းကို လွှမ်းမိုးလွန်းနေလို့ အဲဒီကိုတော့ ကျွန်တော် မသွားခဲ့ဘူး၊ ပြီးတော့ ဗဟိုတစ္ဆေနယ်ပယ်ကိုလည်း ကျွန်တော် သွားချင်ရင်တောင် ဝင်လို့မရဘူး"

ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားသည်။

"ဒါဆိုရင် ခင်ဗျားရဲ့ တည်ရှိမှုက တခြား နယ်ပယ်တွေ အားလုံးမှာ ရှိနေတယ်ဆိုတဲ့ သဘောလား"

ဂျင်ကျွယ်က ခေါင်းညိတ်လိုက်သည်။

"အဲဒီလို ပြောလို့ရပါတယ်"

ရွှယ်အန်းက ရယ်မောလာသည်။

"အရမ်းကောင်းတာပေါ့။ ကျုပ်က အဲဒီ တခြား နယ်ပယ်တွေဆီကို သွားတော့မလို့၊ ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ"

ဂျင်ကျွယ်က ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း ကင်းမဲ့သော အသံဖြင့် ပြန်ဖြေလိုက်သည်။

"ကျေးဇူးရှင်ရဲ့ ကြင်နာမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကိုယ်ပွားတွေဖြစ်တဲ့ ကျွန်တော်တို့ အားလုံးရဲ့ ရည်ရွယ်ချက်တွေက နေရာတစ်ခုတည်းကနေ လာတာပါ၊ မြတ်စွာဘုရားရဲ့ နည်းလမ်းပေါင်း သုံးထောင် ရှိပြီး ကျွန်တော်တို့ လုပ်ရမှာက ဒီနယ်ပယ်နဲ့ သင့်တော်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့ပါပဲ၊ နည်းလမ်းတွေနဲ့ လုပ်ငန်းစဉ်တွေက ကွဲပြားနိုင်ပေမယ့် နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ကတော့ အတူတူပါပဲ"

"အို... အကယ်၍ ခင်ဗျား ရှာမတွေ့ခဲ့ရင်ကော"

ရွှယ်အန်းက ရုတ်တရက် မေးသည်။ ဂျင်ကျွယ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ ဖြေသည်။

"ဒါဆိုရင် ကျွန်တော်တို့ ရှာမတွေ့မချင်း ဆက်ပြီး ရှာဖွေနေမှာပါ"

ရွှယ်အန်းက ဂျင်ကျွယ်ကို စူးစိုက်ကြည့်နေပြီး သူ့မျက်ဝန်းများထဲတွင် စိတ်အနှောင့်အယှက် ဖြစ်ဖွယ် တောက်ပမှုတစ်ခု လင်းလက်နေသည်။ သို့သော် ဂျင်ကျွယ်ကမူ တည်ငြိမ်စွာ နေထိုင်ပြီး ရွှယ်အန်း၏ အကြည့်များကို တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ရင်ဆိုင်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရွှယ်အန်းက အဆုံးတွင် အကြည့်ကို နှိမ့်ချလိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလာသည်။

"ဒါပေမဲ့ ပြောရရင်တော့ ခင်ဗျားကို ကျုပ် ပိုပြီး သဘောကျတယ်၊ တကယ်လို့ တခြား နယ်ပယ်တွေက ခင်ဗျားရဲ့ ကိုယ်ပွားတွေသာ ကျုပ်ရဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် သူတို့ကို ကျုပ် ဖယ်ရှားပစ်လိုက်မယ်"

ဂျင်ကျွယ်မှာ တိတ်ဆိတ်နေပြီး အဆုံးတွင် လေးနက်စွာ လက်အုပ်ချီလိုက်သည်။

"အော်မီတော်ဖော်... ကျေးဇူးရှင်က ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ တည်ရှိမှု တစ်ခုပါ၊ ကျေးဇူးရှင် ဘာပဲလုပ်ချင်လုပ်ချင် ဒီနှိမ့်ချတဲ့ ဘုန်းကြီးက ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်ပါဘူး"

ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်ပြီး ဂျင်ကျွယ်၏ ပခုံးကို ရုတ်တရက် ခပ်ပြင်းပြင်း ပုတ်လိုက်သည်။

