← Chapters

အခန်း ၈၂၆

Vol. 56 Ch. 826

အခန်း ၈၂၆

Vol. 56 Ch. 826

အခန်း (၈၂၆) - ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ သတ္တိလဲ

လေလံရုံကြီး တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီး လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ၏။

“သခင်လေး ရှဟို... သခင်လေး ရှဟို”

လျိုချင်းမှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီးနောက် ရှဟိုဖုန်းရှိရာသို့ ပြာယာခတ်စွာ အပြေးအလွှား သွားရောက်တော့သည်။

“သခင်လေး... သခင်လေးတော့ ဒဏ်ရာအပြင်းအထန် ရသွားပြီ”

ခန်းမဝင်ပေါက်ရှိ ရှဟို မိသားစုမှ အစောင့်များလည်း ယခုမှပင် သတိပြန်လည်လာကြ၏။

လျိုချင်းယန်၏ ကြောက်မက်ဖွယ် စွမ်းအားက အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှသဖြင့် သူတို့အားလုံးကို လုံးဝ ဆွံ့အမှင်သက်သွားစေခဲ့ပြီ။

“ဘာရပ်ကြည့်နေကြတာလဲ... သခင်ကြီး ရှဟိုဆီ အခုချက်ချင်း သွားပြီး သတင်းပို့ကြစမ်း”

လျိုချင်းက အစောင့်များအား ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“မြန်မြန်... သခင်ကြီးဆီ ပြန်ပြီး သတင်းပို့ကြ”

အစောင့်အချို့မှာ ကြောက်လန့်တကြားဖြင့် နောက်သို့ အပြေးအလွှား လှည့်ထွက်သွားကြတော့သည်။

ရှဟိုဖုန်း၏ ဒဏ်ရာများမှာ အလွန်တရာ ဆိုးရွားပြင်းထန်လွန်းလှပေ၏။ သူ၏ ရင်ဘတ်ရှိ အရိုးများအားလုံး တစ်စစီ ကြေမွသွားခဲ့ပြီး သတိလစ်မေ့မြောနေကာ အသက်ရှူသံ ယဲ့ယဲ့လေးသာ ကျန်ရှိတော့သည်။

လျိုချင်းယန်က ရပ်ပေးခဲ့သဖြင့်သာ တော်တော့သည်။ မဟုတ်ပါက ရှဟိုဖုန်းမှာ ယခုအချိန်တွင် အသက်ပျောက်နေမည်သာ။

“မင်းတို့ နောင်တရစေရမယ်... သခင်လေး ရှဟိုကိုသာ မကယ်နိုင်ရင် မင်းတို့ အကုန်လုံး သေရမယ်”

လျိုချင်းက လျိုချင်းယန်အား စူးစူးရဲရဲ စိုက်ကြည့်ရင်း အံကို တင်းတင်းကြိတ်ကာ ခြိမ်းခြောက်လိုက်၏။

“အိုး... ဟုတ်လား”

လျိုချင်းယန်က လျိုချင်းအား မထီမဲ့မြင် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်စက် ချေပလိုက်သည်။

“မင်းလို အကောင်မျိုးက အမှိုက်ပဲ... မင်းကို သတ်လိုက်ရင် ငါ့လက်တွေ ညစ်ပတ်သွားရုံပဲ ရှိမယ်”

“ချင်းယန်... သိပ်ကောင်းတယ်”

ဟု လန်ယွဲ့က လက်မထောင်ပြရင်း ချီးကျူးလိုက်၏။

“တော်တယ် ချင်းယန်”

ယဲ့ထျန်းဝေနှင့် အခြားသူများကလည်း နည်းနည်းလေးမျှ စိုးရိမ်ပူပန်ခြင်း မရှိဘဲ ဝိုင်းဝန်း ချီးကျူးလိုက်ကြသည်။

ရှဟိုဖုန်းသည် ရှဟို မိသားစု၏ သခင်လေးဖြစ်ပြီး ဆရာ ရှင်းရီ၏ တပည့် ဖြစ်ကြောင်းကို သိထားသော်ငြား သူတို့ နည်းနည်းလေးမျှ ဂရုမစိုက်ကြချေ။

