အခန်း ၁၃၇၈
Vol. 92 Ch. 1378
အခန်း (၁၃၇၈) ဒီမှာရှိတဲ့သူတွေ အားလုံးနဲ့ ငါအရောင်းအဝယ် လုပ်ချင်တယ်
လူသားမျိုးနွယ်စုမှ လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်နှင့် ယွမ်နျန်မှာ အစပိုင်းတွင် မှင်တက်သွားသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် အထင်သေးမှုများက အလျင်အမြန် ပြည့်နှက်သွားသည်။
တစ်ချိန်က ဘုန်းကျက်သရေ တောက်ပခဲ့သော အချိန်ကာလများကို ဖြတ်သန်းခဲ့ဖူးသည့် သူမကဲ့သို့သော တစ္ဆေမျိုးနွယ်စုဝင်များအတွက်မူ နတ်ဆိုးတစ္ဆေများနှင့် အပေးအယူလုပ်သော ဤကဲ့သို့သော လူသားများကို သဘာဝကျကျပင် အထင်အမြင်သေးကြသည်။
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်က ရွှယ်အန်းကို အချိန်အနည်းငယ်ကြာအောင် စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီးနောက် အေးစက်စွာ ပြောသည်။
"သိပ်ကောင်းတာပေါ့၊ ဒါပေမဲ့ မင်းက ဘယ်လိုတန်ဖိုးမျိုး ပေးနိုင်မှာလဲ"
"တန်ဖိုး ဟုတ်လား..."
ရွှယ်အန်းက ပြုံးသည်။
"ဒီမှာရှိနေတဲ့သူတွေ အားလုံးရဲ့ အသက်ဆိုရင်ကော ဘယ်လိုလဲ"
ဘာ...
ထိုစကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ အခြားတစ်နေရာသို့ အကြည့်လွှဲသွားခဲ့ပြီဖြစ်သော ယွမ်နျန်မှာ ဤစကားကို ကြားသောအခါ ပြင်းထန်စွာ တုန်ယင်သွားပြီး ရွှယ်အန်းကို အံ့ဩထိတ်လန့်စွာ လှမ်းကြည့်သည်။
သူ ဘာလုပ်ဖို့ ကြံစည်နေတာလဲ၊ ခုနက သူမ သူ့ကို အထင်လွဲခဲ့မိတာလား၊ သူက နတ်ဆိုးတစ္ဆေတွေနဲ့ ပူးပေါင်းကြံစည်နေတဲ့ အရှက်မရှိတဲ့ လူသားတစ်ယောက် မဟုတ်ဘူးလား, ဒါပေမဲ့ သူ့စကားတွေက အရမ်းကို ရဲတင်းလွန်းနေတယ်၊ သူက ဒီမှာရှိနေတဲ့ တစ္ဆေတိုင်းကို စော်ကားလိုက်သလို ဖြစ်သွားပြီ...
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ပတ်လည်ရှိ တစ္ဆေများမှာ ဒေါသထွက်သွားကြတော့သည်။
"ဘယ်ကရောက်လာတဲ့ လူသားမျိုးနွယ်စုက အသုံးမကျတဲ့ကောင်မို့လို့ ဒီလိုစကားမျိုး ပြောရဲရတာလဲ"
"သူသေချင်နေတာလို့ ငါထင်တယ်"
"ဟဲဟဲ... သူ့နောက်က လူသားအမျိုးသမီးလေးက တော်တော်လေးကို ကြည့်ကောင်းတာပဲ၊ နောက်ကျရင် မင်းတို့ထဲက ဘယ်သူမှ ငါနဲ့ လာမလုနဲ့နော်"
ထိုသို့ လှောင်ပြောင်ပြောဆိုမှုများကြားတွင် အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်က သူ၏ ရက်စက်သော အကြည့်များကို ရွှယ်အန်းထံ စူးစိုက်လိုက်ပြီး မည်းမှောင်သော လေသံဖြင့် ပြောလိုက်သည်။
"ငနဲလေး... မင်းပြောလိုက်တဲ့ စကားတွေရဲ့ ကိုတောင် မင်းသိရဲ့လား"
ရွှယ်အန်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး သူ့နှုတ်ခမ်းများတွင် ခပ်ဟဟ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"သေချာပေါက် သိတာပေါ့"
"ဒါဆိုရင်တောင် ငါတို့ကို ဆန့်ကျင်ရဲသေးတယ်ပေါ့"
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်က ဟိန်းဟောက်လာသည်။ ရွှယ်အန်းက သဂရုမစိုက်ချေ။ ထိုအစား သူက ယွမ်နျန်ဘက်သို့ လှည့်ကာ ခပ်ဟဟ ပြုံး၍ မေးလိုက်သည်။
