အခန်း ၈၂၇
Vol. 56 Ch. 827
အခန်း (၈၂၇) - ရန်လိုခြင်း
ကျိုကျိုး ဒေသတွင် ရှဟိုဖုန်း၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို မသိသူ.. မည်သူများ ရှိမည်နည်း။
ရှဟိုဖုန်းသည် အမှန်တကယ်ပင် နာမည်ပျက်ဖြင့် ကျော်ကြားသူ တစ်ဦး ဖြစ်ပြီး မရေမတွက်နိုင်သော အမျိုးသမီးများစွာမှာ သူ၏ လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရပြီး ဖြစ်ပေသည်။
ကျိုကျိုး ဒေသရှိ အင်အားကြီး အဖွဲ့အစည်းများပင်လျှင် ရှဟိုဖုန်းအား အလွန်အမင်း ရွံရှာ စက်ဆုပ်ကြသော်လည်း မကျေနပ်ချက်များကို မဖွင့်ဟပြောဆိုရဲဘဲ ရင်တွင်း၌သာ ကြိတ်၍ ဒေါသထွက်နေရဲကြ၏။
အဘယ်ကြောင့်ဆိုသော် ရှဟို မိသားစု၏ အင်အားနှင့် ရှဟိုဖုန်း၏ ဆရာဖြစ်သူ ကြောင့်ပင်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာ တစ်ယောက်က ဒီလို တိရစ္ဆာန်မျိုးကို တပည့်အဖြစ် ဘယ်လိုလုပ် လက်ခံခဲ့တာလဲ”
ရှဟို မိသားစု၏ အထက်တန်း ခေါင်းဆောင်များ ရှိနေသော်ငြား လျိုချင်းယန်က နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိဘဲ ကျိန်ဆဲလိုက်သည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာကိုများ မင်းက စော်ကားရဲတယ်ပေါ့”
ဟု အကြီးအကဲ တစ်ဦးက ဒေါသတကြီးဖြင့် လျိုချင်းယန်အား လက်ညှိုးထိုးကာ ကြိမ်းမောင်းလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ လျိုချင်းယန်က အကြီးအကဲအား စူးစူးရဲရဲ စိုက်ကြည့်ရင်း မထီမဲ့မြင် ချေပလိုက်သည်။
“ကျုပ်က စော်ကားနေတယ်လို့ အမြဲတမ်း မပြောနေနဲ့...ကျုပ် ပြောတဲ့ စကားကို နားမလည်ဘူးလား... ခင်ဗျားက ဒီလောက် အသက်ကြီးနေပြီကို နားလည်နိုင်စွမ်းက အဲဒီလောက် ညံ့ဖျင်းနေတာလား... အသက်ကြီးလို့ နားလေးနေတာလား၊ ဒါမှမဟုတ် နားပင်းနေတာလား”
“နေ့တိုင်း နေ့တိုင်း ..သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ဆိုပြီးတော့ စော်ကားတယ် ဆိုတဲ့ စကားကိုပဲ ပြောနေတာ မမောဘူးလား... ပြီးတော့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ နာမည်ကို သုံးပြီးတော့ ခင်ဗျားတို့ရဲ့ အာဏာကို လာမပြနဲ့... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာက ခင်ဗျားတို့လို လူတွေကြောင့် ညစ်နွမ်းသွားပြီ”
“ကျုပ် သိချင်နေတာ တစ်ခုတော့ ရှိတယ်... အကယ်၍ ရှဟို မိသားစုသာ မျိုးဖြုတ်ခံရမယ် ဆိုရင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ခင်ဗျားတို့ ရှဟို မိသားစုကို ကူညီဖို့ တကယ်ပဲ ထွက်လာမှာလား”
လျိုချင်းယန်က ညှာတာမှု ကင်းမဲ့စွာ ပြန်လည် ချေပလိုက်၏။
လျိုချင်းယန်၏ စကားများက လေလံရုံရှိ အကြီးအကဲ သုံးဦးကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့ပြီး ပတ်ဝန်းကျင်ရှိ အစွမ်းထက် ပညာရှင်များကိုလည်း မှင်သက်သွားစေတော့၏။