“လေလံရုံရဲ့ အကြီးအကဲ သုံးယောက်ပါလား”

တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် လူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။

“အကြီးအကဲတွေ ရောက်လာပြီ... အကြီးအကဲတွေ ရောက်လာပြီဟေ့”

လေလံရုံကြီးမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားပြီး အံ့အားသင့်နေသော အကြည့်များက အပြင်သို့ အလျင်အမြန် ထွက်ပေါ်လာကြသည့် အကြီးအကဲ သုံးဦးထံသို့ စူးစိုက်သွားကြတော့သည်။ လူတိုင်းမှာ သိချင်စိတ်များ ပြင်းပြနေကြ၏။ သာမန်နေ့ရက်များတွင် လေလံရုံ၏ အကြီးအကဲများကို မြင်တွေ့ရရန် အလွန်တရာ ခဲယဉ်းလှသော်လည်း ယနေ့တွင်မူ သူတို့ သုံးဦးစလုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြခြင်းပင်။

“အကြီးအကဲတို့ရှင်... ဟိုလူတွေက...”

အစေခံမလေးက ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများကို လက်ညှိုးထိုးပြရင်း စကားစလိုက်သော်လည်း ဖရိုဖရဲ ဖြစ်နေသော ခန်းမကြီးကို မြင်လိုက်ရသည့်အခါ သူမ၏ စကားများ ရပ်တန့်သွားပြီး မှင်သက်သွားတော့၏။

အကြီးအကဲ သုံးဦး၏ မျက်နှာများမှာ ချက်ချင်းပင် အလွန်အမင်း ခက်ထန် တင်းမာသွားတော့သည်။ သူတို့ အလျင်အမြန် ထွက်လာခဲ့သော်ငြား ခြေတစ်လှမ်း နောက်ကျသွားခဲ့၏။

“အကြီးအကဲချုပ်... အကြီးအကဲတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ... ပြဿနာ တက်ပြီဗျ”

တာဝန်ခံမှာ အသံများ တုန်ရီနေပြီး ဖြူဖျော့နေသော မျက်နှာဖြင့် ပြာယာခတ်စွာ အပြေးအလွှား လာရောက် အစီရင်ခံ၏။

“ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ”

အကြီးအကဲ ချောင်ဆန်းယန်က တာဝန်ခံအား သူ၏ အိုမင်းသော မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်ရင်း တင်းမာစွာ မေးလိုက်၏။

“မြန်မြန် ပြောစမ်း”

ဒုတိယ အကြီးအကဲ ချူထိုက်ရွှမ်ကလည်း ဝင်ရောက် ကြိမ်းမောင်းလိုက်သည်။

တာဝန်ခံက အဖြစ်အပျက်များကို ရှင်းပြပြီးနောက် ချောင်ဆန်းယန်နှင့် အခြားသူများလည်း ဘာတွေဖြစ်သွားသနည်း ဆိုသည်ကို နောက်ဆုံးတော့ သဘောပေါက်သွားကြ၏။ ထို့နောက် အကြီးအကဲ သုံးဦး၏ အကြည့်များက ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများထံသို့ ရောက်ရှိသွားတော့သည်။

“အကြီးအကဲတို့... သူပဲ... သူက သခင်လေး ရှဟိုကို ဒဏ်ရာရအောင် လုပ်ခဲ့တာ”

လျိုချင်းက ဒေါသတကြီး အော်ဟစ် စွပ်စွဲလိုက်၏။

“ပစ္စည်းတွေ လာတောင်းတဲ့သူတွေက သူတို့ပဲ”

အစေခံမလေးက ဖုန်းဝူချန်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ပါးစပ်ကို လက်ဖြင့် အုပ်ကာ အံ့အားသင့်တကြီး ရေရွတ်လိုက်မိသည်။ ရှဟိုဖုန်းကို ဒဏ်ရာရအောင် လုပ်ခဲ့သူများမှာ ဤလူတစ်စု ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