"ငါ မေးတာကို စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်၊ နျဲ့ရှောင်ချန်နဲ့ နင်းချိုက်ချန်ကလွဲလို့ တခြားသိတဲ့သူ ရှိသေးလား၊ ဥပမာ... ယင်းနင်းလိုမျိုးပေါ့"
ယွမ်နျန်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အေးခဲသွားရသည်။
"ရှင်က အစ်မယင်းကို သိတာလား"
ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားပြီး သူက သူ့ဖာသာသူ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဒီကိစ္စက စိတ်ဝင်စားစရာ ကောင်းလာပြီပဲ"
ထို့နောက် သူက ယွမ်နျန်ကို အပြုံးလေး တစ်ခု ပြုံးပြသည်။
"သေချာပေါက် သူ့ကို ငါသိတာပေါ့၊ ဒါပေမဲ့ သူကတော့ ငါ့ကို သိချင်မှသိမှာပါ"
သူ၏ နားလည်ရခက်သော စကားများကြောင့် ယွမ်နျန်ကို သိသိသာသာ ဇဝေဇဝါ ဖြစ်ကျန်ရစ်စေပြီးနောက် ရွှယ်အန်းက ဒေါသထွက်နေသော အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်နှင့် စုရုံးနေသော တစ္ဆေများအားလုံးကို အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူက အေးအေးဆေးဆေးပင် မေးသည်။
"ကဲ... ငါ သတ်မှတ်လိုက်တဲ့ တန်ဖိုးကို မင်းတို့ သဘောတူလား"
"သေချင်နေတာပဲ"
အထူးသဖြင့် ဒေါသထွက်နေသော တစ္ဆေတစ်စုက သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ရွှယ်အန်းထံသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။ သူတို့အတွက်မူ သာမန် လူသားတစ်ယောက်ဆိုသည်မှာ လုံးဝကို အရေးမပါလှချေ။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူတို့၏ မာနကြီးမှုအတွက် ကြီးလေးသော တန်ဖိုးကို ပေးဆပ်လိုက်ကြရသည်။ သူတို့ ရွှယ်အန်းအနီးသို့ ရောက်လာသောအခါ သူက သူတို့ဘက်သို့ မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။ သူက သူတို့ကို လှမ်းကြည့်ရုံမျှသာ လှမ်းကြည့်သည်။
ဖောင်း၊ ဖောင်း၊ ဖောင်း...
နားကွဲမတတ် ပေါက်ကွဲသံများနှင့်အတူ ထိုတစ္ဆေများမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားပြီး ချက်ချင်းပင် သေဆုံးသွားကြတော့သည်။ စုရုံးနေကြသော တစ္ဆေများ အားလုံးမှာ အလန့်တကြား အသက်ရှူမှားသွားကြပြီး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်၏ မျက်နှာပင်လျှင် ချက်ချင်း လေးနက်သွားလေသည်။ သူ့ရှေ့ရှိ ဤလူငယ်ကို သူ လုံးဝ အကဲဖြတ်၍ မရနိုင်ကြောင်းကို ကြီးထွားလာသော စိုးရိမ်ပူပန်မှုများနှင့်အတူ သူ သဘောပေါက်လိုက်သည်။အစောက မြေကြီးတုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုက သူ့ကို ဝိညာဉ်အထိပင် တုန်လှုပ်သွားစေခဲ့သည်။