လျိုချင်းယန်၏ နောက်ခံက တိတိကျကျ ဘာများ ဖြစ်နေမည်နည်း။ သူတို့ တစ်ယောက်ချင်းစီတိုင်းက လုံးဝ ကြောက်ရွံ့မှု မရှိသည့်အပြင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကိုပင် နည်းနည်းလေးမျှ အလေးထားဟန် မပေါ်ပေ။
ရှဟို မိသားစုမှ အထက်တန်း ခေါင်းဆောင်များ၏ မျက်နှာများမှာ လုံးဝ ခက်ထန် တင်းမာသွားကြတော့သည်။
“အကြီးအကဲချုပ်... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ”
တင်းမာမှုများ မြင့်တက်လာနေသည်ကို ကြည့်ရင်း ဒုတိယ အကြီးအကဲ ချူထိုက်ရွှမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဝင်ရောက် စွက်ဖက်ရန်မှာ အလွန် ခက်ခဲနေကြောင်း ခံစားမိနေ၏။
“ရှဟို မိသားစု ဆိုတာ ရန်စလို့ ကောင်းတဲ့ အဖွဲ့အစည်း မဟုတ်ဘူး... သူတို့ရဲ့ နောက်ခံကလည်း မသေချာပေမယ့် တော်တော် အစွမ်းထက်တဲ့ ပုံပေါ်တယ်... အခုလောလောဆယ်တော့ ဝင်မပါတာ ပိုကောင်းမယ်”
အကြီးအကဲချုပ် ချောင်ဆန်းယန်က တိုးညှင်းစွာ ပြောရင်း ခေါင်းခါယမ်းပြလိုက်သည်။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ၏ နောက်ခံကို အသေအချာ မသိရမီ အချိန်တွင် ချောင်ဆန်းယန်က နှစ်ဖက်စလုံးကို မစော်ကားမိစေရန် ရှောင်ရှားလိုနေခြင်း ဖြစ်၏။
လျိုချင်းယန်က ရှဟိုဖုန်းအား သေလုမတတ် ရိုက်နှက်ထားခဲ့ရာ ရှဟို မိသားစုက ဤကိစ္စကို အလွယ်တကူ ကျေအေးပေးလိမ့်မည် မဟုတ်ပေ။ အကယ်၍ ချောင်ဆန်းယန်သာ ယခုအချိန်တွင် ဝင်ရောက် ဖြန်ဖြေရန် ကြိုးစားမည် ဆိုပါက ရှဟိုထျန်းနန်၏ မကျေနပ်မှုကို သေချာပေါက် ဖြစ်ပေါ်စေမည်သာ။
ထို့ကြောင့် ဝင်ရောက် မစွက်ဖက်ရန်သာ ရွေးချယ်လိုက်၏။
အချိန် အနည်းငယ် ကြာပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိနေသော ရှဟိုဖုန်းမှာ နောက်ဆုံးတွင် သတိပြန်လည်လာခဲ့၏။ သူ၏ ဖခင် ရောက်ရှိနေသည်ကို မြင်လိုက်ရသည့်အခါ ရှဟိုဖုန်းမှာ အလွန် ဝမ်းသာသွားသော်ငြား တောင်တန်းကြီး တစ်ခုပမာ ဒေါသတရားများလည်း လောင်ကျွမ်းလာတော့သည်။
“အဖေ... သူ့ကို သတ်ပေးပါ... သူ့ကို သတ်ပေး”
ဒဏ်ရာအပြင်းအထန် ရရှိနေသော ရှဟိုဖုန်းက လျိုချင်းယန်အား လက်ညှိုးထိုးပြရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လျိုချင်းယန်အား တစ်စစီ ဆုတ်ဖြဲပစ်ချင်နေတော့၏။
“သူ့ကို သတ်”
မိမိ၏ သားအရင်း သေလုမတတ် ရိုက်နှက်ခံထားရသည်ကို မြင်တွေ့လိုက်ရပြီး လျိုချင်းယန်၏ စကားများကိုလည်း ကြားလိုက်ရသည့်အခါ အလွန်အမင်း ဒေါသထွက်နေသော ရှဟိုထျန်းနန်က လျိုချင်းယန်အား သွေးရဲနေသော မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် ကောင်းလှသော လူသတ် စိတ်ဆန္ဒကြီးက လျှပ်တစ်ပြက် လွှမ်းမိုးသွားတော့၏။
ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများက ရှဟို မိသားစု ခေါင်းဆောင်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ရက်စက်ကြမ်းကြုတ်လှကာ လေလံရုံ အတွင်း၌ပင် တိုက်ခိုက်ရန် ပြင်ဆင်နေတော့သည်။