မူလက ခက်ထန် တင်းမာနေသော အကြီးအကဲ သုံးဦး၏ မျက်နှာအမူအရာများမှာ အစေခံမလေး၏ စကားကို ကြားလိုက်ရသည့်အခါ သိသိသာသာ ပြောင်းလဲသွားကြပြီး ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့၏။

မျက်နှာစိမ်းများ။ လုံးဝကို မျက်နှာစိမ်းများပင်။ ၎င်းက ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများက အကြီးအကဲ သုံးဦးအပေါ် ပေးစွမ်းလိုက်သော ပထမဆုံး အထင်အမြင်ပင် ဖြစ်၏။

‘ရှဟိုဖုန်းကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ထားပြီးတော့ ဘာမှ မဖြစ်ခဲ့သလို ခပ်အေးအေးပဲ နေနေကြတယ်... ပြီးတော့ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ နက်နဲတဲ့ စွမ်းအားတွေ ရှိနေတာ ဆိုတော့ သူတို့ဆီမှာ ထူးခြားတဲ့ နောက်ခံ တစ်ခုခု သေချာပေါက် ရှိရမယ်’

ချောင်ဆန်းယန်က မျက်မှောင်ကြုတ်ရင်း ရင်တွင်း၌ တွေးတောလိုက်ကာ သူတို့ကို အသေအချာ အကဲခတ်နေတော့၏။

‘တော်တော်လေး ရင်းနှီးနေတဲ့ မျက်နှာပဲ... သူ့ကို ငါ ဘယ်မှာ မြင်ဖူးပါလိမ့်’

ဒုတိယ အကြီးအကဲ ချူထိုက်ရွှမ်က ကျန်းကျွင့်လန်ကို စိုက်ကြည့်နေမိသည်။ အနည်းငယ် ရင်းနှီးနေသလို ခံစားရသော ကျန်းကျွင့်လန်မှလွဲ၍ ကျန်သူများကိုမူ သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

‘ဒီလူငယ်လေးက လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... သူ့ရဲ့ ကျင့်ကြံခြင်း အနက်အရှိုင်းကို လုံးဝ ခန့်မှန်းလို့ မရဘူး... ပြီးတော့ သူက အရမ်းကို တည်ငြိမ်ပြီး ကြောက်ရွံ့မှု လုံးဝ မရှိဘူး... သာမန်တော့ မဟုတ်လောက်ဘူး’

တတိယ အကြီးအကဲက တွေးတောလိုက်၏။

အကြီးအကဲ သုံးဦး၏ ကျင့်ကြံခြင်း စွမ်းအားများမှာ အလွန်တရာ မြင့်မားလှပေသည်။ ပထမ အကြီးအကဲသည် ထျန်းကျီဘုံ အဋ္ဌမအလွှာတွင် ရှိပြီး အဆင့် (၆) အင်းကွက်ဆရာ တစ်ဦးလည်း ဖြစ်၏။ ဒုတိယ အကြီးအကဲမှာ ထျန်းကျီဘုံ သတ္တမအလွှာ အဆင့်ရှိပြီး အဆင့် (၆) လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ဦး ဖြစ်သည်။ တတိယ အကြီးအကဲကတော့ ထျန်းကျီဘုံ ဆဋ္ဌမအလွှာတွင် ရှိ၏။

“ဟွန့်... မင်းတို့တွေ လေလံရုံထဲကနေ အရှင်လတ်လတ် ဘယ်လို ထွက်သွားမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်... သခင်လေး ရှဟိုကို ထိခိုက်အောင် လုပ်တဲ့သူ ဘယ်သူမှ အသက်ရှင်ခွင့် မရစေရဘူး”

လျိုချင်းက ရက်စက်စွာ ကြိမ်းဝါးလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက အပျက်အစီးကို ဝမ်းသာအားရ ကြည့်လိုသော အပြုံးဖြင့် ကွေးတက်သွားတော့သည်။

သို့သော်ငြား လျိုချင်း တစ်ယောက် ကျေနပ် အားရနေပြီး အခြားသူများ အားလုံးက ကရုဏာ သက်နေကြစဉ်မှာပင် နောက်ထပ် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့ကို နောက်တစ်ဖန် လုံးဝ ဆွံ့အ မှင်သက်သွားစေခဲ့ပြန်၏။