ယွမ်နျန်မှာလည်း ထပ်တူပင် ဆွံ့အသွားခဲ့သည်။ ဤနေရာသို့ မလာမီက ရှောင်ချန်၏ လွတ်လပ်ခွင့်အတွက် သူမကိုယ်တိုင်နှင့် လဲလှယ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ရှောင်ချန်ကို သူမ၏ ခင်ပွန်းနှင့် ပြန်လည်ပေါင်းဖက်စေရန် ရည်ရွယ်ထားခဲ့သည်။ သူမကိုယ်တိုင် အတွက်မူ ဤနတ်ဆိုးတစ္ဆေများကို သူမနှင့်အတူ ခေါ်ဆောင်သွားရန် အခွင့်အရေးကို အရယူကာ သူမ၏ ဝိညာဉ်ကို ကိုယ်တိုင်ဖောက်ခွဲရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ဤနေ့ရက်များကို သူမ လုံလောက်အောင် သည်းခံခဲ့ပြီးဖြစ်ရာ ကြီးကျယ်ခမ်းနားသော အာခံမှုတစ်ခုဖြင့် စွန့်စားရခြင်းက ပိုကောင်းမည်ဟု သူမ တွေးတောခဲ့သည်။ သို့သော် ဤနားလည်ရခက်သော လူသားမျိုးနွယ်စု လူငယ်လေး ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် သူကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ကာ တိုးညှင်းသော လေသံဖြင့် ပြောသည်။
"မိတ်ဆွေ... မင်းလိုချင်တာက ရှေးဟောင်းကြေးမုံပြင် မဟုတ်ဘူးလား၊ ယူလိုက်... အခု အဲဒါ မင်းဟာပဲ"
သူစကားပြောနေစဉ်မှာပင် တောက်ပနေသော စွမ်းအင်လုံးလေးတစ်ခုက ဖန်းရှေးဟောင်း ကြေးမုံပြင်ကို ရွှယ်အန်း၏ အနီးသို့ သယ်ဆောင်သွားသည်။ ရွှယ်အန်းက ၎င်းကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်ပြီး သူ၏လက်ထဲတွင် ခေတ္တမျှ ချိန်ဆကြည့်ကာ နောက်ရှိ ဝမ်မူလင်းထံသို့ ပစ်ပေးလိုက်သည်။ ခပ်ဟဟ ပြုံးလျက် သူက အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်ကို တိုက်ရိုက် စိုက်ကြည့်သည်။
ရွှယ်အန်း၏ အကြည့်အောက်တွင် အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်သည် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အေးစက်မှုကို ခံစားလိုက်ရသည်။ ထိုသက်တောင့်သက်သာမရှိမှုကို သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။
"မိတ်ဆွေ... မင်းက ရှေးဟောင်းကြေးမုံပြင်ကို လိုချင်တာ မဟုတ်ဘူးလား၊ အခု ငါမင်းကို ပေးလိုက်ပြီဆိုတော့ တခြားဘာမှမရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးမလား"
အနည်းနှင့်အများဆိုသလို နာမည်ဆိုးဖြင့် ကျော်ကြားမှုတစ်ခုကို ရရှိရန် ခဲယဉ်းစွာ ကြိုးပမ်းလာခဲ့ရသော သူတို့ကဲ့သို့သော တစ္ဆေများမှာ မည်သူ့ကို ရန်စနိုင်ပြီး မည်သူ့ကို မရန်စသင့်ကြောင်း ကောင်းစွာ သိရှိထားကြသည်။ သူသည် ရွှယ်အန်း၏ ဇစ်မြစ်ကို အကဲမဖြတ်နိုင်သော်လည်း သူ၏ နားမလည်နိုင်မှုကသာ သူ၏ စိုးရိမ်ပူပန်မှုကို ပိုမို ကြီးထွားလာစေသည်။
ပြဿနာကို ပိုမိုကြီးထွားလာစေမည့် အစား ဆုံးရှုံးမှုကို ခံယူရမည်ဆိုလျှင်တောင်မှ မာနကို မျိုသိပ်ပြီး ဤကိစ္စကို ဒီအတိုင်း လွှတ်ထားလိုက်ရန် သူ ရွေးချယ်လိုက်လေသည်။ ရှေးဟောင်းကြေးမုံပြင်မှာ သူ၏ လက်ထဲသို့ အလွယ်တကူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပစ္စည်းတစ်ခုအတွက် အပြည့်အဝ ပဋိပက္ခတစ်ခု ဖြစ်ပွားရခြင်းမှာ မတန်ချေ။ သို့သော် လူသားလူငယ်၏ မျက်ဝန်းများထဲမှ အကြည့်များအရ သူသည် ကျေနပ်ပုံမရချေ။
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဆူပွက်လာချိန်မှာပင် ရွှယ်အန်းက ဖြည်းညှင်းစွာ ပြောလသည်။