လေလံရုံ အတွင်း၌ အကြီးအကဲ သုံးဦး ရှိနေသည်ကိုပင် ရှဟို မိသားစုက ဤမျှလောက် မောက်မာ ရမ်းကားစွာ ပြုမူရဲသည်လား။
“ခွေးကောင်လေး... မင်းရဲ့ အသက်က ဒီနေရာမှာပဲ အဆုံးသတ်ပြီ”
ရှဟို မိသားစု ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လျိုချင်းယန်ရှိရာသို့ အံ့မခန်း အမြန်နှုန်းဖြင့် တဟုန်ထိုး ပြေးဝင်သွားတော့၏။
ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကြီးကို လျိုချင်းယန်က ခုခံနိုင်စွမ်း မရှိသော်ငြား သူ၏ မျက်နှာပေါ်တွင် နည်းနည်းလေးမျှ ကြောက်လန့်ဟန် မရှိချေ။
"အုန်း"
"ဝှစ်... ဝှစ်...
"
ရှဟို မိသားစု ခေါင်းဆောင် လှုပ်ရှားလိုက်သည့် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဖုန်းဝူချန်လည်း လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူ၏ ပုံရိပ်က လျှပ်တစ်ပြက် ပြေးထွက်သွားပြီး ရှဟို မိသားစု ခေါင်းဆောင်၏ တိုက်ခိုက်မှုကို လက်ဝါး တစ်ချက်ဖြင့် ဝင်ရောက် ရင်ဆိုင်လိုက်၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်နှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက အကြမ်းပတမ်း ရိုက်ခတ်သွားရာ စောင့်ကြည့်နေသူများမှာ နောက်သို့ ဆုတ်ခွာသွားကြရပြီး ခမ်းနားလှသော ခန်းမဆောင်ကြီးမှာလည်း ပင့်ကူအိမ်ပမာ အက်ကွဲကြောင်းများ ချက်ချင်းပင် ထွက်ပေါ်သွားတော့သည်။
ခန်းမဆောင်ကြီးမှာ ပြိုကျလုနီးပါး ဖြစ်နေပြီး ဖုန်မှုန့်များက အစုလိုက် အပြုံလိုက် လွင့်စင်ကျဆင်းလာတော့၏။
“အရမ်း မြန်တာပဲ... သူ့စွမ်းအားက တကယ်ကို သာမန် မဟုတ်ဘူး... သူ့ရဲ့ အစွမ်းကုန် အင်အားကို မထုတ်ရသေးဘဲနဲ့တောင်... သူတို့က တကယ် ဘယ်သူတွေလဲ”
ချောင်ဆန်းယန်က မျက်မှောင်ကြုတ်ရင်း ရင်တွင်း၌ တွေးတောလိုက်သည်။ ဖုန်းဝူချန် လှုပ်ရှားသွားသော မှုန်ဝါးဝါး ပုံရိပ်ကို သူ အကဲခတ်မိလိုက်ခြင်းပင်။
“ထျန်းကျီဘုံ ပဉ္စမအလွှာ အဆင့်ပဲ ရှိတာကို... ရှဟိုထျန်းနန်ရဲ့ စွမ်းအားကို တကယ်ပဲ ခုခံနိုင်တာလား”
ချူထိုက်ရွှမ်မှာ အလွန်အမင်း အံ့အားသင့်သွား၏။
“ဟွန့်... ဒီအဘိုးကြီးရဲ့ စွမ်းအားကို ခုခံနိုင်တယ်ပေါ့လေ... တော်တယ် ကောင်လေး”
ရှဟိုထျန်းနန်က ဖုန်းဝူချန်အား စူးစူးရဲရဲ စိုက်ကြည့်ရင်း ရက်စက်စွာ ပြောလိုက်၏။
ဖုန်းဝူချန်သည် အံ့မခန်း အမြန်နှုန်းဖြင့် ရှောင်တိမ်းသွားခဲ့ပြီး တည်ငြိမ်သော အမူအရာဖြင့် ရှဟိုထျန်းနန်၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် ကာကွယ်လိုက်ကာ စွမ်းအင်လှိုင်းများ ပြန့်ထွက်မသွားစေရန် အင်အား အားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဖုန်းဝူချန်၏ စွမ်းအားက ရှဟိုထျန်းနန်ထက် အများကြီး သာလွန်နေကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။
“မင်းရဲ့ သားအသက်ကို ချမ်းသာပေးလိုက်တာက အမြင့်ဆုံး ကရုဏာထားပေးလိုက်တာပဲ... အဲဒါကိုတောင် မင်းက ငါ့သူငယ်ချင်းကို သတ်ဖို့ ကြိုးစားနေတယ် ဆိုတော့... လုံးဝ သည်းမခံနိုင်စရာပဲ”