"ခင်ဗျားရဲ့ တောင့်တောင့်ကြီး ဖြစ်နေတဲ့ အမူအရာကို ကျုပ် အတော်လေး သဘောကျတယ်၊ ဒီကမ္ဘာကို ခင်ဗျားအတွက် ကျုပ် ရှင်းလင်းပေးလိုက်တဲ့ လက်ဆောင်တစ်ခု အဖြစ် သတ်မှတ်လိုက်ပါ၊ သံသရာကို သန့်ရှင်းတဲ့ မြေမြတ်တစ်ခုအဖြစ် ခင်ဗျား ပြောင်းလဲနိုင်မလား ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ကောင်းကင်သို့ ပျံတက်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

ဂျင်ကျွယ်က တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ဘာမျှ မပြောချေ။ တုန်ယင်နေသော တစ္ဆေမျိုးနွယ်စု လူငယ်လေးက သတိထား၍ အနီးသို့ တိုးကပ်လာသည်။

"ဆရာ... ဆရာ"

ဂျင်ကျွယ်က လှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို နှိမ့်ချလိုက်သည်။

"သွားကြစို့"

"ဟုတ်ကဲ့"

ဤတစ်ကြိမ်တွင် ဂျင်ကျွယ်၏ ခြေလှမ်းများမှာ ပိုမို ပြတ်သားလာပြီး ကြည်လင်သော မျက်ဝန်းများမှာ ဗုဒ္ဓအလင်းတောင်၏ ရောင်ခြည်များဖြင့် ပိုမို တောက်ပလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ကံကြမ္မာမြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။

ဤအခိုက်အတန့်တွင် မြင့်မားသော စင်မြင့်ထက်၌ အားချင်းကဲ့သို့သော ဟင်္သာပြဒါးဆောင်မှ အမျိုးသမီးများသာမက ဝမ်လငချွေ့နှင့် စုန့်ကျင်းယဲ့တို့ ဆရာတပည့် နှစ်ဦး၊ အခြား အသက်ရှင်ကျန်ရစ်သူ အားလုံးတို့သည် စင်မြင့်၏ ထောင့်တစ်နေရာတွင် စိုးရိမ်ပူပန်မှုများဖြင့် ရပ်နေကြသည်။

သူတို့၏ စိုးရိမ်ပူပန်မှုမှာ ရွှယ်အန်း၏ ဓားက နယ်ပယ်တစ်ခုလုံးကို တိုက်ခတ်သွားခဲ့သည့် အစောပိုင်းက ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ပိုအရေးကြီးသည်မှာ သူတို့ နောက်ထပ် ထွက်ခွာ၍ မရနိုင်တော့ကြောင်းကို သဘောပေါက်လိုက်ခြင်းကြောင့်ပင်။

သူတို့ ဤနေရာသို့ မည်သို့ ရောက်ရှိလာခဲ့သည်ဖြစ်စေ ထွက်ခွာရန် နည်းလမ်းများ အားလုံးမှာ ယခုအခါ အသုံးမဝင်တော့ချေ။ ဤအသိတရားက လူတိုင်းကို တုန်လှုပ်သွားစေပြီး ဆွံ့အသွားစေခဲ့သည်။

ဝမ်လင်းချွေ့၏ မျက်နှာမှာ ဖြူလျော့နေပြီး ရွှယ်အန်း၏ ရည်ရွယ်ချက်များကို မသေချာသဖြင့် သူမ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်အောင် ပြောင်းလဲနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် စုန့်ကျင်းယဲ့မှာမူ တိတ်တဆိတ် ဝမ်းမြောက်နေပြီး ထွက်ခွာ၍ မရနိုင်ခြင်းက တကယ်တော့ ကောင်းသောအရာ တစ်ခု ဖြစ်နိုင်သည်ဟု တွေးတောနေမိသည်။ ဒီလိုဆိုရင် သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်တွေ့ခွင့်ရမှာပဲ...