"ပစ္စည်းကိုတော့ ငါ ယူမှာပေါ့၊ ဒါပေမဲ့ ငါပြောခဲ့သလိုပဲ ငါက အကြောင်းပြချက် ခိုင်လုံစွာ လုပ်တတ်တဲ့လူပဲ၊ ငါ သတ်မှတ်လိုက်တဲ့ တန်ဖိုးကို မင်းတို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လက်ခံရလိမ့်မယ်"
တစ္ဆေများ အားလုံး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြလေသည်။
သူ ဘာကို ဆိုလိုတာလဲ၊ ပစ္စည်းကို ပေးပြီးပြီလေ၊ သူ ဘာကို ထပ်လိုချင်နေတာလဲ။
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားလေသည်။ သို့သော် သူ၏ ဒေါသများအောက်တွင် ဆင်ခြင်တုံတရားက သူ့ကိုတည်ငြိမ်စေခဲ့ပြီး အေးစက်စွာ မေးသည်။
"မိတ်ဆွေ... မင်းက ငါတို့ကို သုတ်သင်ပစ်ဖို့ ရည်ရွယ်နေတာလား"
ရွှယ်အန်းက ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ချီးကျူးမှုများ ပြည့်နှက်နေလျက် ပြောသည်။
"ဟုတ်တယ်... ဟုတ်တယ်... အဲဒါပဲ၊ အဲဒါကို စကားလုံးတွေနဲ့ ဘယ်လိုဖော်ပြရမလဲဆိုပြီး ငါ စဉ်းစားနေတာ၊ မင်းက အတိအကျ ပြောလိုက်တာပဲ၊ အခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးပဲ"
တစ္ဆေမျိုးနွယ်စုဝင်များမှာ ဒေါသတကြီး ပေါက်ကွဲသွားကြတော့သည်။ ရွှယ်အန်း၏ အစောပိုင်းက စွမ်းအား ပြသမှုက သူတို့ကို တုန်လှုပ်သွားစေခဲ့သော်လည်း သူ၏ စကားများက သူတို့ကို နောက်ဆုတ်စရာ လမ်းမရှိတော့အောင် ဖြစ်သွားစေခဲ့သည်။
အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ္ဆေများက ရွှယ်အန်းထံသို့ တညီတညွတ်တည်း ပြေးဝင်လာသည်။ အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်က ကြက်သီးထဖွယ်ရာ ရယ်မောလိုက်သည်။
"တကယ့် ငတုံးပဲ၊ ကောင်းကင်ဘုံက မင်းကို လမ်းဖွင့်ပေးတာကို မင်းက ငြင်းဆန်တယ်၊ ငရဲက..."
သူ၏ စကားများ ရပ်တန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်မှာပင် ပြေးဝင်လာသော တစ္ဆေများ အားလုံး ရုတ်တရက် ရပ်တန့်သွားကြပြီး သူတို့၏ ပုံရိပ်များက တစ်ချက် တုန်ယင်သွားကာ အသံတိတ် အပိုင်းအစများအဖြစ်သို့ ကွဲအက်သွားသောကြောင့်ပင်။
ရွှယ်အန်းက ပြန့်ကျဲသွားသော အမည်းရောင် အငွေ့တိမ်လွှာများထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ယခုအခါ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် လွှမ်းမိုးနေသော အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်ကို သူက တစ်ချက်ကြည့်လိုက်ပြီး ခပ်ဟဟ ပြုံးသည်။
"ငရဲမှာ တံခါးမရှိပေမယ့် မင်းဘာသာ ကိုယ့်သေတွင်း ကိုယ်တူးတယ်လို့ မင်း ပြောမလို့လား"
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်က အလန့်တကြား အော်ဟစ်လိုက်ပြီး ယွမ်နျန်ကို ဆွဲယူကာ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ နောက်သို့ ဆုတ်ခွာသွားတော့သည်။
ငါ့ရဲ့ မူလပုံစံဆီကိုသာ ပြန်ရောက်သွားရင် သူ ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...
အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်၏ အစီအစဉ်မှာ ရိုးရှင်းပြီး တွက်ချက်ထားပြီးသား ဖြစ်ပေသည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် သူ ရှေးဟောင်းသစ်ပင်ကြီးဆီသို့ မရောက်မီမှာပင် ရွှယ်အန်းက ထိုနေရာသို့ ရောက်ရှိနေနှင့်၏။
ရွှယ်အန်း ခေါင်းကို မော့ကာ အဖုအထစ်များဖြင့် မြွေများအလား လိမ်ယှက်နေသော မိစ္ဆာသစ်ပင်ကြီး၏ ပင်စည်ကို လေ့လာလိုက်ပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်။
"ဒီသစ်ပင်ကို ငါ ကြည့်မရဘူး၊ တကယ်ကို ကြည့်မရတာ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး ပင်စည်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။
"ထစမ်း"
နားကွဲမတတ် ဆူညံသံကြီး ပဲ့တင်ထပ်သွားပြီးနောက် သူတို့၏ ခြေအောက်ရှိ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။
သူတို့၏ မျက်စိရှေ့တွင်ပင် မိစ္ဆာသစ်ပင်ကြီးမှာ အစိမ်းရောင်ဝတ် သစ်ပင်ဘုရင်၏ ထိတ်လန့်နေသော အကြည့်အောက်၌ မြေကြီးထဲမှ အတင်းအဓမ္မ ဆွဲနုတ်ခံလိုက်ရလေသည်။
သစ်ပင်ကြီးမှ ထူထပ်သော အမည်းရောင် မြူခိုးများကို ထုတ်လွှတ်နေပြီး ၎င်း၏ မူလပုံစံက ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် အသေအလဲ ရုန်းကန်နေသည်နှင့်အမျှ ညှဉ်းပန်းနှိပ်စက်ခံရသော အော်ဟစ်သံများနှင့် ညည်းညူသံ လှိုင်းလုံးများ ထွက်ပေါ်နေသည်။
မည်မျှပင် ရုန်းကန်တိုက်ခိုက်စေကာမူ ၎င်းမှာ ရွှယ်အန်း၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် စွမ်းအားမဲ့နေဆဲပင်။ အောက်ဘက်ရှိ မြေကြီးတွင် သစ်မြစ်များ ရှိခဲ့သော ဧရာမ တွင်းပေါက်ကြီးတစ်ခု ပေါ်လာသည်နှင့်အတူ ရွှယ်အန်းမှာ လေထဲသို့ ဖြည်းညှင်းစွာ တက်သွားလေသည်။ သစ်ပင်၏ လိမ်ယှက်နေသော အမြစ်များက မြွေများအလား လူးလွန့်နေကြပြီး သူ့ကို တားဆီးရန် အချည်းနှီး ကြိုးပမ်းမှုအဖြစ် ရည်ရွယ်ချက်မဲ့စွာ ယမ်းခါနေကြသည်။
သို့သော် သစ်မြစ်များ မည်မျှပင် ကြီးမားခိုင်ခံ့စေကာမူ ၎င်းတို့သည် ရွှယ်အန်း၏ ဝတ်ရုံစွန်းကိုပင် မထိခိုက်နိုင်ခဲ့ချေ။ ယင်းအစား ၎င်းတို့မှာ လေနှင့် ထိတွေ့မိသည်နှင့် မှုန်ညက်သော အမှုန့်များအဖြစ်သို့ ပေါက်ကွဲထွက်သွားကြလေသည်။
ဤကဲ့သို့ လုံးလုံးလျားလျား လွှမ်းမိုးထားသော မြင်ကွင်းကြားတွင် သစ်ပင်ကြီးမှာ ပို၍ပို၍ အထက်သို့ မြင့်တက်လာခဲ့သည်။
အဆုံးတွင်တော့ မြေကြီးတုန်လှုပ်ဖွယ်ရာ နောက်ဆုံး ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ မိစ္ဆာသစ်ပင်ကြီးမှာ အမြစ်မှစ၍ လုံးဝ ဆွဲနုတ်ခံလိုက်ရပြီး မြေကြီးထဲမှ ဖယ်ရှားခံလိုက်ရတော့သည်။
__