ဖုန်းဝူချန်က အေးစက်စက် လေသံဖြင့် ကြွေးကြော်လိုက်ရာ သူ၏ အသံက ကျောချမ်းဖွယ် ကောင်းနေတော့၏။
“မောက်မာနေတာတွေ ရပ်လိုက်စမ်း”
ရှဟိုထျန်းနန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။
ဖုန်းဝူချန်က သတိပြုမိလိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကာ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်း တစ်ခု ဖြတ်ပြေးသွား၏။
သို့သော် ရှဟိုထျန်းနန် လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် ဖုန်းဝူချန်က ပို၍ ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် လက်သီး တစ်ချက်ကို ပစ်သွင်းလိုက်၏။ မိုးခြိမ်းသံပမာ ပေါက်ကွဲသံကြီးနှင့်အတူ ရှဟိုထျန်းနန်မှာ သွေးများကို တဝေါဝေါ အန်ထုတ်လိုက်ရပြီး နောက်ဘက်သို့ လွင့်စင်ထွက်သွားတော့၏။
ရှဟိုထျန်းနန်၏ ခန္ဓာကိုယ်မှာ အခြား ကျောက်တိုင် တစ်ခုကို ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး ကျောက်တိုင်ကြီးမှာ လုံးဝ ပြိုကျသွားကာ ရှဟိုထျန်းနန်လည်း ထိုနေရာ၌ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။
“သခင်ကြီး”
ရှဟို မိသားစုဝင်များက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ဖုန်းဝူချန်ထံတွင် ဤမျှ ရက်စက်ကြမ်းကြုတ်သော စွမ်းအားများ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မယုံကြည်နိုင်ကြချေ။
“ဘုရားရေ...”
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော အစွမ်းထက် ပညာရှင်များ အားလုံးမှာ ထိတ်လန့်တကြား သက်ပြင်းချလိုက်မိကြသည်။
ထျန်းကျီဘုံ အဋ္ဌမအလွှာ အဆင့်ရှိသော ရှဟိုထျန်းနန်အား လက်သီး တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားစေခြင်းမှာ မည်မျှ ကြောက်စရာ ကောင်းသော စွမ်းအား ဖြစ်မည်နည်း။
ချောင်ဆန်းယန်နှင့် အခြားသူများမှာ ဝင်ရောက် မစွက်ဖက်ခဲ့မိသည်ကို ကံကောင်းသည်ဟု ရင်တွင်း၌ တိတ်တဆိတ် တွေးတောလိုက်ကြ၏။ ဤမျှ ကြောက်စရာ ကောင်းသော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရမည် ဆိုပါက သူတို့ ကိုယ်တိုင်ပင် ဖုန်းဝူချန်ကို ယှဉ်နိုင်မည်ဟု မရဲတရဲ မပြောဝံ့ကြချေ။
လေလံရုံကြီးမှာ သေမတတ် တိတ်ဆိတ် ငြိမ်သက်သွားပြီး လူတိုင်းက ဖုန်းဝူချန်အား ထိတ်လန့် ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေကြတော့သည်။
ရှဟိုထျန်းနန်အား လက်သီး တစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိစေပြီးနောက် ဖုန်းဝူချန်၏ မူလ အစီအစဉ်မှာ ပစ္စည်းများကို ယူဆောင်၍ ရှုမီ ချောက်ကမ်းပါးသို့ ထွက်ခွာရန် ဖြစ်သော်လည်း ရှဟိုထျန်းနန်က သူ့ကို တားဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