ထိုအချိန်မှာပင် ရွှယ်အန်းက ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ့ ပုံရိပ်က မြင့်မားသော စင်မြင့်ထက်သို့ ဆင်းသက်လာသောအခါ လူအုပ်ကြီးမှာ စိုးရိမ်ပူပန်မှုများဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး မျက်နှာများစွာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာခဲ့သည်။

ရွှယ်အန်းက ထိုလူများကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး သူမဆီသို့ တိုးကပ်လာသော ဝမ်မူလင်းကိုသာ ခေါင်းအနည်းငယ် ညိတ်ပြသည်။

"အရာအားလုံး ဖြေရှင်းပြီးပြီလား"

ဝမ်မူလင်က ခေါင်းညိတ်လိုက်ပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။

"သခင်... ကျွန်မရဲ့ လက်အောက်ငယ်သားတွေက ဒီနယ်ပယ်ကို ကာကွယ်ဖို့ ကျန်ရစ်နေခဲ့ပါလိမ့်မယ်၊ ဒါပေမဲ့ အရှင်က ဒီနယ်ပယ်ကို ချိတ်ပိတ်လိုက်ပြီဆိုတော့ ဒီလူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ..."

ရွှယ်အန်းက လှည့်ကာ လူအုပ်ကြီးဆီသို့ အကြည့်ကို ပို့လိုက်သည်။ သူ၏ အကြည့်များ ကျရောက်ရာ နေရာတိုင်းတွင် မည်သူမျှ မော့မကြည့်ရဲဘဲ အားလုံးက ခေါင်းငုံ့ထားကြသည်။ အဆုံးတွင် ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။

"သူတို့ ထွက်သွားလို့ မရတော့မှတော့ ဒီမှာပဲ နေခိုင်းလိုက်ပေါ့၊ ဒီတစ်ခေါက်တော့ သူတို့ လိမ္မာကြလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်... ဟုတ်တယ်မလား"

သူစကားပြောနေစဉ်မှာပင် သူ၏ မျက်နှာပေါ်တွင် ခအပြုံးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် ထိုလူများ၏ အမြင်တွင်မူ ထိုအပြုံးမှာ ထိတ်လန့်စရာ ကောင်းလှပေသည်။ သူတို့က အလျင်အမြန်ပင် နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြပြီး အကြိမ်ကြိမ် ပြန်ဖြေကြသည်။

"သခင်... စိတ်ချပါ၊ ကျွန်တော်တို့ လိမ္မာပါ့မယ်"

"ဟုတ်ကဲ့... ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်"

သူတို့၏ အလောတကြီး ကတိပေးသံများကြားတွင် ရွှယ်အန်းက ဝမ်မူလင်းနှင့် အားချင်းတို့ဘက်သို့ လှည့်ကာ ပခုံးအနည်းငယ် တွန့်ပြသည်။

"တွေ့လား ဖြေရှင်းပြီးသွားပြီပဲ၊ ကိုင်တွယ်စရာ တခြားဘာများ ကျန်သေးလို့လဲ"

"အာ... ဘာမှမရှိတော့ပါဘူး"

ဝမ်မူလင်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် အခု သွားကြစို့"

"အို... ဟုတ်ကဲ့"

ဝမ်မူလင်းက သူမ၏ အင်္ကျီလက်စထဲမှ ရှေးဟောင်း ဖန်းကြေးမုံပြင်ကို ထုတ်ယူရန် အလျင်အမြန် စမ်းသပ်ရှာဖွေလိုက်သော်လည်း သူမ မထုတ်ယူနိုင်ခင်မှာပင် ရွှယ်အန်းက ဟင်းလင်းပြင်ကို လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သေးသွယ်သော ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုက သူတို့ရှေ့တွင် ပွင့်ဟလာသည်။

"ဒါက..."

ဝမ်မူလင်းမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

"တစ္ဆေနယ်ပယ်ဆိုတာ လွယ်လွယ်ပြောရရင် တင်းကျပ်စွာ ပေါင်းစပ်ထားတဲ့ ကြက်သွန်နီ အလွှာတွေနဲ့ တူတယ်၊ ကိုဩဒိနိတ်တွေကို သိသွားပြီဆိုရင် အဲဒီကို ရောက်ဖို့ အတော်လေး လွယ်ကူပါတယ်"

ရွှယ်အန်းက လှည့်ကာ ပြုံးလိုက်သည်။

"သွားကြစို့"

"အို၊ ဟုတ်ကဲ့ပါ"

ဝမ်မူလင်းက ခေါင်းညိတ်လိုက်သော်လည်း သူမရင်ထဲတွင် မေးခွန်းများ ပြည့်နှက်နေပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ လွယ်ကူတယ် ဟုတ်လား...