“ပိတ်လှောင်ခြင်း အခင်းအကျင်း တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ချင်တာ မင်းတို့ပဲ မဟုတ်လား”

အကြီးအကဲ သုံးဦးက ဖုန်းဝူချန်ထံသို့ ဖြည်းညင်းစွာ လျှောက်လာကြပြီး ပထမ အကြီးအကဲက ယဉ်ကျေးစွာ ပြုံးပြရင်း မေးလိုက်သည်။

“ဟုတ်ပါတယ်... အကြီးအကဲတို့ ပစ္စည်းတွေ ပြင်ဆင်ပြီးပြီလား”

ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ပြန်မေးလိုက်၏။

“အကုန်လုံး ပြင်ဆင်ပြီးပါပြီ... ဒီသိုလှောင်လက်စွပ် ထဲမှာပါ”

ချောင်ဆန်းယန်က ခေါင်းညိတ်ပြပြီး သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ သိုလှောင်လက်စွပ် တစ်ကွင်း လေထဲမှ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာတော့သည်။

ချောင်ဆန်းယန်တို့ အဖွဲ့ နောက်ကျမှ ရောက်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤပစ္စည်းများကို သွားရောက် ပြင်ဆင်နေခဲ့သောကြောင့်ပင်။

ချောင်ဆန်းယန်က ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ အပေါ် ဤမျှလောက် ရိုသေလေးစားစွာ ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။

ထိုရှားပါး တန်ဖိုးကြီးလှသော ပစ္စည်း သုံးမျိုးကို သိကျွမ်းနေခြင်းက ထိုသူသည် ထိပ်သီး အခင်းအကျင်း သခင်ကြီး တစ်ဦး သို့မဟုတ် အလွန်တရာ အစွမ်းထက်သော နောက်ခံအင်အား ရှိသူ တစ်ဦး ဖြစ်ကြောင်းကို အကြီးအကဲ သုံးဦးက အလွန် ရှင်းလင်းစွာ သိရှိထားကြပေသည်။

“အခင်းအကျင်းကို ဘယ်သူ တည်ဆောက်မှာလဲ ဆိုတာများ ငါတို့ကို ပြောပြလို့ ရမလား... ဒါတွေက အလွန်တရာ အစွမ်းထက်တဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပဲ... ထိပ်သီး အခင်းအကျင်း သခင်ကြီးတွေတောင်မှ ဒါကို တည်ဆောက်နိုင်ဖို့ မလွယ်ဘူး... ငါတို့ လေလံရုံမှာ ရှိတဲ့ ဒီတန်ဖိုးကြီး ပစ္စည်းတွေကို အရင်က ဘယ်တုန်းကမှ မရောင်းခဲ့ဖူးဘူး”

ဒုတိယ အကြီးအကဲ ချူထိုက်ရွှမ်က မျက်မှောင်ကြုတ်ရင်း စပ်စုလိုက်၏။

“ကျွန်တော်ပါပဲ”

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ချေပလိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော ပိတ်လှောင်ခြင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်ရသည်မှာ သူ၏ လက်ဖဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူနေသည့်အလား ပင်ဖြစ်တော့သည်။

“ဘာ... မင်းက တည်ဆောက်မှာ ဟုတ်လား”

အကြီးအကဲ သုံးဦးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏ ရင်တွင်း၌ ပြင်းထန်စွာ တုန်လှုပ်သွားကာ မျက်နှာများမှာလည်း တောင့်တင်းသွားကြ၏။

ဤမျှ ငယ်ရွယ်သော လူငယ်လေး တစ်ယောက်က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ပိတ်လှောင်ခြင်း အခင်းအကျင်းကို တည်ဆောက်နိုင်လိမ့်မည်ဟု အကြီးအကဲ သုံးဦး လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

“အကြီးအကဲတို့... ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး... စုစုပေါင်း ရွှေဒင်္ဂါးပြား ဘယ်လောက် ကျမလဲ”