“ငါ့မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်... ငါ့ကို လာမတားတာ ပိုကောင်းမယ်... ငါ မင်းကို တစ်ကြိမ်ပဲ သတိပေးမယ်”
ဖုန်းဝူချန်က အေးစက်စက် ပြောလိုက်ပြီး ရှဟိုထျန်းနန်အား ကျောချမ်းဖွယ် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ အသံမှာ ရေခဲတမျှ အေးစက်နေပြီး ခြိမ်းခြောက်မှုများ အပြည့်အဝ ပါဝင်နေတော့၏။
“ငါ့သားကို မင်းတို့ ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ငါ့ကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ဒီအဘိုးကြီးက မင်းကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ... ဒီနေ့ မင်းကို မသတ်ရရင် ငါ လုံးဝ အနားမယူဘူးလို့ ကျိန်ဆိုတယ်”
ရှဟိုထျန်းနန်က ရက်စက်စွာ ဟိန်းဟောက်လိုက်၏။ ထျန်းကျီဘုံ နဝမအလွှာ အဆင့်ရှိသူ တစ်ဦး ဖြစ်ပြီး မိသားစု ခေါင်းဆောင် တစ်ယောက် အနေဖြင့် ယခုအချိန်တွင်သာ အရှုံးပေးလိုက်မည် ဆိုပါက ကျိုကျိုး ဒေသ တစ်ခုလုံး၏ ရယ်စရာ အဖြစ်သို့ ရောက်သွားမည် မဟုတ်ပါလော။
ရှဟို မိသားစု၏ ကြီးမားလှသော အင်အားနှင့် ဆရာ ရှင်းရီ၏ နောက်ခံ ရှိနေပါလျက်နှင့် ရှဟိုထျန်းနန်က ဖုန်းဝူချန်အား အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
“အစ်ကိုဖုန်း... သူနဲ့ စကားပြောပြီး အချိန်မဖြုန်းပါနဲ့... သူတို့က သေလမ်းကို ရှာနေတယ် ဆိုမှတော့ သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပေါ့... အချိန်ကုန် သက်သာတာပေါ့”
လျိုချင်းယန်က အေးစက်စွာ ပြောလိုက်၏။
“သူ့သားက ဘယ်လို လူမျိုးလဲ ဆိုတာ သူ မသိဘူးလား... မျက်နှာပျက်မှာ စိုးလို့ လုပ်နေတာပါ”
နန်းကုန်းကျန့်ကလည်း အေးစက်စွာ မှတ်ချက်ချလိုက်သည်။
“အနားမယူဘူးလို့ ခင်ဗျားက ကျိန်ဆိုတယ် ဟုတ်လား”
ဖုန်းဝူချန်က အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်၏။ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး ဝိညာဉ်များကိုပင် ခြောက်ခြားသွားစေကာ ဖုန်းဝူချန်က ပြတ်သားစွာ ကြွေးကြော်လိုက်သည်။
“ခင်ဗျား သေလမ်းကို ရှာနေတယ် ဆိုမှတော့... ခင်ဗျားဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးမယ်”
ကျောချမ်းဖွယ် ကောင်းလှသော လူသတ် စိတ်ဆန္ဒကြီးက သိပ်သည်းသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လေလံရုံ တစ်ခုလုံး ကြောက်မက်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့၏။
“သခင်ကြီး ရှဟို... လူငယ်လေး... တကယ်လို့ တိုက်ခိုက်ချင်တယ် ဆိုရင် အပြင်ထွက်ပြီး တိုက်ကြပါ... လေလံရုံက မင်းတို့ရဲ့ စွမ်းအားတွေကို ထပ်ပြီး ခံနိုင်ရည် မရှိတော့ဘူး”
သူတို့ နောက်တစ်ကြိမ် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသောအခါ ချောင်ဆန်းယန်က အလျင်အမြန် ဝင်ရောက် တားမြစ်လိုက်သည်။ လေလံရုံကြီးမှာ ဤမျှ ကြောက်မက်ဖွယ် စွမ်းအားများကို ဆက်လက်၍ မခံနိုင်တော့ချေ။
--