ရွှယ်အန်းက ဟင်းလင်းပြင် အက်ကွဲကြောင်း အတွင်းသို့ ခြေလှမ်းမည့်ဆဲဆဲတွင် စုန့်ကျင်းယဲ့မှာ အဆုံးတော့ သတ္တိမွေးကာ အော်လာသည်။

"သခင်... ဟိုတစ်နေ့က ကျွန်မ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"

ရွှယ်အန်းက တုံ့ဆိုင်းသွားပြီး လူအုပ်ထဲရှိ စုန့်ကျင်းယဲ့ကို လှမ်းကြည့်လိုက်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ဒါက အသေးအဖွဲ ကိစ္စလေးတစ်ခုပါ၊ ကျေးဇူးတင်စရာ မလိုပါဘူး"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းနှင့် ဝမ်မူလင်းတို့သည် ဟင်းလင်းပြင် အက်ကွဲကြောင်း အတွင်းသို့ လျှောက်ဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ထောင့်တစ်နေရာတွင် စုရုံးနေကြသော လူများမှာ စုန့်ကျင်းယဲ့နှင့် သူမ၏ဆရာ ဝမ်လင်းချွေ့တို့ဆီသို့ ပြောင်းလဲသွားသော အကြည့်များဖြင့် လှမ်းကြည့်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူများအတွက်မူ ရွှယ်အန်းမှာ ယခုအခါ သူတို့၏ အသက်နှင့် သေဆုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ လူအုပ်ကြီးထဲတွင် ရွှယ်အန်းနှင့် ပိုမိုနီးကပ်စေရန် မည်သို့ ပြုလုပ်ရမည်ကို တိတ်တဆိတ် တွက်ချက်နေကြသော အမျိုးသမီး အများအပြား ပါဝင်သော်လည်း မည်သူကမျှ ဆောင်ရွက်ရန် မရဲဝံ့ခဲ့ကြချေ။

ဤရှုထောင့်မှ ကြည့်လျှင် စုန့်ကျင်းယဲ့မှာ ရွှယ်အန်းကို အမှန်တကယ် သိကျွမ်းပုံရပေသည်။ ဤသို့သိရှိသွားခြင်းက သူတို့ကို အံ့ဩမှုနှင့် မနာလိုမှုများဖြင့် ပြည့်နှက်သွားစေသည်မှာ သဘာဝပင် ဖြစ်ပေသည်။ ဝမ်လင်းချွေ့မှာ မှင်တက်သွားသည်ကို မအောင့်နိုင်တော့ဘဲ သူမ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများဖြင့် မေးသည်။

"ကျင်းယဲ့... သူက သမီးကို ဘယ်လို အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူး ရှိလို့လဲ"

စုန့်ကျင်းယဲ့က ရယ်မောလျက် ပြောသည်။

"ဆရာ... ဆရာမသိပါဘူး၊ အဲဒီညကလေ... တကယ်တော့ ကျွန်မက..."

စုန့်ကျင်းယဲ့က ထိုညက ဖြစ်ပျက်ခဲ့သမျှကို စတင်ပြောပြနေစဉ် အားချင်းမှာ လုံးဝ ပြန်လည် ချိတ်ဆက်သွားပြီဖြစ်သော ဟင်းလင်းပြင်ကို ငေးမောကြည့်နေပြီး သူမ လက်ချောင်းများက အလိုအလျောက် တင်းကြပ်စွာ ဆုတ်ကိုင်မိသည်။ တပ်မှူးဝမ်၊ သခင်... ရှင်တို့နှစ်ယောက်စလုံး ဘေးကင်းစွာနဲ့ ပြန်လာနိုင်ကြပါစေရှင်…

__

All Chapters