ဖုန်းဝူချန်က အပြုံးလေးဖြင့် မေးလိုက်ပြီး စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်၏။

“ရှဟို မိသားစုရဲ့ သခင်ကြီး ရောက်လာပြီ... ရှဟို မိသားစုက အကြီးအကဲတွေလည်း ပါတယ်ဟေ့”

ထိုစဉ် ခန်းမဆောင်ဆီသို့ ဦးတည်နေသော အပြင်ဘက် လမ်းမထက်မှ ဖြတ်သန်းသွားလာသူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

မကြာမီမှာပင် လူတစ်စုက လေလံရုံ အတွင်းသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာကြ၏။

ရောက်ရှိလာသူများမှာ အခြားသူများ မဟုတ်ဘဲ ရှဟို မိသားစု၏ သခင်ကြီး

အကြီးအကဲ သုံးဦးနှင့် ရှဟို မိသားစုမှ အစွမ်းထက် ပညာရှင် တစ်ဒါဇင်ကျော်တို့ပင် ဖြစ်သည်။

ရှဟိုဖုန်း တစ်ယောက် အခြားသူများ၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်းကို သိလိုက်ရသည်နှင့် ရှဟိုထျန်းနန်က သူ၏ လူများကို ဦးဆောင်ကာ တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်း မရှိဘဲ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်းပင်။

“ဖုန်းအာ... ဖုန်းအာ”

ရှဟိုထျန်းနန်က ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဒဏ်ရာအပြင်းအထန် ရရှိနေသော ရှဟိုဖုန်းရှိရာသို့ အရူးအမူး ပြေးသွားလိုက်ရာ သူ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှပင် ခုန်ထွက်တော့မည့်အလား ဖြစ်နေတော့၏။

ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အသက်ငင်နေသော ရှဟိုဖုန်းကို မြင်လိုက်ရသည့်အခါ ရှဟိုထျန်းနန်မှာ အလွန်အမင်း ပျာယာခတ်သွားပြီး သူ၏ အစစ်အမှန်ယွမ်များကို ရှဟိုဖုန်း၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် စီးဆင်းဝင်ရောက်စေကာ ကုသပေးလိုက်သလို အနာကျက်ဆေးလုံး များကိုလည်း ဝါးမြိုစေလိုက်သည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ... ဘယ်သူ့လက်ချက်လဲ”

အကြီးအကဲ တစ်ဦးက အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာမှာ ဒေါသကြောင့် ပြင်းထန်စွာ တွန့်လိမ်နေတော့၏။

“အကြီးအကဲ ရှဟို... သူတို့ပဲ... သူတို့ လက်ချက်ပဲ”

လျိုချင်းက လျိုချင်းယန်နှင့် သူ၏ အဖွဲ့သားများကို လက်ညှိုးထိုးပြရင်း ဒေါသနှင့် ဝမ်းနည်းမှုများ ရောယှက်နေသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

“ဘာမှ နားမလည်တဲ့ လူငယ်လေးတွေ... ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ သတ္တိလဲ”

ရှဟို မိသားစု၏ ပထမ အကြီးအကဲက ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများထံသို့ ရက်စက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်ပြီး အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

“ကျုပ်သတ္တိက ဘယ်လောက်ပဲ ရဲတင်းနေပါစေ... နေ့ခင်းကြောင်တောင်ကြီး ကျုပ်မိန်းကလေးကို လာစော်ကားရဲတဲ့ ဒီတိရစ္ဆာန်လောက်တော့ မရဲတင်းပါဘူး... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မျက်နှာထောက်လို့သာ သူ့ကို ကျုပ် အသက်မသတ်လိုက်တာ... ဒီတိရစ္ဆာန်က ဘယ်သူလဲ ဆိုတာ ကျုပ် ထပ်ပြောပြနေစရာ မလိုပါဘူး... ကျုပ်ထက် ခင်ဗျားတို့က ပိုသိမှာပါ”

ထိုစကားကို ကြားလိုက်ရသည့်အခါ လျိုချင်းယန်က မထီမဲ့မြင် ပြုကာ ချေပလိုက်တော့သည်။

--

All Chapters